Saturday, March 23, 2013

ဝါဒတစ်ရပ် ထွန်းပျံ့လိုသော်


မိမိယုံကြည် လက်ခံထားသော အယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့စေလိုကြသည်မှာ လူသားတိုင်း၏ဓမ္မတာပင်ဖြစ်သည်။ မိမိယုံကြည် လက်ခံသကဲ့သို့ အခြားအခြားသောသူများအားလည်း ယုံကြည်လက်ခံစေလိုကြသည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့ယုံကြည်ရာ အယူဝါဒကို ထွန်းကားသည်ထက်ထွန်းကား ပျံ့နှံ့သည်ထက် ပျံ့နှံ့စေရေးအတွက် ခေတ်အဆက်ဆက် လုပ်ဆောင်လာခဲ့ကြသည်။

ယင်းသို့ လုပ်ဆောင်ရာတွင် တရားမျှတသော နည်းလမ်းများကို အသုံးပြုခဲ့ကြသလို မတရားနိုင်ထက်စီးနင်းပြုကျင့်သော နည်းလမ်းများ ကိုလည်း အသုံးပြုတတ်ကြပေသည်။ မိမိတို့၏ အယူဝါဒထွန်းကား ပျံ့နှံ့ရေးတည်းဟူသောဦးတည်ချက်ဖြင့် လုပ်ဆောင်မှုမှန်သမျှသည် တရားမျှတသည်ချည်းဖြစ်သည်ဟု မှားယွင်းစွာ စွဲလမ်းခဲ့ကြသောကြောင့်ပင်ဖြစ်သည်။

သို့ဖြစ်ရာ မူလကကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်ခဲ့သော အယူဝါဒတချို့သည် လူသားတို့အား အန္တရာယ်ကြီးမားလှ သော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အယူဝါဒကို အကြောင်းပြု၍ လူသတ်ပွဲများ ဆင်နွှဲခဲ့ကြသည်။ လူသားတို့ ကောင်းကျိုးအတွက် ရည်ရွယ်ပါသည်ဆိုသော အယူဝါဒတို့က လူသားတို့၏ တိုတောင်းလှသော ဘ၀တစ်သက်တာ အချိန်ကာလကို အချည်းနှီးဝါးမျိုပစ်ခဲ့ကြသည်။

အယူဝါဒရေးရာ ပဋိပက္ခများကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းကြရာတွင် အနိုင်ရသောဘက်က မိမိတို့၏အယူဝါဒက အနိုင်ရလေပြီဟု အမှတ်မှားခဲ့ကြသည်။ မိမိတို့အနိုင်ရသည့် နယ်မြေဒေသတစ်ခုတွင် မိမိတို့၏အယူဝါဒကို စိတ်ကြိုက်ပြန့်ပွားစေနိုင်ပြီဟု အထင်ရောက် ခဲ့ကြသည်။ ယင်းသည် အယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့သည်ဆိုခြင်းအပေါ် မှားယွင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသောကြောင့်သာ ဖြစ်ပေ သည်။

နယ်မြေဒေသ၊ ကာလတစ်ခုတွင် အယူဝါဒတစ်ရပ်နှင့်သက်ဆိုင်သော သင်္ကေတများ၊ အဆောက်အအုံများ ထိုးထိုးထောင်ထောင် ထွက် ပေါ်လာခြင်း၊ အခမ်းအနားသဘင်များ ဆင်ယင်ကျင်းပခြင်း၊ ယင်းအယူဝါဒကို သက်ဝင်ယုံကြည်ပါသည်ဟု အမည်ခံထားသူဦးရေ များ ပြားလာခြင်းတို့ကိုကြည့်၍ ယင်းအယူဝါဒ ထွန်းကားပျံ့နှံ့နေလေပြီဟု တစ်ထစ်ချမှတ်ယူ၍ မရနိုင်ချေ။ စင်စစ်အားဖြင့် ယင်းအယူဝါဒ ထွန်းကားပျံ့နှံ့ခြင်း ရှိ - မရှိဆိုသည်ကို အောက်ပါအချက်သုံးရပ်နှင့် ပြည့်စုံမှု ရှိ-မရှိ လေ့လာသုံးသပ်၍သာလျှင် အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပေသည်။

(၁)
အယူဝါဒဆိုင်ရာ စစ်မှန်သောသဘောတရားများ
သန့်ရှင်းခိုင်မာစွာတည်ရှိခြင်း

အယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့ရန်မှာ ယင်းအယူဝါဒဆိုင်ရာ မူလသဘောတရားများကို ဖြုတ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ချဲ့ကားခြင်း၊ အစား ထိုးခြင်းတို့မရှိဘဲ စစ်မှန်သန့်ရှင်းစွာတည်တံ့နေရန် အထူးလိုအပ်လှပေသည်။ ယင်းသို့တည်တံ့နေရန်အတွက် အယူဝါဒဆိုင်ရာ သင်တန်းကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပို့ချခြင်း၊ လူထုဆက်သွယ်ရေးဆိုင်ရာနည်းလမ်းများမှတစ်ဆင့် ဖြန့်ဖြူးပေးခြင်း၊ သုတေသနပြုခြင်း၊ သဘောတရားရေးရာ တတ်ကျွမ်းနားလည်သူ ပညာရှင်များတိုးပွားလာအောင် အားပေးချီးမြှောက်ခြင်းတို့သည် မရှိ မဖြစ်လိုအပ်ချက်များပင် ဖြစ်ပေသည်။

ထို့အပြင် ယင်းအယူဝါဒ၏အမည်ကိုအရေခြုံ၍ လူတစ်စု၊ လူတစ်ဖွဲ့၊ လူတန်းစားတစ်ရပ်အကျိုးအတွက် ၀ါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချခြင်း၊ စီးပွားရေးအမြတ်ထုတ်ရန်သာ ရည်ရွယ်လျက် လူပြိန်းအကြိုက်လိုက်ကာ အယူမှားဝါဒမှားများဖြင့် လူအများလမ်းမှားရောက် အောင် ပို့ဆောင်နေခြင်းတို့ကိုလည်း ဖော်ထုတ်သန့်စင်ပစ်ကြရမည်။

ထို့ကြောင့် အယူဝါဒတစ်ရပ်ကို ဖြန့်ဖြူးရန် တာဝန်ယူထားသူတို့သည် မိမိတို့ဖြန့်ဖြူးရမည့် အယူဝါဒနှင့်စပ်လျဉ်း၍ အမှန်းအမှန် ဝေဖန် ပိုင်းခြား တည်းဖြတ်နိုင်သည်အထိ နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားကြရမည်ဖြစ်သည်။

အယူဝါဒတစ်ရပ်ဖြန့်ဖြူးရန် တာဝန်ယူထားသူသည် မိမိ၏အယူဝါဒဆိုင်ရာ သဘောတရားများကို လူသားတို့၏ဘ၀တွင် မည်သို့ ဆက်စပ်အသုံးချသင့်သည်ကိုလည်း ကောင်းစွာသိရှိထားရမည်ဖြစ်သည်။ ဤသို့သိရှိပြီး မိမိ၏ အယူဝါဒဆိုင်ရာ သဘောတရားများကို လက်တွေ့ဘ၀နှင့်ယှဉ်၍ တင်ပြနိုင်မှသာလျှင် လူအများနားလည် သဘောပေါက်ကာ သက်ဝင်ယုံကြည်မှု တိုးပွားလာမည် ဖြစ်ပေသည်။

(၂)
အယူဝါဒဆိုင်ရာသဘောတရားက လမ်းညွှန်သော
နည်းလမ်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးခြင်း

အယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့ရန်မှာ ယင်းအယူဝါဒဆိုင်ရာ သဘောတရားများချည်း တည်ရှိနေရုံမျှဖြင့်မပြီးချေ။ ယင်းသဘောတရားက လမ်းညွှန်သော နည်းလမ်းဥပဒေသများနှင့်အညီ လိုက်နာကျင့်သုံးကြရန် လိုအပ်ပေသည်။

လက်တွေ့လိုက်နာကျင့်သုံးမှုကင်းသော သဘောတရားသည် သေနေသော သဘောတရားတစ်ရပ်သာ ဖြစ်ပေလိမ့်မည်။ သုတေသီတို့ အနေဖြင့် ကာလတစ်ရပ်က ဒေသတစ်ခုတွင် ဤမည်သောအယူဝါဒတစ်ရပ် ပေါ်ပေါက်ခဲ့ဖူးလေသည်ဆိုသော အသိမှတစ်ပါး အခြား မည်သည့် အကျိုးတစ်စုံတစ်ရာမျှ ထူးခြားမှုရှိမည်မဟုတ်ပေ။

လက်တွေ့လိုက်နာဆောင်ရွက်ခြင်းရှိမှသာ ယင်းအယူဝါဒကရည်ရွယ်သော ကောင်းမြတ်သည့်ဦးတည်ချက်များ အတိုင်းအတာတစ်ခု အထိ ရုပ်လုံးပေါ်လာမည် ဖြစ်ပေသည်။ ဤနေရာတွင် အရေးကြီးသည်မှာ ယင်းအယူဝါဒ၏ သဘောတရားရေးရာ လမ်းညွှန်ချက် အစစ် အမှန်ကို နားလည်သဘောပေါက်ထားမှသာ မှန်ကန်စွာလိုက်နာ ဆောင်ရွက်နိုင်ကြမည်ဆိုခြင်းပင်ဖြစ်သည်။ သဘောတရားအစစ်အမှန် ကို နားမလည်ဘဲ တတ်ယောင်ကား လုပ်ဆောင်ကြမည်ဆိုပါက ဦးတည်ချက်လမ်းကြောင်း လွဲချော်သွားကာ ယင်းအယူဝါဒ၏ ရည်မှန်းချက်အစစ်အမှန်တို့ ရုပ်လုံးပေါ်လာမည် မဟုတ်တော့ချေ။ ထို့ကြောင့် သဘောတရားနှင့် လက်တွေ့သည် အပြန်အလှန်မှီခို အားထားနေရပေသည်။ လက်တွေ့ဘ၀မှထွက်ပေါ်လာသော အယူဝါဒဆိုင်ရာ သဘောထားတစ်ရပ်သည်သာ မှန်ကန်သလို ယင်း မှန်ကန်သော သဘောတရားနှင့်အညီ လိုက်နာကျင့်သုံးကြမှသာလျှင် လက်တွေ့ဘ၀တွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။

ထို့ကြောင့် သူကတော့ သဘောတရားသမား - စာသမားပဲ၊ ငါကတော့ အလုပ်သမား-အကျင့်သမားပဲ ဟုခွဲခြားပုတ်ခတ်နေကြရန် မသင့် ချေ။ စာသမားသည် တစ်ချိန်တည်းမှာပင် လက်တွေ့ကျင့်ကြံနေသူဖြစ်ပြီး အကျင့်သမားကလည်း တစ်ချိန်တည်းမှာပင် စာပေသဘော တရား လေ့လာသူဖြစ်နေရပေမည်။ သို့မှသာ အယူဝါဒတစ်ရပ်ကို ယုံကြည်လက်ခံပါသည် ဆိုသူများအနေဖြင့် ယင်းအယူဝါဒဆိုင်ရာ သဘောတရားက လမ်းညွှန်သော နည်းဥပဒေများနှင့်အညီ အမှန်တကယ် လိုက်နာကျင့်သုံးခြင်းမည်ပေလိမ့်မည်။

(၃)
အယူဝါဒရေးရာရည်မှန်းချက်များ အကောင်အထည်ပေါ်လာခြင်း

အထက်ကဆိုခဲ့သည့်အတိုင်း သဘောတရားနှင့်လက်တွေ့ အချိုးညီညီပေါင်းစပ် အားထုတ်လုပ်ဆောင်ကြပါက မိမိတို့၏အယူဝါဒ ဆိုင်ရာရည်မှန်းချက်များသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ပေါ်လာမည်ဖြစ်ပေသည်။ ယင်းသို့ အကောင်အထည် ပေါ် လာသည့်ရလဒ်တို့သည် မိမိအပါအ၀င် ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအပေါ် မည်ရွေ့မည်မျှ အကျိုးပြုသည်-မပြုသည်ကိုထောက်ရှု၍ ယင်းအယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့သည်-မပျံ့နှံ့သည်ကို အဆုံးအဖြတ်ပေးနိုင်ပေလိမ့်မည်။

အယူဝါဒတစ်ရပ်က လူ့အဖွဲ့အစည်းအပေါ် အကျိုးကျေးဇူးပြုနိုင်မှု အတိုင်းအတာအပေါ်မူတည်၍ ယင်းအယူဝါဒတစ်ရပ် ထွန်းကားပျံ့နှံ့ နေမည့် သက်တမ်းကိုလည်း မှန်းဆနိုင်ပေသည်။ အယူဝါဒတိုင်းသည် လူ့အဖွဲ့အစည်း ကောင်းကျိုးကိုရည်မျှော်၍ ပေါ်ပေါက်လာကြ သည်ချည်းဖြစ်ရာ အယူဝါဒတစ်ရပ်၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ခြင်းဖြင့် ၄င်း၏ရည်ရွယ်ချက်များ အထမြောက်လာပြီဆိုမှသာ လျှင် ယင်းအယူဝါဒအမှန်တကယ် ထွန်းကားပျံ့နှံ့နေလေပြီဟု မှတ်ယူသင့်ပေသည်။

ထို့ကြောင့် ကာလ၊ဒေသ တစ်ခုတွင် အယူဝါဒတစ်ရပ်နှင့် စပ်ဆိုင်သော သင်္ကေတများ၊ အဆောက်အအုံများ၊ အခမ်းအနားသဘင်များ၊ ယင်းအယူဝါဒကို ယုံကြည်သက်ဝင်ပါသည်ဟု အမည်ခံထားသူများ ပေါများနေရုံမျှဖြင့် ယင်းအယူဝါဒ ထွန်းကားပျံ့နှံ့နေလေပြီဟု တထစ် ချမဆိုသင့်ကြောင့် ထင်ရှားလှပေသည်။

မိမိယုံကြည်သက်ဝင်သည့် အယူဝါဒကို မှန်မှန်ကန်ကန် နားလည်သဘောပေါက်ခြင်း၊ သဘောပေါက်သည့်အတိုင်း တိကျစွာလိုက်နာ ကျင့်သုံးခြင်း၊ ဤသို့လိုက်နာကျင့်သုံးရသည့် အကျိုးကျေးဇူးကို မျက်မှောက်ဘ၀၌ပင် အတိုင်းအတာတစ်ခုအထိခံစားရခြင်းဖြင့် တစ်ဦး ချင်းစီ၏ကိုယ်စိတ်နှလုံးတွင် ယင်းအယူဝါဒ အမှန်တကယ် ထွန်းကားပျံ့နှံ့နေမည် ဖြစ်ပေသည်။

ယင်းသို့သော ပုဂ္ဂိုလ်တစ်ဦးချင်းဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတစ်ရပ်ကိုသာ ဤမည်သောအယူဝါဒတစ်ရပ် ခိုင်မာစွာထွန်းကား ပျံ့နှံ့နေသော လူ့အဖွဲ့အစည်းတစ်ရပ်ဟု ခေါ်ဆိုနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသတည်း။

(ဗုဒ္ဓဒေသနာလာ ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓဟူသော သာသနာသုံးရပ်ကို ရည်ညွှန်းပါသည်။)

ဝင်းသိန်းဦး
(၁၇-၄-၉၁)
ဓမ္မရံသီ၊ ၁၉၉၁ခုနှစ်၊ ဇူလိုင်လ။

No comments: