Friday, March 8, 2013

ငါတို့မင်းကိုယုံတယ် ရန်ကုန်



ရန်ကုန်ဟာ
လင်စိတ်သားစိတ်ကုန်နေတဲ့ တစ်ခုလပ်မိန်းမပျိုပဲ
မျက်လွှာကိုမရဲတရဲချထားလည်း
စိတ်ထဲမှာတော့ ယောက်ယက်ခတ်နေတယ် ...

ဘယ် ... ညာ ... ခြေလှမ်းတစ်ချက်မှားရုံနဲ့
မင်းဘ၀ပျက်လိမ့်မယ် ရန်ကုန် ...
လူတွေကို ချင့်ယုံပေါ့ ...

အပျော်အပျက်တွေနဲ့
ဆယ့်နှစ်ရာသီလုံး ညဥ့်နက်နေတာလည်း မင်းပဲ ...

မင်းဟာ သင်းသင်းကလေးမွှေးတဲ့ ညမွှေးပန်း ...
ပလက်ဖောင်းပေါ်လမ်းသလားရတာကြိုက်သလို
ဟိုတယ်ပေါ်တက်ပြီး ဒစ္စကိုမီးနဲ့ ကချင်လည်းကရဲ့ ...

ဘန်ကောက်နဲ့ စင်ကာပူကို
နှုတ်ခမ်းလေးစူပြီး ငေးကြည့်မနေနဲ့
မင်းရဲ့ သမိုင်းကြောင်း သူတို့ထက်ကောင်းခဲ့တယ်
ဒါပေမယ့် ခုထိအဖတ်ပြန်ဆယ်လို့မရသေးတာတော့
စိတ်မကောင်းစရာပေါ့ ...

တစ်ခုတော့ပြောပါရစေ ...
မင်းကိုယ်မင်း ဘယ်တော့မှ ဈေးမချနဲ့
မင်းကို လိုချင်နေကြတဲ့သူတွေ အများကြီး ....
သဘောထားကြီးသင့်တဲ့နေရာပဲ ကြီးပေါ့ကွာ
သူများတံတွေးခွက်မှာတော့
ပက်လက်ဖြစ်ဖြစ် မှောက်ရက်ဖြစ်ဖြစ်
ဘယ်တော့မှ မနစ်စေနဲ့ ...

ခုတော့ မင်းမျက်ဝန်းတွေ မှုန်ရီ
မင်းလက်ချောင်းလေးတွေ တုန်နေသည်ပေါ့ ...

ငါကတော့ မင်းကိုလေးစားတယ် ...
နယ်မြို့လေးတစ်မြို့အတွက်
ခံရခက်ခက်နဲ့ စွန့်ပစ်ခံခဲ့ရလည်း
ဘယ်တော့မှ မာနအလံမလှဲဘူး ...

ငါကတော့ မင်းကို ချီးကျူးတယ်
လွယ်လွယ်နဲ့အရှုံးမပေး
ဒုက္ခကို မျက်ရည်နဲ့ဆေးပြီး
မင်းခရီးကို မင်းဆက်ခဲ့တဲ့အတွက် ...

ငါကတော့ မင်းကို ချစ်လျှက်ပဲ
လက်ဝဲ လက်ယာ ... ဘာပဲဆန်ဆန်
နိုင်ငံရေးသမားနဲ့ အနုပညာသမားမှန်သမျှ
မင်းအရိပ်ကိုခိုရတာပဲ ...

ကဲ ... ကဗျာမဆန်တော့တဲ့
မင်းရဲ့ မနက်ဖြန်တွေမှာ
မာနတွေတလွှားလွှားနဲ့ မင်းရွှေရောင်အတိတ်ဟာ
ခုတော့ ပိတ်ကားထက်က အရိပ်သာသာ ...

ဒါပေမယ့် ...
ဘယ်တော့မှ ဦးမညွတ်နဲ့ ရန်ကုန် ...
အကြံကုန် ဂဋ္ဌုန်ဆားချက်
မင်းဝင်သက်ထွက်တွေမူမမှန်
မင်းခြေသံတွေ စည်းချက်ပျက် ...
ဒါပေမယ့် ... ငါတို့ မင်းကို အပြစ်မတင်ရက်ပါဘူး ...
မင်းအိပ်မက်တွေ တနေ့နေ့မှာ အစွမ်းကုန်ဖူုးပွင့်ဦးမှာပါ ...
..............................................................................

စိုးသူရ
(8-3-2013)

No comments: