မြန်မာနိုင်ငံကို စစ်ဗိုလ် ချုပ်ကြီးများ အုပ်ချုပ်ခဲ့ သည်မှာ မည်မျှ ကြာမြင့် ခဲ့ပြီဟု သင်မှတ်မိပါ သလား။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာ သိမ်းခဲ့သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က စရေတွက်လျှင် ယနေ့ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်အထိ ရက်ပေါင်း ၁၉,၁၁၄ ရက်တိတိရှိခဲ့ပါပြီ။ နေ့ရက်ပေါင်း နှစ်သောင်းနီးနီးအတွင်းမှာ အရပ် သားအုပ်ချုပ်ခွင့် ရသည့်အချိန် သည် ၁၉၈၈ အရေးအခင်း ကာလ အတွင်းမှာ ဒေါက်တာမောင် မောင်အုပ်ချုပ် ခဲ့သည့် ရက်ပေါင်း ၂၉ ရက်သာ ရှိပါသည်။ ဗိုလ်ချုပ် ကြီးများ၏ တိုင်းပြည် ခေါင်း ဆောင်မှု မည်မျှအောင်မြင်သည်၊ မအောင်မြင် သည်ကို အငြင်းပွား စရာ မလိုတော့ပါ။ ဗိုလ်ချုပ်ကြီး များက သူတို့၏ အုပ်ချုပ်မှုသက် တမ်းကို ဆွဲဆန့်ဖို့အတွက် ‘‘စစ် အစိုးရ’’ ဆိုသည့် ရုပ်ပုံလွှာမှာ မျက်နှာဖုံးများ အဆင့်ဆင့်ပြောင်း လဲတပ်ဆင်သွားပုံကို ယခုနံနက် ဆွေးနွေး ပါမည်။
ပထမ မျက်နှာဖုံး (သို့မဟုတ်) အိမ်စောင့်သူ
အရပ်သား ဖဆပလအစိုးရ ၏ နိုင်ငံရေးအကွဲအပြဲများနှင့် ပြည်တွင်းစစ်မီးက ကြီးထွားလာ သည့် တပ်မတော်ကို မျှော်လင့် ချက်အမှားများပေးလာခဲ့သည်။ တိုင်းပြည်အာဏာကို သိမ်းယူဖို့ ပြင်လာခဲ့သည့် တပ်မတော်က ဝန်ကြီးချုပ်ဦးနုကို ဖိအားပေးလာ သည်။ နောက်ဆုံးတော့ ရုပ်မပျက် အောင်ဝန်ကြီးချုပ်ဦးနုက ဗိုလ် ချုပ်ကြီးနေဝင်းလက်ထဲကို အာ ဏာယာယီလွှဲအပ်ခဲ့သည်။ အိမ် စောင့်အစိုးရ၏ မျက်နှာဖုံးက မတတ်သာ၍ တာဝန်ကိုလွှဲယူရ သူ အားတုံ့အားနာနိုင်ငံ့သား ကောင်းမျက်နှာဖုံးဖြစ်သည်။ နောင်တွင် ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံသားတို့ခံစားကြရတော့မည့် အိပ်မက်ဆိုး၏ ပထမဆုံးခြေလှမ်းဖြစ်သည်။ ပြည်သူတို့ လေးစားချစ်ခင်ခဲ့ကြသည့် တပ်မတော်သားတို့ကို နာမည်ဆိုးပေးမည့် ကင်ပွန်းတပ်ပွဲလည်းဖြစ်သည်။
အိမ်စောင့်ဆိုသည့်တိုင် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း များကို ထူထောင်လာသည်။ ၁၈ လကြာမြင့်သည့် အိမ်စောင့်အစိုး ရအုပ်ချုပ်မှုသည် နောင်နှစ်ပေါင်း များစွာကြာမည့် စစ်ဘက်အုပ်ချုပ် ရေးအတွက် လေ့ကျင့်ကွင်းဆင်း ခြင်းဖြစ်ခဲ့သည်။
၁၉၆၀ ပြည့်နှစ်မှာ အထွေ ထွေရွေးကောက်ပွဲကျင်းပပေးပြီး ဦးနုအစိုးရကို အာဏာလွှဲပြောင်း ပေးခဲ့သည့်တိုင် နောက်တစ်ကြိမ် အတွက် သန္နိဋ္ဌာန်ရှိပြီး ဖြစ်ပုံရပါ သည်။ နောက်တစ်ကြိမ်တွင် အိမ် စောင့်အဖြစ်တော့ ပြန်လာမည် မဟုတ်တော့ပါ။
ဒုတိယ မျက်နှာဖုံး (သို့မဟုတ်) ပြည်ထောင်စုကို ကာကွယ်သူ
သည်တစ်ကြိမ် တွင်တော့ ဗိုလ်ချုပ်ကြီးများက အားတုံ့အား နာ အသွင်ဟန်မဆောင်တော့ပါ။ ယခုတစ်ကြိမ် တပ်လိုက်သည့် မျက်နှာဖုံးက ‘‘ပြည်ထောင်စုမပြို ကွဲရေး’’ကို ပြတ်သားရဲရင့်စွာ ကာကွယ်သော စစ်သည်ဖြစ်ပါသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်း ဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းယူလိုက်ခြင်းဖြင့် ဒီမိုကရေစီနှင့် ပါလီမန်စနစ်ကို ချုပ်ငြိမ်းလိုက်သည်။ တိုင်းပြည်ကောင်းစားရန်အတွက် ဗိုလ်ချုပ်ကြီးများအုပ်ချုပ်ဖို့ လိုအပ်သည်ဟု တရားဝင် ကြေညာလိုက်သည့် အဆင့်ဖြစ်သည်။
တိုင်းပြည်၏ ‘‘ကယ်တင်ရှင်’’နှင့် ‘‘သူရဲကောင်း’’ဘွဲ့ကို လည်ပင်းမှာ ချိတ်ဆွဲသည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက တက္ကသိုလ် ကျောင်းသားများကို ‘ဓားဓားချင်း တုတ်တုတ်ချင်း’ဖြင့် မိန့်ခွန်းပြော စိန်ခေါ်ပြီး သေနတ်ဖြင့် ပစ်ပါတော့သည်။ ပြည်သူကိုချစ်သော ပြည်သူ ကချစ်သော တပ်မတော်သား အများစုအတွက် ဝမ်းနည်းဖွယ်ရာ ခရီးရှည်စတင်ပြီဖြစ်ပါသည်။
တတိယ မျက်နှာဖုံး (သို့မဟုတ်) ဆိုရှယ်လစ် ခေတ်ပြောင်းတော် လှန်ရေးသမား
စစ်အစိုးရပုံစံဖြင့် ထာဝရ အုပ်ချုပ်ဖို့ မသင့်လျော်ကြောင်း ဗိုလ်ချုပ်ကြီးနေဝင်း ကောင်း ကောင်းသိပါသည်။ စစ်သားအုပ် ချုပ်မှုကို ဆွဲဆန့်ဖို့အတွက် မျက် နှာဖုံးအသစ်တစ်ခုကို တပ်ဆင်ဖို့ သူဆုံးဖြတ်ခဲ့သည်။ ယခုတစ် ကြိမ်တပ်ဆင်သည့် မျက်နှာဖုံးက တော့ ‘ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးသမား’ဖြစ်သည်။ ထိုအချိန်က တတိယကမ္ဘာ့နိုင်ငံ များမှာ ခေတ်စားနေခဲ့သည့် ဆို ရှယ်လစ်စနစ်ကို ဗမာလူမျိုးကြီး ဝါဒနှင့် သုံးခွက်တစ်ခွက်တင်ကျို လိုက်သည်။ ‘မြန်မာနည်းမြန်မာ့ ဟန်’ဆိုရှယ်လစ်စနစ်ကို စွဲကိုင် ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ထူထောင်လိုက်သည်။
ဘောင်းဘီ ချွတ်လိုက်သည့် ဗိုလ်ချုပ်ကြီးများက ပါတီခေါင်း ဆောင်ကြီးများဖြစ်လာသည်။ လူထုအစည်းအဝေးပွဲကြီးများ ကျင်းပသည်။ ဆိုရှယ်လစ် စကားလုံးများ တွင်တွင်ဟောပြော သည်။ လယ်သမားနှင့် အလုပ် သမားတို့၏ စပါးနှံနှင့် စက်သွား အလံက လေမှာလွင့်ပျံသည်။ လယ်သမားများကတော့ ‘တာဝန် ကျေစပါး’စနစ်အောက်မှာ ပြား ပြားဝပ်သွားပြီး အလုပ်သမားများ ကတော့ အခွင့်အရေးလှုပ်ရှားမှု များကို တိုက်ပွဲဝင်ရင်း ထောင် သွင်းအကျဉ်းချခံခဲ့ကြရပါတော့ သည်။ ဥက္ကဋ္ဌကြီး ဦးနေဝင်း တစ်ဖြစ်လဲ ဗိုလ်ချုပ်ကြီးနေဝင်း ၏ ဦးဆောင်မှုအောက်မှာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံဘဝကို မြန်မာ နိုင်ငံရောက်ရှိသွားခဲ့ပါသည်။
စတုတ္ထ မျက်နှာဖုံး (သို့မဟုတ်) ငြိမ်ဝပ်၍ပိပြားစေသူ
တတိယမြောက် ဆိုရှယ်လစ် တော်လှန်ရေး သမားမျက်နှာ ဖုံးကို ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် ချွတ်ချိန်မရ လိုက်ပါ။ ပြည်သူလူ ထုကြီးက ရှစ်လေးလုံးအရေး တော်ပုံကြီးနှင့် ဆွဲချွတ်လိုက်ပါ သည်။ ပြည်သူများက တစ်ပါတီ စနစ်ကို ရွံမုန်းစွာဖြင့် ပါတီစုံစနစ် နှင့် ဒီမိုကရေစီကို တောင်းဆို သည်။ ဗိုလ်ချုပ်ကြီးများ ကလည်း အကောင် အထည်ဖော်ဖို့ကတိ ပေးခဲ့သည်။
ရုတ်တရက် ဆိုရှယ်လစ် မျက်နှာဖုံးကို ဆွဲခွာခံလိုက်ရသည့် ဥက္ကဋ္ဌကြီးဦးနေဝင်းက ၁၉၆၂ ခုနှစ်က သူတပ်ခဲ့သည့် မျက်နှာဖုံး ဟောင်းကို ဖုန်ခါပြီးဗိုလ်ချုပ်ကြီး စောမောင်ကို တပ်ပေးလိုက် သည်။ ‘ပြည်ထောင်စုကို ကာ ကွယ်သူ’အဖြစ် ဗိုလ်ချုပ်ကြီးများ တစ်ကျော့ပြန် လာခဲ့ပါသည်။ သွေးသစ်လောင်းခဲ့သည့် ဗိုလ် ချုပ်ကြီးများက စစ်ဘက်အုပ်ချုပ် ရေးကို နောက်ထပ် (၂၅)နှစ်ဆွဲ ဆန့်ရန်အတွက် စတင်သည့် ခြေ လှမ်းဖြစ်ပါသည်။
တပ်မတော်၏ အရွယ် အစားကို အကြီးမားဆုံးတိုးချဲ့ လိုက်သည်။ ဗိုလ်ချုပ်ကြီးစော မောင်နှင့် ဗိုလ်ချုပ်ကြီးသန်းရွှေ တို့ ‘ဗိုလ်ချုပ်မှူးကြီး’ဘွဲ့ကို ခံယူ လိုက်ခြင်းဖြင့် သူတို့ရှေ့က ဗိုလ် ချုပ်ကြီးနေဝင်းကို ကျော်တက် သွားသည်။
ဈေးကွက်စီးပွားရေးစနစ်ကို စတင်သည်။ တပ်မတော်စီးပွား ရေးလုပ်ငန်းများက ကဏ္ဍအသီး သီးကို လက်ဝါးကြီးအုပ်လာ သည်။ ကမ္ဘာ့အချမ်းသာဆုံး ဗိုလ် ချုပ်ကြီးများ မြန်မာနိုင်ငံမှာ ပေါ် ထွက်လာသည်။ ‘ကမ္ဘာ့နိုင်ငံရေး အကျဉ်းသားဖလား’မှာ အရေ အတွက်အများဆုံးဖြင့် မြန်မာ ဆက်တိုက် ဗိုလ်စွဲသည်။ အ နောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုက တရုတ်နဂါးကို လမ်း ဖွင့်ပေးခဲ့ပြီး မြန်မာတို့ကြွယ်ဝခဲ့သည့် သဘာဝသယံဇာတများ လျင်လျင်မြန်မြန် ပြုန်းတီးခဲ့ရ သည်။
ယခုတစ်ကြိမ်တော့ စနစ် ကျနသည့် တပ်မတော်က နောက် တစ်ကြိမ်တပ်ရမည့် ပဉ္စမမြောက် မျက်နှာဖုံးအတွက် ကြိုတင်ပြင် ဆင်ရေးဆွဲပါတော့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ မည့် အမျိုးသားညီလာခံနှင့် နောင်တစ်ချိန်အာဏာရပါတီဖြစ် လာမည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ်မှာ အမြွှာပူးမွေးဖွားခဲ့ပါ သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနာမည်နှစ်ခု ဖြင့် ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည်။
ပဉ္စမ မျက်နှာဖုံး (သို့မဟုတ်) နွေဦးကို ဆောင်ကြဉ်းသူ
ပဉ္စမမြောက်မျက်နှာဖုံးက တော့ အလန်းဆုံးဖြစ်ပါသည်။ အပြုံးဖြင့်ကြည်လင်သော သံခင်း၊ တမန်ခင်းမျက်နှာဖုံးဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးများ အကြားမှာ တာဝန်ခွဲဝေမှုပြုလုပ်လိုက်ကြသည်။
အချို့ဗိုလ်ချုပ်ကြီးများက ပုဆိုးတိုက်ပုံဖြင့် အစိုးရအဖွဲ့ဝင် များဖြစ်လာကြသည်။ အချို့ဗိုလ် ချုပ်ကြီးများက ခေါင်းပေါင်းများ ဖြင့် လွှတ်တော်ကိုယ်စားလှယ် ကြီးများဖြစ်လာကြသည်။ အချို့ က ပါတီခေါင်းဆောင်များအဖြစ် တာဝန်ယူသည်။ ကျန်အချို့က တော့ တပ်မတော်ကို ဆက်လက် ခေါင်းဆောင်ဖို့ တာဝန်ယူကြ သည်။
အနှစ်သာရမှာတော့ ဗိုလ် ချုပ်ကြီးများကသာ နိုင်ငံရေးကို ကွင်းလုံးပြည့်ကစားနေကြဆဲဖြစ် ပါသည်။ ပဉ္စမမြောက်မျက်နှာဖုံး ၏ အပြုသဘောဆောင်သည့် အကျိုးဆက်ကတော့ အတိုက် အခံနှင့် ထိတွေ့ဆက်ဆံခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ခြင်း၊ ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပေါ်ပေါက်လာခြင်းနှင့် မီဒီယာလွတ်လပ်ခွင့် ပိုမိုရလာ ခြင်းဖြစ်သည်။ ပြုံးချိုသည့်မျက် နှာဖုံးက နိုင်ငံတကာအသိုင်းအ ဝိုင်းကို လျင်လျင်မြန်မြန်ဖိတ် ခေါ်လာသည်။ ရင်းနှီးမြှုပ်နှံမှုများ ကို ဆွဲဆောင်လာသည်။ သို့တိုင် ပြည်သူလူထုက စစ်မှန်စွာရွေး ကောက်တင်မြှောက်မည့်ခေါင်း ဆောင်များ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ခွင့်ရရေးကိုတော့ နည်း မျိုးစုံဖြင့် ချုပ်ချယ်တားမြစ်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းစာဆရာအချို့ကို ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက ဗိုလ်ချုပ်ကြီးများ၏ အုပ်ချုပ်မှုကို အရှည်ကြာ ဆုံးဆွဲဆန့်ဦးမည်ဆိုသည့် သန္နိဋ္ဌာန်ကို တွေ့မြင်နေရသည်။
မြန်မာ့လူ့အဖွဲ့အစည်း၏ အနာဂတ်နှင့် တပ်မတော်သားတို့ ၏ ဂုဏ်သိက္ခာအတွက် ‘မျက်နှာ ဖုံးစွပ်သံသရာ’ကို အဆုံးသတ်ဖို့သင့်လျော်ပါပြီ။ ပြည်သူလူထုကလည်း မျက်နှာဖုံးစွပ်ပွဲကို Hallo-ween သရဲပွဲတော်ဟု ကြောက်ရွံ့ခဲ့ကြပါပြီ။
ဗိုလ်ချုပ်ကြီးများ၏ အံဆွဲထဲ တွင် ရှိကောင်းရှိနေနိုင်သည့် ဆဋ္ဌမမြောက်မျက်နှာဖုံးကို အသုံးမပြုဖြစ်ရန် အားလုံးမှာတာဝန်ရှိပါသည်။
By 7Day News
No comments:
Post a Comment