Sunday, March 10, 2013

ခွေးတစ်ကောင်၊ လူတစ်ယောက်နှင့် ရွေးချယ်ပိုင်ခွင့်



ကျွန်တော့်သား ခပ်ငယ်ငယ်က ကျွန်တော့်ကို ပြောဖူးသည်။
''ခွေးလေးတစ်ကောင် အာကာသကို သွားရတယ်လို့ သတင်းစာထဲမှာ ပါလာတယ်''
''ဟုတ်တယ်ကွ''
 ''ကံကောင်းလိုက်တာနော်''
 ''ဟုတ်တယ်သားရဲ့။အချို့ခွေးတွေ ကြောင်တွေဟာ သူတို့သခင် သန်းကြွယ်သူဌေးကြီး သွားလေရာကို ပါသွားတယ်''
''တယ်ဟုတ်ပါလား''
 ''မှန်လုံကားတွေစီးရတယ်။ ဂျက်လေယာဉ်စီးပြီး နိုင်ငံခြားတိုင်းပြည်တွေကိုလည်း သွားရတယ်''
 ''တော်တော်ဟုတ်တဲ့ခွေးပဲ''
 ''ဟိုတယ်အကောင်းစားမှာ တည်း ခိုခွင့်လည်းရတယ်။ သူတို့အတွက် အမဲသားငါး အကောင်းစားတွေကို ပြင်ဆင်ပေးတယ်''

''အင်း၊ အားကျစရာကြီး''
 ''ဘာကြောင့်လဲသိလား''
''ခွေးကို ချစ်ကြလို့ပေါ့''
''ဟုတ်တယ်၊ ခွေးဟာ လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေလို့ ဆိုတယ်။ သူတို့ဟာ သခင်ကိုဘယ်တော့မှ သစ္စာမဖောက်ဘူး''
 ''ခွေးတွေဟာ သစ္စာရှိတယ်ပေါ့ ဟုတ်လား''
 ''ဟုတ်တယ်သား။ ဖေဖေ့ သူငယ်ချင်းပြောပြတဲ့ ဂျပန်နိုင်ငံ ရှိဘူယ(Shibuya)က ခွေးလေးဆိုရင် အင်မတန်သစ္စာရှိတဲ့ ခွေးလို့ ဂျပန်တွေက စံနမူနာထားကြတယ်။ ဒီခွေးကို ကြေးရုပ်လေးပါသွန်းပြီး ဘူတာမှာ ပြထားတယ်''
 ''ဘာတွေလုပ်ခဲ့လို့လဲ''
''ဘာမှလုပ်တာတော့ မဟုတ်ဘူး။ ဒီခွေးလေးဟာ အင်မတန်သစ္စာရှိတယ်။''
 ''ဟုတ်ကဲ့''


ခွေးဟာ လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေလို့ ဆိုတယ်။ သူတို့ဟာ သခင်ကိုဘယ်တော့မှ သစ္စာမဖောက်ဘူး''
 ''ခွေးတွေဟာ သစ္စာရှိတယ်ပေါ့ ဟုတ်လား''
 ''ဟုတ်တယ်သား။ ဖေဖေ့ သူငယ်ချင်းပြောပြတဲ့ ဂျပန်နိုင်ငံ ရှိဘူယ(Shibuya)က ခွေးလေးဆိုရင် အင်မတန်သစ္စာရှိတဲ့ ခွေးလို့ ဂျပန်တွေက စံနမူနာထားကြတယ်။ ဒီခွေးကို ကြေးရုပ်လေးပါသွန်းပြီး ဘူတာမှာ ပြထားတယ်''

''ဖြစ်ပုံက သူ့သခင်ဟာ တိုကျိုမြို့တစ်နေရာမှာ အလုပ်လုပ်တယ်။ သူအလုပ်သွားတဲ့အခါ သူရဲ့ခွေးလေးကို သူရထားစီးတဲ့ ရှိဘူယ ဘူတာကို လမ်းလျောက်ခေါ်သွားတယ်။ ခွေးလည်း လမ်းလျောက်ရ သူလည်းအဖော်ရပေါ့။ လမ်းမှာ ခွေးကိုသူက စကားပြောလိုက် ပြေးလိုက်နဲ့ ပျော်နေတယ်တဲ့။ ဘူတာရောက်တော့ ခွေးကို ထောင့်တစ်နေရာမှာ ထားခဲ့တယ်။ ခွေးလေးဟာ တစ်နေ့လုံး အိပ်နေလေ့ရှိတယ်။ ဘယ်သူ့ကိုမှ အနှောင့်အယှက်လည်း မပေးဘူးတဲ့။သူ့သခင် ပြန်လာတော့မှ ခွေးလေးဟာ သူ့သခင်ကို ကြိုတယ်။ ပြီးတော့ အတူ တူပြန်ကြတယ်။ ဒါပေမဲ့ တစ်ရက်မှာ သူ့သခင်ဟာ အလုပ်က ပြန်မလာနိုင်ခဲ့ဘူး။ သူ့သခင်က အလုပ်ထဲမှာ ကွယ်လွန်သွားလေသတဲ့။ ဘူတာမှာရှိတဲ့သူတွေဟာ ထောင့်မှာအိပ်နေတဲ့ ခွေးလေးကို သတိထားမိတယ်။ ဒီခွေးလေးဟာ သူ့သခင်ပြန်လာရင် ကြိုနေကျ၊ အိမ်ပြန်နေကျပဲဆိုတာကို အချို့သိတယ်၊ သူ့သခင်ပြန်မလာတော့ဘူး။ ဒါကို သတိထားမိတဲ့သူတွေဟာ ချစ်စရာခွေးလေးကို အစားတွေကျွေးပြီး တစ်နေရာရာကို ခေါ်သွားဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ခွေးလေးက ရေမသောက် ထမင်းမစားဘူး။ သူ့သခင်ပြန်လာရာလမ်းကိုပဲ မျော်နေသတဲ့။ လူတွေလာပြီး ခွေးလေးကို ကယ်ဖို့ ကြိုးစားပေမယ့် ခွေးလေးကတော့ ဘူတာကနေ တစ်ဖ၀ါးမှ မခွာဘူး။ နောက်ဆုံးမှာ ခွေးလေး သေဆုံးသွားတာပေါ့။ ဒီအကြောင်း ကိုလည်း မီဒီယာတွေမှာ ရေးကြတယ်။ ဒီအခါမှာ လူတွေက ဒီလောက်သစ္စာရှိတဲ့ခွေးကို ဂုဏ်ပြုသင့်တယ်လို့ စဉ်းစားပြီးခွေးလေးရဲ့ ကြေးရုပ်ကို ရှိဘူယ ဘူတာမှာ ထားရှိခဲ့တယ်။ ယနေ့မှာဆိုရင် သမီးရည်းစားတွေဟာ အဲဒီ ဘူတာမှာပဲ ချိန်းတွေ့ကြတယ်။ ခွေးလေးကို နမူနာယူဖို့တဲ့''

''အင်းအတော်လေးတော်တဲ့ ခွေးပဲ''
''တော်ပါတယ်သား''
 ''သားတောင် ဒီလိုခွေးဘ၀ အားကျရမလိုဖြစ်နေတယ်''
''ဟားဟား . . .''

ကျွန်တော် ရယ်တော့ သားက အူကြောင်ကြောင်နှင့် ကျွန်တော့်ကို ကြည့်နေသည်။
အေးလေ၊ လူတကာက အားကျကြမှာပဲ။ဒါပေမဲ့ ဒီခွေးလေး ကြောင်လေးတွေဟာ သူ့သခင်ခိုင်းတာကိုပဲ လုပ်ရတယ်။ သခင်က စားဆိုမှ စားရတယ်။ သခင်ကျွမ်းထိုးခိုင်းလည်း ထိုးရတယ်။ သခင်အပြင်က စိတ်ဆိုးလာတဲ့အခါတွေမှာ အကန်ခံလည်း ထိသေးတယ်။ ဒီတိရစ္ဆာန်တွေမှာ ဘာတွေ မရှိတာလဲသိလား။ 

''ဟင့်အင်း''
 ''လွတ်လပ်မှု'' ဟု သူ့ကို ကျွန်တော်က ခပ်တည်တည်ကြီး ပြောလိုက်ပါသည်။
''လွတ်လပ်မှုဆိုတာ ဘာလဲ။''
ကျွန်တော်စဉ်းစားပါသည်။ ကျွန်တော်တို့ငယ်ငယ်က လွတ်လပ်ရေးမရသေးပါ။ ကျွန်တော်ကျောင်းနေတဲ့ အရွယ်မှာမှ လွတ်လပ်ရေးရတာပါ။
ဒီတော့ လူတွေမှာ တကယ်ပဲ လွတ်လပ်မှုရှိရဲ့လား။

ကျွန်တော်က ဒီကိစ္စကိုအမေ့ကိုလည်း ဆွေးနွေးဖူးသည်။
“ ''ခွေးကလေးတွေ ကြောင်ကလေးတွေ ဒီလိုကောင်းကောင်းမွန်နေရ စားရတာသူတို့ရဲ့ အတိတ်ကံကြောင့်ပေါ့။''
''ဒါပေမဲ့ ဒီလိုတိရစ္ဆာန်တွေဖြစ်ရတာ ဘယ်ကောင်းပါ့မလဲ။''
 ''ဟုတ်တယ်သား သူတို့ဟာ ကုသိုလ်ကောင်းမှု လုပ်လို့မရဘူး။ နတ်ပြည်တို့ နိဗ္ဗာန်တို့ကို မရောက်နိုင်ဘူး။ သူတို့ဟာ လူပြန်ဖြစ်မှ ကုသိုလ်တွေ ပြုနိုင်တယ်။ သီလတွေကို စောင့်နိုင်တယ်ကွ၊ ဒါကြောင့် ရခဲတဲ့ လူ့ဘ၀မှာ ကောင်းမှုကုသိုလ်တွေ လုပ်ရတယ်။ ဘာကုသိုလ်တွေလဲ သားသိလား''
 ''သီလကုသိုလ်၊ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေပါ''

 ကျွန်တော်က အမေသင်ထားတာကို ပြန်ပြောတာပါ၊ အမေက သဘောကျပြီး
''ဒီအပတ်ဥပုသ်နေ့ အဘိုးဘုန်းကြီးကျောင်းကို လိုက်ခဲ့''

ကျွန်တော်ကြီးလာတော့ လူ့ဘ၀၏ ကြီးကျယ်မှုကို ကောင်းကောင်း သိလာပါသည်။
သားကို ထိုအကြောင်း ပြောပြပါသည်။
''သား လူနဲ့တိရစ္ဆာန် အင်မတန် ကွာတယ်။''

''သူတို့မှာ လူထက်သာတာတွေ အများကြီးရှိတယ် မဟုတ်လား။''

''လူထက်သာတာတွေ အများကြီးရှိတာပေါ့သား။ ဆင်ဆိုရင် အင်မတန် အားကြီးတယ်။ ကျားတို့ ကျားသစ် တို့ဆိုရင် အင်မတန် အပြေးမြန်တယ်။ခွေးဆို ရေကူးတတ်တယ်၊ သင်ပေးစရာမလိုဘူး။ စာဗူးတောင်းဆိုရင် အင်မတန်လှတဲ့ အသိုက်ကို ဆောက်တတ်ကြတယ်။''

''ဒါပေမဲ့အဖေ၊ လူတွေက ဘာကြောင့် တိရစ္ဆာန်တွေထက် သာတာလဲ''

''အသိဉာဏ်ပေါ့သားရယ်။ လူမှာ သင်ယူလို့ရတဲ့ ဦးနှောက်ရှိတယ်။အခြားသတ္တ၀ါတွေမှာ လူလောက် လက်ခံနိုင်တဲ့ ဦးနှောက်မရှိဘူး။ လူရဲ့ ဦးနှောက်က ဗလာဦးနှောက်လို့ ခေါ်တယ်။ ပုံမှန်အားဖြင့်တော့ သူရဲ့ဦးနှောက်ဟာ သင်ယူလို့ အင်မတန်ကောင်းတဲ့ အနေအထားမှာ ရှိတယ်။ဒါကြောင့် လူဟာ လောကကို အောင်နိုင်တာပဲ။''

''လူဟာ အလိုလိုတတ်တာ မရှိပေမယ့် ဦးနှောက်က သင်ယူနိုင်လို့ ပိုကောင်းတယ်ပေါ့ ဟုတ်လားအဖေ။''

 ''ဟုတ်တယ်၊ လူတွေဟာ ပတ် ၀န်းကျင်က မြင်သမျှကို သင်ယူလို့ရတယ်။ ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ ဆိုပြီးတော့ရှိတယ်။ လူတွေဟာ စကားပြောတတ်တယ်။ နောက်စာရေးလို့တတ်တယ်။ လူမျိုးအသီးသီးမှာ ဘာသာစကားအသီးသီး ရှိပေမယ့် ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေ ရှိလာတယ်။ခုလို Globalization ခေတ်မှာ ဆက်သွယ်ရေးဟာ အင်မတန် လွယ်လာတယ်။
ဥပမာ ဦးသိန်းစိန်ဟာ အမေရိကန်ပြည်ထောင်စု သွားတဲ့အခါ အမေရိကန်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့တယ်ဆိုပါတော့။ အင်္ဂလိပ် လို ပြောစရာမလိုဘူး။ မြန်မာလိုပဲ ပြောလို့ရတယ်။''

''သူတို့ မြန်မာလိုတတ်လို့လား''

''မတတ်ပါဘူး။ဒါပေမဲ့ ဘာသာ ပြန်သူတွေ ရှိတယ်။''

''ဒါဟာ မျက်နှာမငယ်ဘူးလား''

''မျက်နှာမငယ်ပါဘူး။ကိုယ့်ဘာသာစကား ကိုယ်ပြောတာပဲ၊ ကိုယ်ပြောချင်တာကို တိတိကျကျ ပြောလို့ရတယ်။ နောက်ပြီး ဘာသာပြန်သူတွေလည်း အလုပ်ရတာပေါ့။ ဒါပေမဲ့ နိုင်ငံရပ်ခြားစာ စကားသင်ကြားအပ်သည်မှတ်လို့ စကားပုံရှိတယ်။ လူဟာ ဘာသာလေးမျိုးလောက်ကိုတော့ လွယ်လွယ်တတ်နိုင်သတဲ့။''

''အင်း . . . ခွေးတွေတော့ စကားမတတ်ဘူး။ ကြက်တူရွေးတွေကော သူတို့ စကားပြောတတ်တယ် မဟုတ်လား''
''သူတို့က သင်ထားတာကို ပုံတူကူးတာပါ။ အဓိပ္ပာယ် နားမလည်ပါဘူး။လူနဲ့ မတူဘူးလေ။ လူတွေမှာ Language Skill ဆိုတာရှိတယ်။ မွေး စကလေး ဂျပန်မှာ သွားနေရင် ဂျပန်လိုတတ်တာပဲ။ တရုတ်မှာနေရင် တရုတ်လိုတတ်တာပဲ။''

''ဒါတွေဟာ ပညာလား''

 ''ပညာတော့ မဟုတ်သေးပါဘူး။ဒါပေမဲ့ ပညာရဲ့အစပေါ့။ရှေးကပညာရှိတွေက သူတို့ရဲ့ဒဿနတွေကို ဟောပြောတာပဲ၊ နောက်ပိုင်း စာတွေပေါ်လာတယ်။ ပုံနှိပ်စက်တွေ ပေါ်လာတော့ လူတွေဟာ ပညာကို စာကနေ အလွယ်တကူ လက်ဆင့်ကမ်းလို့ရတယ်။''

 ''ကျောင်းနေကြတာ ပညာရှာတာပေါ့နော်။''
''ဟုတ်တယ်။ ဒါနဲ့ ကမ္ဘာကြီးလည်း တိုးတက်လာတယ်။ ကွန်ပျူတာ အင်တာနက် မိုဘိုင်းဖုန်းတွေနဲ့ ဘယ်လောက် အဆင်ပြေကြလဲ။ သူတို့က အီလက်ထရွန်းနစ်တွေလုပ်ရင် တို့က စိုက်ပျိုးရေးတွေ လုပ်တာပဲ။
သူတို့က ပစ္စည်းတွေထုတ်ရင် တို့က ကုန်သွယ်တာပဲ။သူတို့က တို့ကို အထောက်အကူပြုသလို တို့ကလည်း သူတို့ကို အထောက်အကူပြုတာပဲ။ ဒါပေမဲ့ လူတွေဟာ ဒီလိုတစ်ယောက်နဲ့တစ်ယောက် ကူညီနေတာကို မေ့သွားပြီး စစ်ပြုနေတာတွေ အများကြီးရှိနေတယ်။''

''ဒါဆို ဘာလုပ်ရမလဲ။''
 ''မိမိကိုယ်ကို ပြန်ကြည့်တာပေါ့သား။ ဒါကို(Insight)လို့ ခေါ်တယ်။ဒီလိုမသိရင် အင်မတန်ခက်တယ်။''
သားတွေဝေနေသည်။

ယနေ့ နိုင်ငံခြားသား အမြောက်အမြားသည် မြန်မာနိုင်ငံ ဘုန်းတော်ကြီးကျောင်းများကို လာနေကြသည်။ သူတို့ ဘာလုပ်ကြလဲဆိုတာကို မေး ကြည့်တော့ “မိမိကိုယ်ကို ပြန်ကြည့်တာပါ(Insight)ကို ရှာသည်ဟု ပြောကြပါသည်။ သူတို့ တရားထိုင်သည်။ဘာဝနာပွားကြသည်။

မိမိကိုယ်ကိုယ် ရှာဖွေတွေ့သော အခါလွတ်လပ်မှု Freedom ကို ရသွားကြသည်။ငြိမ်းအေးသွားကြပါသည်။
ဒုက္ခတွေအကြား ပြင်ပက စစ်ပွဲတွေအကြား နေကြရသည်။ ကိုယ်တွင်းက စစ်ပွဲတွေလည်း ရှိပါသေးသည်။
ထိုစစ်ပွဲများအကြားတွင် လူ့ဘ၀ကို အထင်အမြင်သေးလာကြသည်။
လူဆိုတာ ခွေးလေးကြောင်လေးဘ၀လောက် အသုံးမကျဟု ထင်မိမှား ခဲ့ပါသည်။
ကောင်းမှုတွေအကြားနေပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ သိက္ခာရှိကြရင်...
တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကြရင်...
တစ်ယောက်ကို တစ်ယောက် အပြစ်မတင် အနိုင်မယူဘဲ မျှဝေကြရင်
လူ့ဘ၀ကို အလှအပဆုံးတည် ဆောက်နိုင်မည်သာ ဖြစ်သည်။

Written by ဒေါက်တာ ခင်မောင်ညို

No comments: