Monday, March 10, 2014

AIDS နှင့် မြန်မာ (၂)




အမေရိကန်ပြည် အနောက်ဘက်ကမ်းရိုးရှိ နာမည်ကြီး အမေရိကန်မြို့တော် ဆန်ဖရန်ဆစ္စကိုမြို့ကြီးရဲ့ အလယ် ဒုစရိုက်တွေ များလှပါတယ်ဆိုတဲ့ အဲလစ်လမ်း ညအချိန် မှောင်ရိပ်ကျတဲ့ နေရာမှာ အမျိုးသမီးငယ်တစ်ဦးကို အရပ်ဝတ်ရဲက ရပ်မေးပြီး “လူသွားပလက်ဖောင်း ပိတ်ဆို့မှု” ဆိုကာ စွဲချက်ပြုလိုက်တယ်။ သူရဲ့ ရာဇဝတ်မှု မှတ်တမ်းကတော့ ထူးခြားတယ်လို့ ခေါ်ရမှာပါ။ သူ့အသက်က ၃၄ နှစ်၊ အမည်က “စစ်(လ)ဗားနား” ၅ နှစ်အတွင်း ၃၂ ကြိမ် အဖမ်းခံထား ရတယ်။ ခိုးမှု၊ ဓားပြမှုပါတယ်။ ဒီနေရာကို “ကျွမ်းပြီး” လုပ်ရည်ဝနေသူ ရဲအနေနဲ့တော့ သူ့ကို ကြည့်လိုက်တာနဲ့ သူ့လက်မှာ အညိုမည်းစက် အပ်ရာကလေးတွေ တွေ့လိုက်တယ်။ သူ့ကို ဆေးရုံခေါ်သွားပြီး ရဲတွေက AIDS ရှိမရှိ စစ်ပါလို့ ဆိုတယ်။ အဲဒီတုန်းက AIDS စစ်နည်း အခွင့် လိုက်စင်မရသေးလို့ စစ်ပေးလို့ မရသေးဘူးလို့ ဆေးရုံက ပြောတယ်။

ဒါနဲ့ပဲ သူ့ကို ပြန်လွတ်လိုက်ရတယ်။ သူရဲ့ အဖော်ယောက်ျားလည်းဖြစ်၊ အထိန်းလည်း ဖြစ်တဲ့ “တိုနီ”ဆီ ပြန်သွားတယ်။ သူ ဒီဘဝကို ဘယ်လို ရောက်လာသလဲ၊ သူဟာ ဆန်ဖရန်ဆစ္စကို ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ မိကောင်းဖကောင်း မျိုးနွယ်ဖြစ်တဲ့ အီတာလျံ မိသားစုက သမီးငယ်ဖြစ်တယ်။ ၁၉၆၈ ခုနှစ် “ကာတိုလစ်” အထက်တန်းကျောင်းက အထက်တန်းအောင်ခဲ့တယ်။ အဲဒီအခါတုန်းကတော့ ဒီလို အရွယ်သူတွေ ထုံးစံအတိုင်း ငယ်ရွယ်သူပီပီ သူ့ရဲ့ရှေ့ရေးနဲ့ ကမ္ဘာကြီး တစ်ခုလုံးအပေါ် မျှော်လင့်ချက် အားထားချက်ကြီးတွေ အပြည်နဲ့ ဖြစ်တယ်။ ကိုယ့်အပေါ်ကိုယ် ယုံကြည်မှုတွေ သိပ်ထားခဲ့တဲ့ အချိန်ပေါ့။ ငါ လူကြီးဘဝကို ဝင်နေပြီ၊ လွတ်လပ်စွာ ငါ့ဘဝ ငါဖန်တီးလို့ ရတော့မယ်ဆိုပြီး စိတ်မာန်တက်နေချိန်၊ သာယာတဲ့ ရှေ့ဘဝကို မျှော်လင့်နေတာ။

ဒါပေမယ့် သူမက်ခဲ့တဲ့ အိမ်မက်ကြီးဟာ တကယ်ဖြစ်မလာဘူး။ အလုပ်လည်း ရုတ်တရက်မရဘူး။ ဒီအချိန်မှာ “တိုနီ” နဲ့ စတွေ့ပြီး ဆေးတေါ စလုပ်တော့တာပဲ။ တိုနီနဲ့ ကလေး တစ်ယောက်ရတယ်။ စားဝတ်နေရေးကလည်း ကြပ်တည်း၊ အထူးသဖြင့် ကတော့ ဟီးရိုးအင်း (ဆေး) အတွက် ငွေလိုနေတော့ နောက်ဆုံး အလွယ်ငွေရှာနည်းဘက်ကို စစ်(လ)ဗားနား လှည့်တော့တာပဲ။ တိုနီကလည်း အားပေးတယ်။ ငွေကလည်း ရပါတယ်။ ဒီလိုနေရာကနေ AIDS အကြောင်း ကြားလာတယ်။ ဆေးထိုးအပ်တစ်ချောင်းတည်းကို အတူတူ တစ်လှည့်စီသုံးရင် ရနိုင်ကြောင်း သိလာရတယ်။ 
ဒါပေမယ့် နောက်ကျသွားပြီ၊ တိုနီမှာ AIDS ရောဂါ စနေပြီ။ သူဒါနဲ့ပဲ ဆေးရုံတက်ရတယ်။ ဒါပေမယ့် သူ့နေမှုစရိုက်ကိုတော့ တိုနီက မပြောင်းဘူး။ ပြောင်းလို့လည်း မရတော့ဘူး၊ ဆေးကစွဲနေပြီကိုး။

သူ့ရဲ့ “မိတ်ဆွေကောင်းကြီး” တွေကလည်း တိုနီကို ဆေးခိုးယူလာပြီး ပေးကြတယ်။ အားလုံး အပ်အတူတူ သုံးကြသေးတယ်။ အခုလည်း တိုနီ နေလို့မကောင်းဘူး၊ သူတို့ ၂ ယောက်နေတဲ့ ခပ်စုတ်စုတ် ဟိုတယ်ခန်းထဲက အိပ်ယာထဲမှာ လဲနေတယ်။ ဒီတော့ စစ်(လ)ဗားနား ဘာလုပ်မလဲ။ ရှည်ရှည်ဝေးဝေးတော့ အတွေးနိုင်သေးဘူး။ ဒီညအတွက် ပြောရမယ်ဆိုရင်တော့ သူ “အလုပ်” ထွက် လုပ်ရမှာပဲ။ တိုနီကမှ အလုပ်မလုပ်နိုင်တာ၊ တိုနီကလည်း စစ်(လ)ဗားနားကို အလုပ်ဆက်လုပ်နေစေ ချင်တာပဲ။ ဒါမှ သူဟီးရိုးအင်းအတွက် ငွေရမှာကိုး။ “ဟုတ်တယ် သူတို့ တီဗွီမှာပြောတာ မှန်တယ်။

ဒီဆေးစွဲတယ်ဆိုတဲ့ ကိစ္စဟာ ဝင်လို့တော့ ရတယ်။ ထွက်လို့မရတဲ့ ကိစ္စ”လို့ စစ်(လ)ဗားနားက စိတ်ပျက်စွာနဲ့ မှတ်ချက်ချလိုက်တယ်။ သူလည်း AIDS ရောဂါ ပြန့်ပွားမှာ စိုးပါတယ်၊ မလိုလားပါဘူး။ အဲဒီအချိန်မှာ သူ့ဂလင်းအကြိတ်တွေ ကြီးနေပြီ။ ညအိပ်ရင်လည်း ချွေးတွေထွက်ထွက်နေလို့ အိပ်ကောင်းခြင်း မအိပ်ရဘူး။ တစ်နေ့လုံး အချိန်မပြတ် နုံးချည့်ချည့်နဲ့ မောနေတယ်။ သူ့မှာ AIDS အစပျိုးနေပြီ။ ဒါဖြင့် ဘာကြောင့် ဒီည ဒီအလုပ်လုပ်ဦးမှာလဲ။ သူ့အတွက် အခြားငွေရှာတဲ့နည်း မရှိဘူး၊ မသိဘူး၊ ဒါကြောင့်ပဲ။

ဒီမှာ စဉ်းစားစရာက လူတွေဟာ ပြည့်တန်ဆာတွေအပေါ် ဘယ်လိုမြင်သလဲ။ အများကတော့ ဒုစရိုက်ကောင်တွေ၊ ယုတ်မာသူတွေ၊ “လူကောင်း”တွေကို ဖျက်ဆီးနေသူတွေလို့ ဆိုကြတတ်တယ်။ ဒါဟာ တကယ်ပဲလား။ ဖြောင့်မတ် မှန်ကန်တဲ့ ဖြစ်ရပ်မှန်လို့ ယုံကြည်သလား။ အကြောင်းအရာ တစ်ခုပေါ်မှာ ထင်မြင်ယူဆချက်ကို အတည်တကျ အဆုံးအဖြတ် မပေးခင် ဒီအကြောင်းအရာရဲ့ အရင်းခံ သဘောသဘာဝ ကုန်စင်ကို ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။ အပေါ်ယံသာ မြင်ပြီး ကောက်ချက်ချလိုက်ရင် မမှန်တတ်ပါဘူး။ ပြည့်တန်ဆာ ဘဝကို နှစ်ခြိုက်လို့ သူတို့ကိုယ်တိုင် သဘောအလျောက်ရွေးပြီး လုပ်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် အခု ကမ္ဘာပေါ်ရှိ ပြည့်တန်ဆာအများစု ကတော့ ဆင်းရဲခြင်း၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရင်းအနှီး မရှိခြင်း စသည့် ဘယချို့တဲ့မှုကို အရင်းခံပြီး ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်ပြတ်ဘေးကို ရင်ဆိုင်နေရတာကြောင့် သူတကာ စက်ဆုပ်လှတဲ့ နိမ့်ကျလွန်းတဲ့ ဘဝကို ရောက်ကြရတာပါ။

အခြားအလုပ်သာ ရှိရင် လူ့အဖွဲ့အစည်းကလည်း ဖေးဖေးမမနဲ့ သူတို့အပေါ် ကရုဏာသက်မှု နားလည်မှုနဲ့ ဆက်ဆံမည်ဆိုရင် ဒီပြည့်တန်ဆာတွေ အများကြီး ရှိပါတယ်။ သိကြတဲ့အတိုင်း ဒီအလုပ်လုပ်တဲ့ ကာယကံရှင်တွေရတဲ့ ဝင်ငွေဟာ သူတို့ကို ထိန်းချုပ်ထားပြီး ခေါင်းပုံဖြတ် မတရားလုပ်နေသူတွေရတာနဲ့ မမျှတပါဘူး။ ဒါကြောင့် အချို့တိုင်းပြည်တွေမှာ ဒီအလုပ် မလုပ်ရအောင် သူတို့အတွက် အခြားအလုပ်တွေ ဖန်တီးပေးပါလို့ တောင်းဆိုလာတာတွေ ရှိနေပြီ။ ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေ ဆန္ဒပြကြစဉ်က အစိုးရတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ထိုင်းကို လာချင်အောင် မြှူဆွယ်ရေးအတွက် သုံးတဲ့ငွေရဲ့ ၂၀ ပုံ ၁ ပုံသာ AIDS ကာကွယ်ရေးအတွက် သုံးတယ်လို့ စွပ်စွဲကြတယ်။ ထိုင်းနိုင်ငံလောက် ပြည့်တန်ဆာ ပြဿနာ မတတ်သေးတဲ့ မြန်မာအတွက် မှတ်သားလေ့လာနာယူဖွယ် သင်ခန်းစာတွေလို့ ဆိုရင် မမှားဘူး ထင်တယ်။
ဒီစာအုပ်ထဲမှာ ပြည့်တန်ဆာအကြောင်း တော်တော်ရေးတာပဲလို့ ထင်ကြလိမ့်မယ်။ ဘာကြောင့် ဒီလိုရေးနေတာလဲ၊ တိုတိုပြောရရင်တော့ အရေးကြီးလွန်းလို့ လို့ပြောရမှာပဲ။ ဒီပြဿနာက AIDS တိုက်ဖျက်ရေးမှာ လုံးဝ လက်လွှတ်ထားလို့ မရတဲ့ ကိစ္စ ဖြစ်နေတယ်။ နောက်ဆုံး AIDS အစဉ်တစိုက် တရိပ်ရိပ်ပွားမယ့် Hetero - sexual transmission (လိင်မတူဆက်ဆံမှုကြောင့် ပွားခြင်း) အဆင့်ကို အမြန်ပို့ပေးနေတာက ပြည့်တန်ဆာနဲ့ မူးယစ်ဆေးထိုးမှုပဲ၊ ဒီနှစ်ချက်ကလည်း တိုက်ရိုက် ဆက်နွယ်နေပြန်တယ်။

ရည်မှန်းချက် စေတနာ နောက်တစ်ခု ရှိပါသေးတယ်။ ပြည့်တန်ဆာပြဿနာဟာ တစ်ကမ္ဘာလုံးမှာ ကြီးထွားနေပါတယ်။ ဒီပြဿနာဟာ ဟိုးရှေးပဝေသဏီ ကတည်းက ရှိခဲ့တာပဲ။ ဘာလုပ်လုပ် ထူးမှာတဲ့လားလို့ စောဒက တက်သူတွေရှိမယ်။ ဟုတ်ပါတယ်။ ပြည့်တန်ဆာဆိုတာ မှတ်တမ်းတင်လို့ရတဲ့ လူ့သမိုင်း စကတည်းက ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အခုအခြေအနေလောက် မဆိုးဘူး။ ဒီကြီးထွားမှုရဲ့ အရင်းအမြစ်ကတော့ ဆင်းရဲမှုနဲ့ လူမှုရေးကြောင်းအင် တွေပဲ။ တကမ္ဘာလုံးမှာ ဆင်းရဲသူနဲ့ ချမ်းသာသူတွေ ကွာဟမှုဟာ ကျဉ်းမသွားပဲ ပိုပြီး ကျယ်လာတယ်။ ဒါနဲ့အမျှ ဆင်းရဲသူတွေ ပိုရှိမယ်၊ ဆင်းရဲမှုရဲ့ တိုက်ရိုက်အကျိုးဆက်တစ်ခုက ဒီဒုစရိုက်မှုပဲ။ ဒီတော့ လူတိုင်းလူတိုင်းမှာ ဒီပြဿနာကြီးကို တတ်နိုင်တဲ့ ဘက်ကနေပြီး ထိန်းသိမ်းပေးဖို့နဲ့ ပြေလည်စေဖို့အတွက် ကူညီဖို့ တာဝန်ရှိပါတယ်။

AIDS ပြန့်ပွားမှုမှာ နောက်အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ မူးယစ်ဆေးထိုးမှု ပြဿနာကို ကြည့်မယ်ဆိုရင် ဒီပြဿနာဟာ အရင်ကတည်းက ဆိုးဝါးပြီး ကြောက်စရာကောင်းတဲ့ အဖြစ်ဆိုးကြီးပါ။ တိုက်ဖျက်ဖို့ကလည်း ခက်ခဲပါတယ်။ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ တကယ့်အန္တရာယ်ဆိုကြီးပဲ။ အခုတစ်ခါ AIDS ဝင်လာပြန်တော့ အဆမတန် ပိုပြီး ကြီးမားတဲ့ ပြဿနာကြီး ဖြစ်သွားတာပေါ့။ ဆေးစွဲမှုဟာ ကလေးမလေးတွေ ပြည့်တန်ဆာ ဖြစ်ရတာနဲ့လည်း ဆက်နေ၊ အထက်က စစ်(လ)ဗားနားရဲ့ ဖြစ်အင်ကိုပဲ ရှုပါတော့။

ဒီတော့ သွေးကြောသွင်း ဆေးထိုးမှု+ပြည့်တန်ဆာ = AIDS ပြန့်ပွားခြင်းလို့ မြင်ရမှာ ဖြစ်နေတယ်။ ဒီအန္တရာယ် ကြီးမားမှန်းသိလို့ ကမ္ဘာအရပ်ရပ်မှာ ကြိုးစားပြီး တိုက်ဖျက်နေပေမယ့် ဘက်တစ်နေရာမှာမှ ထူးခြား အောင်မြင်တယ်လို့တော့ မဆိုနိုင်သေးဘူး။ စိတ်ချရတဲ့ နည်းတစ်နည်းကတော့ မူးယစ်ဆေး (supply) မရအောင် လုပ်ပေါ့လို့ ဆိုနိုင်တယ်။ ဒါမှ မဟုတ်လည်း ဆေးမထိုးဘဲနေပေါ့လို့လည်း ဆိုနိုင်သေးတယ်။ ဒီလို အဖြေတွေက လွယ်လွယ်ကလေးဖြစ်သလို ပြောလိုက်တာပါ။ ပြောရတာ လွယ်သလောက် လက်တွေ့ အကောင်းအထည်ဖော်ဖို့ ခက်လှပါတယ်။

ဆေး “ဆပ်ပလိုင်း” ကိစ္စကဆိုရင် စီးပွားရေး နိုင်ငံရေးတွေနဲ့ ရောပြွမ်း ရှုပ်ထွေးနေတာမို့ အမြစ်ကို သုတ်သင်ဖို့ အင်မတန်မှ ခက်နေပါတယ်။ ကမ္ဘာတစ်ဝန်း အကောင်းဖြစ်စေချင်သူ အင်အားစုက ကြိုးစားနေဆဲ ဆက်လက်ဆင်နွှဲနေဆဲဖြစ်တဲ့ တိုက်ပွဲတစ်ခုပါ။ ဒီတော့ လက်တွေ့ကျကျ တကယ်လုပ်နိုင်တာတွေကို ဦးတည်ပြီး စဉ်းစားရမှာ ဖြစ်တယ်။ AIDS ပါလာတော့ ကိုယ်တိုင်ဆေးမသုံးသူ (မထိုးသူ) တောင်မှ ကူးသက်လာနိုင်တဲ့ အခြေ ဖြစ်နေတာကိုး။ ဒီတော့ ဒီပြဿနာကို လုံးဝ မချေမှုန်းနိုင်သည့်တိုင် ကြီးတာကို သေးအောင် လုပ်ကြစို့လားလို့ တွေးရမှာ ဖြစ်တယ်။ အခြား တိုင်းပြည်မှာ ဖြစ်နေတာတွေကို လေ့လာပြီး ကိုယ့်အခြေအနေ ရေမြေနဲ့ လိုက်အောင် တစ်မျိုးတစ်ဘာသာ ပြုပြင်ပြီး စမ်းသပ်လုပ်ကြည့်ရမှာ ဖြစ်တယ်။

အခြားနေရာတွေမှာတော့ ဒီစာအုပ်တစ်နေရာမှာ ဖော်ပြပြီးတဲ့ အတိုင်း (၁) မူးယစ်ဆေးထိုးသူတွေကို AIDS ဘယ်လို ကူးနိုင်တယ်။ အန္တရာယ် ဘယ်လောက်ကြီးမားတယ်ဆိုတဲ့ အစစ်အမှန် အကြောင်းအင်တွေကိုသိအောင် ပညာပေးခြင်း။ (တစ်ယောက်မကျန်အထိ ဒီပညာပေးမှု ရောက်ဖို့ရာ လိုတယ်။) (၂) ကာကွယ်မှုအတွက်ကို ဘာတွေ ဘယ်လို လုပ်ရမယ်ဆိုတာ ဂဃဏန သိအောင် ရှင်းလင်းစွာ သင်ပြထားခြင်း။ (၃) ဒီကာကွယ်မှု လုပ်ဆောင်ချက်တွေ အောင်မြင်ရာအောင်မြင်ကြောင်း အတွက် “အစိုးရ” လူထု စသည်တို့မှ ဖေးမ ကူညီပေးခြင်းတို့ ဖြစ်တယ်။

စကော့တလန်ပြည်ရဲ့ မြို့တော် အီဒင်ဘာရာမှာ ရှိတဲ့ မူးယစ်ဆေး ထိုးသူရဲ့ ၅၀% မှာ AIDS ပိုး ရှိနေပြီလို့ သိထားရတယ်။ အီဒင်ဘာရာလိုပဲ မြို့တစ်မြို့ဖြစ်တဲ့ အင်္ဂလန်ရှိ လီဗာပူး (လ) မှာတော့ မူးယစ်ဆေး ထိုးသူတွေဟာ အီဒင်ဘာရာလိုပဲ အများအစား ရှိပေမယ့် AIDS ပိုး ဝင်ပြီး သူတွေကတော့ မဆိုသလောက်ဘဲ ရှိတယ်တဲ့။ ဘာကွာလို့လဲလို့ စုံစမ်းကြည့်တော့ တွေ့တဲ့ အချက်တစ်ခုက လီဗာပူး(လ)မှာ မူးယစ်ဆေးစွဲ တိုက်ဖျက်မှု စီမံချက်ဟာ ကောင်းလည်းကောင်းတယ်။ တက်တက်ကြွကြွ အင်တိုက်အားတိုက် လုပ်ကြတယ်။ ဒါပြင် မူးယစ်ဆေးထိုးသူတွေ အတွက် ပိုးသန့်စင်ပြီး ဆေးထိုးအပ်တွေ လိုချင်တဲ့အခါ ရအောင် အလကား ဝေငှပေးတယ်။

ဒီတော့ မူးယစ်ဆေးထိုးသူ တွေထဲမှာ AIDS ပိုးဝင်မှု နည်းစေချင်ရင် အခုအချိန်အထိ အောင်မြင်မှုရှိတယ်လို့ ဆိုနိုင်တဲ့ လုပ်ဆောင်ချက်တွေကတော့ (၁) မူးယစ်ဆေး ကုသမှု (ကာကွယ်မှု) စီမံကိန်းကောင်း တစ်ခုကို ကောင်းမွန်ထိရောက်စွာ အကောင်အထည်ဖော်ပြီး တက်ကြွတဲ့ သူတွေကို အသုံးပြုရမယ်။ ဒီလို လူမျိုးတွေ များများလိုတယ်။ မူးယစ်ဆေးဝါး ကုသမှုဟာ စိတ္တဇအထူးကု ဆရာဝန်မှသာ လုပ်ရမယ့် အလုပ် မဟုတ်ပါဘူး။ အချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး ပြတ်ပြီး သူတွေက စေတနာ့ ဝန်ထမ်းအဖြစ်နဲ့ ကူပြီး ဆေးမပြတ်သေးသူတွေကို ရှာပေးခြင်း၊ ကုသဖို့ရာ တိုက်တွန်းခြင်း စသည်တို့ လုပ်ဆောင်ပေး ကြတယ်။

(၂) ဆေးစွဲနေသူတွေကို “ကွန်ဒွန်” ဝေငှပေးတယ်။ (၃) ပိုးသန့်စင်ပြီး ဆေးထိုးအပ် ပေးတယ်။ (သို့မဟုတ်) အပ်ကို ပိုးသတ်ရန် (ပိုးသန့်စင်ရန်) အတွက် Bleach (ဘလိခ်ျ) မှုန့် ဝေငှပေးတယ်။ (၄) ဆေးပြတ်လိုသူတွေကို လိုသလို အစားထိုးဆေး စသည်တို့ကို ပေးပြီး ကြပ်မတ်ကုသ ပေးတယ်။

AIDS နဲ့ မြန်မာ အခုအခြေအနေ လေ့လာရင် တွေ့ရတာကတော့ လူတွေဟာ AIDS အပေါ် စိတ်ဝင်စားမှု ရှိပုံရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ သိကြသလဲတော့ မပြောနိုင်ဘူး။ သိထားတဲ့ သတင်းတွေကကော မှန်ရဲ့လား။ ကောလာဟလတွေပဲ များနေသလား။ အထူးအရေးကြီးတာကတော့ အထက်က တင်ပြခဲ့သလို ကူးဖို့ရာနဲ့ ပြန့်ဖို့ရာ အန္တရာယ်အများဆုံးရှိတဲ့ အုပ်စု နှစ်အုပ်စု (ဆေးဝါးထိုးသူနဲ့ ပြည့်တန်ဆာ) AIDS အကြောင်း ကာကွယရန် ဘာလုပ်ရမလဲဆိုတာ တစ်ယောက်မကျန် သိထားအောင် လုပ်ရမယ်။

AIDS ဟာ ဂေးတွေ ဖြစ်တဲ့ ရောဂါပဲလို့ ထင်နေကြတုန်းပဲလား။ လွန်ခဲ့တဲ့ ၆-၇ နှစ်က နယူးယောက်မြို့မှ မူးယစ်ဆေးထိုးသူ လူငယ်တစ်ဦးကို AIDS အကြောင်း သိကောင်းစရာတွေ ပညာလာပေးတော့ ဟေ့ ကျွန်တော် ဂေး မဟုတ်ဘူး။ AIDS နဲ့ ပတ်သက်ပြီးတော့ O.K မှာ ပြနေတာလို့ ပြောတယ်။ သူ့အန္တရာယ် သူမသိဘူး။ ပညာပေးရာမှာလည်း ထိရောက်ဖို့ရာက နည်းပရိယာယ်တွေ သုံးရဦးမှာ၊ ပါးနပ်စွာနဲ့ လိုရာကို မရောက် ရောက်အောင် သိမ်မွေ့စွာ ချဉ်းကပ်ဖို့ လိုတဲ့အခါ မျိုးလည်း ရှိတယ်။
AIDS ရဲ့ မျက်မှောက် (၁၉၉၃ အစောပိုင်း) အခြေအနေကို တင်ပြရရင်တော့ အရင် ၅ နှစ်လောက် ထင်ထားတဲ့ အတိုင်း AIDS ဟာ မြန်မာပြည်တွင်းမှာ ရေရေလည်လည် ပြန့်နေပါပြီ။ အခြေအနေအရ နယ်စပ်ဒေသမှာ တိကျတဲ့ ကွင်းဆင်းမှတ်တမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်လို့ ကိန်းဂဏန်းနဲ့တော့ ပြောလို့မရသေးပါ။ တစ်နည်းပြောရရင် AIDS တကယ်ပဲ တက်ကြွစွာ တိုးပွားနေတဲ့ နေရာတွေက အထိန်းအချုပ် လျော့ရဲတဲ့ နေရာတွေ ဖြစ်နေတော့ အခြေအနေမှန်လည်း တိကျစွာ မသိနိုင်ဘူး။

ပညာပေးမှု စသည့် AIDS ကာကွယ်ရေးကိုလည်း ဇောက်ချမလုပ်နိုင် ဖြစ်နေတယ်။ အဲဒီဆီက AIDS နဲ့ ပတ်သက်တဲ့ သတင်းကိုလည်း စုံစုံစေ့စေ့ မသိရ ဖြစ်နေတာပေါ့။ သေချာတာ တစ်ခုကတော့ မင်နှိပ် စက္ကူအနားမှာ မင်စက်ချလိုက်လျှင် မင်တွေဟာ စက္ကူရဲ့ အတွင်းဘက်ကို ပြန့်သွားနေသလို AIDS ဟာလည်း လူထုအတွင်းမှာ ပြန့်နေတယ် ဆိုတာပဲ။ မင်စွန်းတာလို မျက်စိနဲ့ မမြင်ရလို့သာ။ ဒီ ပြန့်ပွားမှုလှိုင်းကြီးဟာ နယ်စပ်ဒေသဖြစ်တဲ့ မြောက်ဘက် ကချင်ပြည်နယ်မှ အလယ် ရှမ်းပြည်နယ် (ရွှေတြိဂံဒေသ) မှ တောင်ဘက် တနင်္သာရီ (ကောကရိတ်) ထိုင်းနယ်စပ် အထိကနေပြီး ပြည်တွင်းပြည်မဘက် တရွေ့ရွေ့ အစဉ်တစိုက် တိုးလာနေပါပြီ။

နောက် ၅-၁၀ နှစ်အတွင်းမှာ AIDS ရောဂါရှင် လူနာတွေ သိသိသာသာကြီး ပြည်မဘက်မှာ တွေ့လာရမှာ မလွဲပါဘူး။ ဒီရှေ့တန်း (FRONT LINE) မှာ ရွပ်ရွပ်ချွံချွံ အပူတပြင်း AIDS တိုက်ပွဲကို မဆင်နွှဲနိုင်ရင် ဒုက္ခရောက်ကြတော့မှာ ဖြစ်တယ်။ အာမှမှာ ယခုအခါမှာ စီးပွားရေး ကဏ္ဍဟာ တကယ်ပဲ ထူးခြားမြန်ဆန်စွာ တိုးတက် ဖွံ့ဖြိုးလျက် ရှိပါတယ်။ ဒါပေမယ့် AIDS ကို ထိထိရောက်ရောက် မချိုးနှိမ်နိုင်ရင် ဒီစီးပွားရေး တိုးတက်မှုကြောင့် ရလာတဲ့ အကျိုးသက်ရောက်မှုတွေဟာ အချည်းအနှီး ဖြစ်သွားမှာ စိုးရတယ်။ လူ့အသက်လည်းဆုံး၊ စီးပွားရေးလည်း ကျဆုံးလာမှာ ဖြစ်တယ်လို့ သုတေသီ AIDS ပညာရှင် တစ်ဦးက ဆိုထားတယ်။

ဒီဆိုစကားဟာ အခုမြန်မာပြည်အခြေနဲ့ သိပ်ပြီးအပ်စပ်နေပါတယ်။ မြန်မာမှာ AIDS ကလည်း တစ်ဘက်က ပွားနေ၊ တဘက်ကလည်း စီးပွားရေး ထိထိရောက်ရောက်လုပ်လို့ တက်လာမယ့်အခြေ ဖြစ်နေတယ် မဟုတ်လား။ ရွှေတြိဂံဒေသနဲ့ ဆက်နေတဲ့ နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲမှုရော ပြည့်တန်ဆာလုပ်ငန်းရော အင်မတန်တွင်ကျယ်စွာ ရှိနေကြပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းဟာဆိုရင် ဒေသဆိုင်ရာမှာသာ လှုပ်ရှားနေတာ မဟုတ်ဘူး။ ထိုင်းကနေ အိမ်နီးချင်း နိုင်ငံတွေလည်း သွင်းပို့နေကြပါသေးတယ်။

ဥပမာ မလေးရှားနိုင်ငံမှာဆို ပြည့်တန်ဆာတွေ ဖမ်းမိပြီဆိုရင် သူတို့တတွေဟာ ထိုင်းလူမျိုး၊ မြန်မာနဲ့ တရုတ်တို့ ဖြစ်နေတာ တွေ့ရတယ်။ ဒါကတော့ ထိုင်း (ဇင်းမယ်ဗဟိုပြုပြီး) ကနေ မြန်မာအမျိုးသမီးတွေနဲ့ ယူနန်တောင်ပိုင်းမှ တရုတ်အမျိုးသမီးတွေကို ခေါ်ယူပြီး တဆင့်ဖြန့်ချီပေးနေတာ။ ဒီတော့ မြန်မာမှာ AIDS ပြန့်ဖို့ အလားအလာကတော့ ဆက်လက်ကောင်းနေဦးမယ်။ ဒီတော့ AIDS ကာကွယ်ရေးကို လက်တွေ့ကျကျ အင်တိုက်အားတိုက် အပူတပြင်းလုပ်ဖို့ရာ လိုလှပါပြီ။ လက်နှေးရင် အင်မတန်မှ အန္တရာယ် ကြီးမှာပါ။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments: