Monday, December 30, 2013

လှမ်းလာခဲ့ပါ ဒို့ရဲ့နာဂရိုးရာ နှစ်သစ်ကူးပွဲတော်




မုံရွာ ဒီဇင်ဘာ ၃၀

ပြည်ထောင်စုဘွား နာဂတိုင်းရင်းသားများသည် မြန်မာနိုင်ငံ အနောက်မြောက်ဒေသ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်များတွင် နေထိုင်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ (အထက်ပိုင်း) နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၃) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သည် နာဂလူမျိုးတို့ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခု ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်အကြီးအကဲများ၊ အနယ်နယ်ရပ်မှ လေ့လာလိုသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြား ခရီးသွားများ၊ ဒေသခံတိုင်းရင်းသား/တိုင်းရင်းသူများအခြား စိတ်ပါဝင်စားသူများ လာရောက် ကြတယ်လို့ သိရပါတယ်။

မိုးရာသီဆိုလျှင် လဟယ်နှင့် လေရှီးမြို့များမှ ခန္တီးမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်လျှင် အသွားတစ် ကြောင်းလျှင် ကျပ် ၄ သောင်းပေးရပြီး အသွားအပြန် ကျပ် ၈၀၀၀၀ ပေးရကြောင်း သိရသည်။

နာဂပွဲတော်သို့ သွားရောက်လိုသူများသည် လေကြောင်းမှ သွားလိုပါက ခန္တီးမြို့အထိ လေယာဉ်ဖြင့် သွားရောက်နိုင်ပြီး ခန္တီးမြို့မှတဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

အကယ်၍ ရေကြောင်းမှ သွား ရောက်မည် ဆိုပါက မုံရွာမြို့မှ ခန္တီးမြို့အထိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်ဖြင့် သွားရောက် ၍ ခန္တီးမြို့မှ တဆင့် နန်းယွန်းမြို့သို့ ဆက်လက်သွားရောက်ရမည် ဖြစ်သည်။

MOI Webportal Myanmar

ရွေးကောက်ပွဲစနစ် ပြင်ဆင်ပါက မြန်မာ့နိုင်ငံရေး အကျပ်အတည်း လွတ်မြောက်နိုင်ဖွယ်ရှိဟု လာရီဒိုင်းမွန်းဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ဘက်စုံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖော်ဆောင်နေသည် ဆိုသော မြန်မာနိုင်ငံအနေနှင့် လက်ရှိ ကျင့်သုံးနေသော ရွေးကောက်ပွဲ စနစ် ပြင်ဆင်နိုင်ပါက လတ်တလော ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများမှ လွတ်မြောက်နိုင်ဖွယ် ရှိကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လာရီဒိုင်းမွန်းက ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် “မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံရေးပဋိညာဉ် မရှိခြင်း အန္တရာယ်” အမည်ရှိ ဟောပြော ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု စတန်းဖို့စ် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခတစ်ဦး ဖြစ်သူ လာရီဒိုင်းမွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေတွင် တပ်မတော်က ကျောထောက်နောက်ခံ ပြုထားသည့် ပါတီကို အကာအကွယ် ပေးနိုင်မည့် အချက်အလက်များ ထည့်သွင်း ထားခြင်းကြောင့် မြန်မာနိုင်ငံရေး အကျပ်အတည်းများ ပေါ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ အချက်များသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့သည့် ယခင်အစိုးရ ခေါင်းဆောင်များ ပါဝင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကဲ့သို့ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်မည်ကို ကြိုတင် ကာကွယ်သည့် အနေနှင့် အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အုပ်စိုးသူနဲ့ အတိုက်အခံအကြား နှစ်ဖက် အပြန်အလှန် ယုံကြည်မှုရဖို့နဲ့ လက်ရှိကြုံနေတဲ့ နိုင်ငံရေး အကျပ်အတည်းက လွတ်ဖို့ ရွေးကောက်ပွဲစနစ်ကို အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့် သုံးခြင်းက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်” ဟု လာရီဒိုင်းမွန်းက ရှင်းပြသည်။

ရွေးကောက်ပွဲစနစ်တွင် PR ကို ကျင့်သုံးခြင်းမှာ ဒီမိုကရေစီ နည်းလမ်းတကျ ဖြစ်စေရေး အကောင်းဆုံး နည်းလမ်းတစ်ရပ် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလတွင် ဦးစားပေး အနေနှင့် သတ်မှတ်ရန် သင့် မသင့်ကို ဝိုင်းဝန်း စဉ်းစားရန် လိုအပ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့ တင်ပြခဲ့သော်လည်း လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်သည့် အချိန်မှသာ ရွေးကောက်ပွဲစနစ် ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးတော့မည် မဟုတ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

သို့သော် မြန်မာနိုင်ငံအတွက် လာမည့် ရွေးကောက်ပွဲများမှာ အချိန် ၂ နှစ် ခန့် လိုအပ်နေသေးပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးခြင်းမှာ အခြေခံဥပဒေ ပြင်ဆင်ခြင်းကဲ့သို့ ရှုပ်ထွေးမှုများ မရှိနိုင်သဖြင့် စဉ်းစားသင့်ကြောင်း ပါမောက္ခ လာရီဒိုင်းမွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေသည့် အခြေခံဥပဒေ အကျပ်အတည်း အပါအဝင်၊ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ တင်းမာမှုများနှင့် အပြောင်းအလဲများ ရပ်တန့်နေခြင်းကို စိုးရိမ်မိကြောင်း၊ သို့သော် အခြေခံဥပဒေကို ပြင်ဆင်ခြင်း မပြုလျှင်ပင် ရွေးကောက်ပွဲကို သပိတ်မမှောက်ဟု ဒေါ်အောင်ဆန်း စုကြည်၏ NLD ပါတီက ဆုံးဖြတ်ခြင်းမှာ ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

Journal of Democracy ကို ဦးဆောင် တည်ထောင်ခဲ့သူ ပါမောက္ခ လာရီဒိုင်းမွန်းသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်များကို အထူးပြု လေ့လာသူ တစ်ဦးဖြစ်ပြီး ဒီမိုကရေစီ ကျမ်းစာအုပ် ၃၀ ကျော်ကို တည်းဖြတ် ထုတ်ဝေထားကာ လက်တွေ့ကျပြီး အပြုသဘော ဆောင်သည့် ထောက်ပြဝေဖန်မှု များကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် အစိုးရများနှင့် အတိုက်အခံများ၏ အထူးဂရုပြုမှု ရရှိထားသူလည်း ဖြစ်သည်။

The Voice Weekly

AIDS က စိုးရိမ်စရာမဟုတ် သတိထားရမယ့် အခြေအနေတော့ဖြစ်

မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်စေတဲ့ အိခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ ပြီးခဲ့တဲ့ နှစ်တုန်းက ၂ သိန်းလောက်ရှိပြီး အဲ့ဒီအထဲမှာ ရောဂါပိုးကို ထိန်းထားနိုင်တဲ့ အေအာတီ ဆေးကြွေးဖို့ လိုအပ်နေသူ ၁ သိန်း ၂ သောင်းရှိတယ်လို့ ကျန်းမာရေး ပြုစုစောင့်ရှောက် အကူအညီပေးသူတွေက ပြောပါတယ်။

လက်ရှိမှာ လူနာရှင် ဦးရေ ၆ သောင်းကျော်ကိုပဲ အေအာတီ ဆေးပေးနိုင်သေးတဲ့တွက် နောက်ထပ် ၅ သောင်းကျော်ကို အေအာတီ ဆေးပေးဖို့ လိုနေပါတယ်။ လာမယ့်နှစ် ၂ဝ၁၄ ခုနှစ်အတွင်းမှာ ဆေးပေးရမယ့်သူ ၅ သောင်းကျော်လုံးကို ဆေးပေးနိုင်မှာမဟုတ်သေးလို့ ဆိုပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံဟာ ပိတ်ဆို့ အရေးယူ ခံထားရတာကြောင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ စီမံကိန်း လုပ်ဆောင်မှုနဲ့ ရံပုံငွေတွေကို အန်ဂျီအိုတွေ လက်ထဲကနေ ဖြန့်ဝေ လုပ်ကိုင် ပေးနေရတာ ဖြစ်တယ်။ အခုနောက်ပိုင်းတော့ အစိုးရကသာ အားလုံးကို တိုက်ရိုက် ချုပ်ကိုင် လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ Marie Stopes international မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင် က ပြောပါတယ်။

အခု အချိန်မှာတော့ နိုင်ငံတကာ အန်ဂျီအိုတွေ ဖြစ်တဲ့ ဂလိုဘယ်ဖန်း၊ နယ်စည်းမခြား ဆေးကုသရေး အဖွဲ့နဲ့ တခြား အိုင်အန်ဂျီအိုတွေက အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်ပေးနေတယ်လို့ သူက ရှင်းပြပါတယ်။၂၀၁၅ မှာ အစိုးရကဘဲ ၈၀ ရာခိုင်နှုန်းလောက်ကို ချုပ်ကိုင်သွားတော့မှာလို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဝေဒနာရှင် အရေအတွက် လျော့ကျလာပြီး လူနာအသစ် ရောဂါ ရှိနေတဲ့ သူတွေရဲ့ နှုန်းလည်း ကျလာတယ်လို့ သူက ပြောပါတယ်။ အဓိကကတော့ သွေးလှူရှင်တွေ၊ လိင်တူ ဆက်ဆံသူတွေ၊ တီဗီ ဝေဒနာရှင်တွေ၊ ပြည့်တန်ဆာတွေနဲ့ ကိုယ်ဝန်ဆောင်တွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အခုအနေအထားမှာ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိတော့ ထားရမယ်လို့ သူက ပြောပါတယ်။

Saturday, December 28, 2013

ရန်ကုန် စတော့ အိတ်ချိန်း လာတော့မလား



ရန်ကုန် စတော့ အိတ်ချိန်းလို့ အမည် ပေးထားတဲ့ မြန်မာ နိုင်ငံရဲ့ ပထမဆုံး စတော့ ရှယ်ယာ ဈေးကွက် အကောင် အထည် ဖော်ရေး အတွက် ပဏာမ ပြင်ဆင်မှုတွေ ဆောင်ရွက် နေတာ တော်တော် ခရီးပေါက် လာပြီမို့ တရားဝင် ကြိုတင် ပြင်ဆင်မှု အပိုင်းကို လာမယ့် ၂၀၁၄ ဘဏ္ဍဍာရေး နှစ်ဆန်းမှာ စတင် တော့မယ်လို့ ဆိုပါတယ်။

စတော့ အိတ်ချိန်း ဈေးကွက်ကို ဂျပန် ကုမ္ပဏီ Daiwa Securities Group နဲ့ အခွန်နဲ့ ဘဏ္ဍဍာ ဝန်ကြီးဌာနတို့က ကျပ် ၁၆ ဘီလျံစီ ရင်းနှီး မြှုပ်နှံဖို့ ဆောင်ရွက် နေပေမယ့် အပြီးသတ် လက်မှတ် မရေးထိုး ရသေးဘူး လို့ ဘဏ္ဍဍာ၊ အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိန်း က ဆိုပါတယ်။

အများပိုင် ကုမ္ပဏီ ၁၀ဝ လောက် ထူထောင် ပြီးသား ရှိပေမဲ့ စာရင်း ထားသို မှုတွေဟာ နိုင်ငံတကာ စာရင်းကိုင် စနစ်နဲ့ အညီ စာရင်း ထိန်းသိမ်း ထားရှိဖို့ လေ့ကျင့် သင်တန်း ပေးရ ဦးမယ် လို့ ဆိုပါတယ်။

အများပိုင် ကုမ္ပဏီ တွေရဲ့ ရှယ်ယာတွေ ၊ စတော့ တွေကို လူအများက ဝယ်ယူပြီး ရင်းနှီး မြှုပ်နှံဖို့ အတွက် ကုမ္ပဏီတွေရဲ့ သတင်း အချက် အလက်မှန်တွေ ၊ စာရင်း ဇယား အမှန် တွေကို အများ ပြည်သူက သိရှိ နိုင်ဖို့ လိုအပ် ပါတယ်။

စာရင်း ဇယား ၊ အရှုံးအမြတ် စာရင်းတွေကို အမှန် အကန်တွေ ဖြစ်ကြောင်း အများ ပြည်သူက မယုံကြည်ရင် ရှယ်ယာတွေကို ဝယ်ယူကြမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အရင်ခေတ်တွေမှာ ကုမ္ပဏီတချို့က အများ ပြည်သူ ထည့်ဝင် ရင်းနှီး ထားတဲ့ ငွေတွေကို ယူပြီး အလွဲသုံးစားလုပ် ထွက်ပြေး တိမ်းရှောင်မှုတွေ ရှိခဲ့ ဖူးတဲ့ အတွက် အများပြည်သူရဲ့ ယုံကြည်မှုကိုလည်း ပြန်လည် ပျိုးထောင် ရဦးမှာ ဖြစ်ပါတယ်။

တရားဥပဒေပိုင်း ဆိုင်ရာ အရ လိုအပ်တဲ့ နည်းဥပဒေတွေကိုလည်း ဆက်လက် ပြဌာန်း ရဦးမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 

မြစ်ဆုံ စီမံကိန်း ပြန်စမည့် ကိစ္စ ဝိုင်းဝန်းကန့်ကွက်

မြစ်ဆုံစီမံကိန်းကို တရုတ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ CPI က ပြန်စဖို့လိုလားနေတယ် ဆိုပြီးတော့ ပြောဆိုပြီး တစ်ရက်အကြာမှာပဲ ပြည်တွင်းအရပ်ဖက် လူမှု အဖွဲ့အစည်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေကတော့ မြစ်ဆုံ စီမံကိန်းပြန် စမှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ CPI ကုမ္ပဏီဘက်ကတော့ စီမံကိန်းပြန်စဖို့ သူတို့ အနေနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ပြီးတော့ ဒေသခံတွေ စည်းရုံးခဲ့တယ်လို့လည်း ကချင်လူထု အခြေပြူအဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီး  တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က  ဧရာဝတီ မြစ်ညာ-မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေ နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို ပြောဆိုခဲ့တာပါ။ အခုလိုပြောဆိုပြီး တစ်ရက်အကြာမှာပဲ ကချင်လူထု တစ်ခုတည်း အတွက်သာမက မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ဧရာဝတီမြစ် မပျက်စီးရေးအတွက် ဒီစီမံကိန်းကို ပြန်စဖို့ မလိုလားဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက ပြောပါတယ်။

"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။ မြစ်ကြောင်းတစ်လျှောက်လုံးကို ကာကွယ် ရမှာဖြစ်တယ်ရှင့်"

CPI  ကုမ္ပဏီ ဘက်ကတော့ ဒေသခံတွေရဲ့ ခွင့်ပြုချက်တွေ ရရင် ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူထု အခြေပြု လုပ်ငန်းတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အကောင် အထည်ဖော်ခွင့်ရရေး အပြင်းအထန် ကြိုးစားနေတယ်လို့လည်း မြစ်ဆုံဒေသ က ရွေ့ပြောင်းခံ ရွာသားတွေ ကပြောဆိုနေကြတာပါ။

CPI  ကုမ္ပဏီဘက်ကတော့ သူတို့ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ် ဆိုပေမဲ့လည်း မူလ က လုပ်ကိုင်စားသောက်လို့ရတဲ့  ဒေသခံတွေ ရဲ့ ရပ်တည်မှုတွေကို သူတို့ ရွှေ့ပြောင်းလိုက်တဲ့အတွက် အဲဒီ နေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရပဲ ကူညီပေးနေတဲ့သဘောလောက်ပဲ ရှိတယ်လို့ မခွန်ဂျာကပြောပါတယ်။ မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ ရဲ့ အခြေအနေ ဧရာဝတီ မြစ်ကြောင်းကိုလည်း သွားရောက်လေ့လာခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဋ္ဌေးကြွယ်ကလည်း အစားထိုးလို့မရတဲ့ ဧရာဝတီ ပျက်စီးမဲ့ မြစ်ဆုံစီမံကိန်းကို မလိုလားဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆိုလိုနေတာက တကယ့်ဗျာ Apply Value တင်မဟုတ်ပါဘူး။ ဒီမြစ်ဆုံ ဆိုတဲ့ဟာကာ ကချင်ပြည်နယ်အတွက်ကော ကျနော်တို့ပြည်ထောင်စု တစ်ခုလုံးအတွက်ကော ဒါဟာ Cultural Value ပါ။ ယဉ်ကျေးမှုရဲ့တန်ဖိုးပါ။ တကယ် ကျနော်တို့စိတ်ထဲမှာ ထားထားတဲ့ Fundamental Value ပါ။ အဲဒီ Fundamental Value တွေကျတော့ ကျနော်တို့ထားထားတဲ့ ကျနော်တို့ ရင်တွင်းမှာ ထားထားတဲ့ဟာကို ဘာနဲ့အစားထိုးလို့ရနိုင်သလဲ ဆိုတာကတော့ ထည့်ပြီးတော့ စဉ်းစားသင့်ပါတယ်"

ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက တရုတ်နိုင်ငံ ရဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Power Investment Corporation ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ လူမှုရေးတာဝန်ရှိမှု နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီ့အစီရင်ခံစာမှာဆိုရင် ၂၀၁၀ ကနေ ၂၀၁၂ ထိ CPI က လုပ်ပေးထားတဲ့ လူမှုရေးလုပ်ငန်းတွေ ကို ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ အခုလို စီမံကိန်းရပ်တန့်ထားပေမဲ့ အရင် အစိုးရလက်ထက်က စာချုပ်အပေါ်မှာတော့ လေးစား လိုက်နာသင့်တယ် လို့လည်း CPI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာကလည်းပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလုပ်ခဲ့တဲ့ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က စီမံကိန်း လုပ်မယ်ဆိုရင် ဒေသခံတွေ ရဲ့ အကျိုးစီပွားကို အသေအချာ ဂရုစိုက်ဖို့ ကုမ္မဏီမှာ တာဝန်ရှိတယ်လို့လည်းပြောပါတယ်။

"ရေအားလျှပ်စစ်လုပ်တာ သက်သက်ကတော့ ဒါဟာ ပြသနာ မဟုတ်ဘူးလေ။ ဒါပေမဲ့လို့ အခုဟာက မြစ်ဆုံ စီမံကိန်းကျတော့ နိုင်ငံရေးပြဿနာ ပါဖြစ်လာပြီလေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့  ခံစားချက်တွေ ရှိလာတယ်။ အဲဒီတော့ အဲဒီဟာတွေကို ထည့်မတွက်ဘဲနဲ့ စီးပွါးရေးအမြင် သပ်သပ်ပေါ့ဗျာ Development Sector တစ်ခုတည်းနဲ့ကြည့်ပြီး လုပ်လို့မရတော့ဘူးလို့ ကျနော်ထင်ပါတယ်။"

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒ ထုတ်ဖော်ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့တာပါ။

အခုလို မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားခံရတာဟာ အစောပိုင်း ကာလထဲက CPI အနေနဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုတွေကို သေချာမလုပ်ခဲ့လို့ အခုလို စီမံကိန်းကို ရပ်တန့် ထားရတာလို့လည်း Eco-Dev အဖွဲ့က သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူကပြောပါတယ်။

"ဒီ မြစ်ဆုံဆည် ရပ်တံ့သွားရတဲ့ အကြောင်းရင်းက သူတို့အနေနဲ့  ကုမ္ပဏီ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို စနစ်တကျမလုပ်ဘဲနဲ့ ဖြတ်ကျော် လုပ်တဲ့အတွက် သူတို့ ဒီဆိုးကျိုးကို ခံစားရတာပေါ့။ ဥပမာ  ပါတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းတို့လုပ်ငန်းမျိုးတွေလုပ်ပြီးတော့မှ စီမံကိန်းကြီးကို အကောင်အထည်ဖော် သင့်တာပေါ့။ ပါတ်ဝန်းကျင်ရေးရာဆန်းစစ်မှုတွေ လုပ်တယ်ဆိုရင်  တွေ့ရှိချက်တွေကို လူထုကိုချပြ။ လူထုက ဘယ်လိုမြင်လဲပေါ့။ လူထုကအမြင်ပေါ်မူတည်ပြီးတော့မှ သူတို့က ဒီစီမံကိန်းကိုလုပ်သင့်တာလေ။ လူထုကကို မကြိုက်ဘူးဆိုရင်တော့ ဒီစီမံကိန်းက ရပ်သွားမှာပဲပေါ့"

မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားတဲ့ အတွက် CPI ကုမ္ပဏီအနေနဲ့  တစ်နှစ်ကို ဒေါ်လာ သန်း ငါးရာ နှစ်စဉ် ကုန်ကျနေပြီးတော့ လက်ရှိအချိန်မှာ စီမံကိန်း ရပ်ဆိုင်းထားချိန် ၂ နှစ် အတွင်း သန်း ၁ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ CPI က တရားဝင်ပြောဆိုထားပါတယ်။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)

နယ်စပ်ဒေသတစ်လျှောက် HIV/AIDS စီမံချက်များ ဆောင်ရွက်မည်

ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသော နယ်စပ်ဒေသများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်မြို့ ငါးမြို့တွင် HIV/AIDS ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ဆောင် ရွက်မည် ဖြစ်ကြောင်း National AIDS Program ၏ စီမံချက်မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

လေးနှစ်ကြာ ပံ့ပိုးမည့် ADB အစီအစဉ်ကြောင့် လူဦးရေ ၁ ဒသမ ၄ သန်းကျော် အကူအညီ ရရှိနိုင်မည် ဖြစ်ကြောင်း၊ နယ်စပ်ဒေသမြို့များတွင် ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ တာချီလိတ်နှင့် မော်လမြိုင်မြို့များ ပါဝင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ စီမံချက်တွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဆောက်အအုံ ၅၇ လုံး ဆောက်လုပ်ရန် လျာထားကြောင်း၊ ကျန်ရန်ပုံငွေများ အတွက် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို သင်တန်းပေးခြင်း၊ HIV ပိုး ကူးစက်ခံရသူများကို နှစ်သိမ့် ဆွေးနွေးခြင်းနှင့် သွေးစစ်ပေးခြင်းတို့ အပါအဝင် ကွန်ဒုံးများ ဖြန့်ဝေခင်းနှင့် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို ကုသပေးခြင်း တို့လည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဒေါက်တာမြင့်ရွှေက ပြောဆိုသည်။
“အရင်ကတော့ မြန်မာနိုင်ငံအတွက် ART လိုအပ်တယ်။ အခုအချိန်မှာတော့ ရောဂါ မဖြစ်သေးတဲ့ သူတွေအတွက် ကြိုတင် ကာကွယ်ရေးကို ပိုလိုအပ်တယ်” ဟု လုပ်သက် ခုနစ်နှစ်ကျော်ကြာ နှစ်သိမ့် ဆွေးနွေးပေးရေး လုပ်ငန်း လုပ်ကိုင်ခဲ့သူ ဒေါ်နှင်းမြဦးက ပြောကြားသည်။

ယင်းအပြင် HIV ပိုး ရှိသူများ၏ အသက်မွေးဝမ်းကျောင်း ပံ့ပိုးပေးမည့် အလုပ်အကိုင် ရှာဖွေပေးရေးနှင့် ၎င်းတို့၏ အခွင့်အရေးအတွက် ကာကွယ်ပေးခြင်းတို့ ပိုပြုလုပ်ပေးကြောင်း ၎င်းကအကြံပြုသည်။
မဲခေါင်ဒေသ ခြောက်နိုင်ငံ အကြားတွင် ရွှေ့ပြောင်း လုပ်သားများမှတစ်ဆင့် HIV/AIDS ကူးစက်မှု လျှော့ချရေး နားလည်မှု စာချွန်လွှာကို ၂၀၁၁ နိုဝင်ဘာလက ရေးထိုးထားပြီး နောက်ပိုင်း ပထမဦးဆုံး အကြိမ် ADB ၏ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေး အစီအစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ တစ်သိန်းကိုးသောင်း ရှစ်ထောင်ခန့် ရှိသည့်အနက် ART ဆေးရရှိသူ ငါးသောင်းကျော် ဝန်းကျင်သာရှိပြီး ကျန်ခုနှစ်သောင်းကျော်သည် ART ဆေး လိုအပ်သေးကြောင်း ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇
The Voice Weekly - နယ်စပ်ဒေသတစ်လျှောက် HIV/AIDS စီမံချက်များ ဆောင်ရွက်မည် 

Friday, December 27, 2013

(၂၇) ကြိမ်မြောက် SEA Games ရဲ့နောက်ကွယ်မှာ


နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။

အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိမှုဟာလည်း ထိပ်ဆုံး လေးနိုင်ငံအတွင်း ရပ်တည် နိုင်ခဲ့တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း ၆၀ အားပေးတဲ့ ကစားနည်းတစ်ခုကို နိုင်ငံတော်က ငွေကြေး ပံ့ပိုးမှုတွေ ကြီးကြီးမားမား မပြုလုပ်ဘဲ ပြင်ပက သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။ ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေးချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။

ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေး ချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အားကစားအကြောင်း ခြေခြေမြစ်မြစ် နားမလည်ပေမယ့် ငွေကြေး အဓိက စိုက်ထုတ်သူတွေ ဖြစ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့မှာ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အားကစားကို နှစ်ပေါင်းများစွာ ဘဝကို မြှုပ်နှံပြီး ဆောင်ရွက်ခဲ့တဲ့ အားကစားသမားတွေဟာ သူကျွမ်းကျင်ရာ အဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်သူရဲ့ အရိပ်အကဲကို ကြည့်နေရသူ ဖြစ် ပြီး ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေ ထိပ်တိုက်ပြောဆိုဖို့ ဖြစ်လာတိုင်း လူမုန်း မခံဘဲ ရှောင်ဖယ်သွားလေ့ ရှိပါတယ်။ သူတို့ဆီမှာ နိုင်ငံတကာ အဆင့်မီတဲ့ စီမံခန့်ခွဲရေး သမားတွေ၊ CEO တွေကို ခန့်မထားခဲ့ပါဘူး။ ဒါကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေကို ဒီ SEA Games မှာ ကြုံတွေ့ခဲ့ကြပါတယ်။

တကယ်တော့ ဒီ SEA Games ကို မြန်မာက လက်ခံကျင်းပဖို့ သဘောတူပြီးနောက် ၂၀၀၈ ခုနှစ်စပြီး ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အားကစားကွင်းတွေ၊ အားကစားရုံတွေနဲ့ တခြားအထောက်အကူ ပြုပစ္စည်းတွေ အားလုံး ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် ၁၀၁ ဘီလီယံ ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကူညီခဲ့ပါတယ်။ ပြိုင်ပွဲ စပွန်ဆာက ရငွေ ခုနစ် ဘီလီယံဆိုတော့ စုစုပေါင်း ကုန်ကျငွေဟာ ၁၄၁ ဘီလီယံ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက ဆုတံဆိပ် တစ်ခုရတိုင်း ငွေဘယ်လောက် ကုန်သွားသလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်။ သက်ဆိုင်ရာ အားကစားဝန်ကြီး ကိုယ်တိုင် ရွှေ ၁၀၀ ရရှိရေး ရည်မှန်း ခဲ့ပေမယ့် မပြည့်မီခဲ့ပါဘူး။ တချို့သော သေချာပေါက် မျှော်မှန်းထားတဲ့ ရွှေတံဆိပ်တွေ လက်လွတ်ခဲ့ရသလို တချို့ပွဲတွေဟာ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကြောင့် နစ်နာခဲ့ရတာတွေ ရှိပါတယ်။ Content Games တွေလို ကစားပွဲတွေမှာ မြန်မာဟာ ရသင့်တဲ့ အိမ်ရှင် အခွင့်အရေးတွေကို မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆီးဂိမ်းရဲ့ Control Panel မှာ ဆုတံဆိပ်ခွဲတမ်း ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဒိုင် အဆုံးအဖြတ်ပေါ်မှာ လုံးဝမှီခိုနေတဲ့ ဝူရှူးတို့၊ အလေးမတို့၊ ကာယဗလမောင် ပြိုင်ပွဲတို့၊ လက်ဝှေ့တို့လို အားကစား ပြိုင်ပွဲတွေမှာ အိမ်ရှင် မြန်မာဟာ ဒိုင်တွေရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

အရှုံးကြီး ရှုံးခဲ့ရတဲ့ အမျိုးသား ဘောလုံးပွဲမှာရော၊ အမျိုးသမီး ဘောလုံးပွဲမှာရော ဒိုင်တွေရဲ့ ဆုံးဖြတ်မှုတွေဟာ မြန်မာ တစ်မျိုးသားလုံးကို အကြီးအကျယ် အနာတရ ဖြစ်စေခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ အမျိုးသမီး အကြိုဗိုလ်လုပွဲ ထိုင်း- မြန်မာပွဲစဉ်မှာ ထိုင်း ဘုရင့်မြေးတော် ကိုယ်တိုင် ထိုင်းအမျိုးသမီး ဘောလုံးအသင်းကို အားပေးခဲ့တဲ့အတွက် ထိုင်းကစားသမားတွေ အထူးတက်ကြွ နေတာကိုလည်း တွေ့မြင်ရပါတယ်။ အမျိုးသမီး အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်း ရသွားတဲ့ အဖွင့်ဂိုးဟာ လူကျွံနေတယ်ဆိုတာ သိသာရှင်းလင်း နေပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့ရသလို မြန်မာအသင်း ရရှိတဲ့ အဖွင့်ဂိုးကတော့ လူကျွံတယ် ဆိုပြီး မပေးခဲ့ပါဘူး။ ဗီယက်နမ်နဲ့ အုပ်စုပွဲမှာလည်း မြန်မာရတဲ့ ဂိုးကို လူကျွံဘော အဖြစ်ပဲ သတ်မှတ် ခဲ့ပြန်ပါတယ်။

SEA Games ရဲ့ သဘော သဘာဝအရ အိမ်ရှင်နိုင်ငံတွေက အားကစား ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးတွေ ရပါလျက်နဲ့ မြန်မာအလှည့် ရောက်မှ ဘာလို့ ဒီအခွင့်အရေးတွေ မရသလဲဆိုတာ လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒိုင်လူကြီး ရာပေါင်း များစွာနဲ့ ပြည်တွင်း ဒိုင်လူကြီး များစွာကို တာဝန် ပေးအပ်ထားပါတယ်။ ပြိုင်ပွဲ ကာလအတွင်း နိုင်ငံတကာ ဒိုင်လူကြီးတွေကို နေ့စဉ် Daily Allowence ဒေါ်လာ ၁၅၀ ပေးထားပြီး မြန်မာဒိုင်တွေကို တစ်နေ့ ၄၀၀၀ ပေးထားပါတယ်။ ဒီမှာတင် မမျှတမှုကို စတင်တွေ့ ရှိရပါတော့တယ်။ ယခင်က ကျင်းပခဲ့တဲ့ SEA Games ပြိုင်ပွဲတွေမှာ ပြည်တွင်းဒိုင်၊ နိုင်ငံတကာဒိုင် မခွဲခြားဘဲ နေ့စဉ် အသုံးစရိတ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒိုင်တွေကို Air Com မပါတဲ့ စည်ပင်ရိပ်သာက အခန်းတွေမှာ ပေးတာ။ ကုန်ဈေးနှုန်း ကြီးမားလွန်းတဲ့ နေပြည်တော်မှာ အသုံးစရိတ် ၄၀၀၀ ပဲ ပေးထားတာတွေဟာ ပြည်တွင်း ဒိုင်တွေရဲ့ နိုင်ငံချစ်စိတ်ကို ထိုးနှက်ခဲ့ပါတယ်။ ဒီလိုပါပဲ ပြည်ပကလာတဲ့ ဒိုင်လူကြီးတွေကလည်း မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု အပေါ် စိတ်တိုင်း မကျခဲ့ပါဘူး။

သူတို့ စိတ်အပျက်ရဆုံးက သယ်ယူ ပို့ဆောင်ရေးကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက နိုင်ငံတကာ ဒိုင်တွေကို ကားတွေ လုံလောက်အောင် စီစဉ် မပေးနိုင်ခဲ့ပါဘူး။ မွေလက်ဝှေ့က တာဝန်ရှိသူ တစ်ဦးကဆိုရင် မြန်မာလက်ဝှေ့သမားတွေ လက်ရည် သာရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဒိုင်တွေကို ကားငှားမပေးနိုင်ခဲ့လို့ ဆိုပြီး ညည်းထွားခဲ့ပါတယ်။ ပြီးတော့ အိမ်ရှင်နိုင်ငံက ပေးတဲ့ ယူနီဖောင်းတွေက မတော်လို့ ဝတ်ရတာမှာ အဆင်မပြေ ဖြစ်ကုန်ကြပါတယ်။ ယူနီဖောင်းတွေ လာပေးတာကလည်း ပြိုင်ပွဲတွေ စတင်ပြီး ရက်အတန်ကြာမှ လာပေးနိုင်တာမျိုးတွေ လည်း ရှိနေပါတယ်။ အထူးသဖြင့် အားကစား အဖွဲ့တိုင်းမှာ ပြဿနာ အနည်းအများ ဆိုသလို ရှိပြီး သက်ဆိုင်ရာ အားကစား ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ သူတို့တွေဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံဆုံရတိုင်း တာဝန်ခွဲ ဖြေရှင်းပေးလိုစိတ် မရှိဘဲ တစ်ယောက်ယောက်ဆီကို အလျင်အမြန် လွှဲချလေ့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ မလေးရှား ဒိုင်လူကြီးတစ်ဦးက ရင်ဖွင့်ပါတယ်။

SEA Games မကျင်းပခင် တစ်ရက်ကလည်း ဒိုင်လူကြီး ၂၀၀ လောက်ကို ခန်းမ တစ်ခုထဲမှာ စုဝေးစေပြီး ဝတ်စုံချုပ်ဖို့ ယိုးဒယားက ဆရာနဲ့ တစ်ယောက်ချင်း ကိုယ်တိုင်း ယူပါသတဲ့။ တစ်ယောက်ချင်းကို သုံးလေးခါ ပြန်တိုင်းနေရလို့ နာရီ ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး စောင့်ဆိုင်းရတဲ့ ဒိုင်လူကြီးတွေထဲမှာ နိုင်ငံတကာက လေးစားအသိအမှတ် ပြုရတဲ့ လူကြီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒါဟာ On Paper နဲ့ မလုပ်တတ်ကြောင်း ပေါ်လွင်သွားခဲ့သလို ပွဲစဉ်ဇယားတွေ ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ဆောင်ရွက်ရာမှာ မိတ္တူကူးစက် စောင့်ရ၊ စက္ကူစောင့်ရ၊ ချုပ်စက်စောင့်ရနဲ့ အချိန် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာတွေအတွက် တာဝန်ရှိသူတွေ သိသွားတိုင်း ‘Sorry’ တစ်လုံးနဲ့ ပြီးသွား တာပါပဲ။

SEA Games ပြိုင်ပွဲကြီးကတော့ ခမ်းနားထည်ဝါ ခဲ့ပါတယ်။ ပိတ်ပွဲကလည်း လှပဦးမှာပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း 4G အင်တာနက် စနစ်တွေ မကောင်းတာ၊ IBC ထဲက စားသောက်ဆိုင်တွေ ဈေးနှုန်း အမျိုးမျိုး ပြောင်းလဲတာ၊ LO လို့ခေါ်တဲ့ Listing Officer တွေ အရည်အသွေး မပြည့်ဝ သေးတာ၊ နေပြည်တော်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ အဆင့်အတန်း မမီတာ၊ တချို့ဆီးဂိမ်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာဖွေ သွားတာတွေဟာ သမိုင်းတစ်ကွေ့မှာတော့ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပါပြီ။ မြစ်တစ်မြစ်မှာ နှစ်ခါရေမိုး မချိုးနိုင်သလို ဒါတွေ အားလုံးဟာလည်း ပြန်လည် ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ (၂၇) ကြိမ်မြောက် SEA Games ကို မြန်မာက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုသာ အားကိုး ဆုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။

Written by  နဒီရဲရင့်

Thursday, December 26, 2013

စမ်းတဝါးဝါး ပညာရေးမြှင့်တင်မှု


ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်နေသော အစိုးရသစ် လက်ထက် အရှိန်အဟုန် ပြင်းစွာနှင့် ပြင်ဆင်နေသည့် ပြန်တမ်းဝင် အရာရှိများ၏ ပညာရေး မြှင့်တင်မှု စီမံကိန်းများသည် ကလေးသူငယ်များနှင့် လက်တွေ့ ထိတွေ့ သင်ကြားနေရသူ ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အဆင့်မြင့်ပညာရေး သုတေသန ပညာရှင်များအတွက် ထင်သလောက် ခရီးမပေါက်ခဲ့ချေ။

နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြိမ်ကြိမ် ပြောင်းလဲခဲ့သော ပညာရေး ပြုပြင်မှုများကို ယုံကြည်မှု မဲ့လာသော ပညာရေး အသိုင်းအဝိုင်းက အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှု လုပ်ငန်း များကြောင့် ပညာရေးစနစ် ထပ်မံ မနိမ့်ကျသွားရန် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၊ ပြင်ပ ပညာရှင်များက အပြိုင်အဆိုင် သုံးသပ် ထောက်ပြကြသည်။
အစိုးရ၏ နှစ်ပေါင်းများစွာ ပညာရေး အသုံးစရိတ်ကို အနည်းဆုံး ခွဲဝေပေးခြင်း၏ ရလဒ်ကြောင့် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ၊ လူမှု စီးပွားရေး အပါအဝင် စာသင်ကျောင်းများ၏ အသွင်အပြင်၊ သင်ရိုးညွှန်းတမ်း အားလုံးမှာ ဒေသတွင်း နိုင်ငံများအကြား မျက်နှာငယ်ကြရသည်။

အသုံးစရိတ် မရသောကြောင့် အမိုး၊ အကာ မလုံခြုံသော စာသင်ကျောင်းများ၊ ဘဝအာမခံချက် မပေးထားသော ပဋိပက္ခ ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများမှ အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခြေအနေတို့ကို ဥပမာပေးပြီး လက်ရှိ ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို အား မရသေးကြောင်း၊ အဆင့်မြင့်ကဏ္ဍတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ပေါက်ရန် တောင်းဆိုမှုမှာလည်း ရှုပ်ထွေးနေသော စီမံခန့်ခွဲမှုကြောင့် သီးခြားခွဲထုတ် မရသည့် အခြေအနေ ဖြစ်နေကြောင်း အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှုတွင် ပါဝင်နေသူများက ဆိုသည်။

“ပညာရေး ဝန်ကြီးဌာနက နဂိုကတည်းက လူ့စွမ်းအား အရင်းအမြစ် (Capacity) အားနည်း နေသေးတယ်။ အသွင်ကူးပြောင်းရေး ကာလကိုတော့ ဒီလိုပဲ ဖြတ်သန်းကြရမှာ” ဟု ဒီဇင်ဘာလ ၁၀ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေး၌ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ဆိုသည်။

မည်သည့် ပြောင်းလဲမှုမျိုးမဆို အသွင်ကူးပြောင်းရေး ကာလတွင် အချိတ်အဆက် လွဲမှားမှုများ၊ လူသား အရင်းအမြစ် အားနည်းမှုများနှင့် မူဝါဒပိုင်း လိုအပ်ချက်များ ရှိနိုင်သည့်အတွက် လက်ရှိ ပညာရေး ပြုပြင် ပြောင်းလဲမှုများကို သုံးသပ်ရန် အချိန်စောနေသေးကြောင်း ထောက်ပြ ဆွေးနွေးသူများလည်း ရှိသည်။

ပညာရေးမြှင့်တင်မှု စီမံကိန်းများ

“မူဝါဒမရှိဘဲ ပညာရေးစီမံကိန်း တွေဆွဲလို့ မရဘူး။ အရင်ဆုံး ပညာရေးမူဝါဒကို ဆွဲရမယ်” ဟု သင်ရိုးညွှန်းတမ်းဆိုင်ရာ ပညာရေး ပါရဂူဘွဲ့ ရရှိထားသူ NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က ပြောကြားဖူးသည်။

အမျိုးသားပညာရေး မူဝါဒ ရေးဆွဲရေးအတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး လေ့လာ သုံးသပ်ရေး အစီအစဉ် (CESR)၊ နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်ဖြင့် ယခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းထားသော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းထားသည့် နိုင်ငံလုံးဆိုင်ရာ ပညာရေး မြှင့်တင်မှု ကွန်ရက် (NNER) တို့က သီးခြား လုပ်ကိုင်လျက် ရှိသည်။

သို့သော် ပညာရေးအဖွဲ့ လေးခုလုံး၏ စီမံကိန်းများ၊ မူဝါဒများကို ၂၀၁၄ ခုနှစ်တွင် အပြီးသတ်မည် ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ထားကြသည်။

ပြုပြင်ပြောင်းလဲရေး အဖွဲ့များထဲက သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း ဦးဆောင်သော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီသည် အထင်ရှားဆုံး ဖြစ်ပြီး ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီနှင့်အပြိုင် အမျိုးသားပညာရေး ဥပဒေ အပါအဝင် ကဏ္ဍအလိုက် ပညာရေး စီမံကိန်းများကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ရေးဆွဲလျက် ရှိသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော CESR နှင့် NNER ကွန်ရက်တို့ကမူ ပညာရေး စီမံကိန်း အချို့အတွက် ရံဖန်ရံခါ ပူးတွဲ ဆွေးနွေးပွဲများ ပြုလုပ်ကြဖူးသည်။ သို့သော် အချိတ်အဆက် ပိရိစွာ လုပ်ကိုင်နေသော ပညာရေး အဖွဲ့များ မဟုတ်ကြချေ။
“ဒီဥပဒေ တစ်ခုတည်းကိုပဲ ခွဲလုပ်နေကြတာ အချိန်ကုန်တယ်။ အချိန်တန်ရင် တစ်ခုပဲ အတည်ပြုရာမှာကို ပေါင်းလုပ်ဖို့ မရှိကြဘူး” ဟု လုပ်သက် ၂၀ ကျော်ရှိ အရာရှိအဆင့် ပညာရေး ဝန်ထမ်းတစ်ဦးက သုံးသပ်သည်။

လမ်းမပေါ်သေးသော အခြေခံ အပြောင်းအလဲ

ပညာရေး ပြုပြင်ရေးစနစ်တွင် ဝေဖန်သံ အများဆုံး ရရှိသော ကဏ္ဍမှာ အခြေခံပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးတို့ပင် ဖြစ်သည်။

အခြေခံ ပညာရေးတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးနှင့် အခြေခံလစာ၊ အဆောက်အအုံပိုင်း လိုအပ်ချက်၊ ဆရာကျောင်းသားအချိုး ကွာဟသော သင်ကြားနည်း၊ တတ်မြောက်မှု စစ်ဆေးသော စာမေးပွဲ စနစ်တို့သည် ပညာရေး မြှင့်တင်မှု လုပ်ငန်းအဖွဲ့များ အဖြေရှာခက်သည့် ကဏ္ဍများ ဖြစ်သည်။ ပညာရေး ဝန်ကြီးဌာနက စာမေးပွဲစနစ်၊ သင်ကြားနည်းစနစ် များကို ပြင်ဆင်ရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး ယင်းညှိနှိုင်း ဆွေးနွေးပွဲများတွင် လက်တွေ့သင်ကြားနေသော ဆရာ၊ ဆရာမများ မပါဝင်သည်မှာ အဖြေထုတ်စရာ ဖြစ်နေသည်။
“လစာပိုတောင် မလိုချင်ပါဘူး။ ကလေးတွေ သင်ကြားဖို့ နေရာ လုံလုံလောက်လောက်နဲ့ ပညာသင်ခွင့်ရှိရင်ပဲ ကျေနပ်နေပြီ” ဟု မြန်မာစာဘာသာ အထက်တန်းပြ ဆရာမ ဒေါ်မာလာငြိမ်းက ပြောဆိုသည်။

အခြေခံပညာအတွက် ပညာရေးဝန်ကြီးဌာန ပြောင်းလဲမှုများမှာ သိသာထင်ရှားမှု မရှိသေးကြောင်း၊ ပညာရေး အသုံးစရိတ်များနှင့် ကျောင်းအဆောက်အအုံပိုင်း ပြင်ဆင်ပြီး ကလေးသူငယ်များ ပညာသင်ကြားခွင့် ရရေးကိုသာ ဆောင်ရွက် သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ပညာရေးစနစ် ပြောင်းလေ ဆရာ၊ ဆရာမတွေ လုပ်ရတဲ့ စာရင်းဇယားတွေ ပိုတိုးလာလေပဲ။ ဘာမှထူးခြားတာတော့ မရှိဘူး” ဟု ဒေါ်မာလာငြိမ်းက ဆက်လက် ပြောကြားသည်။

၂၀၁၂-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်း ပညာရေး၌ ငွေကျပ်တစ်ထောင်၊ ဗလာစာအုပ်၊ ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခ ကင်းလွတ်ခွင့် မူဝါဒများ ဆောင်ရွက် ပေးခဲ့သော်လည်း အချို့ကျောင်းများတွင် အဆိုပါ အထောက်အပံ့များ မရရှိကြောင်း၊ ပညာသင်စရိတ် တစ်ထောင် ထောက်ပံ့ခြင်းမှာလည်း မြို့ကြီးများရှိ ငွေကြေး တတ်နိုင်သူများအတွက် အသုံးမဝင်ဘဲ ငွေကုန် ကြေးကျ ပိုများခြင်းသာ အဖတ်တင်ကြောင်း ကျောင်းသား မိဘများနှင့် ဆရာ၊ ဆရာမ များထံက သိရသည်။

ယင်းအပြင် လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မသင်မနေရ မူလတန်းကြိုတန်း တစ်တန်း ထပ်ထည့်မည့်အပေါ် ပြန်လည် စိစစ်ရန် အကြံပြုသူများလည်း ရှိသည်။ နိုင်ငံတစ်ဝန်းလုံး အကောင်အထည် ဖော်မည့် ယင်းအစီအစဉ်အတွက် လူသား အရင်းအမြစ်၊ ငွေကြေး သုံးစွဲနိုင်မှုများစွာ လိုအပ်နေသေးသည်။ ပံ့ပိုးမှု မကောင်းဘဲ စနစ်တစ်ခု အကောင်အထည် ဖော်မည် ဆိုပါက လက်ရှိ ပညာရေးစနစ်ထက် ပိုနိမ့်ကျ သွားနိုင်သည်။

အခြေခံပညာ အသိုင်းအဝိုင်း တစ်ခုလုံးကလည်း ပညာရေးစနစ် ပြောင်းလဲမှုများသည် လက်ရှိ ပညာရေးစနစ်ထက် နိမ့်ကျသွားစေမလားဟု စိုးရိမ် ပူပန်နေကြဆဲ ရှိသေးသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အဆင့်မြင့်ပညာရေး

အဆင့်မြင့်ပညာရေး ပြုပြင် ပြောင်းလဲရေးတွင် ပညာရေး အသိုင်းအဝိုင်း တစ်ခုလုံး တောင်းဆိုနေသော အဓိက အချက်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များပင် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနက ရန်ကုန်နှင့် မန္တလေး တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က စတင်ကာ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ လက်ခံခဲ့သည်။ အနှစ်နှစ်ဆယ်ကျော်ကြာ ပိတ် ထားသော အဆောင်များကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

တက္ကသိုလ် ပါမောက္ခချုပ်များက တက္ကသိုလ်ဆရာ၊ ဆရာမများကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည် ဖြစ်ကြောင်း တရားဝင် ပြောကြားလာသည်။ သို့သော် တက္ကသိုလ် ပညာရေး၏ အသက်သွေးကြော သုတေသန ပညာရေးနှင့် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိုမူ ယခုအချိန် အားပေးခဲ့ခြင်း မရှိသေးချေ။

တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောကြားသော်လည်း တက္ကသိုလ်များ ဗဟိုကောင်စီကို ဖွဲ့စည်း ထားခြင်းသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဓိပ္ပာယ်ကို နားမလည်ခြင်း ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ တာဝန်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ နားလည် သဘောပေါက်ခြင်း မရှိသေးကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းဝင် ဦးအာကာမိုးသူက ပြောကြားသည်။

သို့သော် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ဆွေးနွေးပွဲ ရလဒ်အရ တက္ကသိုလ်များ ဗဟိုကောင်စီကို ဆက်လက် တည်ထောင်ရန် ဆွေးနွေးထားပြီး ယင်းဗဟိုကောင်စီ လက်အောက်တွင် အဆင့်မြင့်ပညာ တက္ကသိုလ်များ၊ ကောလိပ်များအားလုံး ထည့်သွင်းသွားရန် လျာထားသည်။
“သုတေသနကို တကယ် အားပေးတယ်ဆိုရင် ကြီးကြပ်ရေးမှူးတွေကို ရာထူး ပြောင်းရွှေ့စရာ မလိုဘူး။ ပါရဂူ သင်တန်းသားတွေကို နယ်ဘက်ကို ပြောင်းရွှေ့ခိုင်းစရာ မလိုဘူး” ဟု ရူပဗေဒ ပါမောက္ခတစ်ဦးက ပြောဆိုသည်။

အလားတူ သုတေသန စိတ်ဝင်စားသူ တက္ကသိုလ် နည်းပြများနှင့် ပါမောက္ခများသည် မကြာခဏ ရာထူးပြောင်းရွှေ့ ခံနေရမှုများ ကြုံတွေ့နေရသည့်အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးကိုသာ တောင့်တ နေကြကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“ပြုပြင်ပြောင်းလဲရေးက ဘာမှန်း မသိတော့ဘူး။ အဆင့်မြင့် ပညာရေးကတော့ ဘာမှမပြင်ဘူးလို့ဘဲ ယူဆတယ်” ဟု ပါမောက္ခတစ်ဦးက ဆိုသည်။

ပညာရေးနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ လူတိုင်းက ပညာရေး ပြောင်းလဲမှုကို အားမရသော်လည်း အစိုးရက ပညာရေး မြှင့်တင်မှုများကို ငွေကုန်ကြေးကျခံ ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်။ လက်တစ်ဆုပ်စာ လူတစ်စုက ရေးဆွဲနေသော ပညာရေးမူဝါဒ ပညာရေး ဝန်ထမ်း ကိုယ်စားလှယ်များကို ကိုယ်စားပြု ရေးဆွဲထားခြင်း ရှိ၊ မရှိကိုမူ ဒွိဟ ဖြစ်နေဆဲ ရှိသေးသည်။

ပြောင်းလဲမှုကို ကိုယ်ထိ လက်ရောက် မခံစားမိသေးသော ပညာရေးလောက သက်ဆိုင်သူများ၊ မသေချာသေးသော ပညာရေး မူဝါဒများနှင့်ပင် ပညာရေး ပြောင်းလဲမှုကို စမ်းတဝါးဝါးနှင့် ဆက်သွား နေရပေဦးမည်။

Written by  လဲ့ရည်မြင့်

The Voice Weekly

Wednesday, December 25, 2013

အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့




 HIV/AIDS ရောဂါများအပြင် တခြား ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့  တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။ ၂၀၀၅ ခုနှစ်က စပြီးတော့ HIV/AIDS ဝေဒနာရှင်တွေ အတွက် နေစရာနဲ့ ဆေးဝါး ကုသမှုတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်း တို့ရဲ့  ဂေဟာ (၃) ခုမှာ အခုဆိုရင် ဝေဒနာရှင် (၃၀၀) လောက်ကို စောင့်ရှောက်ပေးနေပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်တဲ့ အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ၊ တခါ လွှတ်တော်အမတ် (၁) ယောက်ရဲ့  တာဝန်ကြားက ဝေဒနာရှင်တွေ အတွက် ဘယ်လို အချိန်ပေးပြီးတော့ ကူညီနေရပါသလဲ။ ဝေဒနာရှင်တွေ အတွက် ရေရှည်ဘယ်လို အစီအစဉ်တွေ ထားရှိသလဲဆိုတာကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မဖြူဖြူသင်း ကို တွေ့ဆုံမေးမြန်း ထားပါတယ်။
 
ကိုဇော်ဝင်းလှိုင်။    ။ ဒီဆေးခန်းတည်ရှိတဲ့ နေရာလေးနဲ့ ဘယ်လို၊ ဘာကြောင့် တည်ရှိနေရသလဲဆိုတာကို အရင်ပြောပြပါ။
မဖြူဖြူသင်း။    ။ ဒီဆေးခန်းလေးကတော့ သူတို့တတွေ ဒီမှာတည်ဖို့၊ ဆေးကုသဖို့ နေစရာလေး တနေရာပေါ့။ ၂၀၀၅ နဲ့ ၂၀၀၆ ကြားထဲမှာ စပြီးတော့ လုပ်ဖြစ်တယ်။ တိုင်းနဲ့ပြည်နယ်မှာရှိနေတယ့် လူတွေက ရန်ကုန်မှာ ဆေးလာကုတဲ့ အခါ နေဖို့အတွက် အရမ်းကို အခက်အခဲ ရှိတယ်။ အဲဒီအချိန်တုန်းက ဆိုရင် ဘယ်သူကမှ လက်မခံချင်ကြဘူး။ ဘုန်းကြီးကျောင်းတွေ ဆိုရင်လည်း အခက်အခဲရှိတယ်။ တစ်ရက်နှစ်ရက် ထက်ပိုပြီး တည်ခိုခွင့် မရဘူး။ နိုင်ငံရေး အခြေအနေကြောင့်လည်း ပါမှာပေါ့။ ကျမတို့တတွေ အိမ်တွေအများကြီးလည်း ငှားခဲ့တယ်။ ငှားခဲ့တဲ့နေရာမှာလည်း တနေရာပြီး တနေရာ ပြောင်းရွှေ့ ရတယ်။ တချို့ ကြတော့လည်း အာဏာပိုင် အဖွဲ့အစည်းတွေက အနောက်အယှက်ပေးလို့ ပြောင်းရတယ်။ တခါတလေ ကြတော့လည်း အိမ်ရှင်တွေ ကိုယ်တိုင်က ကြောက်ပြီးတော့ ပတ်ဝန်းကျင်တွေက ပြောင်းရွှေ့ ခိုင်းလို့ ပြောင်းရွှေ့ ခဲ့ရတယ်။ အကြောင်း အမျိုးမျိုးနဲ့ ပြောင်းရတာ အိမ်ပေါင်း (၂၅) အိမ်လောက်ရှိတယ်။ နောက်ပိုင်းကြတော့ ဒီနေရာလေးက မိသားစုပိုင်အိမ်လည်း ဖြစ်နေတဲ့အခါကြတော့ ဒီမှာစပြီးထားတာပေါ့။ အဲဒါနဲ့ စပြီးတော့ စထားဖြစ်ဖို့ ဖြစ်လာတာ။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလောလောဆယ်ဆိုရင်ကော ဒီမှာလာနေတဲ့ လူနာတွေပဲ ဆိုကြပါစို့။ သူတို့က အရေအတွက် ဘယ်လောက်ရှိမယ် ထင်သလဲ။
မဖြူဖြူသင်း။    ။ လောလောဆယ်တော့ (၃) နေရာရှိတယ်။ မြောက်ဒဂုံမှာ တစ်နေရာရှိတယ်။ ဒီမှာ တစ်နေရာရှိတယ်။ နောက် အရမ်းအခြေအနေ ဆိုးဝါးတယ်။ တချို့ တလေကြတော့ ဒီကိုရောက်လာတဲ့ အခါကြရင် ဒီကို မရောက်ခင်မှာ သူတို့ရဲ့  သက်ဆိုင်ရာနေရာတွေမှာ တော်တော်ကို အသဲအသန် ဖြစ်လာတဲ့ လူနာတွေ ရှိတယ်။ အဲဒီအခါကြရင် ဆေးရုံတွေ ပို့ရတာရှိတယ်။ ဒါကတော့ အစိုးရဆေးရုံပေါ့။ မင်္ဂလာဒုံ အထူးကု ဆေးရုံမှာတော့ အယောက် (၃၀) လောက်ရှိတယ်။ အားလုံးပေါင်းလိုက်ရင် အခုလောလောဆယ် အယောက် (၃၀၀) နီးပါးလောက်ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု မဖြူက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ အရွေးခံပြီးတော့ လွှတ်တော်အမတ် ဖြစ်သွားတယ်။ အရင်ကတော့ မဖြူကိုယ်တိုင် ဒီမှာလာပြီးတော့ အနီးကပ် အသေးစိတ် ကြီးကြပ်ကွပ်ကဲ နိုင်တာပေါ့။ ဟိုဖက်ကို ရောက်သွားတဲ့ အခါကြတော့ ဒီဖက်မှာ နည်းနည်းလစ်ဟင်သလို ခံစားရသလား။ ဒီဖက်မှာ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုရှိသလဲ။
မဖြူဖြူသင်း။    ။ အဲဒါအတွက်တော့ ကျမတို့က အတွေ့အကြုံ ရှိခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ၂၀၀၇ တုန်းက ရှောင်လိုက်ရတယ်။ ဒါကလည်း လမ်းလျှောက်ပွဲတွေ ဘာတွေနဲ့ (၈) လလောက် ရှောင် လိုက်ရတယ်။ အဲဒီအချိန်မှာလည်း ကျမ ဒီလူနာတွေနဲ့ ပတ်သက်လို့ ရပ်မသွားခဲ့ဘူး။ အဲဒီတုန်းက ဆိုရင် ဒီထက် အခြေအနေဆိုးတယ်။ 

လူနာတွေနဲ့ တွေ့ခွင့်မရဘူး။ နောက်ပြီးတော့ တည်ဖို့ခိုဖို့အတွက် အခက်အခဲရှိတဲ့ အချိန်မှာတောင် ကျမတို့ ဒီလုပ်ငန်းကို ဆက်ပြီး အလုပ်ဖြစ်အောင်လို့ ဖုန်းနဲ့ အလုပ်လုပ်ခဲ့ရတယ်။ အဲဒီအချိန်ကလည်း မပျက်ခဲ့ဘူး။ အခုအချိန်ကတော့ ကျမ နေပြည်တော်တော့ သွားနေရတာမှန်တယ်။ ဒါပေမဲ့ ရှောင်နေရတာလဲ မဟုတ်ဘူး။ တိမ်နေရတာလဲ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေဆိုရင် ကျမ ရန်ကုန်ကို ပြန်လာတယ်။ ပြန်လာပြီး လူနာကိစ္စတွေ၊ မြို့ နယ် ကိစ္စတွေကိုတော့ ပုံမှန်ပြန်ပြီး အလုပ်လုပ်ဖြစ်တယ်။ နောက်ပြီးတော့ အခုနောက်ပိုင်း ဘယ်လိုဖြစ်လာသလဲ ဆိုတော့ ဒီမှာ ဝိုင်းဝန်ပြီး ကူညီစောင်ရွက်ပေးတဲ့လူ၊ လူနာတွေလည်း ရှိတယ်။ volunteers တွေလည်းရှိတယ်။ သူ့ရဲ့ အဖွဲ့ အဆင့်ဆင့် ဆရာဝန်၊ စာရင်းကိုင် အစရှိသဖြင့် ပုံစံလေးနဲ့ ဖြစ်လာတယ် အခါကြတော့ ကျမအနေနဲ့ ဒီကို မလာဘူးဆိုရင်လည်း ဆက်ပြီးတော့ နေ့ညတာဝန်ယူပေးတဲ့လူတွေ ရှိတယ်။ ကျမတို့က အဆက်အသွယ်လည်း ပျက်မသွားဘူးပေါ့။ ကံကောင်းတာက ကျမ နေပြည်တော်ကနေ ရန်ကုန်ကို အပတ်စဉ် ပြန်လာလို့ရပြီးတော့ ပြန်ပြီးတော့ ကြည့်ရှုလို့ ရတာပေါ့။

ကိုဇော်ဝင်းလှိုင်။    ။ လူနာတွေကိုကြတော့ကော ပုံမှန်လာကြည့်ပေးနေတဲ့ ဆရာဝန် ရှိသလား။ သဘောက သူ့ rotation နဲ့ပေါ့။
မဖြူဖြူသင်း။    ။ ရှိပါတယ်။ ကျမတို့ ဒီမှာဆိုလို့ရှိရင် ဆရာဝန် (၁) ယောက်ရှိတယ်။ သူက (၃) ရက် လာထိုင်ပေးတယ်။ နောက်တချက်ကတော့ အပတ်စဉ် ဆိုလို့ရှိရင် specialist ဆရာဝန်။ အဲဒီ ဆရာဝန်က အနီးစပ်ဆုံး။ ဒီနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ထိုင်တယ်။ ဒီနေ့ဆိုရင် ဆေးခန်းပြရက်ပဲ။ သိပ်အရေးကြီးတဲ့ လူနာတွေဆိုရင် ကျမတို့ စုပြီးတော့ စနေနေ့တိုင်း specialist နဲ့ပြတယ်။ နောက် ဒီမှာ ဆရာဝန်တယောက်ကလည်း အမြဲတမ်းရှိတယ်။ နောက်တချက်က ဒီလူနာတွေ ART ရဖို့ ဆိုလို့ရှိရင် NGO ဆေးခန်းတွေကို ဆက်သွယ်ပေးတယ်။ အဲဒီ NGO ဆေးခန်းမှာလည်း ဆရာဝန်တွေ ရှိတယ်ဆိုတော့ ပုံမှန်အားဖြင့် ဆိုလို့ရှိရင် (၃) (၄) ခုလောက် ချိတ်တွယ်ပြီး ဆောင်ရွက်လိုက်တဲ့ အခါကြတော့ လူနာတွေရဲ့  ကျန်းမာရေး အခြေအနေကတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ဒီမှာဆိုလို့ရှိရင်လည်း ဆရာဝန်မရှိတဲ့ အချိန်မှာ ဆရာဝန်က ပြန်ပြီးတော့ train လုပ်ထားတဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ လူနာတွေ ကိုယ်တိုင်ကနေ နေ့ည (၂၄) နာရီ စောင့်ပြီးတော့ ကြည့်ပေးတာ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင်။    ။ ဆိုတော့ အခု သွားလာရင် လူနာတွေ ကြည့်နေတာကို ကြည့်ရတာ မဖြူကိုယ်တိုင်က ကျွမ်းကျင်တဲ့ ဆရာဝန် (၁) ယောက်နီးပါး ဖြစ်နေပြီလေ။ စမ်းသပ်ကြည့်တယ်။ လူနာ အခြေအနေ ရောဂါ လက္ခဏာတွေ လုပ်လာတဲ့ သက်တမ်းအရပေါ့။ မဖြူ တော်တော်လေး နားလည်းနေပြီပေါ့။ လူနာတွေရဲ့  အခြေအနေကို။
မဖြူဖြူသင်း။        ။ ပြောရရင်တော့ နှစ်ပေါင်းများစွာ ဒီလူနာတွေနဲ့ပဲ နေလာခဲ့တဲ့အခါကြတော့ ဥပမာ သူတို့ကို ကြည့်တာနဲ့ သိတာလေးတွေ ရှိတာပေါ့။ ဒါကတော့ ကျမတို့ လုပ်လာတဲ့ နှစ်တွေက ကြာလာတာပေါ့။ အစပိုင်းတော့ ကျမတို့ သိပ်နားမလည်းဘူး။ တဖြည်းဖြည်းနဲ့ ကျမတို့ specialist ဆရာဝန် တယောက်ဆိုရင် ကျမတို့ကို အားလုံး သင်ပေးထားတယ်။ ဓါတ်မှန်ကြည့်တာက စပြီး HIV နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေ အကုန်လုံး ကျမတို့ တော်တော်များများ ကုသနိုင်အောင်ဆိုပြီး ဆရာကိုယ်တိုင်က ပြန်ပြီးတော့ train လုပ်ထားတာရှိတယ်။ ကျမတို့က တဆင့်တဆင့် ပြန်ပြီးတော့ လုပ်ထားတာ။ အဲဒီအခါကြတော့ ကျမတို့ ဒီမှာ treatment ပေးတဲ့ ဟာနဲ့ ဆိုလို့ရှိရင်လည်း ကျမတို့ ကိုယ်တိုင်က ဒီအတိုင်းကြီး ပေးလိုက်တာ မဟုတ်ဘူး။ ဆရာဝန်တွေကို ချက်ချင်း အကြောင်းကြားပြီးတော့ ပေါင်းပြီးလုပ်တာတွေ ရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လူနာတယောက် ဖြစ်လာကတည်းက အစအဆုံး ART တိုက်တဲ့ အထိတော့ တော်တော်လေးတော့ အားလုံး နားလည်းနေတာပေါ့။

ကိုဇော်ဝင်းလှိုင်။    ။ ဒီမှာ မဖြူလုပ်လာတဲ့ သက်တမ်းတလျှောက် လူနာတွေနဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေ ဘယ်လိုမျိုး ကြုံခဲ့ရဖူးတာ ရှိသလဲ။ သဘောက အရေးပေါ် ဆေးရုံသွားရတာပဲဖြစ်ဖြစ်။ ရောက်လာတဲ့ အနေအထားတွေ။
မဖြူဖြူသင်း။    ။ အဆိုးဆုံး အခြေအနေကတော့ အများကြီး ဖြတ်ကျော်လာခဲ့ရတာ။ ဘာကြောင့်လဲ ဆိုလို့ရှိရင် အခု ပြောရမယ်ဆိုရင်လည်း တလျှောက်လုံးလုံး စပြီးတော့ HIV ကိစ္စကို စပြီးလုပ်တဲ့အခါ ကျမတို့မှာ ပြောရရင် အဆိုးဆုံး အချိန်တွေကြီးပဲလို့ ပြောလို့ရတယ်။ ကျမတို့ စတွေ့ရတာ ပညာပေး အပိုင်းလုပ်မယ်။ ပညာပေးအပိုင်း လုပ်လို့ရသလားဆိုတော့လည်း လုပ်လို့မရခဲ့ဘူး။ အဲဒီအချိန်မှာ ကျမတို့ ဘာသွားတွေ့ရသလဲဆိုတော့ ၂၀၀၂ ခုနှစ်ကတည်းက ဆေးဝါး ကုသမှု အပိုင်းကို သွားတွေ့ရတယ်။ လူနာတွေက အဲဒီအချိန်ကတည်းက ရောဂါဝေဒနာ ခံစားနေရတယ်။ အဲဒီအထဲက ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ စိုးရိမ်တာက ကျမတို့ သိနေတာက ပညာပေးအပိုင်း။ ဆေးကုသမှုပေးရမယ်ဆိုတော့ ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ နောက် အဲဒီကနေတဆင့် လူနာတွေကို ဆေးကုသဖို့ ကြိုးစားပေးနေရင်ကနေ လူနာတွေ အများအပြား သေဆုံးသွားတာကိုလည်း ကျမတို့ ကြုံခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ကျမတို့ဆီမှာ ART ဆေးတွေဘာတွေ မရောက်သေးဘူး။ မရောက်သေးတဲ့ အခါကြတော့ အဲဒီမှာလည်း လူနာတွေကို အားပေးတာလောက်ပဲ ဒီရောဂါနဲ့ ပတ်သက်ပြီး မကူးဘူး။ ဒီလို ရင်းရင်းနှီးနှီး သူတို့ကို ပြုစုလို့ရတယ်။ မိသားစုတွေ တချို့ က မကိုင်ရဲ မတွယ်ရဲဆိုတော့ ကျမတို့ သူတို့နဲ့ အတူတူ နေပေးတာမျိုး။ အဲဒီလို ပုံစံမျိုးပဲ ကျမတို့ counseling နှစ်သက်ဆွေးနွေးတာမျိုး၊ သူတို့နဲ့ အတူတူ နေပေးတာမျိုး နေတဲ့အခါ အဲဒီလိုမျိုးပဲ လုပ်ပေးနိုင်တယ်။ အဲဒီအခြေအနေတုန်းက ပြောရမယ်ဆိုရင် ART ဆေးဝါးမရတဲ့ အခါကြတော့ လူနာတွေ အတော်များများ သေဆုံးတာကတော့ တော်တော်လေးကို အခက်အခဲဆုံးလို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင်။    ။ ကြည့်နေရင်တန်းလန်းနဲ့ သေသွားတာမျိုး ရှိခဲ့ဖူးတယ်ပေါ့။
မဖြူဖြူသင်း။    ။ အများကြီး ရှိပါတယ်။ အစပိုင်းကဆိုရင် တော်တော်များများ သေဆုံးနှုန်း များတယ်လို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင်။    ။ အခု ကူနေတဲ့ ဆေးဝါးတွေက ဘယ်သူတွေက ထောက်ပံ့သလဲ။ ဒါမှမဟုတ် တယောက်ချင်းဆီက ထောက်ပံ့တာကို စုပြီးတော့ ပြန်ပြီးတော့ လုပ်သလား။
မဖြူဖြူသင်း။    ။ ကျမတို့ NGO တွေဆီကနေ တန်းစီးတဲ့ စနစ်ပုံစံမျိုး ယူရတယ်။ ဒီကနေသွားပြီးတော့ NGO ဆေးခန်းတွေမှာ တန်းစီးတယ်။ ပြီးရင် သူတို့ ဆေးရတယ်ပေါ့။ ရလို့ရှိရင် တခါတလေ သူတို့ ဆေးစမ်းတယ်။ (၁၄) ရက် ဆေးစမ်းတယ်။ နှစ်ခါ စမ်းတယ်။ ပြီးရင် (၁) လစာ ပေးတယ်။ နောက်ပြီး (၃) လစာ ပေးတယ်။ လူနာတွေကတော့ ချိန်တဲ့ရက် ရက်ပတ်မှန်အောင် လာလာပြီး ဆေးထုတ်ရတာပေါ့။ (၃) လတကြိမ်။ အဲဒီလိုပဲ ဆေးပေးနေရင်နဲ့ NGO ဆေးခန်းတွေမှာ သူတို့ ဘတ်ဂျက်တွေ ဘာတွေ မရှိလို့ ရပ်လိုက်တဲ့အခါလည်း ကျမတို့ကိုယ်တိုင် တိုက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒါတော့ ဒီနေ့ ဒီအချိန်အထိ အယောက် (၅၀၀) လောက် တိုက်ခဲ့ပြီးပြီ။ နယ်တွေမှာပေါ့။ အဓိကတော့ နယ်ဖက်က လူနာတွေများတယ်။ နောက်ပိုင်းကြတော့ သူတို့ ပခုက္ကူဖက်က ဆေးပေးတာတို့၊ မိတ္ထီလာမှာ ဆေးပေးတာဆိုရင် အဲဒီအနားမှာ တိုက်တဲ့လူတွေကို အဲဒီလို ဆေးရုံတွေကို ကျမတို့ ပြန်လွှဲပေးလိုက်တယ်။ အခုဆိုရင် ကျမတို့ဆီမှာ (၁၀၀) ကျော်လောက်တော့ ဆေးတိုက်နေရတဲ့လူတွေ ရှိပါသေးတယ်။

ကိုဇော်ဝင်းလှိုင်။    ။ အခု ဒီမှာ လူနာတွေကို နည်းနည်း ကျန်းမာရေးကောင်းတဲ့ လူနာတွေကို အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ပေးနေတယ်ဆိုတော့ အဲဒါ ဘယ်လိုမျိုးတွေလဲ။
မဖြူဖြူသင်း။    ။ အဓိကတော့ ကျမတို့ဆီမှာ ဘယ်လိုမျိုးလဲဆိုတော့ ပထမပိုင်းကတော့ ဆေးကုသတာကိုပဲ အဓိကထားလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အဓိက လိုအပ်ချက် ရှိတာကလဲ သူတို့တွေ ကျန်းမာရေး ပြန်ကောင်းဖို့။ ဆေးဝါးမလုံလောက်တာနဲ့ ဆေးဝါးရရှိတာ ခက်တာနဲ့ ဆေးတွေကလည်း မလုံလောက်တဲ့အခါ ဒီဆေးတွေ ရရှိဖို့ကို ကြိုးစားခဲ့တယ်။ အခုနောက်ပိုင်းကြတော့ ဘယ်လိုဖြစ်လာ သလဲဆိုတော့ ဆေးဝါးတွေက ရန်ကုန်မှာတော့ ရလာနိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးကောင်းပြီးတော့ သူတို့ဒေသကို ပြန်သွားတဲ့ အခါကြရင် တခါတလေ ပတ်ဝန်းကျင်က လက်မခံတာတွေရှိတယ်။ တခါတလေ မိသားစုက လက်မခံတဲ့ အခါကြတော့ ဒီလူနာတွေက ဒီပဲပြန်လာကြတယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်း။ မြန်မာပြည်မှာက ဒီနေ့ ဒီအချိန်အထိ အလုပ်အကိုင် အခွင့်အလမ်း တော်တော်လေးကို နည်းပါးနေသေးတယ်။ နည်းပါးနေတယ်ဆိုတာက သာမန်ကျန်းမာတယ် သူတွေတောင် အလုပ်အကိုင်အတွက် အရမ်းခက်နေတော့ ဒီလို ရောဂါရှိတဲ့ လူတွေအတွက်က အရမ်းကို ခက်ပါတယ်။ အဲဒါကြောင့် သူတို့က အလုပ်လုပ်ချင်ပေမယ့်လည်း သက်ဆိုင်ရာဒေသတွေက လက်မခံနိုင်တဲ့ အခါကြတော့ ဒီကိုပဲ ပြန်လာကြတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး အမျိုးသမီးတွေအတွက်။ အခုတော့ အမျိုးသမီးတွေ ဖွံ့ဖြိုးမှုအတွက်ဆိုပြီး စက်ချုပ်သင်တန်းကျောင်းလေးကို လေးထောင့်ကန်ဖက်မှာ ဖွင့်ထားတာ ရှိပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် အခု (၅) ရက်နေ့ဆိုရင် ဆင်းပါပြီ။ ဒုတိယ အကြိမ်ပြီးရင်လည်း ပုံမှန်ဆက်ပြီးတော့ လုပ်သွားမှာပါ။ အဓိက ဘာကြောင့်လဲဆိုတော့ HIV Positive ဖြစ်နေတဲ့ အမျိုးသမီးတွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးတော့ အတတ်ပညာ တခုရှိအောင်။ နောက် ဒီကနေ ဝင်ငွေရရှိအောင်လုပ်ဖို့ လိုသလို။ တခြားဒေသတွေမှာ ပြန်သိ ရတာတော့ အမျိုးသမီးတွေ နယ်စပ်ဖြတ်ကျော်ပြီးတော့ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ။ (၁၃) နှစ် (၁၄) နှစ်လောက်ဆိုရင် ရောင်းစားခံရတာမျိုးတွေ။ နောက် ဒီနိုင်ငံမှာ အလုပ်မရှိတော့ သွားရတာတွေ ရှိပါတယ်။ အဲဒါကြောင့် အခု ကျမပြန်သိရတာကတော့ သူတို့တွေ အတွက်လည်း တချို့ဒေသတွေက တောင်းဆိုတာတွေ ရှိပါတယ်။ ဥပမာ ပဲခူးတိုင်း အနောက်ခြမ်းဖက်၊ ဧရာဝတီတိုင်းဖက်တွေက အမျိုးသမီးတွေကိုလည်း ဒီလိုလုပ်ပေးပါဆိုလို့ HIV ရှိနေတဲ့ လူတွေကို ဦးစားပေးမယ်။ နောက်ပြီးကြရင်တော့ သာမန်ကောင်းနေတယ့် လူတွေကိုလည်း အလှည့်ကျ ပြန်ပြီး အဆက်မပြတ် သင်တန်းဆက်ပေးသွားပါမယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဆိုင်ဘုတ်ချိတ်ထားတာ ဒီဆေးခန်း၊ ဆေးရုံကြီးကြီး ဆောက်ဖို့ အလှူခံနေတယ်ဆိုတာ။ အဲဒါ ဒီနေရာမှာ ဆောက်ဖို့လား။ ဘယ်လိုပုံစံ ဆောက်ဖို့လဲ။ အလှူခံနေတာ ဟုတ်လား။
မဖြူဖြူသင်း ။ ။ အဓိကတော့ နေရာကတော့ ကျမ မြောက်ဒဂုံမှာ တနေရာ ရှိပါတယ်။ အဲဒီမှာ လယ်ကွင်းတခုထဲမှာ တဲထိုးပြီးတော့ လူနာတွေ ထားရပါတယ်။ တခါတလေတော့ လူနာတွေက အရမ်းများတဲ့အခါ သမန်တလင်းပေါ်မှာလည်း အိပ်ရတဲ့ အခါရှိတယ်။ နောက် အခုလည်း မြင်တဲ့အတိုင်းပဲ တယောက်ကို တနေရာ အိပ်ဖို့အတွက်ကို ကျမတို့ အတိအကျပဲ ပေးထားနိုင်တယ်။ ဖြစ်နိုင်ရင်တော့ နည်းနည်း အဆင်ပြေပြေလေးတော့ ထားချင်တယ်။ နောက်တခုက တနေရာထဲမှာပဲ အဆင်ပြေသွားစေချင်တယ်။ အဲဒီလို ပုံစံနဲ့ ကျမတို့ အရှေ့ ဒဂုံမှာ မေတ္တာရှင် ဆရာတော်၊ ရွှေပြည်သာမေတ္တာရှင် ဆရာတော်က ဒီကိုကြွလာတယ်။ ကြွလာပြီးတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက သူ့မြေကွက် လေးကွက်ကို ကျမတို့ ယူသုံးပါဆိုပြီးတော့ သူလှူထားတာ ရှိတယ်။ ယူပါဆိုပြီး ပေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ကျမက စပြီးတော့ အကောင်အထည်ဖော်မှာ။ ဒီ (၃) နေရာ (၂) နေရာမှာရှိတဲ့ လူတွေကို (၁) နေရာထဲမှာစုပြီးထားမယ်။ အဆင်ပြေလို့ရှိရင် အဲဒီမှာပဲ သင်တန်းပေးတာတွေ။ သူတို့အတွက် အခုဆိုရင် တနေရာဆီ သွားနေရတယ်။ ဟိုဖက်မှာ သင်တန်းတခု၊ ဒီဖက်မှာ တနေရာ။ နေရာတွေ အကုန်လုံး ခွဲနေရတော့ ကျမတို့ လူအများကြီးလည်း သုံးရတယ်။ တနေရာထဲမှာ စုထားခြင်းအားဖြင့် သူတို့အတွက် ပိုပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့ ကျမတို့အနေနဲ့ အဲဒီအဆောက်အဦးကို ဆောက်မယ်။ မိုးကုန်ရင်တော့ စပြီးတော့ အဆောက်အဦး ဆောက်ဖို့အတွက်ကို လုပ်နေပါပြီ။

ကိုဇော်ဝင်းလှိုင်။    ။ ဆိုတော့ သူကတော့ ဆေးကုတာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ သူတို့ နေဖို့အတွက် one stop ပေါ့။ အကုန်လုံး အဲဒီလိုမျိုး ကြီးကြီးမားမား ဘယ်လောက်အထိ ကြီးကြီးမားမား ဆောက်ဖို့စီစဉ်ထားသလဲ။
မဖြူဖြူသင်း။    ။ လောလောဆယ်တော့ ပေ ၁၂၀ x ပေ ၅၀ လေးထပ်လောက်တော့ ဖြစ်ဖို့များတယ်။ အခုလောလောဆယ် ရာထားတာတော့ သုံးထပ်ရာထားတယ်။ သုံးထပ်အဆောက်အဦး ရာထားတယ်။ မြေအောက်ခန်းတွေ လုပ်မယ်ဆိုတော့ အခုတော့ လေးထပ်အထိ ရာထားတယ်။ တနေရာထဲမှာပဲ သူတို့အတွက် အားလုံးအဆင်ပြေသွားအောင် ကြိုးစားနေတာပါ။

ကိုဇော်ဝင်းလှိုင်။    ။ တခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
မဖြူဖြူသင်း။    ။ အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက်တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။ ဥပမာအားဖြင့် လွှတ်တော်ပိုင်းကို ဘာတွေတင်ပြပေးနိုင်မလဲဆိုတာ ကိုယ်ကိုယ်တိုင် သိရမှာပေါ့။ အခုနောက်ပိုင်းတော့ ကျန်းမာရေးကိစ္စ၊ ပညာရေး၊ စီးပွားရေး အစရှိသဖြင့် အင်အားလေးတွေကတော့ ပေါ်ပေါက်လာပြီးပေါ့။ အခုဆိုရင် ဥပဒေပြုတဲ့နေရာမှာတောင် ပြင်ပအင်အားစုတွေက လွှတ်တော်ထဲလာပြီး ဆွေးနွေးတာမျိုးတွေ ရှိလာပြီ။ အခုနောက်ပိုင်းမှာလည်း ကျမတို့ရဲ့  ကျန်းမာရေး ကိစ္စတွေပဲဖြစ်ဖြစ် ပညာရေး ကိစ္စတွေပဲဖြစ်ဖြစ် သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ကိုယ့်အခွင့်အရေး ရရှိရေးအတွက် ဥပဒေတရပ် ဖြစ်ပေါ်လာဖို့အတွက် ဝိုင်းပြီးကြိုးစားရမယ့် အချိန်ရောက်ပြီလို့ ကျမက မြင်မိပါတယ်။

ဗွီအိုအေ - အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့