မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပြတ်နေသေးသော ကွင်းဆက် တစ်ခုမှာ ပညာသည် ဖြစ်သည်။ အလုပ်လုပ်လျှင် ကျွမ်းကျွမ်း ကျင်ကျင် သေသေသပ်သပ် စေတနာပါပါဖြင့် လုပ်တတ် ကိုင်တတ်သူသည် Professional၊ ပညာသည် ဖြစ်သည်။ ထိုသို့ အကောင်းဆုံး လုပ်ကိုင်ခြင်း၊ လုပ်ကိုင်ခြင်းကို မြတ်နိုးခြင်းသည် ပညာသည် ပီသခြင်း သို့မဟုတ် ပညာသည် ဝါဒ ဖြစ်သည်။
ပီပီပြင်ပြင် သေသေသပ်သပ် စေတနာပါပါ လုပ်တတ်ကိုင် တတ်သည့်အကျင့် မွေးမြူပေးရေး၊ တစ်နည်း ပညာသည်များ ပေါ်ထွန်း လာရေးသည် မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့နှင့် တန်းတူ အရေးကြီးသည်။ “ပညာသည်” သည် အလုပ်ကို ကျွမ်းကျင်သည်။ မတတ်မသိသေး လျှင်လည်း မိမိဘာသာရပ်၊ အလုပ်အကိုင်ကို သိအောင်၊ တတ်အောင် အဘက်ဘက်က လေ့လာ ဆည်းပူးခြင်းဖြင့် သူသည် ပိုင်နိုင်ကျွမ်းကျင် လာသည်။
ပညာသည်ဝါဒ ကြီးစိုးသောနိုင်ငံတွင် ဝန်ဆောင်မှု၊ ကုန်ပစ္စည်းတို့ အရည်အသွေး မြင့်မားသည်။ အောင်မြင်သော နိုင်ငံတိုင်းတွင် ပညာသည် ဝါဒ ကြီးစိုးသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။ နိုင်ငံများ အောင်မြင် ရခြင်း အကြောင်းရင်းကို လိုက်လံတူးဆွ သုတေသန ပြုကြည့်လျှင် အခြေခံအုတ်မြစ် တစ်ရပ်အဖြစ် ပညာသည်ဝါဒကို မြင်တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ် စသည့် နယ်ပယ်အသီးသီးတွင် ပညာသည်ဝါဒ ကိန်းအောင်းပါမှ နိုင်ငံအခြေမြင့် အနေမြင့်လာမည်။
တိုင်းပြည်တစ်ပြည်တွင် ပညာသည် များလာအောင် နိုင်ငံအစိုးရ က စနစ်တကျ မြှင့်တင်ပေးနိုင်သလို တိုင်းသူပြည်သား တစ်ဦးချင်းစီ ကလည်း မိမိလုပ်ကိုင်ရသည့် အလုပ်တာဝန် တို့ကို ပီပီပြင်ပြင် သေသေ သပ်သပ် စေတနာပါပါ ဆောင်ရွက်ခြင်းဖြင့် ပညာသည် ဖြစ်လာမည်။ မိမိအလုပ်ခွင်၊ မိမိမိသားစု၊ မိမိ၏ဖောက်သည် အကျိုးခံစားရပြီး မိမိကဲ့သို့ တစ်ယောက်ကစ တစ်ရာဖြစ်လာလျှင် ပညာသည်ဝါဒ ထွန်းကားလာမည်။
အလုပ်ကို ပြီးစလွယ်လုပ်ခြင်းသည် လူတစ်ကိုယ်ရေ ကြီးပွားရေး ရော နိုင်ငံကြီးပွားရေး အတွက်ပါ ကြီးမားသော အဟန့်အတားဖြစ် သည်။ အရည်အသွေးသည် သာမည၊ အရေအတွက်ကို အဓိကထား ခြင်းသည် ပညာသည်ဝါဒ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ မြန်မာ့ သမိုင်း အစ ကံရာဇာကြီး၊ ကံရာဇာငယ်တို့ ထီးနန်းအရိုက်အရာ ဆက်ခံရန် စေတီတော်ပြိုင်တည်ကြပုံကို သမိုင်းတွင် ကျွန်တော်တို့ ငယ်စဉ်က သင်ကြားခဲ့ရသည်။ ကံရာဇာကြီးက အုတ်၊ ကျောက်တို့ဖြင့် စနစ်တကျ တည်သောကြောင့် အောက်ခြေ အဆင့်သာ ပြီးချိန်တွင် ကံရာဇာငယ်က ဝါး၊ ငြမ်းတို့ဖြင့် ပုံဖော်ပြီး ဝါးထရံရက်၊ ထုံးသုတ်၊ ထုံးသင်္ကန်းကပ် လိုက်သောကြောင့် အမြန်ပြီးသည်ဟု သတ်မှတ်ခံရကာ ထီးနန်းရသွား ခဲ့သည်။ ထိုအတိုင်းသာမှန်လျှင် မြန်မာ့သမိုင်းသည် ချီကတည်းက ယဉ်သကိုဖြစ်ခဲ့သည်။ သေသေသပ်သပ် စနစ်တကျ လုပ်ကိုင်သူ နောက်ကောက်ကျပြီး ပြီးစလွယ်သမား ရှေ့ရောက်ခြင်းသည် အစဉ်အလာ ဖြစ်ခဲ့သည့် သဘော။ တစ်ဖန် ယင်းသို့ ပြီးစလွယ်သမား ကို သူရဲကောင်းသဖွယ် ထက်မြက်လေခြင်းဟု ဆက်လက် အမွှမ်းတင်နေခြင်းသည် နောင်လာနောက်သားတို့ အတုယူ မှားသွားနိုင်သဖြင့် အန္တရာယ် ကြီးလှသည်။
ကံရာဇာကြီး ကံရာဇာငယ် ကြောင့်လေလော၊ မည်သည့်အကြောင်း ကြောင့်လေလော မသိ၊ မြန်မာနိုင်ငံတွင် ပညာသည်ဝါဒ မထွန်းကား။ သေသေသပ်သပ် စေတနာပါပါ လုပ်ကိုင်သူကို လူအဟု သတ်မှတ်လို ကြသည်။ ပြီးစလွယ် အလွယ်လမ်း လိုက်သူများခြင်းကြောင့် အရည် အသွေးနိမ့်ကျခြင်းသည် အစဉ်အလာ တစ်ရပ်ဖြစ်လာပြီး အရည်အသွေး ကို ပေးရသည်နှင့် တန်အောင် လိုချင်သူများကို ရစ်သည်ဟု အထင်ခံရ သည်။ အရည်အသွေးမြင့်အောင် လုပ်ငန်းခွင် အတွင်း စနစ်တကျ ကြပ်မတ် သူများကိုလည်း ဦးတိကျ၊ ဒေါ်တိကျများဟုလည်းကောင်း၊ ရစ်သည်ဟု လည်းကောင်း၊ စာအုပ်ကြီးသမားများ ဟုလည်းကောင်း ကဲ့ရဲ့စကား တင်းဆိုကြသည်။
ပညာသည် ဝါဒသည် နိုင်ငံ့ စီးပွားရေးနှင့် တိုက်ရိုက်ဆက်စပ် သည်။ မသေမသပ် လုပ်ကိုင်နေသရွေ့၊ အလုပ်ကို တန်ဖိုးမထားသရွေ့ အရည်အသွေးနိမ့် ကုန်တို့သာ ထုတ်လုပ်နိုင်မည်။ အာရှတိုက်၏ စပါးကျီဟု နာမည်ကြီးခဲ့ပြီး လယ်ယာစိုက်ပျိုးရေး နယ်ပယ်တွင် တိုင်းပြည်၏ လူဦးရေအများစု ရှိနေသော မြန်မာနိုင်ငံက အခြားနိုင်ငံ များသို့ ပို့သောဆန်သည် အညံ့စားဆန်ဖြစ်ပြီး ဈေးအနိမ့်သာ ရသည်။ ထိုင်း၊ ဗီယက်နမ်တို့မှ ပို့သောဆန်များသည် အရည်အသွေးမြင့် ဆန်များအဖြစ် နာမည်ကျော်သလို ဈေးလည်းမြင့်သည်။
ပညာသည်တို့သည် သူတို့ကို ယုံကြည် အပ်နှံလိုက်သော အလုပ်မှန်သမျှ၊ တာဝန်မှန်သမျှကို အကောင်းဆုံး ဆောင်ရွက်ရန် ကြိုးစားကြသည်။ သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မိမိတာဝန် ယူရသည်ဆိုလျှင် အသေးစိတ် ဂရုစိုက်သည့်အတွက် လုပ်ဆောင် သမျှ သည် အလုပ်အပ်သူ ပြန်လှည့်ကြည့်ရန် မလိုလောက်အောင်ပင်။ အလုပ်နှင့် ပတ်သက်သမျှ ထောင့်စေ့အောင် လေ့လာထား သဖြင့် ဖြစ်ပေါ်လာသော အခက်အခဲ မှန်သမျှကိုလည်း ဖြေရှင်းနိုင်ကြသည်။
အလုပ် ကျွမ်းကျင်ရုံမျှမက အလုပ်နှင့် ပတ်သက်သည့် ကိုယ်ကျင့် တရားကို ခါးဝတ်ပုဆိုး ကဲ့သို့မြဲအောင် ပညာသည်တို့ ထိန်းသိမ်း ထားကြသည်။ လျှာပေါ်မြက်ပေါက် သာခံမည် မိမိအပေါ် အလုပ်ခွင်က ထားသော ယုံကြည်မှုကို အလွဲသုံးစား မပြုသည်မှာ ပညာသည် တို့၏ စရိုက်ဖြစ်သည်။ မိမိအား အလုပ်အပ်နှံသူက ယုံကြည်သောကြောင့် စိတ်ချထားသည့် လျှို့ဝှက်ချက်ကို ပြိုင်ဘက်ထံ သို့ မရောက်ရှိအောင် ထိန်းသိမ်းကြသည်။ မိမိအလုပ်ထွက်ပြီး နောက်အလုပ်သို့ ရောက်လျှင် ယခင်အလုပ်၏ လျှို့ဝှက်ချက် များကို လက်ရှိ အလုပ်ခွင်သို့ လွှဲပြောင်း ခြင်းမပြု။ မိမိအလုပ်ကို လုပ်ကိုင်ရာတွင် အလုပ်အပ်သူ မသိနိုင်ဟု ဆိုကာ အရည်အသွေးကို လျှော့ခြင်း၊ ခိုခြင်း မပြုကြဘဲ အလုပ်ထဲသို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ထည့်ဝင်ကြသည်။
ပညာသည်သည် မိမိ၏ ခံစားချက်တို့ အလုပ်သို့ ကူးစက် မလာအောင် ထိန်းချုပ်နိုင်သူဖြစ်သည်။ ”ငိုချင်ရက်နဲ့ ဇာတ်ကွက်ကိုစ ရယ်လိုက်ရတယ်။ ရယ်ချင်ရက်နဲ့ ဇာတ်ကွက်ကိုကြား ငိုလိုက်ရတယ်” ဆိုသည်မှာ ဇာတ်သဘင် အတွက်ဟု ထင်ရသော်လည်း Professional ပီသသူကို ရည်ညွှန်းခြင်းဖြစ်သည်။ ဖခင်ဆုံးသော်လည်း၊ ပူဆွေးသော် လည်း လုပ်ငန်းခွင်တွင် အရေးကြီးသည့် အချိန် ရောက်နေသောကြောင့် ထိုစိတ်ကို အသာထားပြီး မိမိအလုပ်ကို တာဝန်ကျေအောင် လုပ်ကိုင် နိုင်ကာ အိမ်ရောက်မှ ချုံးပွဲချ ငိုချင် ငိုမည်။ မှတ်မှတ်ရရ ပရီးမီးယားလိဂ်မှ ဘောလုံးသမား တစ်ဦးဟု ထင်သည်၊ ဖခင် အဝေးတွင် ရုတ်တရက် ဆုံးပါးသွားကြောင်း သိရချိန်တွင် အရေးကြီးပွဲ ကစားရမည်။ ထိုပွဲတွင် ပြောင်ပြောက်မြောက်မြောက် ကစားရင်း ဂိုးပင် သွင်းလိုက်နိုင်သည်။ ထိုဂိုးသည် ဖခင်အတွက် ဂုဏ်ပြုသည့်ဂိုးဟု ကြေကွဲသော်လည်း သူ ဂုဏ်ယူခဲ့သည်။
မိမိ၏ စိတ်ခံစားချက်သည် မိမိ တာဝန်ယူထားသော အလုပ်ကို လွှမ်းမိုး ထိခိုက်မှုမရှိစေရန် ကွပ်ကဲနိုင်ခြင်းသည် ပညာသည်တို့၏ စရိုက်လက္ခဏာတွင် တစ်ပါး အပါအဝင်ဖြစ်သည်။ လူသည် ခံစားချက် ရှိသောသတ္တဝါ ဖြစ်သည့်အတိုင်း ခံစားချက် စေစားရာ နောက်သို့ လိုက်ပါ တတ်သည့် အရိုင်းစိတ်ရှိမြဲ။ သို့သော် ပညာသည် ပီသသူမှာမူ စိတ်ဆင်ရိုင်းကို ချွန်းအုပ်ပြီး မိမိအလုပ်ကို မိမိ အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်နိုင်စွမ်း ရှိသည်။ ယင်းကိုပင် စိတ်ခံစားမှု ဉာဏ်ရည် ညွှန်းကိန်းမြင့်သည် (High Emotional Quotient) ဟု ဆိုကြခြင်း ဖြစ်သည်။ ပညာသည် ပီသသူတို့သည် စိတ်ခံစားမှုဉာဏ်ရည် ညွှန်းကိန်း မြင့်လေ့ရှိသည်။
အလုပ်ကို သေသေသပ်သပ် ပိုင်ပိုင်နိုင်နိုင် စေတနာပါပါ အားထည့် လုပ်ကိုင်သူများ ပေါများ၊ ပညာသည်ဝါဒ ထွန်းကားရေးသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အသက်သွေးတမျှ အရေးကြီးသည်။ ပညာသည်ဝါဒ ဒီရေမြင့် တက်လာသည်နှင့် အမျှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး တို့သည်လည်း မှန်းသလောက် ရှေ့ရောက်မည်။
Ref By - http://maukkha.org
No comments:
Post a Comment