Wednesday, August 19, 2020

ခရုသင်းစွဲခြင်း

ခရုသင်းစွဲခြင်း


ခရုသင်းဆိုတာ အသားအရောင် မညီညာဘဲ အဖြူကွက်တွေ ပေါ်ပေါက်လာတာမျိုးကို ခေါ်ပါတယ်။ အင်္ဂလိပ်လို vitiligoလို့ သုံးပါတယ်။လက်တင်စကားမှာ "vitium"အကွက်၊အမှတ်လို့ အဓိပ္ပါယ်ရတယ်။"ligo"ဆိုတာ နောက်ဆက်စကား ပေါင်းစည်းခြင်း၊အကြောင်းရင်းပါ။ခရုသင်း၊ သမင်ဖြူ (Vitiligo) ဆိုသည်မှာ အရေပြားပေါ်တွင် သဘာဝအရောင်အချို့ (အမည်းရောင် ခြယ်ဆဲလ်များ)ချို့တဲ့သွားသော နာ တာရှည်အရေပြားရောဂါတစ်မျိုး ဖြစ်သည့်အတွက်ကြောင့် အရေပြား ပေါ်တွင် နို့နှစ်ရောင် (သို့မဟုတ်) အဖြူရောင်အကွက်များ ပေါ်လာ   ခြင်းဖြစ် သည်။

စာရင်းဇယားတွေအရ တကမ္ဘာလုံးမှာ ခရုသင်း(vitiligo)ဖြစ်သူ ၆၅သန်းလောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ဟာ ခရုသင်း ဖြစ်နေတယ်လို့ တွေ့ရှိရပါတယ်။ အမေရိကားတစ်နိုင်ငံထဲမှာကို ဒီလိုရောဂါသည်ပေါင်း ၂ သန်းလောက် ရှိနေပါတယ်။မိဘနှစ်ပါးအနက် တယောက်ယောက်မှာ ဒီရောဂါရှိရင် ကလေးငယ်မှာဖြစ်ဖို့ ၅-၁ဝရာခိုင်နှုန်း ရှိတာကြောင့် မျိုးရိုးလိုက်တယ် ယူဆကြတယ်။ ခုခံအားချင်းပြန်တိုက်တဲ့ ရောဂါရှိသူတွေမှာ ပိုတွေ့ရတယ်။ အသားလတ်သူထက် အသားမည်းသူတွေမှာ အဖြူကွက်တွေက ပိုထင်ရှားတယ်။ ဖြစ်လာရင် ပျောက်ဖို့ခက်ခဲတဲ့ အရေပြားရောဂါထဲမှာ ခရုသင်းရောဂါလည်း ပါဝင်ပါတယ်။

ခရုသင်း၊သမင်ဖြူကွက်တွေ ဘာ့ကြောင့် ဖြစ်လာရသလဲ

ခရုသင်းကို ဖြစ်စေတာက melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်း ချို့တဲ့လို့ပါ။
အရေပြားတထောက်စာမှာ အသားအရောင် ပြောင်းလဲမှုဟာ melaninခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကြောင့် ဖြစ်ပါတယ်။မယ်လနင်ဆိုတာကို အမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tyrosineကနေ ရရှိပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အရေပြားကို ကာကွယ်ဖို့ melaninခေါ်တဲ့ အမည်းရောင် ပစ္စည်းတမျိုးကို melanocytesခေါ်တဲ့ အရေပြားဆဲလ်တွေက ထုတ်ပေးရပါတယ်။ ဘာေ့ကြာင့်လဲဆိုတော့ နေရောင်မှာ ပါဝင်တဲ့ ဓာတ်ရောင်ခြည်တွေ၊ခရမ်းလွန်ရောင်ခြည်တွေကို မယ်လနင်(melanin)ဓာတ်က ကာကွယ်ပေးနိုင်လို့ပါ။ ခရုသင်းခေါ်တဲ့အရေပြားရောဂါမှာ ပြဿနာက မယ်လနင်(melanin)တွေ ချို့တဲ့တာ၊ပျက်ဆီးတာဖြစ်ပြီး အရေပြားကို အရောင်မခြယ်နိုင်တော့တာပါ။

လူ့ခန္ဓာ ကိုယ်၏ ကိုယ်ခံအားစနစ် လုပ် ဆောင်ချက် ချို့ယွင်းခြင်းနှင့် မျိုးရိုး ဗီဇတို့ကြောင့်ဖြစ်သည်။ ခုခံအားချင်း ပြန်တိုက်ခိုက်တဲ့autoimmune diseaseကြောင့်
T-lymphocyte တွေက ဖျက်ဆီးလို့ ဖြစ်စေနိုင်တယ်။ စိတ် ဖိစီးမှုများခြင်း၊ Chemical Agents နှင့် ထိတွေ့မှုများခြင်း ၊ ဗိုင်းရပ်စ်ပိုးမွှား များကြောင့်လည်း ဖြစ်တတ်ပါသည်။ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ phenolဓာတ်တမျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
 တခါတရံ အသားမစားသူတွေမှာ အဖြူကွက်ငယ်တွေ တွေ့ရတတ်ပေမယ့် နောက်ပိုင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။

ခရုသင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ဖြစ်စမှာ အဖြူကွက်တွေ ပေါ်မှန်းမသိ ပေါ်ပေါက်လာပါတယ်။ အများစုဟာ ယားတာ၊နာတာမျိုးမရှိတတ်ဘူး။ တခါတရံ ဖြစ်စမှာ ယားတာမျိုးတော့ ရှိနိုင်တယ်။အကွက်ငယ်ကနေ အကွက်ကြီးထိ အမျိုးမျိုး ဖြစ်နိုင်တယ်။ နေရာကွက်ပြီး ဖြစ်နိုင်သလို တကိုယ်လုံးလည်း ဖြစ်နိုင်တယ်။ အကွက်ရဲ့အနားသတ်တွေက မညီမညာဖြစ်နေမယ်။အရောင်ရင့်တာ(သို့)အရောင်ဖျော့တာ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အသားမည်းသူတွေမှာ ပိုသိသာတယ်။ တခြားအရေပြားရောဂါတွေနဲ့ မှားနိုင်တယ်။ ၉၅ရာခိုင်နှုန်းဟာ အသက် ၄ဝမတိုင်မှီ စဖြစ်ကြတယ်။အများစုဟာ အသက် ၁ဝနှစ်မှ၃ဝနှစ်အတွင်း ဖြစ်ကြတယ်။ ဖြစ်တဲ့ပုံစံပေါ်မူတည်ပြီး သုံးမျိုးခွဲထားတယ်။

၁။focal vitiligo-
နေရာကွက်ပြီး ဖြစ်သလို မသိသာတတ်ဘူး။ဖြစ်ပြီးရင် ပျောက်ဖို့လွယ်တယ်။ ကလေးတွေမှာ သူ့ဘာသာပြန်ပျောက်သွားနိုင်တယ်။

၂။segmental vitiligo
ခန္ဓာကိုယ်တခြမ်းထဲမှာသာ ဖြစ်တယ်။အာရုံကြောရဲ့ dorsal rootမှာဖြစ်လို့ ကျောရိုးမရဲ့ တဖက်တည်းမှာ ကွက်ပြီးဖြစ်တယ်။ ပျံ့နှံဖို့လွယ်သလို လိမ်းဆေးပေးတဲ့အခါလည်း ပျောက်ဖို့ပိုလွယ်တယ်။

၃။generalised vitiligo
တကိုယ်လုံးအနှံ့တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ အဖြစ်လည်း များတယ်။အကယ်၍ အဖြူကွက်တွေက တပြင်လုံး နေရာအနှံ့ဖြစ်ရင် vitiligo universalisလို့ ခေါ်ပါမယ်။ အရှင်လတ်လတ် အဖြူဘဝပြောင်းသွားသူပေါ့။
 မွေးရာပါmelaninဓာတ် လုံးဝချို့တဲ့တာမျိုးကို albinismလို့ ခေါ်ပါတယ်။မသိသူတွေကတော့ အင်္ဂလိပ်ခေတ်က လူဝင်စားလို့ ယူဆကြတယ်။albinismနဲ့ကွာခြားတာက သမင်ဖြူ(vitiligo)ဆိုတာ မွေးရာပါ မဟုတ်ဘူး။

ခရုသင်းလို အရေပြားရောဂါကို ကျွမ်းကျင်ဆရာဝန်က ဆုံးဖြတ်ပေးရတယ်။ တခါတရံ နှင်းခူလိုတခြား အရေပြားရောဂါတွေနဲ့ မှားတတ်တယ်။ သိသာစေချင်ရင် wood's lamp(ultraviolet lamp)အလင်းပေးပြီး ခွဲခြားနိုင်တယ်။လိုအပ်ရင် အသားစဖြတ်ယူပြီး စမ်းသပ်နိုင်ပါတယ်။ တခြား ခုခံအားရောဂါတွေပါ ဆက်လက်စစ်ဆေးရပါမယ်။

ခရုသင်းကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
သူများနဲ့ မတူတဲ့ အဖြူကွက်တွေကြောင့် စိတ်ဓာတ်ကျလွယ်လာတယ်။ စိတ်ဒဏ်ရာရလာတယ်။
ကိုယ့်ဘာသာ သိမ်ငယ်လာတယ်။ ယုံကြည်မှုမရှိတော့ဘူး။ နာတာရှည်ရောဂါဆိုပြီး လူထဲမသွားချင်တော့ဘူး။ ဒါ့ပြင် အရေပြားကို ကာကွယ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း ပျက်ဆီးတာမို့ နေရောင်ဒဏ်ကို ပိုခံစားရမယ်။ အသားအရေကြမ်းတာ၊မညီညာတာ ဖြစ်လာသလို နေလောင်လွယ်လာတယ်။ မျက်စိ၊နားစတာတွေမှာဖြစ်ရင် အမြင်အာရုံ၊ အကြားအာရုံချို့ယွင်းတာ ဖြစ်နိုင်တယ်။ အရေပြားကင်ဆာ ဖြစ်လာနိုင်ချေတော့ အင်မတန်နည်း ပါတယ်။

ဘယ်လိုကုသနိုင်လဲ
ကုသတဲ့နည်းတွေကတော့ အမျိုးမျိုးရှိတယ်။  ကုသမှုရဲ့ တုံ့ပြန်မှုတွေမြင်တွေ့ဖို့ ၆လ-၂နှစ်ထိ ကြာနိုင်ပါတယ်။သေးတဲ့အကွက်တွေကို မသိသာအောင်၊လျှော့နည်းအောင် လုပ်ပေးနိုင်ပါတယ်။ သိပ်မဆိုးတဲ့အကွက်တွေမှာ မိတ်ကပ်သုံးပြီး ဖုံးပေးနိုင်တယ်။

၁- ခရုသင်း(သမင်ဖြူ)ကွက်တွေမှာ နေလောင်ကာလိမ်းဆေး ပေးနိုင်တယ်။အနည်းဆုံး SPF30ပါဝင်တဲ့ နေလောင်ကာမျိုး လိမ်းပေးသင့်တယ်။ အရေပြားအရောင်ရင့်တာ၊မညီတာမျိုးကို လျှော့နည်းစေတယ်။

၂- Phototherapy အလင်းရောင်ပေးပြီး ဖျော့နေတဲ့အကွက်တွေကို ပြန်ဖြည့်ပေးတယ်။ UV Aသို့ UV Bလို ခရမ်းလွန်ရောင်ခြည်ပေးပြီး ကုသရတယ်။ နောက်ပိုင်းမှာ ဆိုးကျိုးပိုနည်းတဲ့ UV Bကို အသုံးပြုလာကြတယ်။ ပိုကောင်း၊ပိုသိသာချင်ရင် psoralenလို လိမ်းဆေးမျိုးလိမ်းပြီး နေရောင်ပြပေးရပါတယ်။ artificial ပြုပြင်ထားတဲ့ နေရောင်၊နေထိချိန်ကို တဖြည်းဖြည်း ပိုကြာစေရတယ်။ လိုအပ်တဲ့အချိန်လောက်သာ ထိစေပြီး ကျန်တဲ့အချိန်ကို ဖုံးအုပ်ပေးရတယ်။ ၆လ-၁နှစ်လောက် ပုံမှန်လုပ်ပေးရတယ်။ တခါတရံ ခရုသင်းကွက်က ပိုသိသာလာတယ်။ လေ့လာမှုတခုမှာ vitamin B12နဲ့ folic acidပါ တွဲပေးရင် အလင်းပေးကုသခြင်းကို ပိုမိုအကျိုးရှိစေတယ်။

၃- အရေပြားအစားထိုးတယ်ဆိုတာ ကောင်းတဲ့အရေပြားဆဲလ်တွေကို transplant အစားထိုးတဲ့နည်းဖြစ်ပါတယ်။

၄-အဖြူကွက်ပမာဏပိုများရင်(၅ဝရာခိုင်နှုန်းမက)ဖြစ်ရင် ကျန်တဲ့ကောင်းနေတဲ့ အရေပြားကို အရောင်ချွတ်တဲ့နည်း သုံးပေးနိုင်ပါတယ်။ hydroquinone၊monobenzone လို အရောင်ချွတ်ဆေးမျိုး ပေးပြီး အရေပြားကို တသားတည်းဖြစ်အောင် အရောင်ချွတ်ပစ်တယ်။ monobenzone သုံးရင် permenantဖြစ်သလို တကိုယ်လုံးအဖြူ ဖြစ်သွားမှာကို ကြိုတင်သတိပေးရတယ်။

၅-laser treatmentဆိုတာ အရေပြားရောဂါတွေမှာ စမ်းသပ်အောင်မြင်နေတဲ့ ကုသနည်းဖြစ်ပါတယ်။ အရေပြားမှာ မကောင်းတာ၊အရုပ်ဆိုးတာမျိုး ရှိရင် လေဆာရောင်ခြည်သုံးပြီး ကုသနိုင်တယ်။ ခရုသင်းမှာ excimer laserဆိုတာကို အသုံးပြုရတယ်။ဖြစ်တဲ့အကွက်က သေးရင် ပိုအကျိုးရှိတာ တွေ့ရပါတယ်။

၆-Cosmetic camouflageဆိုတာ မိတ်ကပ်သုံးပြီး အရေပြားမညီညာတာကို ပြုပြင်ဖုံးကွယ်တာမျိုး ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။ သာမန်မိတ်ကပ်ထက်သာတဲ့အချက်က ရေစိုခံပြီး ၃-၄ရက်လောက် ကြာရှည်ခံတာဖြစ်ပါတယ်။ အရောင်စုံကို ရွေးချယ်နိုင်တယ်။သတိပြုရမယ့် အချက်က နေလောင်တာကို ကာကွယ်ပေးမယ်မဟုတ်ဘူး။ အမြင်အာရုံကို လှည့်စားတဲ့သဘောသာ ဖြစ်ပါတယ်။

ဘာတွေ သိထားသင့်လဲ။

ခရုသင်းဟာ ကူးစက်ရောဂါမဟုတ်ပါဘူး။ ဒါ့ကြောင့် အတူနေမိသားစုဝင်တွေကို မကူးစက်နိုင်ပါဘူး။ ကံကောင်းတဲ့၊သိပ်မဆိုးတဲ့သူတွေဟာ ကုသမှုမလိုဘဲ သူ့ဘာသာပြန်ပျောက်သွားတယ်။
လိုက်နာသင့်တာက နေရောင်ထဲမှာ အကာအကွယ်မပါဘဲ မသွားသင့်ဘူး။
 နေ့ပိုင်းအပြင်ထွက်လျှင် နေလောင်ကာလိမ်းဆေး တမျိုးမျိုး လိမ်းပေးသင့်တယ်။

ကော်ဖီ၊လက်ဖက်ရည်၊ချောကလက်၊အရက်၊ဘီယာ ရှောင်နိုင်ရင် ပိုကောင်းတယ်။
စိမ်းတဲ့ အသီးအရွက်များများစားပါ။ hydroquinoneပါဝင်တဲ့ ဘလူးဘယ်ရီ၊သစ်တော်သီး စတာတွေ ရှောင်ပါ။ စိတ်ဖိစီးမှုကင်းဝေးအောင် အိပ်ရေးဝဝအိပ်ပါ။
တရားထိုင်တာ၊ယောဂကျင့်တာမျိုး လုပ်ပေးနိုင်ပါတယ်။ သောက်ဆေးထဲမှာ ginkgo bilobaသောက်ဆေးက ခရုသင်းကွက်တွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ omega 3ပါဝင်တဲ့ဆေးတွေလည်း ခရုသင်းအရေပြားမှာ အကျိုးရှိတယ်လို့ တွေ့ရှိရပါတယ်။ အားဆေးထဲမှာ vitamin A ၊C ၊E၊ B12 ၊folic acid ၊PABA ၊iron၊copper၊ zinc၊ selenium ပါဝင်တဲ့အားဆေးမျိုးသောက်ပေးနိုင်တယ်။
phenylalanineအသားဓာတ်နဲ့ curcuminဓာတ်တွေက အကျိုးရှိတာ တွေ့ရတယ်။

အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်လိုက်ပါနဲ့
အဖြူမြင်တိုင်း ခရုသင်းလို့တော့ မထင်စေချင်ဘူး။ တခြားရောဂါတွေလည်း ၁ဝမျိုးမကရှိလို့ ဆရာဝန်နဲ့ သေချာပြသပါ။ ဆေးပညာမှာ တိုးတက်မှုတွေရှိပြီဖြစ်လို့ စိတ်ဓာတ်ကျဖို့ မလိုပါ။ စနစ်တကျကုရင် သက်သာလာနိုင်တယ်။

ဒေါက်တာ အေးမင်းထူး
၁၄.၈.၂၀

(Zawgyi) 

ခ႐ုသင္းစြဲျခင္း


ခ႐ုသင္းဆိုတာ အသားအေရာင္ မညီညာဘဲ အျဖဴကြက္ေတြ ေပၚေပါက္လာတာမ်ိဳးကို ေခၚပါတယ္။ အဂၤလိပ္လို vitiligoလို့ သုံးပါတယ္။လက္တင္စကားမွာ "vitium"အကြက္၊အမွတ္လို့ အဓိပၸါယ္ရတယ္။"ligo"ဆိုတာ ေနာက္ဆက္စကား ေပါင္းစည္းျခင္း၊အေၾကာင္းရင္းပါ။ခ႐ုသင္း၊ သမင္ျဖဴ (Vitiligo) ဆိုသည္မွာ အေရျပားေပၚတြင္ သဘာဝအေရာင္အခ်ိဳ့ (အမည္းေရာင္ ျခယ္ဆဲလ္မ်ား)ခ်ိဳ့တဲ့သြားေသာ နာ တာရွည္အေရျပားေရာဂါတစ္မ်ိဳး ျဖစ္သည့္အတြက္ေၾကာင့္ အေရျပား ေပၚတြင္ နို့ႏွစ္ေရာင္ (သို့မဟုတ္) အျဖဴေရာင္အကြက္မ်ား ေပၚလာ   ျခင္းျဖစ္ သည္။

စာရင္းဇယားေတြအရ တကမၻာလုံးမွာ ခ႐ုသင္း(vitiligo)ျဖစ္သူ ၆၅သန္းေလာက္ရွိမယ္လို့ ခန႔္မွန္းရတယ္။ ကမၻာ့လူဦးေရရဲ့ ၁ ရာခိုင္ႏွုန္းေလာက္ဟာ ခ႐ုသင္း ျဖစ္ေနတယ္လို့ ေတြ႕ရွိရပါတယ္။ အေမရိကားတစ္နိုင္ငံထဲမွာကို ဒီလိုေရာဂါသည္ေပါင္း ၂ သန္းေလာက္ ရွိေနပါတယ္။မိဘႏွစ္ပါးအနက္ တေယာက္ေယာက္မွာ ဒီေရာဂါရွိရင္ ကေလးငယ္မွာျဖစ္ဖို့ ၅-၁၀ရာခိုင္ႏွုန္း ရွိတာေၾကာင့္ မ်ိဳးရိုးလိုက္တယ္ ယူဆၾကတယ္။ ခုခံအားခ်င္းျပန္တိုက္တဲ့ ေရာဂါရွိသူေတြမွာ ပိုေတြ႕ရတယ္။ အသားလတ္သူထက္ အသားမည္းသူေတြမွာ အျဖဴကြက္ေတြက ပိုထင္ရွားတယ္။ ျဖစ္လာရင္ ေပ်ာက္ဖို့ခက္ခဲတဲ့ အေရျပားေရာဂါထဲမွာ ခ႐ုသင္းေရာဂါလည္း ပါဝင္ပါတယ္။

ခ႐ုသင္း၊သမင္ျဖဴကြက္ေတြ ဘာ့ေၾကာင့္ ျဖစ္လာရသလဲ

ခ႐ုသင္းကို ျဖစ္ေစတာက melaninေခၚတဲ့ ေရာင္ျခယ္ပစၥည္း ခ်ိဳ့တဲ့လို့ပါ။
အေရျပားတေထာက္စာမွာ အသားအေရာင္ ေျပာင္းလဲမွုဟာ melaninေခၚတဲ့ ေရာင္ျခယ္ပစၥည္းေၾကာင့္ ျဖစ္ပါတယ္။မယ္လနင္ဆိုတာကို အမိုင္နိုအက္ဆစ္တမ်ိဳးျဖစ္တဲ့ tyrosineကေန ရရွိပါတယ္။ ေနေရာင္နဲ႔ထိေတြ႕တဲ့အခါ အေရျပားကို ကာကြယ္ဖို့ melaninေခၚတဲ့ အမည္းေရာင္ ပစၥည္းတမ်ိဳးကို melanocytesေခၚတဲ့ အေရျပားဆဲလ္ေတြက ထုတ္ေပးရပါတယ္။ ဘာေ့ၾကာင့္လဲဆိုေတာ့ ေနေရာင္မွာ ပါဝင္တဲ့ ဓာတ္ေရာင္ျခည္ေတြ၊ခရမ္းလြန္ေရာင္ျခည္ေတြကို မယ္လနင္(melanin)ဓာတ္က ကာကြယ္ေပးနိုင္လို့ပါ။ ခ႐ုသင္းေခၚတဲ့အေရျပားေရာဂါမွာ ျပႆနာက မယ္လနင္(melanin)ေတြ ခ်ိဳ့တဲ့တာ၊ပ်က္ဆီးတာျဖစ္ၿပီး အေရျပားကို အေရာင္မျခယ္နိုင္ေတာ့တာပါ။

လူ႔ခႏၶာ ကိုယ္၏ ကိုယ္ခံအားစနစ္ လုပ္ ေဆာင္ခ်က္ ခ်ိဳ့ယြင္းျခင္းႏွင့္ မ်ိဳးရိုး ဗီဇတို့ေၾကာင့္ျဖစ္သည္။ ခုခံအားခ်င္း ျပန္တိုက္ခိုက္တဲ့autoimmune diseaseေၾကာင့္
T-lymphocyte ေတြက ဖ်က္ဆီးလို့ ျဖစ္ေစနိုင္တယ္။ စိတ္ ဖိစီးမွုမ်ားျခင္း၊ Chemical Agents ႏွင့္ ထိေတြ႕မွုမ်ားျခင္း ၊ ဗိုင္းရပ္စ္ပိုးမႊား မ်ားေၾကာင့္လည္း ျဖစ္တတ္ပါသည္။ဆံပင္ဆိုးေဆးမွာ ပါဝင္တဲ့ phenolဓာတ္တမ်ိဳးေၾကာင့္လည္း ျဖစ္နိုင္ပါေသးတယ္။
 တခါတရံ အသားမစားသူေတြမွာ အျဖဴကြက္ငယ္ေတြ ေတြ႕ရတတ္ေပမယ့္ ေနာက္ပိုင္းမွာ ျပန္ေပ်ာက္သြားတတ္ပါတယ္။

ခ႐ုသင္းရဲ့ လကၡဏာေတြက ဘာေတြလဲ

ျဖစ္စမွာ အျဖဴကြက္ေတြ ေပၚမွန္းမသိ ေပၚေပါက္လာပါတယ္။ အမ်ားစုဟာ ယားတာ၊နာတာမ်ိဳးမရွိတတ္ဘူး။ တခါတရံ ျဖစ္စမွာ ယားတာမ်ိဳးေတာ့ ရွိနိုင္တယ္။အကြက္ငယ္ကေန အကြက္ႀကီးထိ အမ်ိဳးမ်ိဳး ျဖစ္နိုင္တယ္။ ေနရာကြက္ၿပီး ျဖစ္နိုင္သလို တကိုယ္လုံးလည္း ျဖစ္နိုင္တယ္။ အကြက္ရဲ့အနားသတ္ေတြက မညီမညာျဖစ္ေနမယ္။အေရာင္ရင့္တာ(သို့)အေရာင္ေဖ်ာ့တာ ႏွစ္မ်ိဳးလုံးျဖစ္နိုင္တယ္။ အသားမည္းသူေတြမွာ ပိုသိသာတယ္။ တျခားအေရျပားေရာဂါေတြနဲ႔ မွားနိုင္တယ္။ ၉၅ရာခိုင္ႏွုန္းဟာ အသက္ ၄၀မတိုင္မွီ စျဖစ္ၾကတယ္။အမ်ားစုဟာ အသက္ ၁၀ႏွစ္မွ၃၀ႏွစ္အတြင္း ျဖစ္ၾကတယ္။ ျဖစ္တဲ့ပုံစံေပၚမူတည္ၿပီး သုံးမ်ိဳးခြဲထားတယ္။

၁။focal vitiligo-
ေနရာကြက္ၿပီး ျဖစ္သလို မသိသာတတ္ဘူး။ျဖစ္ၿပီးရင္ ေပ်ာက္ဖို့လြယ္တယ္။ ကေလးေတြမွာ သူ႔ဘာသာျပန္ေပ်ာက္သြားနိုင္တယ္။

၂။segmental vitiligo
ခႏၶာကိုယ္တျခမ္းထဲမွာသာ ျဖစ္တယ္။အာ႐ုံေၾကာရဲ့ dorsal rootမွာျဖစ္လို့ ေက်ာရိုးမရဲ့ တဖက္တည္းမွာ ကြက္ၿပီးျဖစ္တယ္။ ပ်ံ႕ႏွံဖို့လြယ္သလို လိမ္းေဆးေပးတဲ့အခါလည္း ေပ်ာက္ဖို့ပိုလြယ္တယ္။

၃။generalised vitiligo
တကိုယ္လုံးအႏွံ့ေတြ႕ရတဲ့ပုံစံ ျဖစ္ပါတယ္။ အျဖစ္လည္း မ်ားတယ္။အကယ္၍ အျဖဴကြက္ေတြက တျပင္လုံး ေနရာအႏွံ့ျဖစ္ရင္ vitiligo universalisလို့ ေခၚပါမယ္။ အရွင္လတ္လတ္ အျဖဴဘဝေျပာင္းသြားသူေပါ့။
 ေမြးရာပါmelaninဓာတ္ လုံးဝခ်ိဳ့တဲ့တာမ်ိဳးကို albinismလို့ ေခၚပါတယ္။မသိသူေတြကေတာ့ အဂၤလိပ္ေခတ္က လူဝင္စားလို့ ယူဆၾကတယ္။albinismနဲ႔ကြာျခားတာက သမင္ျဖဴ(vitiligo)ဆိုတာ ေမြးရာပါ မဟုတ္ဘူး။

ခ႐ုသင္းလို အေရျပားေရာဂါကို ကၽြမ္းက်င္ဆရာဝန္က ဆုံးျဖတ္ေပးရတယ္။ တခါတရံ ႏွင္းခူလိုတျခား အေရျပားေရာဂါေတြနဲ႔ မွားတတ္တယ္။ သိသာေစခ်င္ရင္ wood's lamp(ultraviolet lamp)အလင္းေပးၿပီး ခြဲျခားနိုင္တယ္။လိုအပ္ရင္ အသားစျဖတ္ယူၿပီး စမ္းသပ္နိုင္ပါတယ္။ တျခား ခုခံအားေရာဂါေတြပါ ဆက္လက္စစ္ေဆးရပါမယ္။

ခ႐ုသင္းေၾကာင့္ ေနာက္ဆက္တြဲ ဘာေတြျဖစ္နိုင္လဲ
သူမ်ားနဲ႔ မတူတဲ့ အျဖဴကြက္ေတြေၾကာင့္ စိတ္ဓာတ္က်လြယ္လာတယ္။ စိတ္ဒဏ္ရာရလာတယ္။
ကိုယ့္ဘာသာ သိမ္ငယ္လာတယ္။ ယုံၾကည္မွုမရွိေတာ့ဘူး။ နာတာရွည္ေရာဂါဆိုၿပီး လူထဲမသြားခ်င္ေတာ့ဘူး။ ဒါ့ျပင္ အေရျပားကို ကာကြယ္ေပးတဲ့ ေရာင္ျခယ္ပစၥည္း ပ်က္ဆီးတာမို့ ေနေရာင္ဒဏ္ကို ပိုခံစားရမယ္။ အသားအေရၾကမ္းတာ၊မညီညာတာ ျဖစ္လာသလို ေနေလာင္လြယ္လာတယ္။ မ်က္စိ၊နားစတာေတြမွာျဖစ္ရင္ အျမင္အာ႐ုံ၊ အၾကားအာ႐ုံခ်ိဳ့ယြင္းတာ ျဖစ္နိုင္တယ္။ အေရျပားကင္ဆာ ျဖစ္လာနိုင္ေခ်ေတာ့ အင္မတန္နည္း ပါတယ္။

ဘယ္လိုကုသနိုင္လဲ
ကုသတဲ့နည္းေတြကေတာ့ အမ်ိဳးမ်ိဳးရွိတယ္။  ကုသမွုရဲ့ တုံ႔ျပန္မွုေတြျမင္ေတြ႕ဖို့ ၆လ-၂ႏွစ္ထိ ၾကာနိုင္ပါတယ္။ေသးတဲ့အကြက္ေတြကို မသိသာေအာင္၊ေလၽွာ့နည္းေအာင္ လုပ္ေပးနိုင္ပါတယ္။ သိပ္မဆိုးတဲ့အကြက္ေတြမွာ မိတ္ကပ္သုံးၿပီး ဖုံးေပးနိုင္တယ္။

၁- ခ႐ုသင္း(သမင္ျဖဴ)ကြက္ေတြမွာ ေနေလာင္ကာလိမ္းေဆး ေပးနိုင္တယ္။အနည္းဆုံး SPF30ပါဝင္တဲ့ ေနေလာင္ကာမ်ိဳး လိမ္းေပးသင့္တယ္။ အေရျပားအေရာင္ရင့္တာ၊မညီတာမ်ိဳးကို ေလၽွာ့နည္းေစတယ္။

၂- Phototherapy အလင္းေရာင္ေပးၿပီး ေဖ်ာ့ေနတဲ့အကြက္ေတြကို ျပန္ျဖည့္ေပးတယ္။ UV Aသို့ UV Bလို ခရမ္းလြန္ေရာင္ျခည္ေပးၿပီး ကုသရတယ္။ ေနာက္ပိုင္းမွာ ဆိုးက်ိဳးပိုနည္းတဲ့ UV Bကို အသုံးျပဳလာၾကတယ္။ ပိုေကာင္း၊ပိုသိသာခ်င္ရင္ psoralenလို လိမ္းေဆးမ်ိဳးလိမ္းၿပီး ေနေရာင္ျပေပးရပါတယ္။ artificial ျပဳျပင္ထားတဲ့ ေနေရာင္၊ေနထိခ်ိန္ကို တျဖည္းျဖည္း ပိုၾကာေစရတယ္။ လိုအပ္တဲ့အခ်ိန္ေလာက္သာ ထိေစၿပီး က်န္တဲ့အခ်ိန္ကို ဖုံးအုပ္ေပးရတယ္။ ၆လ-၁ႏွစ္ေလာက္ ပုံမွန္လုပ္ေပးရတယ္။ တခါတရံ ခ႐ုသင္းကြက္က ပိုသိသာလာတယ္။ ေလ့လာမွုတခုမွာ vitamin B12နဲ႔ folic acidပါ တြဲေပးရင္ အလင္းေပးကုသျခင္းကို ပိုမိုအက်ိဳးရွိေစတယ္။

၃- အေရျပားအစားထိုးတယ္ဆိုတာ ေကာင္းတဲ့အေရျပားဆဲလ္ေတြကို transplant အစားထိုးတဲ့နည္းျဖစ္ပါတယ္။

၄-အျဖဴကြက္ပမာဏပိုမ်ားရင္(၅၀ရာခိုင္ႏွုန္းမက)ျဖစ္ရင္ က်န္တဲ့ေကာင္းေနတဲ့ အေရျပားကို အေရာင္ခၽြတ္တဲ့နည္း သုံးေပးနိုင္ပါတယ္။ hydroquinone၊monobenzone လို အေရာင္ခၽြတ္ေဆးမ်ိဳး ေပးၿပီး အေရျပားကို တသားတည္းျဖစ္ေအာင္ အေရာင္ခၽြတ္ပစ္တယ္။ monobenzone သုံးရင္ permenantျဖစ္သလို တကိုယ္လုံးအျဖဴ ျဖစ္သြားမွာကို ႀကိဳတင္သတိေပးရတယ္။

၅-laser treatmentဆိုတာ အေရျပားေရာဂါေတြမွာ စမ္းသပ္ေအာင္ျမင္ေနတဲ့ ကုသနည္းျဖစ္ပါတယ္။ အေရျပားမွာ မေကာင္းတာ၊အ႐ုပ္ဆိုးတာမ်ိဳး ရွိရင္ ေလဆာေရာင္ျခည္သုံးၿပီး ကုသနိုင္တယ္။ ခ႐ုသင္းမွာ excimer laserဆိုတာကို အသုံးျပဳရတယ္။ျဖစ္တဲ့အကြက္က ေသးရင္ ပိုအက်ိဳးရွိတာ ေတြ႕ရပါတယ္။

၆-Cosmetic camouflageဆိုတာ မိတ္ကပ္သုံးၿပီး အေရျပားမညီညာတာကို ျပဳျပင္ဖုံးကြယ္တာမ်ိဳး ျဖစ္ပါတယ္။ တျခားနိုင္ငံေတြမွာ ဆရာဝန္လက္မွတ္ပါမွ ေရာင္းခ်ရတယ္။ သာမန္မိတ္ကပ္ထက္သာတဲ့အခ်က္က ေရစိုခံၿပီး ၃-၄ရက္ေလာက္ ၾကာရွည္ခံတာျဖစ္ပါတယ္။ အေရာင္စုံကို ေရြးခ်ယ္နိုင္တယ္။သတိျပဳရမယ့္ အခ်က္က ေနေလာင္တာကို ကာကြယ္ေပးမယ္မဟုတ္ဘူး။ အျမင္အာ႐ုံကို လွည့္စားတဲ့သေဘာသာ ျဖစ္ပါတယ္။

ဘာေတြ သိထားသင့္လဲ။

ခ႐ုသင္းဟာ ကူးစက္ေရာဂါမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အတူေနမိသားစုဝင္ေတြကို မကူးစက္နိုင္ပါဘူး။ ကံေကာင္းတဲ့၊သိပ္မဆိုးတဲ့သူေတြဟာ ကုသမွုမလိုဘဲ သူ႔ဘာသာျပန္ေပ်ာက္သြားတယ္။
လိုက္နာသင့္တာက ေနေရာင္ထဲမွာ အကာအကြယ္မပါဘဲ မသြားသင့္ဘူး။
 ေန႔ပိုင္းအျပင္ထြက္လၽွင္ ေနေလာင္ကာလိမ္းေဆး တမ်ိဳးမ်ိဳး လိမ္းေပးသင့္တယ္။

ေကာ္ဖီ၊လက္ဖက္ရည္၊ေခ်ာကလက္၊အရက္၊ဘီယာ ေရွာင္နိုင္ရင္ ပိုေကာင္းတယ္။
စိမ္းတဲ့ အသီးအရြက္မ်ားမ်ားစားပါ။ hydroquinoneပါဝင္တဲ့ ဘလူးဘယ္ရီ၊သစ္ေတာ္သီး စတာေတြ ေရွာင္ပါ။ စိတ္ဖိစီးမွုကင္းေဝးေအာင္ အိပ္ေရးဝဝအိပ္ပါ။
တရားထိုင္တာ၊ေယာဂက်င့္တာမ်ိဳး လုပ္ေပးနိုင္ပါတယ္။ ေသာက္ေဆးထဲမွာ ginkgo bilobaေသာက္ေဆးက ခ႐ုသင္းကြက္ေတြကို သက္သာေစတယ္လို့ ဆိုပါတယ္။ omega 3ပါဝင္တဲ့ေဆးေတြလည္း ခ႐ုသင္းအေရျပားမွာ အက်ိဳးရွိတယ္လို့ ေတြ႕ရွိရပါတယ္။ အားေဆးထဲမွာ vitamin A ၊C ၊E၊ B12 ၊folic acid ၊PABA ၊iron၊copper၊ zinc၊ selenium ပါဝင္တဲ့အားေဆးမ်ိဳးေသာက္ေပးနိုင္တယ္။
phenylalanineအသားဓာတ္နဲ႔ curcuminဓာတ္ေတြက အက်ိဳးရွိတာ ေတြ႕ရတယ္။

အျဖဴျမင္တိုင္း ခ႐ုသင္းလို့ေတာ့ မထင္လိုက္ပါနဲ႔
အျဖဴျမင္တိုင္း ခ႐ုသင္းလို့ေတာ့ မထင္ေစခ်င္ဘူး။ တျခားေရာဂါေတြလည္း ၁၀မ်ိဳးမကရွိလို့ ဆရာဝန္နဲ႔ ေသခ်ာျပသပါ။ ေဆးပညာမွာ တိုးတက္မွုေတြရွိၿပီျဖစ္လို့ စိတ္ဓာတ္က်ဖို့ မလိုပါ။ စနစ္တက်ကုရင္ သက္သာလာနိုင္တယ္။

ေဒါက္တာ ေအးမင္းထူး
၁၄.၈.၂၀

No comments: