Monday, March 25, 2013

ပဲထမင်း အမဲသားနှပ် နဲ့ သရက်ချဉ်သုပ်


ပဲထမင်း၊အမဲသားနှပ်၊ငါးလေးအိုးကပ်၊ဘူးသီးဟင်းချို၊သရက်ချဉ်သုပ်
ထောပတ်နံ့လေးသင်းနေတဲ့ ပဲထမင်း၊ တစ်ချက်ကိုက်တာနဲ့ နူးအိသွားတဲ့အမဲသားနှပ်၊ ကြက်ရိုးကြက်ခေါင်းလေးတွေနဲ့ ချိုနေတဲ့ ဘူးသီးဟင်းချို၊ သရက်ချဉ်သုပ်ကောင်းကောင်းလေးကို ထမင်းမြိန်ဖွယ်ဟင်းအတွဲအစပ်အဖြစ် တင်ဆက် လိုက် ပါတယ်။ City FM ရဲ့ City Sharp အစီအစဉ်ကဟင်းအတွဲအစပ်ကိုကြားမိလိုက်လို့ဖြစ်ကြောင်းပါ။

ပဲထောပတ်ထမင်း
ပါဝင်သောပစ္စည်းများ
ဆန် နို့ဆီဗူးလေးလုံး၊ ထောပတ် ၂၅ကျပ်သား၊ ဆီ ၂ကျပ်သား၊ ကုလားပဲ ၁၀ကျပ်သား၊ ကြက်သွန်နီ ၄ လုံး၊ ကရဝေး ၃ရွက်၊ သစ်ကြံပိုးခေါက် ၁ခု၊ သကြား ထမင်းစားဇွန်း ၁ဇွန်း၊ ဆား အနည်းငယ်

ချက်ပြုတ်နည်း
ပဲကို မနူးတနူးပြုတ်ပါ။
ဆန်ကို ရေစင်အောင်ဆေးပါ။
မီးဖိုပေါ်တွင် အိုးတင်၍ ထောပတ်နှင့်ဆီကိုထည့်ပါ။ ဆီပူလာလျှင် ကရဝေးရွက်ထည့်၍ ဆီသတ်ပါ။
ပြီးလျှင် ဆန်နှင့်ပဲကိုထည့်၍ မွှေပါ။
ဆားအနည်းငယ် ထည့်ပါ။ သကြားထည့်ပါ။
ဆန်ကို အိုးတစ်ခု၌ ညီအောင်ခင်းထည့်ပြီး ရေလက်တစ်ဆစ်မြုပ်အောင် ထည့်တည်ပါ။ ဆန်နပ်ခါနီးတွင် နပ်၊မနပ်ကြည့်၍ မနပ်သေးပါက ရေအနည်းငယ်တောက်ပေးပြီး ကြက်သွန်နီ ၄ဥကို အခွံသင်၍ လေးစိတ် စိတ်ထည့်ပါ။ အဖုံးပြန်အုပ်လိုက် ပါ။ အနံ့သင်းလာပါက မီးဖိုပေါ်မှ ချနိုင်ပါသည်။
(တစ်ချို့ကတော့ ပဲကိုရေစိမ်ထား၊ ထမင်းပေါင်းအိုးထဲမှာ ဆန်နဲ့အတူရောထည့်ပြီး ချက်တတ်ပါသေးတယ်)

အမဲသား(သို့မဟုတ်)ဆိတ်သားကဘတ်
အမဲသား/ဆိတ်သား ၅၀ကျပ်သား၊ ဆီ ၁၀ကျပ်သား၊ ကြက်သွန်နီ ၆ဥ၊ ကြက်သွန်ဖြူ ၃ဥ၊ ချင်း လက်တစ်ဆစ်ခန့်၊ ခရမ်းချဉ်သီး ၁၀ကျပ်သား၊ မဆလာ အသေးတစ်ထုပ်၊ငရုတ်သီးစိမ်း ၅တောင့်၊ဒိန်ချဉ်(ဇွန်းကြီး) ၂ဇွန်း၊ ဆား၊နနွင်း သင့်ရုံ

ချက်ပြုတ်နည်း
အသားကို အရွယ်တော်အတုံးများတုံး၍ ဆား၊နနွင်း၊ဒိန်ချဉ်တို့ဖြင့်နယ်၍ တစ်နာရီခန့်နှပ်ထားပါ။
ချင်း၊ကြက်သွန်ဖြူ/နီတို့ကို ညက်ညက်ထောင်း၍ ဆီသတ်ပြီးအသားများကိုထည့်မွှေပါ။
ရေအနည်းငယ်ထည့်ကာ မီးအေးအေးဖြင့် နှပ်ပါ။
အသားများနူးမှ ကြက်သွန်နီအကွင်းလိုက် ထူထူလှီးပြီးသား၊ ခရမ်းချဉ်သီးအကွင်းလိုက်နှင့် ငရုတ်သီးစိမ်း ထက်ပိုင်းချိုး တို့ကို ထည့်ပါ။
မဆလာအုပ်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ မနွမ်းခင်ချပါ။
(အသားအနုအရင့်ပေါ်မူတည်ပြီး ချက်ချိန်ကွာပါတယ်။ တချို့ကတော့ Pressure Cooker နဲ့ချက်တတ်ပါတယ်)

ငါးသလဲထိုးအိုးကပ်
ပါဝင်သောပစ္စည်းများ
ငါးသလဲထိုး(ငါးသေးသေး) - သုံးဆယ်သား၊ ကြက်သွန်နီ ၂ဥ၊ ကြက်သွန်ဖြူ ၁၀မြွှာ၊ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်၊ ဆား၊သကြား၊ငံပြာရည်၊နနွင်း - အနည်းငယ်စီ၊ ပင်စိမ်းရွက် (သို့) ရှမ်းနံနံ သင့်ရုံ၊ ဆီ ခုနစ်ကျပ်ခွဲသား။

ပြင်ဆင်ချက်ပြုတ်ပုံ
ပထမဆုံး ငါးသလဲထိုးကလေးများကို အရိအရွဲများစင်အောင် ဆားနဲ့ပွတ်နယ်ပြီး ရေစင်အောင်ဆေးပါ။ ပြီးလျှင် ဆား၊ သကြား၊ငံပြာရည်၊နနွင်းတို့နဲ့ သမအောင်နယ်ပါ။ ကြက်သွန်အနီ၊အဖြူတို့ကို အခွံနွှာ၍ ညက်အောင်ရောထောင်းပါ။ ပြီးရင် ဆီပူအိုးထဲတွင် ကြက်သွန်အနှစ်နဲ့ ငရုတ်သီးအစိမ်းမှုန့်ကို ဆီသပ်ပါ။ ကြက်သွန်များရွှေဝါရောင်သန်းလာရင် ငါးများ ထည့်မွှေပါ။ နှစ်မိနစ်ခန့်နေလျှင် ရေအနည်းငယ်သာထည့်ပြီး အဖုံးအုပ်တည်ပေးပါ။ ငါးသေးသေးလေးတွေဖြစ်လို့ အကျက်မြန်ပါတယ်။ ဟင်းအိုးဆီပြန်လို့ တဖျစ်ဖျစ်မြည်လာရင် ပင်စိမ်းရွက်ကိုခြွေ၍ ရေဆေးကာ ဟင်းအိုးထဲ အုပ်ခတ် လိုက်ပါ။ ပင်စိမ်းနံ့လေး မွှေးပျံ့နေတဲ့ ငါးသလဲထိုးအိုးကပ်ဟင်းလေးက အိမ်သားများ ထမင်းမြိန်စေမယ့် ဟင်းတစ်မျိုးပါပဲ။

ဘူးသီးဟင်းချို
ဘူးသီးနုနု ၁စိတ်( ခပ်နုပ်နုပ်လှီးပြီး ရေဆေးထားပါ)၊ ပုစွန်ခြောက်မှုန့် - စားပွဲတင်ဇွန်း ၂ဇွန်း၊ ကြက်သွန်ဖြူ ၁၀မြွှာ(မညက်တညက်ထောင်းပါ)၊ ဆား၊ငံပြာရည် အနည်းငယ်၊ ကြက်သားမှုန့် သင့်ရုံ။
အနေတော် အိုးတစ်လုံးထဲတွင် အထက်ပါပစ္စည်းများ အားလုံးနှင့်ရေကို သင့်တင့်ရုံထည့်ပြီး ဟင်းရည်ပွက်ပွက်ဆူတဲ့အထိ တည်ပေးပါ။ ဟင်းရည်ဆူပွက်ပြီး ဘူးသီးနူးလာလျှင် အရသာမြည်းကြည့်ကာ မီးဖိုပေါ်မှချလို့ရပါပြီ။
(အိုးထဲပါဝင်ပစ္စည်းတွေထည့်သောအချိန်မှာ တချို့က ကြက်ခေါင်း ကြက်ရိုးတွေကိုသန့်စင်ကာ ရေစင်အောင်ဆေးပြီး ထည့်လိုက်တတ်ပါတယ်)

သရက်ချဉ်သုပ်ကတော့ ခပ်လွယ်လွယ်မို့ အသေးစိတ်မရေးပြတော့ပါဘူး။ သရက်ချဉ်အမျှင်လေးတွေအရမ်းစေးကပ်ပြီး ချဉ်နေရင်တော့ ရေနည်းနည်းဆေးပြီးသုပ်ပါ့မယ်။ မချဉ်တချဉ်ဆိုရင်တော့ စားသုံးသူ့အကြိုက်ကိုလိုက်ပြီးသုပ်ကြပါတယ်။ သရက်ချဉ်အမျှင်ဖတ်လေးတွေကိုရေးဆေး ပန်းကန်ထဲထည့် ကုလားပဲကျက်မှုန့်အနည်းငယ် ကြိုက်ရင်ထည့်၊ ကြက်သွန်နီ ပါးပါးလှီးထားတာနည်းနည်းထည့်၊ မြေပဲဆန်လှော်ထောင်းထားတာကိုထည့် ဆား ဆီအနည်းငယ်ထည့် အချို့မှုန့်ကြိုက် ရင်ထည့်မွှေလိုက်ရင်ပြီးတာပါပဲနော်။

No comments: