Sunday, April 14, 2019

“တော်တဲ့သူနဲ့ပဲ တွဲအလုပ်လုပ်ချင်ပါတယ်”


စိုင်းစိုင်းရဲ့ Birthday show တွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုအောင်မြင်လာတယ်။ ပရိသတ်က ပိုများလာတယ်။ စဉ်းစားကြည့်မိတယ်၊ သီချင်းတွေကလည်း ဒါပဲ၊ နှစ်တိုင်း အသစ်ထွက်နေတာ မဟုတ်ဘူး။ ဒါနဲ့တောင် ပရိသတ်က ပိုပိုများလာတာ သူ့ရှိုးက ဘာထူးခြားနေလို့လဲ။

သတိထားမိတဲ့တစ်ချက်က စိုင်းစိုင်းရဲ့ Network ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုကျယ်လာတယ် ဆိုတာပဲ။ သူ့ပွဲမှာ ပါဝင်ပေးတဲ့ ပရော်ဖက်ရှင်နယ်တွေက နယ်ပယ် ပိုစုံစုံလာတယ်။ ပိုပိုပြီးလည်း ဆရာကျသူတွေ ဖြစ်လာတယ်။ စပွန်ဆာကုမ္ပဏီတွေကလည်း ပိုပိုမြင့်လာတယ်။ အနုပညာတန်ဖိုးအရ သိပ်မထူးခြားလှပေမဲ့ နည်းပညာတွေကတော့ သူ့ရှိုးမှာ ပိုပိုပါဝင်လာတယ်။ Drone တွေ သုံးတယ်။ လက်မှတ်ကအစ သူများနဲ့ မတူဘူး။ ခုနောက်ဆုံးဆို ကိုဉာဏ်ကျယ်စေတို့နဲ့ Animation video ပါ လုပ်ထားသေးတယ်။ Chat bot ကိုသုံးပြီးလည်း ပရိသတ်တွေ ကိုယ်တိုင် ပါဝင်လို့ရတဲ့ ဇာတ်လမ်းဆိုလား လုပ်လိုက်သေးတယ်။

ဒါတွေဟာ ကမ္ဘာနဲ့ယှဉ်ရင် ဘာမှမဟုတ်ပါဘူး ဆိုတောင် မြန်မာနိုင်ငံက လုပ်သမျှ ရှိုးပွဲတွေထဲမှာတာ့ တော်တော်လေး အဆင့်မြင့်တယ် ပြောရမယ့် အချက်တွေ ဖြစ်ပါတယ်။ စိုင်းစိုင်းရှိုး ဆိုပေမဲ့ နောက်ကွယ်မှာ လူအများကြီးက ပံ့ပိုးပေးထားတာ။ ဒီလူတွေရဲ့ အားကို အပြည့်အ၀ ရနေတော့ သူ့ရှိုးပွဲက ပိုပိုပြီး အောင်မြင်လာတာပေါ့။ ဒါတောင် ရှိုးပွဲပြင်ပက Digital marketing နဲ့ ပတ်သက်လို့ ကူညီပေးနေသူတွေ၊ စပွန်ဆာစာချုပ်တွေ ချုပ်တဲ့အခါ အကြံပေးတဲ့ ရှေ့နေတွေ မပါသေးဘူး။

အဲ့လို သူ့ရဲ့ အောင်မြင်မှုကို တွေ့တိုင်း Network ရဲ့ အရေးပါမှုကို ပိုပိုပြီး လက်ခံလာမိတယ်။ ဒီပို့စ်လေးမှာတော့ အဲလို Network တည်ဆောက်ဖို့ စဉ်းစားမိတဲ့ အချက်နှစ်ချက်ကို ရေးပြချင်တယ်။

၁။ Networking နဲ့ Branding ဟာ ချိတ်ဆက်နေတယ်

တကယ်တော့ အလုပ်တွေ တွဲလုပ်ကြတယ်ဆိုတာ ချစ်လို့ခင်လို့ မဟုတ်ဘူး။ AYA က စိုင်းစိုင်းခမ်းလှိုင်ကို စပွန်ဆာပေးတာ ချစ်လို့ မဟုတ်ဘူး။ သူ့ပွဲမှာ ၀င်ပါလိုက်ရရင်တော့ ငါတို့အတွက် အကျိုးရှိမယ် ယူဆတဲ့အတွက် ၀င်ပါတာ ဖြစ်တယ်။ အဲ့လိုပဲ၊ G-Fatt မို့ Frenzo က တင်ပေးတာပေါ့။ ကျော်ကျော်နန္ဒကိုတော့ ခင်လို့ဆိုပြီး ဘယ်တင်ပေးပါ့မလဲ။

ပြီးခဲ့တဲ့ ၇ ရက်နေ့က ကျွန်တော် ပွဲတစ်ခု လုပ်တယ်။ အဲဒီမှာ ဆရာမဂျူးကို ချစ်လို့၊ မထက်ရည်ကို ခင်လို့၊ အေးချမ်းမိုးနဲ့ ရင်းနှီးလို့သက်သက် သူတို့ကို ဖိတ်ခဲ့တာ မဟုတ်ဘူး။ သူတို့နဲ့သာ ဆိုရင်တော့ ငါ့ပွဲလေး အဆင်ပြေအောင်မြင်မှာပဲ ယုံကြည်လို့သာ ဖိတ်ခဲ့တာ။ ပြောရရင် သူတို့ရဲ့ Brand image ကြောင့် ဖြစ်တယ်။

တကယ်တော့ အဆက်အသွယ်ဆိုတာ စကားသွားပြောတိုင်း ရလာတာ မဟုတ်ဘူး။ ကိုယ် ဘယ်လိုလူလဲ ဆိုတာကို ယုံကြည်တော့မှသာ ချိတ်ဆက်ကြမှာ။ Everyone communicates, Few connects တဲ့။ ဒါကြောင့် အဆက်အသွယ် အရေးကြီးတယ်ဆိုလို့ လူတကာနဲ့ လိုက်တွေ့၊ နှုတ်ဆက်၊ Business card တွေ ဖလှယ်ရုံနဲ့ မပြီးသွားပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သေချာတည်ဆောက်ဖို့ လိုလိမ့်မယ်။ လူတကာက အလုပ်တွဲလုပ်ချင်တဲ့၊ ကျွမ်းကျင်တဲ့၊ စိတ်ချယုံကြည်ရမှု ရှိတဲ့သူတစ်ယောက် ဖြစ်အောင် နေဖို့လိုမယ်။ ဒါကြောင့် အဆက်အသွယ်များချင်ရင် တော်အောင် ကြိုးစားပါလို့ ပြောချင်ပါတယ်။

၂။ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်မှ ရမှာလား

အဲ့လို Network အရေးကြီးတယ် ဆိုတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေ ပြောတတ်ဆိုတတ်သူတွေက ပြဿနာ မရှိဘူး။ Introvert လို့ ခေါ်တဲ့ အုံ့ပုန်းသမားတွေကျ ပြဿနာ ဖြစ်ပြီ။

ကျွန်တော်ဆိုလည်း Introvert လို့ ပြောလို့ရတယ်။ တအားကြီး လူကြောက်တာမျိုး မဟုတ်ပေမဲ့ ဖြစ်နိုင်ရင် တစ်ယောက်တည်း နေချင်တဲ့သူမျိုး။ အပြင်သိပ်မထွက်တတ်ဘူး။ ဘားတွေ ဆိုင်တွေဆိုလည်း ထိုင်လေ့မရှိဘူး။ လူများများရှိတဲ့ နေရာဆို စိတ်ကျဉ်းကြပ်တယ်။ ရင်းနှီးတဲ့လူလောက်နဲ့သာ စကားများများပြောတာ။ အဲ့လိုလူမျိုးတွေကရော အဆက်အသွယ် ဘယ်လိုရှာမလဲ။

ဒီအတွက် ကျနော့်အကြောင်း နည်းနည်းဝေမျှချင်တယ်။

လက်ရှိ ကျွန်တော့်မှာ ရှိနေတဲ့ အဆက်အသွယ်တွေ၊ ကျွန်တော်နဲ့ အလုပ်တွဲလုပ်နေ၊ တွဲလုပ်ဖူးတဲ့သူတွေ၊ ကျွန်တော့်ကို အကျိုးပြုနေတဲ့သူတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကျွန်တော့်အနေနဲ့ တကူးတက သွားချိတ်ဆက်ခဲ့တာ မဟုတ်ဘူး။ Social media က တစ်ဆင့်ပဲ အဆက်အသွယ်တွေ ရလာကြတာ။

Power of Passion က ဆရာနှစ်ယောက်နဲ့ဆို ဒီသင်တန်းမလုပ်ခင်က ခင်မင်ရင်းနှီးခဲ့သူတွေ မဟုတ်တဲ့အပြင် လူချင်းတောင် တစ်ကြိမ်တစ်ခါမှ ဆုံဖူးခဲ့တဲ့သူတွေ မဟုတ်ဘူး။ ဒါဖြင့် ဘာလို့ အဲ့လောက် လွယ်လွယ်ကူကူနဲ့ အလုပ်လုပ်ဖြစ်ခဲ့တာလဲ။

ပြောရရင် Digital branding ကြောင့်ပဲ။ ကျွန်တော့်ကို သတိထားမိတဲ့အတွက် ကိုသူရိန်က လာချိတ်တယ်။ ကျွန်တော်နဲ့ ကိုသူရိန်က သွားတွေ့တဲ့အခါမှာ ကျွန်တော်တို့နှစ်ယောက်အကြောင်းကို Social media ကတဆင့် သိနေတော့ ကိုဇင်ဇေက အလွယ်တကူ ခေါင်းညိမ့်လိုက်တယ်။ ဒီလိုနဲ့ Power of Passion ဖြစ်လာခဲ့တယ်။

အဲဒီအတွေ့အကြုံမျိုး ကိုဇင်ဇေကိုယ်တိုင်လည်း ပြောဖူးတယ်။ Samsung က Digital Marketing Manager ကိုအဲလက်စ်ခိုင်လည်း ပွဲတစ်ခုမှာ ပြောဖူးတယ်။ သူတို့ကလည်း ကျွန်တော့်လို Introvert တွေ ဖြစ်ကြတာကိုး။

အဆက်အသွယ်က လိုတယ်။ အရေးလည်းကြီးတယ်။ တစ်ဖက်မှာလည်း ကိုယ်က Introvert ဖြစ်နေတယ်။ ဒီတော့ အသုံးချစရာက Social media ပဲ ကျန်တော့တယ်။ ဒီအပေါ်မှာ နာမည်တည်ဆောက်တယ်။ အဲဒီအခါ သတိထားမိသူတွေ များများလာပြီး လာချိတ်ဆက်ကြတယ်။ အဆက်အသွယ်တွေ ရလာတယ်။ ကိုယ်က သွားချိတ်ဆက်ရင်လည်း အလွယ်တကူ လက်သင့်ခံကြတယ်။ ဒီလိုနဲ့ပဲ အလုပ်တွေ များများစားစား လုပ်လာနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် အနှစ်ပြန်ချုပ်ရရင် Network ကျယ်ချင်တယ်ဆို Branding နှစ်မျိုးကို မှတ်ထားပါ။

နံပါတ်တစ် Professional branding 

လူတွေဟာ အလုပ်တွဲလုပ်တဲ့အခါ ချစ်လို့ ခင်လို့ တွဲမလုပ်ပါဘူး။ သနားလို့လည်း အလုပ်ခေါ်မပေးပါဘူး။ ကိုယ့်ရဲ့ အရည်အချင်းကို စိတ်ချယုံကြည်တယ် ဆိုတော့မှသာ တွဲလုပ်မှာပါ။ ဆယ်လီ ဖြစ်စရာ မလိုဘူး။ လူသိများစရာလည်း မလိုဘူး။ ဒါပေမဲ့ ကိုယ့်သက်ဆိုင်ရာ နယ်ပယ်မှာ တခုခု လိုအပ်လာတိုင်း ကိုယ့်ကို အရင်ဆုံး သတိရအောင် လုပ်ထားနိုင်ဖို့တော့ လိုတယ်။ ဒီအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုမယ်။ Reliable ဖြစ်ဖို့ လိုမယ်။

နောက်တစ်ခုကတော့ Digital branding 

ကျွန်တော်တို့ဟာ လူတိုင်းနဲ့ လိုက်မတွေ့နိုင်ပါဘူး။ Networking party တိုင်းကိုလည်း တက်မနေနိုင်ပါဘူး။ ဒီတော့ အဆက်အသွယ် များများရဖို့ Digital media ကို အသုံးချတတ်ဖို့လိုတယ်။ အထူးသဖြင့်တော့ Introvert တွေအတွက်ပေါ့။ လူတွေနဲ့ သွားမချိတ်ဆက်နိုင်တော့ သူတို့ လာချိတ်ဆက်အောင်၊ သတိထားမိအောင်ပဲ ကြိုးစားရတော့မှာ။

အဆိုတော်လို ကိုယ့်သီချင်းကိုယ်ဆိုနေရင် ရတာပဲ လို့ ထင်ရတဲ့ အလုပ်မျိုးမှာတောင် ကြီးကြီးမားမား အောင်မြင်မှုရချင်ရင် Network ကျယ်ဖို့ သိပ်အရေးကြီးပါတယ်။ လူဟာ ကိုယ်တစ်ယောက်တည်းနဲ့ အရာအားလုံးကို မစွမ်းဆောင်နိုင်ပါဘူး။ ဒီတော့ အဆက်အသွယ် စုပါ။ တစ်ဖက်မှာလည်း ကိုယ်ဟာ တစ်ခြားသူတွေ ဆက်သွယ်ချိတ်ဆက်ချင်လောက်တဲ့ လူတစ်ယောက်ဖြစ်နေအောင် ကြိုးစားဖို့ လိုပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၀.၄.၂၀၁၉

No comments: