Sunday, March 3, 2013

ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်းဆီသို့ သွားရာလမ်း



ဖြစ်ရပ် (၁)
န၀ဒေးရုပ်ရှင်ရုံတွင် ဖြစ်သည်။ ရုပ်ရှင်ပြသနေချိန်ဖြစ်သဖြင့်မီးမှောင်ကာနေသည်။ ထိုအချိန်မှာပင်ခုံများ၏နောက်ဆုံးတန်းမှ အသံမထွက်ရဲထွက်ရဲ ကျိတ်အော်လိုက်သည့် အမျိုးသမီးအသံတစ်သံထွက်လာသည်။ ထိုနောက်ဆုံးတန်းများသည် သမီးရည်းစားအတွဲများအတွက် ဘေးနှစ်ဖက်ကို ကာရံထားသည့် သီးသန့်နှစ်ယောက်တွဲအခန်းလေးများဖြစ်သည်။ ထိုအခန်းများထဲမှ တစ်ခန်းမှ သမီးရည်းစားစုံတွဲသည် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ အမျိုးသမီးသည် ရုန်းထွက်ဖို့ ကြိုးစားနေသည်။ ပါးစပ်မှလည်း တစ်ခါတစ်ခါ နာကျင်သည့်အသံမျိုး အော်ဟစ်နေသည်။ 

အမျိုးသားကအမျိုးသမီးကို ယောက်ျားအားဖြင့် ချုပ်ထားသဖြင့် ရုန်းကန်သော်လည်း အားမတန်။ သည်အခြေအနေမှာ အနီးမှာရှိနေသော အတွဲပေါင်းများစွာ၊ လူပေါင်းများစွာတို့သည် လှည့်၍ပင်မကြည့်။

ယုတ်စွအဆုံး သူတို့နှင့်ကပ်လျက်အခန်းက အတွဲသည်ပင် ဘာမှမဖြစ်ကြသလို။ နေကြာစေ့အ၀ါးမပျက်၊ ရုပ်ရှင်ကိုသာ အေးအေးလူလူဆက်ကြည့်နေကြသည်။

ဖြစ်ရပ် (၂)
ဘတ်စ်ကားပေါ်မှာဖြစ်သည်။ ဘတ်စ်ကား စပယ်ယာကတစ်ရာတန်သောခရီးကို နှစ်ရာတောင်းသည်။ လူတိုင်းက အေးအေးဆေးဆေး ပေးလိုက်ကြသည်။ သို့သော်လည်း လူငယ်တစ်ယောက်က မနေနိုင်။

“ဟေ့ တစ်ရာပဲ မဟုတ်ဘူးလား”

စပယ်ယာက အံ့သြသလိုမျက်နှာပေးနှင့်ပြန်ပြောသည်။

“နာရီကိုလည်း ပြန်ကြည့်ဦး၊ ကိုးနာရီထိုးနေပြီ”

“ကိုးနာရီထိုးတာနဲ့ တစ်ရာတိုးတောင်းတာ ဘာဆိုင်လဲ” လူငယ်က စောဒကတက်သည်။

“အမြဲတမ်း အဲ့လိုကောက်နေကျကွ ။ မစီးချင် ဆင်း”

စပယ်ယာက ခပ်တည်တည်ပင် ခရီးကိုသည်ကို မောင်းချသည်။ ကျန်လူများသည် လူငယ်ကို ပိုက်ဆံတစ်ရာလောက်နှင့် စကားပြောနေသေးသည်ဟူသော အကြည့်များဖြင့် ၀ိုင်းကြည့်နေလေသည်။

ထိုအဖြစ်အပျက်နှစ်ခုနှင့် အလားတူအဖြစ်အပျက်ပေါင်းမြောက်မြားစွာကို စာဖတ်သူ မိတ်ဆွေကြုံဖူးခဲ့ပါလိမ့်မည်။ ထိုအခြေ အနေမျိုးတွင် မိတ်ဆွေမည်သို့ ပြုမူခဲ့ပါသနည်း။ အကယ်၍သင်သာ ဖြစ်ရပ် (၁) တွင် ရုပ်ရှင်ထဲမှာရှိနေသည့် လူ တစ်ယောက် ဆိုပါစို့၊ဖြစ်ရပ် (၂)တွင် ဘတ်စ်ကားပေါ်မှာပါလာသည့်ခရီးသည်ဆိုပါစို့။သင်မည်သိြု့ ပုမူပါမည်နည်း။ လူအတော်များမျာကတော့ ထိုဖြစ်ရပ်များထဲမှ ရုပ်ရှင်ကြည့်ပရိသတ်များလိုပင်၊ ဘတ်စ်ကားပါ ခရီးသည်များလိုပင် ကိုယ့်ကိစ္စမဟုတ်ဟု သဘောထားကာ အေးအေးပင်နေလိုက်တတ်ကြပါသည်။

ဖြစ်ရပ် (၃)
ထိုကဲ့သို့ အဖြစ်အပျက်ကလေးတစ်ခုကို ထပ်ပြောပြချင်ပါသည်။ လူသတ်မှုတစ်ခုဖြစ်ပါသည်။ နယူးယောက်မြို့တော်၊ ကွင်းစ်နယ်ရှိ ကျူးဂါးဒင်းရပ်ကွက်၊ နံနက် ၃ နာရီ ၂၀ မိနစ်။ ဘားမန်နေဂျာတစ်ယောက်ဖြစ်သူ ကက်သရင်း (ခင်မင်သူများအခေါ် ကေတီ) သည် သူမ၏ ဖီးယက်ကားလေးကိုဘူတာရုံနံဘေးမှာထိုးပြီး အိမ်ကိုပြန်လာချိန်။ သူမတိုက်ခန်းသို့ဝင်ပေါက်သည် အဆောက်အအုံ၏နောက်မှာဖြစ်ပြီး မှောင်မည်းနေလေ့ရှိ သည်။ ထိုအချိန်မှာပင် သူမ လူတစ်ယောက်ကို သတိပြုမိလိုက်သည်။ ဆတ်ခနဲရပ်လိုက်ပြီး အနီးအနားရှိ ရဲကို ဖုန်းခေါ်လို့ရသည့် ဖုန်းရုံဆီကို ကြောက်လန့်တကြားလှည့်ကာပြေးသည်။
သူမ စာအုပ်ဆိုင်ရှေ့လမ်း မီးရောင်အောက်အရောက်မှာပင် နောက်မှလိုက်လာသူက သူမကို ဆောင့်ဆွဲခြင်းခံလိုက်ရတော့ သူမ ကုန်းအော်လိုက်သည်။ စာအုပ်ဆိုင်နှင့် မျက်နှာချင်းဆိုင်အိမ်များမှ မီးများလင်းလာပြီး ပြတင်းတံခါးများ ဖွင့်လိုက်သံတွေဆူသွားသည်။

“အား ... ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျွန်မကို ဓားနဲ့ထိုးနေပါတယ်”

ကက်သရင်း၏ အော်သံကြောင့် အပေါ်ထပ်တစ်ထပ်မှ လူတစ်ယောက်က “ဟေ့ မိန်းကလေးကို လွှတ်လိုက်စမ်း”ဟု ၀င်ဟန့်လိုက်သည်။ လူသတ်သမားသည် ထိုလူကိုကြည့် ပခုံးတစ်ချက်တွန့်လိုက်ပြီး အတန်ငယ်အဝေးရှိ ကားအဖြူလေး တစ်စီးဆီသို့ ထွက်သွားသည်။ ကက်သရင်းလည်း အားယူကာ ပြန်ထရပ်သည်။ အိမ်များဆီမှမီးများ ပြန်မှိတ်သွားကြသည်။
လူသတ်သမားသည် ကက်သရင်းနောက်ကို လိုက်လာပြန်သည်။ ကက်သရင်းသည် သူ့တိုက်ခန်းဆီသို့သွားရန် ကားပါကင် ဘေးမှ ဖြတ်သွားနေချိန်ဖြစ်သည်။ လူသတ်သမားသည် တစ်ကြိမ်ဓားနှင့် ထိုးပြန်သည်။

“သေပါပြီရှင်... ကျွန်မသေပါပြီ...” ဟု သူမ ငယ်သံပါအောင်အော်သည်။

တိုက်ခန်းများဆီမှ မီးများ၊ ပြတင်းများ ပြန်ပွင့်လာသည်။ လူသတ်ကောင်သည် ကားကိုမောင်းထွက်သွားခဲ့သည်။ ကက်သရင်း အနိုင်နိုင်ထရပ်သည်။ ထိုအချိန်တွင် ကနေဒီ နိုင်ငံတကာလေဆိပ်သို့ဆွဲသော မြို့တွင်းဘတ်စ်ကားတစ်စီး ဖြတ်ကာသွားသည်။ အချိန်က မနက် ၃ နာရီ ၃၅။

လူသတ်သမား ပြန်လာပြန်သည်။ ထိုအချိန်တွင် အဆောက်အအုံနောက်ဘက်သို့ ကက်သရင်း တွားသွားပြီး ရောက်သွားခဲ့ပြီဖြစ်သည်။ ထိုနေရာတွင် ဆေးအသစ်သုတ်ပြီးခါစ တံခါးများရှိနေပြီး ကက်သရင်းအတွက် ဘေးကင်းသွားသလိုရှိသည်။ လူသတ်သမားသည် ပထမတံခါးတွင်ရှာသည်။ မတွေ့။ ဒုတိယတံခါးတွင် လှေကားခြေရင်းကြမ်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်နေသောသူ့ကို တွေ့သွားချေပြီ။ တတိယအကြိမ်မြောက် ဓားနှင့်ကိစ္စတုံး သတ်လိုက်တော့သည်။

ရဲစခန်းသို့ ဖုန်းဝင်လာသောအချိန်မှာ မနက် ၃ နာရီ မိနစ် ၅၀ဖြစ်နေပြီ။ ရဲများနှစ်မိနစ်အတွင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက် သွားသည်။ လမ်းပေါ်မှာ အသက် ၇၀ အရွယ် အဘွားတစ်ယောက်နှင့်အခြားမိန်းမတစ်ယောက်သာရှိနေသည်။ အခြားမည်သူမှ မရှိ။ ထိုလူသတ်မှုကို လူပေါင်း သုံးဆယ့်ခုနစ်ယောက်က မျက်မြင်သက်သေဖြစ်ခဲ့ကြသော်လည်း မည်သူမျှ ရဲကိုဖုန်းဆက်မခေါ်ခဲ့ကြ။ အကယ်၍ ပထမအကြိမ်၊ သို့မဟုတ် ဒုတိယအကြိမ် လူသတ်သမားပြန်လာတုန်းကသာ လူပေါင်း သုံးဆယ့်ခုနစ်ယောက်ထဲကများ တစ်ယောက်တလေက ဖုန်းဆက်ခေါ်ခဲ့လျှင် ရဲများ နှစ်မိနှစ်အတွင်းရောက်လာပြီး ကက်သရင်း၏ အသက်ချမ်းသာရရန်အကြောင်း ရှိသည်။ အခုတော့... “ကိုယ်နှင့်မဆိုင်လို့” ဟူသော အကြောင်းပြချက်တစ်ခုကြောင့် လူတစ်ယောက်မသေသင့်ဘဲ သေဆုံးခဲ့ရသည်။

ကိုယ်နှင့်မဆိုင်ဘူးဆိုတဲ့စိတ်ကျွန်တော်တို့ဆီမှာတော့ ဒီလောက်အထိ မဆိုးဝါးပါဟုစောဒက တက်နိုင်ပါသည်။ သို့သော်လည်း ဖြစ်ရပ်(၁)နှင့်ဖြစ်ရပ်(၂)ကို ပြန်လည် စဉ်းစားစေလိုပါသည်။ ရုပ်ရှင်ရုံထဲမှာသူများသမီးရည်းစားချင်း ဘာဖြစ်ဖြစ် ကိုယ်နှင့်မဆိုင် ဆိုသည့်စိတ်၊ဘတ်စ်ကားစပယ်ယာက အခြားခရီးသည်တစ်ယောက်ကိုမောင်းချခြင်းသည် ကိုယ်နှင့်မဆိုင်ဟူသောစိတ်သည် ဖြစ်ရပ်(၃) တွင်ကက်သရင်းကို သေစေခဲ့သော လူပေါင်း သုံးဆယ့်ခုနစ်ယောက်၏တာဝန်မဲ့မှုမျိုးသာဖြစ်ပါသည်။

ဓလေ့အမြင်ဆိုင်ရာ အကြမ်းဖက်မှု Cultural Violence ဆိုသော စကားလုံးကို သိပ်မကြာခင်ကမှ ထုတ်ဝေထားသော ဆရာ မောင်မြင့်ဇော်၏ ‘မြန်မာ့လူဘောင်အပြောင်းအလဲအတွက် အရေးကြီးတဲ့စကားလုံး ၁၀၀’ ဆိုသောစာအုပ်တွင် စတင်ရင်းနှီးရပါသည်။ အကြမ်းဖက်မှုများကို ‘ပုံမှန် ဟုသာ သဘောထားခြင်း၊ တရားမျှတသည် ထင်မြင်ခြင်း၊ ဝေဖန်ဆန်းစစ်သည့်အမြင် ကင်းမဲ့သွားစေခြင်း အခြေအနေတို့ကို ဓလေ့အမြင်ဆိုင်ရာအကြမ်းဖက်မှု (Cultural Violence) ဟု ရည်ညွှန်းသည်’ ဟု ဆရာက အနက်ဖွင့်ထားပါသည်။ အကြမ်းဖက်မှုများကို ကြုံရသည့်အခါ မိမိဝင်စွက်ဖက်ရန် အခြေအနေမပေးသည့်အခါမျိုး၊အကြမ်းဖက်သူသည် မိမိနှင့် အားမတန် (ပါဝါမတူ) သည့်အခါမျိုးခဏခဏကြုံလာရသည့်အခါ အမှန်တရားဘက်မှ ရပ်တည်ချင်စိတ်လျော့နည်းသွားတတ်ခြင်းဖြစ်သည်။ ဖြစ်ရပ်တစ်ခုကို မှားသလား၊မှန်သလား ဝေဖန်ပိုင်းခြားခြင်းမရှိတော့ဘဲ မိမိနှင့်မဆိုင်ဟု သဘောထားလိုက်ခြင်းဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သော ဖြစ်ရပ်(၁)နှင့် ဖြစ်ရပ်(၂)တို့က ကျွန်ုပ်တို့လူ့အဖွဲ့အစည်းတွင် Cultural Violence အမြစ်တွယ်နေသည်ကို လှစ်ဟပြနေကြသည်။ တကယ်ဆို ဖြစ်ရပ် (၁)တွင်ရုပ်ရှင်ရုံထဲ၌ ရှိနေသူများ သူများသမီးရည်းစားမှန်သော်လည်းမိန်းကလေးမှာ တစ်ဖက်သတ်အနိုင်ကျင့်ခံနေရသလား၊ အလိုမတူဘဲနှင့် အခွင့်အရေး ယူမှုခံနေရသလား စသဖြင့် စဉ်းစားသင့်သည်။ အကယ်၍ အနိုင်ကျင့်နေခြင်းမှန်ပါက အားနည်းသည့်မိန်းကလေးဘက်မှ ၀င်ပါသင့်သည်။ ဖြစ်ရပ်(၂) တွင် ကားပေါ်၌ပါလာသောသူများသည်လည်း စပယ်ယာတစ်ယောက်အနေနှင့်ခရီးသည်ကို မောင်းချသင့်သလား၊ တစ်ရာတန်သည့်လမ်းခရီးကိုနှစ်ရာတောင်းခြင်းသည် မှန်ကန်သော အပြုအမူဖြစ်သလားစသဖြင့် ဆင်ခြင်သင့်၊ ၀င်စွက်ဖက်သင့်ပါသည်။ ယခုတော့ထိုသို့မဟုတ် အကြမ်းဖက်အနိုင်ကျင့်မှုကို ဖြစ်နေကျကိစ္စ၊ လက်ခံနိုင် သောကိစ္စအဖြစ်သဘောထားပြီး ဘာသိဘာသာနေခဲ့ကြသည်။ ဒါကိုထောက်ရှုလျှင် မြန်မာ့လူဘောင်အဖွဲ့အစည်းမှာလည်း အတိုင်းအတာတစ်ခုအထိ Cultural Violence ရှိနေကြောင်း သိနိုင်သည်။

ထိုကဲ့သို့ ကျွန်ုပ်တို့ လူ့ဘောင်အဖွဲ့အစည်းတွင် Cultural Violence ခေါ် အကြမ်းဖက်မှုကိုလက်ခံနိုင်သည့် အလေ့အထုံ စွဲနေခြင်းမှာ မကောင်းသည့်လက္ခဏာဖြစ်ပြီး ငြိမ်းချမ်းသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် လုံးဝမရှိသင့် မရှိအပ်သောအရာဖြစ် ပါသည်။

အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုများကို (ကိုယ်ဝင်ကူလိုက်လျှင်ဖြစ်နိုင်ပါလျက်နှင့်) ကိုယ်နှင့်မဆိုင်ဟု သဘောထားခြင်းသည် တာဝန်မဲ့ခြင်း၊ သွယ်ဝိုက်သောနည်းဖြင့် နိုင့်ထက်စီးနင်းမှုကို အားပေးအားမြှောက်ပြုခြင်း၊ သွယ်ဝိုက်သောနည်းဖြင့် မတရားမှုတစ်ခုကို ပါဝင်ကျူးလွန် ခြင်းဖြစ်ပေသည်။

စာဖတ်သူမိတ်ဆွေ... သင်သည်ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူ၊တရားဥပဒေစိုးမိုးခြင်းကို ယုံကြည်ကိုးစားသူ၊ လူသားချင်းစာနာမှုကို တန်ဖိုးထားသူတစ်ယောက်အနေဖြင့် ကျွန်ုပ်တို့၏လူ့ဘောင်အဖွဲ့အစည်းကို အရုပ်ဆိုး အကျည်းတန်စေသည့် အကြမ်းဖက်မှုများ၊ အနိုင်ကျင့်မှုများကို သင်ကိုယ်တိုင် မသိလိုက်မသိဘာသာ ခွင့်မပြုမိစေဖို့အရေးကြီးသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ငြိမ်းချမ်းရေးကိုကျွန်ုပ်တို့ ကိုယ်တိုင် တည်ဆောက်ရန်လိုအပ်ပါသည်။

လတ်ငြိမ်း

စာကိုး (၁) 37 who saw murder didn’t call the police by Martin Gansberg
         (၂) မြန်မာ့လူ့ဘောင်အပြောင်းအလဲအတွက် အရေးကြီးတဲ့စကားလုံး ၁၀၀ (ရေး-မောင်မြင့်ဇော်)

No comments: