Saturday, March 1, 2014

ရဟန်းတော်များ ဆင်ခြင်ဖို့ (မိုးသု-မန္တလေး)



The Voice, Monday, February 24- March 2, 2014

ရန်ကုန်မြောက်ဥက္ကလာ စာပေဟောပြောပွဲမှာ ဖြစ်သွားသလို မန္တလေးစာပေဟောပြောပွဲမှာလည်း ဖြစ်သွားခဲ့တယ် ဆိုတော့ မိမိမှာပြောချင်တာလေးတွေရှိလာတယ်။ ရဟန်းတော်တွေအနေနဲ့ အမှန်တကယ် နိုင်ငံရေးကို နားလည်သဘောပေါက်ကြပါသလား။ ဒါကို ရဟန်းတော်တွေအနေနဲ့ မိမိတို့ကိုယ်ကို မိမိတို့ အသေအချာပြန်လည် ဆန်းစစ်ကြည့်စေချင်ပါတယ်။ နိုင်ငံရေးဆိုတာက အကွေ့တစ်ထောင် အကောက်တစ်သောင်းမို့ အမှန်တကယ် နားမလည်ပါဘဲ စိတ်ခံစားချက်ကို ရှေ့တန်းတင်ပြီး ၀င်မပါသင့်ပါဘူး။ အမှန်တကယ် နားမလည်ပါဘဲ စိတ်ခံစားချက် ရှေ့တန်းတင်ပြီး ၀င်ပါလိုက်ရင် နိုင်ငံအတွက်ရော သာသနာအတွက်ရော မိမိတို့ကိုယ်တိုင်အတွက်ရော ကောင်းကျိုးတစ်စုံတစ်ရာ ရှိမလာနိုင်ပါဘူး။

နိုင်ငံတိုင်းလူမျိုးတိုင်းက မိမိတို့နိုင်ငံ မိမိတို့လူမျိုးကို တခြားလူမျိုး တခြားနိုင်ငံက လွှမ်းမိုးတာမျိုး ဘယ်နိုင်ငံ၊ ဘယ်လူမျိုးကမှ မကြိုက်ကြပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးကသာ တခြားနိုင်ငံ တခြားလူမျိုးကို လွှမ်းမိုးချင်ကြတာပါ။ တခြားနိုင်ငံ တခြားလူမျိုးတွေကို လွှမ်းမိုးနေကြတဲ့ လူမျိုးတွေ နိုင်ငံတွေကို လေ့လာဆန်းစစ်လိုက်ရင် ပညာအစွမ်း၊ ဥစ္စာအစွမ်းနဲ့ လွှမ်းမိုးနေကြတာကို တွေ့ရှိကြရမှာပါ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတိုင်း ဖွံ့ဖြိုးတိုးတက်နေဆဲ နိုင်ငံတိုင်းဟာ ပညာကိုအခြေခံပြီး နိုင်ငံကို တည်ဆောက်နေကြတာကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါတယ်။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးကို ၊ တခြားနိုင်ငံ တခြားလူမျိုးက လွှမ်းမိုးတာကို မခံချင်ဘူးဆိုရင် စိတ်ခံစားချက်ရှေ့တန်းတင်ပြီး အဆင်အခြင်မဲ့ လုပ်နေကြတာတွေကို ရပ်တန်းကရပ်သင့်ပါတယ်။ အကယ်၍ ဒီနိုင်ငံမှာ ငါတို့လူမျိုး၊ ငါတို့ဘာသာဝင်တွေ အင်အားအကြီးဆုံးဆိုပြီး ဥာဏ်ပညာကင်းမဲ့စွာနဲ့ လုပ်ချင်ရာလုပ်နေမယ်ဆိုရင်တော့ မကြာခင်မှာ မိမိတို့လူမျိုး မိမိတို့ဘာသာဝင်တွေ ပျက်စီးခြင်းမလှ ပျက်စီးကြရပါလိမ့်မယ်။ ပညာမျက်စိကင်းမဲ့စွာ အဆင်အခြင်မဲ့ စိတ်ခံစားချက်ရှေ့တန်းတင်ပြီး ထင်ရာစိုင်းခဲ့ကြတာကြောင့် ပျက်စီးခြင်းမလှ ပျက်စီးရတဲ့ သာဓကတွေ အများအပြားရှိပါတယ်။

တစ်ခါတုန်းက အကုသိုလ်ကံရဲ့ အထောက်အပံ့ကြောင့် ဘုရားအလောင်းတော်ဟာ ဟိမ၀န္တာမှာ ခြင်္သေ့သွားဖြစ်ပါတယ်။ အလောင်းတော် ခြင်္သေ့မှာ ညီခြောက်ကောင်နဲ့ ညီမတစ်ကောင်ရှိပါတယ်။ သူတို့မိသားစု အတူတကွ နေထိုင်စားသောက်ကြပါတယ်။ မိဘများကွယ်လွန်တဲ့အခါမှာ ညီမဖြစ်သူကို ဂူထဲမှာထားခဲ့ပြီး ကျန်ခြောက်ကောင်လုံးက အစာရှာထွက်ကြပါတယ်။ အကိုခြင်္သေ့ခုနစ်ကောင် အစာရှာထွက်နေတုန်း ခြင်္သေ့ဂူနဲ့မလှမ်းမကမ်းမှာရှိတဲ့ ငွေတောင်ထိပ်က ဖန်ဂူထဲမှာနေတဲ့ မြေခွေးတစ်ကောင်က ခြင်္သေ့မလေးကို “ အရှင်ခြင်္သေ့မငယ် ငါသည်လည်း ခြေလေးချောင်းရှိသောသားတည်း။ သင်သည် ငါ့မယားဖြစ်ပါလော။ ငါသည် သင်၏လင်ဖြစ်အံ့။ ငါတို့သည် ညီညွတ်ကြကုန်၍ ၀မ်းမြောက်ကြကုန်၍ နေကြကုန်အံ့။ သင်သည် ယနေ့မှစ၍ ငါ့ကိုကိလေသာ၏ အစွမ်းဖြင့် ချီးမြှောက်ထောက်ပံ့ပါလော” လို့ ပြောဆိုပါတယ်။

မြေခွေးစကားကို ကြားလိုက်ရတဲ့ ခြင်္သေ့မလေးဟာ “ ဤမြေခွေးသည် အခြေလေားချောင်းရှိကုန်သော သားမျိုးတို့တွင် ယုတ်၏။ စက်ဆုပ်ဖွယ်ရှိ၏။ ဒွန်းစဏ္ဍားနှင့်တူ၏။ ငါတို့သည်ကား မြတ်သောမင်းမျိုးဟု သမုတ်အပ်ကုန်သော သားမျိုးတို့တည်း။ ဤမြေခွေးသည် ငါ့အားမလျောက်ပတ်။ ငါနှင့်မထိုက်တန်သော စကားကိုဆိုလာ၏။ ငါသည် ဤသို့သဘောရှိသော စကားကိုကြား၍ အသက်ရှင်ခြင်း၌ အဘယ်မူအံ့နည်း။ နှာခေါင်းလေကို အောင့်၍ သေတော့အံ့” လို့ကြံစည်ထားပါတယ်။ ဒီလိုမျိုး ကြံစည်ထားပြီးနောက် “ ငါ့အား ဤသို့သာလျှင် သေခြင်းသည် မသင့်လှသေး။ ငါ့အစ်ကိုတို့သည် လာကြစေဦး၊ အစ်ကိုတို့အား ပြောဆိုပြီးမှ သေအံ့” လို့ထပ်မံ ကြံစည်စဉ်းစားမိတာကြောင့် အစ်ကိုတွေပြန်လာချိန်ကို စောင့်နေခဲ့ပါတယ်။

အစ်ကိုခြင်္သေ့တစ်ကောင်ပြန်ရောက်တဲ့အခါမှာ အကြောင်းစုံပြောပြပါတယ်။ ဒီအခါမှာ အစ်ကိုဖြစ်သူက “ အဲဒီမြေခွေးဘယ်မှာနေတာလဲ” လို့ မေးပါတယ်။ “ ငွေတောင်ထိပ်ကောင်းကင်မှာ အိပ်နေ၏ ” လို့ပြောပြတော့ အစ်ကိုဖြစ်သူ ခြင်္သေ့ဟာ မြေခွေးဖန်ဂူထဲမှာ အိပ်နေတာကို ကောင်းကင်မှာအိပ်နေတယ်ထင်ပြီး အရှိန်အဟုန်ပြင်းစွာနဲ့ မြေခွေးကိုခုန်အုပ်လိုက်တဲ့အခါမှာ ဖလ်ဂူနဲ့ ရင်ဘတ်နဲ့ဆောင့်မိပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။ တခြားခြင်္သေ့တွေလည်း ဒီပုံစံအတိုင်းပဲ တစ်ကောင်ပြီးတစ်ကောင် သေကုန်ကြပါတယ်။ မြေခွေးကတော့ အအိပ်မပျက်ပါဘူး။ အလောင်းတော် ခြင်္သေ့ပြန်ရောက်လာတဲ့အခါမှာာ ခြင်္သေ့မလေးကို ရှေးနည်းအတိုင်းပဲ ပြောပြပါတယ်။ “ ယခုအခါ မြေခွေးဘယ်အရပ်မှာ နေသနည်း” ဟုမေးမြန်းတဲ့အခါမှာ “ ထိုမြေခွေးသည် ငွေတောင်ထိပ်ကောင်းကင်၌ အိပ်နေ၏ ” လို့ ပြောပြပြန်ပါတယ်။ ညီမငယ်ရဲ့စကားကို ကြားလိုက်ရတဲ့ အလောင်းတော်ခြင်္သေ့ဟာ “ မြေခွေးမည်သည်ကောင်းကာင်၌ အိပ်နိုင်သော အစွမ်းအစမရှိ။ ဖန်ဂူထဲ၌အိပ်နေသောကြောင့် အရိပ်ထင်ပြီး ကောင်းကင်၌ အိပ်နေသကဲ့သို့ မြင်ရခြင်းဖြစ်လတ္တံ့” လို့ကြံစည်စဉ်းစားမိပြီး မြေခွေးရှိရာကိုလာခဲ့ပါတယ်။

တောင်ခြေမှာ ရင်ကွဲပြီးသေနေတဲ့ ညီငယ်ခြင်္သေ့ခြောက်ကောင်ကို လည်းမြင်တွေ့လိုက်ရတဲ့ အလောင်းတော် ခြင်္သေ့ဟာ “ ခံတွင်း၌ သွင်းအပ်သော ပူသောအာဟာရသည် ခံတွင်းအစရှိသည်တို့ကို လောင်သကဲ့သို့ ထို့အတူမဆင်မခြင်ပြုအပ်ကုန်သော အမှုတို့သည် ထိုမဆင်မခြင်လျင်မြန်စွာ ပြုလုပ်တတ်သော သူကို လောင်စေတတ်ကုန်၏။ ဤခြင်္သေ့တို့သည် မိုက်သည်၏ အဖြစ်ကြောင့် စုံစမ်းဆင်ခြင်တတ်သော ပညာမရှိသည်ဖြစ်ခြင်းကြောင့် ဖန်ဂူ၏အဖြစ်ကို မသိကုန်၍ ရင်ဖြင့်တိုက်မိ၍ သေကြကုန်သည် ဖြစ်လတ္တံ့။ မဆင်ခြင်ကုန်မူ၍ အလွန်လျင်မြန်စွာ ပြုကုန်သောသူတို့၏ အမှုမည်သည်ကား ဤသို့သဘောရှိသည် ဖြစ်တတ်၏။ ” လို့ကြံစည်စဉ်းစားမိပါတယ်။ ပြီးတော့ မြေခွေးအိပ်နေရာ ဖန်ဂူပေါက်သို့သွားပြီး သုံးကြိမ်ဟိန်းဟောက်လိုက်ရာမှာ မြေခွေးဟာ ခြင်္သေ့သံကြောင့်လန့်ကာ နှလုံးကွဲပြီးသေဆုံးသွားခဲ့ပါတယ်။ ဒါက မဆင်မခြင်ပြုတာကြောင့် ပျက်စီးရတဲ့ သာဓကပါ။

သီပေါမင်းနဲ့ သူ့မိဖုရားကို အင်္ဂလိပ်က ကြက်ကလေး၊ ငှက်ကလေးဖမ်းသလို အလွယ်တကူ ဖမ်းယူသွားနိုင်ခြင်းဟာ စုဖုရားလတ်ရဲ့ မဆင်မခြင်ပြုလုပ်မှု အင်္ဂလိပ်လူမျိုးတွေရဲ့ အကောက်ဥာဏ်ပညာ အစွမ်းထက်မှုတို့ကြောင့်ဖြစ်ပါတယ်။ ငယ်စဉ်တောင်ကျေး ကလေးဘ၀တည်းက ဧ၀ံမေသုတံကိုသာ သင်ယူကျက်မှတ်ပြီး ပတ်ဝန်းကျင်နဲ့ဖြတ်လို့ရသမျှ အဆက်အသွယ်ဖြတ်ထားတဲ့ စာသင်တိုက်ထဲမှာ ကြီးပြင်းလာကြရတဲ့ နိုင်ငံရေးလှည့်ကွက် ကောက်ကွက်ကွေ့ကွက်တွေကို နားမလည်နိုင်ပါဘူး။ ကိုယ်နားမလည်တဲ့ အခန်းကဏ္ဍမှာ သွားပတ်သက်ရင် သူများနဖားကြိုးထိုးတာကို ခံရတတ်ပါတယ်။ နိုင်ငံရေးဆိုတာက ဘာကိုထိုးကျွေးပြီး ဘာကိုပြန်စားမယ်ဆိုတဲ့ ဘာသာရပ်ပါ။ အလျော်အစား သိပ်ကြီးမားပါတယ်။ ကမူကရူးလုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ သွေးအေးအေးနဲ့ ဥာဏ်ပညာနဲ့ယှဉ်ပြီး ကောက်သင့်တာကောက်၊ ကွေ့သင့်တာကွေ့၊ ဖြောင့်သင့်တာဖြောင့်နိုင်မှ တော်ရုံကျတာပါ။

တော်လှန်တိုက်ဖျက်ရေး နိုင်ငံရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး နိုင်ငံရေး၊ ဆိုပြီးနိုင်ငံရေး နှစ်မျိုးရှိပါတယ်။ တော်လှန်တိုက်ဖျက်ရေးနိုင်ငံရေးဟာ အသက်ကိုမနှမြောရင် ကကြီးမရေးတတ်တဲ့သူတောင် ပြုလုပ်နိုင်ပါတယ်။ အသက်ကိုမနှမြောဘဲ ပြုလုပ်ဝံ့ရင် လိုရာပန်းတိုင်ကို ရောက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်အရေးခင်းဟာ တော်လှန်တိုက်ဖျက်ရေးနိုင်ငံရေးဖြစ်ပါတယ်။ တော်လှန်တိုက်ဖျက်ရေး နိုင်ငံရေးရဲ့ အောင်မြင်မှုကြောင့် ယခုအခါမှာ အဘက်ဘက်က ချွတ်ခြုံကျပျက်စီးယိုယွင်းနေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်ပြုပြင်တည်ဆောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ ပြန်လည်ပြုပြင်တည်ဆောက်ရေးနိုင်ငံရေးကို ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ပြည်လည်ပြုပြင်တည်ဆောက်ရေးနိုင်ငံရေးဟာ အမြော်အမြင် ပညာမျက်စိရှိတဲ့သူတွေသာ ပြုလုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။ နကန်းတစ်လုံးမှ မနာတဲ့သူနဲ့ လားလားမျှ မသက်ဆိုင်ပါဘူ။ ဘာကြောင့်လဲဆိုတော့ ဒီအချိန်ဒီအခါမှာ တစ်ချက်ကလေးမှားလိုက်တာနဲ့ တိုင်းပြည်ဟာ စစ်အုပ်ချုပ်ရေးထက်ဆိုးတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။

မိမိတို့နိုင်ငံ မိမိတို့လူမျိုးတွေဟာ တရုတ်နိုင်ငံ တရုတ်လူမျိုးများရဲ့ လွှမ်းမိုးခြင်းကို ခံနေရတာ တရုတ်ကို ကြောက်နေရပါတယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားရတာတွေဟာ တစ်ချိန်တုန်းက စစ်ခေါင်းဆောင်များ မဆင်မခြင်နဲ့ စိတ်ထင်တိုင်းရမ်းခဲ့ကြလို့ဖြစ်ပါတယ်။ အခုအချိန်မှာ တရုတ်တွေလွှမ်းမိုးတာကို မခံနိုင်ဘူးဆိုပြီး နိုင်ငံတွင်းရှိ တရုတ်အားလုံးကို အဆင်အခြင်မဲ့ လိုက်သတ်လို့လည်း ဒီပြဿနာက ငြိမ်းသွားမှာမဟုတ်ပါဘူး။ မိမိတို့မှာ ဥစ္စာဓနချို့တဲ့နေသရွေ့ ဥာဏ်ပညာချို့တဲ့နေသရွေ့ ဥစ္စာရှိသူ ပညာရှိသူရဲ့ လွှမ်းမိုးမှုကို ခံနေရဦးမှာပါဘဲ။

မိမိတို့က မိမိတို့လူမျိုးများကြီးစိုးရာ နိုင်ငံအတွင်းမှာ လူမျိုးခြား ဘာသာခြားတွေကို နှိပ်ကွပ်မယ်ဆိုရင် လူမျိုးခြားဘာသာခြားတွေရဲ့ နိုင်ငံမှာ မိမိတို့လူမျိုးတွေ သိန်းနဲ့ချီပြီး အလုပ်သွားလုပ်နေကြတာကို သတိရကြရပါမယ်။ သူတို့တွေရဲ့ အသက်ကို ငဲ့ညှာထောက်ထားရပါ့မယ်။ ဒီနေ့ကမ္ဘာမှာ ဘယ်နိုင်ငံမှ တစ်နိုင်ငံတည်း ထီးထီးမားမား မရပ်တည်နိုင်ပါဘူး။ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ မိမိတို့နိုင်ငံဆိုရင် ဆိုဖွယ်ရာမရှိပါဘူး။ ကမ္ဘာပတ်ပြီး လက်ဖြန့်တောင်းနေရတာ အားလုံးအသိပါ။ နည်းပညာတွေအစွမ်းနဲ့ အမှားစင်စစ်ကြီးကို အမှန်ဖြစ်အောင် လုပ်နိုင်တာကြောင့် ဆင်ဆင်ခြင်ခြင် လုပ်ကြဖို့လိုပါတယ်။ လူမျိုးခြားဘာသာခြားရဲ့ လွှမ်းမိုးမှုကို မခံချင်ဘူးဆိုရင် ပညာတတ်အောင် ဥစ္စာရှိအောင် ပြုလုပ်ကြခြင်းသည်သာလျှင် နည်းလမ်းမှန်ဖြစ်ပါတယ်။ ရဟန်းတော်တွေအနေနဲ့ အတိတ်ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး မဆင်မခြင်ပြုလုပ်တာတွေကို ရပ်တန်းကရပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ မဆင်မခြင်ဆက်လုပ်နေမယ်ဆိုရင် သမိုင်းတရားခံဟာ စစ်တပ်ကနေ ဘုန်းကြီးတွေအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ဧ၀ံမေသုတံလောက်နဲ့ အလုပ်မဖြစ်ဘူးဆိုတာကို သဘောပေါက်သင့်ပါတယ်။

ဆာနေတယ် စားချင်ပါတယ် ကျွေးပါပြောနေတဲ့သူကို ကျွေးမှသာလျှင်တန်ဖိုးရှိပါတယ်။ မဆာပါဘူး။ မစားချင်ပါဘူး။ ပြောနေတဲ့သူကို ဇွတ်အတင်းသွားကျွေးရင် ပါးရိုက်ခံရနိုင်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ မိမိတို့ ယခုလိုပြုလုပ်လိုက်တာက မိမိတို့ဘာသာဝင်တွေကိုယ်တိုင်က ကျေနပ်နေကြရဲ့လားဆိုတာ တစ်ချက်ကလေး ပြန်လည်စုံစမ်းကြည့်ပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ ရဟန်းတော်တွေ ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဥာဏ်ပညာနဲ့ယှဉ်ကာ ဆင်ဆင်ခြင်ခြင် ပြုမူပြောဆိုနေထိုင်ကြဖို့လိုပါတယ်။

မိုးသု-မန္တလေး

No comments: