Thursday, April 18, 2019

ငယ်ဖြူ ...


(၁)

ဝေးဝေးဆီက လွင့်လာသော သံချောင်းခေါက်သံသည် သူ့ရဲ့ မငြိမ်မသက် လှုပ်ရှားနေသော စိတ်နှလုံးကို ပို၍လှုပ်ခတ်စေသည်။ နှစ်ချက်တီးသွားပြန်ပြီ။ တစ်ရေးမှ မပျော်နိုင်သေးသောသူ့မျက်လုံးများက စပ်ဖျဉ်းကြောင်စီနေသည်။ နှလုံးခုန်သံ တဒိတ်ဒိတ်သည် တိတ်ဆိတ်ငြိမ်သက်နေသော ညမှာတော့ သူ့အတွက် ကျယ်လောင်လွန်းသည် ထင်ရ၏။ မနက်မိုးလင်းချင်လှပြီ။ သူ့
စိတ်တွေ လှုပ်ရှားရလွန်းသည်။ မနက်ကျရင် ဆိုသည့်အတွေးကို တွေးမိတိုင်း သူ့နှလုံးသားကတဆတ်ဆတ်ထခုန်သည်။ ကိုယ်ခန္ဓာပေါ်မှ သင်္ကန်းကို နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် ကြည့်မိသည်မှာ ဘယ်နှကြိမ်မြောက်ပါလိမ့်။ မနက်ဖြန်ဆို သူ လူထွက်တော့မည်။ နှစ်နှစ်ဆယ်လုံးလုံးကိုယ်ပေါ်မှာ လွှမ်းခြုံလာခဲ့သော ထိုသင်္ကန်းကို သူ အပြီးအပိုင် စွန့်ခွါရတော့မည်။ ထိုအတွေးက
သူ့ကို စိတ်လှုပ်ရှားစေသည်။ အနာဂတ်ကို မျှော်တွေးကြည့်မိတော့ ဘာမှ မသေချာ မရေရာသေး။ သို့ပေမယ့် သူ့မှာ ရည်ရွယ်ချက်ရှိသည်။ အိပ်မက်ရှိသည်။ လူ့ဘဝထဲမှာ သူ လုပ်ချင်သော
အရာတွေရှိနေသေးသည်။ ဒါတွေကို တွေးကြည့်လိုက်တော့ စွန့်စားခန်းတစ်ခုလိုပင် စိတ်နှလုံး ပူနွေးလှုပ်ခတ်ရလေသည်။

" ကိုယ်တော်..သေချာစဉ်းစား ဆုံးဖြတ်ပြီးပြီလား။ ပြန်စဉ်းစားပါဦး။ အသက် ရှစ်နှစ်ကတည်းက သင်္ကန်းစည်းလာခဲ့တဲ့ ငယ်ဖြူလေ..။ ခုမှ လူထွက်လို့ ဖြစ်ပါ့မလား။ "

ဆရာတော်၏ အသံက နားထဲမှာ စိမ့်ဝင်လာတော့ သူ့မျက်လွှာကိုချကာ ခေါင်းကိုနာနာညိတ်ပြခဲ့မိသည်။ ဆရာတော် တားမြစ်လိုက်မှာကိုလည်း စိုးရိမ်ရသေးသည် မဟုတ်လား။

" တင်ပါ့ဘုရား..တပည့်တော် ဆုံးဖြတ်ပြီးပါပြီ ဘုရား.."
" ရဟန်းတစ်ပါး လူထွက်လိုက်ရင် လူ့လောကထဲမှာ ဘဝအာမခံချက်များရှိနိုင်မယ်ထင်လို့လား ကိုယ်တော်.."
"တပည့်တော်မှာ အိပ်မက်ရှိပါတယ် ဘုရား။ တပည့်တော်လုပ်ချင်တဲ့ အလုပ်တွေက လူဘဝနဲ့မှ လုပ်ဖို့ သင့်တော်မှာမို့ပါ ဘုရား.."

ဆရာတော်၏ စိတ်ပျက်လက်ပျက်ဖြစ်နေမည့် မျက်နှာတော်ကို မော်မဖူးဝံ့ဘဲ လက်စုံမိုးလျက်သာ ခေါင်းငုံ့ထားလိုက်သည်။

" အေးလေ..ဆုံးဖြတ်ပြီးလို့ တားမရလည်း ကိုယ်တော့်ဘဝနဲ့ ကိုယ်တော်ပေါ့လေ။ မနက်ဖြန်
လူဝတ်လဲတာပေါ့.."

ဆရာတော် အမိန့်ရှိလိုက်ချိန်ကစပြီး သူ့ရင်ထဲမှာ လိပ်ပြာကလေးတွေ တဖျတ်ဖျတ် တောင်ပံခတ်နေသလို တလှပ်လှပ်ရင်ခုန်ခဲ့ရသည်။ ညအိပ်ရာဝင်ချိန်ကစပြီး တလူးလူးတလိမ့်လိမ့်ဖြင့်
အိပ်စက်မပျော်ရှိရကာ မနက်မိုးလင်းချိန်ကို တမျှော်မျှော်ရှိရသည်။ ဆရာတော် နှမြောမည်ဆိုလည်း နှမြောစရာပါ။ သူ့ရဲ့ ငယ်ဖြူဘဝကို ပြန်မျှော်ငေးကြည့်မိတော့ ဖြတ်သန်းလာခဲ့ရသည့်
ကိုရင်ဘဝ..ရဟန်းဘဝ..စာသင်သားဘဝ..ဓမ္မာစရိယအောင်မြင်ခဲ့သော ရဟန်းဘဝ..စာချရဟန်းဘဝ စသောပုံရိပ်တို့သည် အာရုံမှာ တဖျတ်ဖျတ် ပေါ်လွင်လို့လာသည်။ အတိတ်သည် ရုပ်ရှင်တစ်ကားသဖွယ် တစ်ကွက်ပြီးတစ်ကွက်..ပိတ်ကားထက်တွင် ပြန်မြင်ရသလို သူ ပြန်မြင်လာမိသည်။

(၂)

သူ သင်္ကန်းစစည်းဖြစ်ခဲ့ချိန်မှာ သူ့အသက် ရှစ်နှစ်သားအရွယ်ဖြစ်သည်။ ရွာမူလတန်းကျောင်းမှာနှစ်တန်းဖြေပြီးချိန်မှာ အဘွားက သူ့လက်ကိုဆွဲ၍ ရွာဦးဘုန်းတော်ကြီးကျောင်းဆီသို့ လိုက်ပို့ကာ ကိုရင်ဝတ်ပေးလိုက်သည်။ မိဘနှစ်ပါး မရှိတော့ချိန်ကစပြီး အဘွားသည်သာ သူ့ဘဝရဲ့ အားကိုးရာရွှေတောင်ကြီး သဖွယ်။ အဘွား စိတ်တိုင်းကျ အဖွားအလိုကျ သူ ကိုယ်ရင်ဝတ်ခဲ့ရပါသည်။ ကိုရင်လေးကို ပြုံးမိန့်မိန့်ကြီး ငေးကြည့်နေခဲ့သော အဘွား၏မျက်ဝန်းများက ကြည်နူးပီတိ အပြည့်..။ လက်အုပ်ကလေးချီကာ

" အမလေးတော် ..ကိုရင်လေးက ကြည်ညိုဖို့ကောင်းလိုက်တာ..တကယ့် သိက္ခာတော်ရဆရာတော်ကြီးကျနေတာပဲ...။ လူမထွက်နဲ့တော့..တစ်သက်လုံးသာဝတ်တော့ ကိုရင်.."

ဟူသောစကားကို အဖွားနှုတ်မှ မကြာခဏကြားခဲ့ရသည်။ ထိုသို့ အပြောခံရတိုင်းလည်း သူ့မှာအောင့်သက်သက်နှင့် ခွန်းတုန့်မပြန်နိုင်ဘဲ နှုတ်ဆိတ်ကာငြိမ်သက်နေခဲ့ရသည်။ သူ့ဘဝကို သူမှ မပိုင်ဘဲ။ ဆုံးဖြတ်နိုင်စွမ်းရှိသော အရွယ်လည်းမဟုတ်တော့ အဘွားသဘောကျ ကိုရင်ဘဝနှင့်လူပြန်မထွက်ရတော့ဘဲ ကျောင်းတွေပြန်ဖွင့်တော့ သုံးတန်းနှင့် လေးတန်းကို သင်္ကန်းဝတ်ဖြင့်သာတက်ခဲ့ရပါသည်။ တခြားကလေးတွေနဲ့ ဆော့ကစားတော့လည်း ကိုရင်ဝတ်နှင့်သာပင်။

လေးတန်းအောင်ပြီး သူ့သူငယ်ချင်းတွေ ငါးတန်းတက်ချိန်မှာတော့ သူ့မှာ ကိုရင်ဝတ်နှင့်မို့ ငါးတန်းဆက်တက်ခွင့်မရတော့ပါ။ အလယ်တန်းကျောင်းက သင်္ကန်းဝတ်ဖြင့် တက်ခွင့်မပေးပါ။သူ့စိတ်တွင်းဆန္ဒအရင်းအမှန်က ကျောင်းစာကို ဆက်သင်ချင်သည်။ သူငယ်ချင်းတွေဆီကနေ စာအုပ်တွေငှားပြီး ဖတ်ကြည့်ရသည်။ မြန်မာစာ စာအုပ်ထဲမှ " သူရဲခြောက်သည်ဆိုသော အိမ်ကြီး .." စသော စိတ်ဝင်စားစရာ စာတွေကို ဆက်သင်ချင်သည်။ အဘွားက သာသနာ့ဘောင်မှာသာ သူ့ကို မြင်တွေ့လိုခဲ့သည်။ ကိုရင်ဘဝကို မစွန့်ရတော့ဘဲ အတန်းပညာကိုသာ စွန့်လွှတ်လိုက်ရကာ ဘုန်းကြီးစာတွေသာ သင်ခဲ့ရပါသည်။ အဘွားကလည်း..

"လူမထွက်ပါနဲ့တော့ ကိုရင်ရယ်..ရဟန်းသာ ဆက်ဝတ်လိုက်ပါတော့.."

ဟု ယတိပြတ် ဆုံးဖြတ်ပေးခဲ့သည်။ ထိုအချိန်က ဘဝရဲ့ အရေးပါသော ဆုံးဖြတ်ချက်ကို ဆယ်နှစ်သားအရွယ်ကလေးတစ်ယောက်အနေဖြင့် သူ မဆုံးဖြတ်နိုင်ခဲ့သလို ဆုံးဖြတ်ခွင့်လည်းမရှိခဲ့ပါ။ ပညာသင်ချင်စိတ်ကို မေ့မေ့ဖျောက်ဖျောက်ထားခဲ့ရသော်လည်း သူငယ်ချင်းတွေဆီကနေ စာအုပ်တွေ ငှားဖတ်မိတိုင်း အတန်းပညာသင်ချင်စိတ်တွေက သူ့ရင်ထဲမှာ နိုးကြားခဲ့ပါသည်။

ဆယ့်ငါးနှစ်သားအရွယ်မှာတော့ သူ ရန်ကုန်စာသင်တိုက်သို့ ရောက်ခဲ့ရသည်။ စာသင်သား နှစ်ရာကျော်လောက်ရှိသော စာသင်တိုက်တွင် သူ ပထမငယ်တန်းအတွက် စာတွေဆက်သင်ရသည်။ ကိုရင်ပျိုအရွယ်ကလေးမှာ သူစိတ်ဝင်စားခဲ့တာက ကဗျာတွေ..သီချင်းတွေနှင့်..ဂစ်တာ သင်ချင်ခဲ့ခြင်းတည်း။ သူ့ရဲ့စိတ်ကူးအိပ်မက်ကလေးသည် သူ့ရင်ထဲတွင် ရှင်သန်နိုးကြားစပြုခဲ့ပါသည်။ သူ့အိပ်မက်က သီချင်းရေးဆရာဘဝ..အနုပညာသမားဘဝတည်း။ ဂစ်တာတီးချင်စိတ်..သီချင်းရေးချင်စိတ်ကလည်း နှလုံးသားကို နှိုးဆွခဲ့သည်။ ဆွမ်းခံနေကျအိမ်မှ ဒကာမကြီးရဲ့ သား သူနှင့်အရွယ်မတိမ်းမယိမ်း ဒကာလေးတစ်ယောက်ကို ကပ်ကာ အကူအညီတောင်းရသည်။ ဒကာလေးက ပထမတော့ မသင်ပေးချင်။

" ကိုရင့်ကို ဂစ်တာတီးသင်ပေးရင် တပည့်တော် ငရဲကြီးမှာပေါ့ဘုရား.."

ဟုငြင်းသည်။ သူ အထပ်ထပ်အခါခါ တောင်းဆိုခဲ့ရသည်။ နောက်ဆုံးတော့ ဒကာလေးက သူ့ကို ဂစ်တာတီးနည်း ခိုးသင်ပေးခဲ့သည်။ ဒီလိုနဲ့ပဲ သူ ဂစ်တာတီးတတ်ခဲ့သည်။ သီချင်းတွေ ရေးခဲ့သည်။ သီချင်းစာအုပ်..ကဗျာစာအုပ် ..ဝတ္ထုစာအုပ်တွေအပေါ်ကနေ ဝိနည်းအဖြေ သဒ္ဒါအဖြေ ဆိုသော စက္ကူကပ်ပြီး စာအုပ်အဖုံးဖုံးကာ စာတွေ ခိုးဖတ်ခဲ့ဖူးသည်။ ဆရာနိုင်ဝင်းဆွေရဲ့ နွေတစ်ည ကို နှစ်သက်လွန်း၍ သုံးကြိမ်တိုင်တိုင် ဖတ်ခဲ့ဖူးသည်။ ဆရာမကြီး ကြည်အေး၏ ကဗျာတွေကို အကြိမ်ကြိမ်ဖတ်ကာ အလွတ်ရခဲ့သည်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင် ဝတ္ထုထဲက ခိုင့်ကို သနားလွန်းသဖြင့် တောင်ကြီးမြို့ရှိ လွမ်းစေတီအထိပင် ရောက်အောင် သွားကြည့်ခဲ့ဖူးသည်။

အဲ့ဒီလို အနုပညာကိုမြတ်နိုးသော နှလုံးသားနှင့် စာတွေ ကဗျာတွေ ခိုးဖတ်ရင်းကပင် ပထမငယ်တန်း..ပထမလတ်..ပထမကြီးတန်းကို အောင်မြင်ခဲ့ရပါသည်။ လွယ်လွယ်ကူကူနှင့်အောင်မြင်ခဲ့ရတာတော့ မဟုတ်ပါ။ သဒ္ဒါကျမ်းမှာ ရုပ်တွက်၍ မရသဖြင့် ဆရာတော်က ကျောပြင်ကို ကြိမ်နှင့်ရိုက်ခြင်းကိုလည်း ခံရသည်။ ညဘက် မီးပိတ်ပြီး သင်္ဂြိုဟ် သရုပ်ခွဲတဲ့အခါ စာမေးလို့မဖြေနိုင်တဲ့အခါ စိတ်ကြီးသော ဆရာတော်က ပြေးကန်လျှင် ဗိုက်ကိုမထိအောင် လက်နှစ်ဖက်ဖြင့်ကြိုကာခဲ့ရတာကိုလည်း မှတ်မှတ်ရရရှိခဲ့ရသည်။ ဒါတွေဟာ သူဖြတ်သန်းခဲ့သော ကိုရင်ဘဝထဲမှာ သူ့အိပ်မက်ကို ရှာတွေ့ခဲ့ရခြင်းပါပဲ။

*********************

(၃)

ဓမ္မာစရိယအတွက် သီလက္ခန်ကျမ်းကို ကျက်မှတ်နေချိန်မှာ..သူ သီချင်းတွေရေးဖို့ စိတ်ကူးဉာဏ်ကွန့်မြူးလို့ ကောင်းနေဆဲ။ သီချင်းအရေးကောင်းသဖြင့် အသက်၂၀ .. ၂၁ နှစ်..၂၂ နှစ်အရွယ်မှာ သုံးနှစ်ဆက်တိုက် လုံးလုံးဓမ္မာစရိယကျလေသည်။ ၂၃နှစ်ကျမှ သီလက္ခန်ကျမ်း အောင်မြင်ခဲ့ပါသည်။ ၂၄နှစ် မှာတော့ စာကိုအာရုံပိုစိုက်ကာ အဋ္ဌသာလိနီကျမ်းကိုအောင်မြင်ခဲ့သည်။ အသက် ၂၄နှစ်မှာ ပါရာဇိကဏ်ကျမ်းကို အောင်မြင်ကာ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရရှိခဲ့ပါသည်။

ဓမ္မာစရိယအောင်ပြီးချိန်မှာ စာသင်တိုက်မှာ စာချရင်း  သူသီချင်းတွေလည်း ဆက်ရေးမြဲ။ သီချင်းရေးဆရာဖြစ်ချင်သော အိပ်မက်ကို ဆက်မက်ဆဲ..။ စာသင်တိုက်မှာ ဆွမ်းလာကပ်လေ့ရှိသော ဒကာ ဒကာမ မိသားစုတွေထဲမှာ ဂီတအနုပညာလောကက တေးထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေနှင့် ကြုံဆုံရလျှင်..သူ့မျက်ဝန်းတွေမှာ တဖိတ်လက်လက် ရွှန်းတောက်ရသည်။

" ဦးဇင်းက သီချင်းရေးရတာ ဝါသနာပါတယ်..။ သီချင်းတွေ ရေးထားသေးတယ်.."

ဟု ဖွင့်ဟဝန်ခံချင်စိတ်တွေက နှုတ်ခမ်းဝအထိ ရုန်းကြွလာတတ်ခဲ့သည်။ မသင့်တော်ပါဘူးလေဆိုပြီး မြိုသိပ်လိုက်ရသည်မှာလည်း အခါခါပင်။ ရဟန်းဘဝနဲ့ သီချင်းရေးဆရာ ဘာများအပ်စပ်လို့တုန်း..ဟု မိမိဘာသာ ပြန်ထိန်းချုပ်မြိုသိပ်ရပါသည်။

တစ်ခါတစ်ခါတော့လည်း လူဝတ်လဲလိုက်ချင်စိတ် ပေါ်လာမိပါသည်။ သူဖြစ်ချင်တဲ့ တေးရေးဆရာဘဝကို လောကီနယ်ပယ်မှာသာ ရှာဖွေနိုင်မယ် မဟုတ်လား။ အဘွားသာ သက်ရှိထင်ရှားရှိနေသေးလျှင်..

" ပေါက်ပေါက်ရှာရှာ ဦးဇင်းရယ်..ငယ်ဖြူဘဝကတည်းက ဝတ်လာတာ..တစ်သက်လုံးသာ ဝတ်ပါ..လူမထွက်ချင်စမ်းပါနဲ့.."

ဟု တားမြစ်မှာ အသေအချာပင်။ ခုတော့ သူ့ဘဝကို ချယ်လှယ်ဆုံးဖြတ်ပေးမည့် အဘွားလည်း မရှိတော့။ သူနှင့် ငယ်စဉ်က လေးတန်းအထိ အတူတူကျောင်းတက်ခဲ့သော သူငယ်ချင်းတောင်စာသင်တိုက်မှာ ဆွမ်းလာကပ်ရင်းဆုံတော့ ပြန်ပြောပြသည်မှာ..လောကီပညာ အင်ဂျင်နီယာဘွဲ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်နေပြီဆိုပဲ။ အဲ့ဒီလိုကြားမိတော့ သူ အားကျရပြန်သည်။ သူ့မှာက ဓမ္မာစရိယဘွဲ့ရပြီး စာချရဟန်းဘဝ..။ သူဖြစ်ချင်တာက အနုပညာသမားတစ်ယောက်ဘဝ။ လောကီအာရုံတွေက သူ့ကို ဖြားယောင်းသွေးဆောင်မျှားယူစပြုပြီ။ တေးရေးဆရာအိပ်မက်ကို မက်မက်စက်စက် မက်မြဲ။

အသက် ၂၅နှစ်ကစပြီး စာချရဟန်းဘဝနှင့် ၂၇နှစ်ထိတိုင်အောင် စာသင်သားများကို စာပို့ချပေးခဲ့သည်။ အထူးသဖြင့် ပထမကြီးတန်းအတွက် သူကျွမ်းကျင်ရာအလင်္ကာစာဝါကို ပို့ချပေးခဲ့သည်။

ထိုနှစ်ကာလတွေမှာ လူထွက်ချင်စိတ်တွေ အကြိမ်ကြိမ်ပေါ်ပေါက်ခဲ့ရပါသည်။ ၂၈နှစ်အရွယ်မှာတော့ သူ့ဆန္ဒတွေကို ဆက်လက်မြိုသိပ်ချုပ်တည်းနိုင်ခြင်းငှာ မစွမ်းသာတော့သဖြင့် လူဝတ်လဲဖို့ ဆရာတော်ဆီမှာ လျှောက်ခဲ့တော့သည်။ စစချင်းတော့ ဆရာတော်က သဘောမတူပါ။ အကြိမ်ကြိမ် တားမြစ်ပါသေးသည်။ နောက်ဆုံးအကြိမ်ကျမှ စိတ်လျှော့လိုက်သည့်နှယ် မတားမြစ်တော့ပါ။
ဟော..အခုတော့ မနက်မိုးစင်စင်လင်းပြီဆိုလျင် သူ လူထွက်ခွင့်ရတော့မည်။ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နောက်မကျသေးဘူး ထင်တာပါပဲ။ တစ်ညလုံး မအိပ်ရသေးသဖြင့်
သူ့မျက်လုံးတွေ ကျိမ်းစပ်နေသည့်တိုင် သူ့နှလုံးခုန်သံကတော့ အခါများစွာကထက်ပို၍ မြန်ဆန်လှုပ်ခတ်နေသည်။ ဒီလိုနှင့် အာရုံတက်ခဲ့လေပြီ။

*********************

(၄)

အရေခွံတစ်ခုခွာချလိုက်သလို ခံစားလိုက်ရသော ခံစားချက်သည် လူဝတ်လဲပြီးချိန်တွင် သူ့စိတ်ထဲတွင်ပေါ်လာသည့် ပထမဆုံးသော ခံစားချက်တည်း။ ဝမ်းနည်းသလိုလို.. ပျော်ရွှင်သလိုလို ..စိတ်လှုပ်ရှားသလိုလို ..ရှက်သလိုလို ...အပြစ်ရှိသလိုလို ...စသော ခံစားချက်ပေါင်းစုံသည် သူ့ရင်ထဲတွင် ရောယှက်ကွန့်မြူးနေသော သက်တန့်ရောင်စဉ်တွေသဖွယ် အရောင်အသွေး စုံလင်လှပေသည်။

ဆရာတော်၏ ဆုံးမသတိပေးစကားတွေကို ကြားတစ်ချက် မကြားတစ်ချက် မျက်နှာတစ်ခုလုံးလည်း ရောင်အမ်းနေသည့်နှယ် ထူပူရှိန်းဖိန်းနေပြီ။ ရဟန်းဘွဲ့တော်မှာ ရှင်သုမန ဖြစ်သောကြောင့်လူအမည်ကို သူ့စိတ်ကြိုက် အနုပညာဆန်ဆန်လေး ပြောင်းချင်သည်။ အဘွားပေးခဲ့သည့် သက်ပိုင်..ဆိုသော နာမည်ကို လူနာမည်အနေနှင့် နှစ်သက်သော်လည်း တေးရေးဆရာအမည်ကိုတော့ သက်တန့် ဟုပေးချင်သည်။ ခုလောလောဆယ် နေသားတကျ မရှိသည်က လူ အဝတ်အစားတွေပင်။ ရှပ်အင်္ကျီကော်လံကတုံးအဖြူနှင့် မဝတ်တတ်ဝတ်တတ် ဝတ်ထားသောပုဆိုးသည် ပုံးပန်းမကျနဘဲ ကပိုကရိုရှိလှသည်။ သူကတော့ ကျွတ်ကျမှာကိုပဲ စိုးတထင့်ထင့်ဖြစ်ရသည်။

" လူ့ဘဝ ဆိုတာ ရဟန်းဘဝနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တယ်နော် ဒကာသက်ပိုင်။ အစစ သတိတော့ မလျော့စေနဲ့။ နေရာတကာ အလိုက်တသိရှိပစေ ကြားလား။ လူ့ဘဝမှာ...
လူကဘုန်းကြီးစိတ်မွေးနေရင်လည်းပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်ဘူး..။ ဒီလိုပဲဘုန်းကြီးကလူစိတ်မွေးနေရင်လည်း အဆင်မပြေဘူး.."

ဆရာတော်၏ ဆုံးမစကားက နားထဲမှာ တဝဲလည်လည်ရှိသည်။ စာသင်တိုက်ကို နှုတ်ဆက်ခဲ့စဉ်မှာတော့ နှလုံးသားကို ဆွဲခါလိုက်သလို လှိုက်ခနဲ့ဆို့တက်လာကာ မျက်ရည်ဝေ့သီရသည်။ မနေ့ကအထိ ရဟန်းတစ်ပါးဖြစ်ခဲ့သော်လည်း အခုတော့ သူ လူတစ်ယောက် ဖြစ်ခဲ့ပြီ။ အခု ဘယ်သွားရမှာပါလိမ့်။ အိတ်ထဲမှာတော့ ခင်မင်ရင်းနှီးခဲ့သော ဒကာ ဒကာမ တချို့၏ လိပ်စာတွေ ရေးမှတ်ထားသော မှတ်စု စာအုပ်ကလေးရှိသည်။ သူ အနှစ်နှစ်အလလ ရင်နှင့်ရင်းကာ ရေးသားခဲ့သော သီချင်းစာရွက်တွေရှိသည်။

လူ့ဘဝကို စတင်ပြောင်းလဲလာခြင်း အထိမ်းအမှတ်အဖြစ် ပထမဆုံး ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြှော်ချင်စိတ်ဖြစ်မိသည်။ စာသင်တိုက်နှင့်လည်း သိပ်မဝေးလှသဖြင့် ရွှေတိဂုံစေတီတော်
ဘက်သို့ လျှောက်ခဲ့သည်။ လူတွေ လူတွေ..ဥဒဟို လှုပ်ရှားရုန်းကန်နေကြပါလား။ ရဟန်းဘဝတုန်းကတော့ ဒါတွေကို သတိမထားခဲ့မိသလိုပင်။ ဆွမ်းခံဖို့ရယ်..ရဟန်းစာကျက်ဖို့ရယ်..စာမေးပွဲ
အောင်ဖို့ရယ်..ထိုအတွေးတွေသာ ခေါင်းထဲစိုးမိုးခဲ့သည်။ လူတစ်ယောက်၏ ဘဝဆိုတာကို ယောင်လို့တောင် တွေးမကြည့်ခဲ့မိ။ ရဟန်းဘဝနှင့် လူ့ဘဝဆိုတာ စည်းတားထားခဲ့ပြီးသား။ အခုတော့သူသည် ခြားထားသော စည်းကို ကျော်လွန်ခဲ့ပြီ။ ရှေ့လျှောက် သူ့ဘဝကို သူသာသာလျှင် တာဝန်ယူရတော့မည်။ အောင်မြင်ခြင်း..ဆုံးရှုံးခြင်း..အရာရာသည် သူနှင့်သာ ဆိုင်သည်။

 ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြှော်ကြည်ညိုရင်း စေတီတော်ကို တစ်ပတ်ပတ်ပြီးချိန်မှာတော့ဘုရားပေါ်က ဆင်းလာခဲ့သည်။ အရှေ့ဘက်မုခ်ရှေ့သို့ သူရောက်လာချိန်တွင် ဘယ်ဆီစသွားရမည်မှန်း မသေချာ မရေရာဖြစ်နေဆဲ ကားတစ်စင်း သူ့ရှေ့တွင် ရပ်သည်။ ကားမှန်တံခါးကျလာစဉ်ရင်းနှီးနေခဲ့သော မျက်နှာတစ်ခုကို မြင်လျှင် သူ ဝမ်းသာအားရဖြင့် နှုတ်ဆက်ဖို့ ရှေ့တိုးလိုက်သည်။ စာသင်တိုက်မှာ ဆွမ်းလာကပ်နေကျ သူနှင့်ခင်မင်နေသော ဒကာမ တစ်ဦး။ သူ့အပြုံးသည် တဝက်တပျက်မှာ ရပ်တန့်မင်သက်သွားရသည်မှာ ဒကာမဆီက မျှော်လင့်မထားခဲ့မိသော တုန့်ပြန်မှုကြောင့်ဖြစ်သည်။ ကားပေါ်ကနေ သူ့ကို သေသေချာချာကြည့်ပြီးမှ နှုတ်ဆက်ဖော်လေးတောင် မရဘဲ ကားကိုဆက်မောင်းသွားခဲ့ခြင်းတည်း။ ရုတ်တရက်တော့ သူရှက်သွားကာ ရင်ထဲနင့်ခနဲဖြစ်သွား၏။ သင်္ကန်းနှင့်လေးမြတ်ကြည်ညိုဖွယ် ရဟန်းဘဝတုန်းကတော့ ဒီဒကာမဟာ လက်အုပ်ကလေး တချီချီဖြင့် အင်မတန် ရိုသေကျိုးနွံရှိခဲ့တာပါ။ လူထွက်ထွက်ချင်း ပထမဆုံးရလိုက်သော အတွေ့အကြုံက မယုံနိုင်စရာတည်း။ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိသည်။ ဘယ်အရာကများ အထင်အမြင်သေးစရာ ဖြစ်စေပါသနည်း။ ကတုံးပြောင်ပြောင်မှာ ရှပ်အင်္ကျီနှင့် မဝတ်တတ်ဝတ်တတ် ဝတ်ထားရသော ပုဆိုးစွန်တောင်ဆွဲနှင့် ချွေးသံရွှဲသောမျက်နှာဟာ အထင်သေးအမြင်သေးစရာ ဖြစ်ခဲ့လေသလား။ နှုတ်မဆက်နိုင် မခေါ်မပြောနိုင်လောက်အောင် ဖြစ်စေသတဲ့လား။

ရှက်စိတ်လား..အားငယ်စိတ်လား သူမခွဲခြားနိုင်သော စိတ်တစ်မျိုးက သူ့နှလုံးအိမ်ကို လွှမ်းခြုံသည်။ လူ့ဘဝဆိုသည်မှာ တစ်ဘက်မျက်နှာမှာ ဘာရှိနေမှန်း ကြိုတင်မှန်းဆ မမြင်နိုင်သော စာမျက်နှာတွေချည်းလား။

*********************
(၅)

လိပ်စာထဲကအတိုင်း သူနှင့် ခင်မင်ရင်းနှီးနေသော ဒကာ၏ ဘာသာရေးမဂ္ဂဇင်းတိုက်ဆီသို့ ရောက်ခဲ့သည်။ သူ့စိတ်ကူးကတော့ နေစရာကျောတစ်နေရာစာ ရဖို့ရယ်..စားစရိတ်အတွက် အလုပ်ကလေးတစ်ခု ရဖို့ရယ်ဖြစ်ပါသည်။ လူ့ဘဝမှာ ဒီနှစ်ခုက ပင်မအသက်သွေးကြော မဟုတ်လား။

အယ်ဒီတာချုပ်နာမည်ကိုမေးလိုက်ပြီး ဧည့်ခန်းတွင် သူ ထိုင်စောင့်နေရချိန်သည် တ်ာတော်ကြာပါသည်။

" အစ်ကို..အယ်ချုပ်က မအားလို့ပါ။ ထုတ်လုပ်သူနဲ့ စကားပြောနေလို့ ကြာမယ်တဲ့။ မှာစရာရှိတာ မှာထားခဲ့ပါတဲ့.."

" ဟိုလေ..ဒီတိုက်မှာ အလုပ်တစ်ခုခုများ ရနိုင်မလားလို့ပါ။ စာပြင်ဆရာဖြစ်ဖြစ်ပေါ့..ဘာဖြစ်ဖြစ်ပါ။ ဒကာကြီး..အဲ..သူနဲ့က ဦးဇင်းဘဝမှာကတည်းက ရင်းနှီးပြီးသားမို့ပါ.."

"ဪ..ဦးဇင်းလူထွက်လား..။ ခဏလေးနော်..သွားမေးပေးမယ်။ "

ဦးဇင်းလူထွက်လား..ဟု မေးလိုက်ဟန်တွင် ဖျတ်ခနဲပြောင်းလဲသွားသော မျက်နှာရိပ်ကို သူ သတိထားမိသည်။ အယ်ဒီတာချုပ်အခန်းထဲ ဝင်သွားချိန်တွင် သူ မသိမသာ လှမ်းမျှော်ကြည့်မိသည်။ ရင်မှာ တထိတ်ထိတ်..။ ခဏနေတာ့ ကောင်လေးပြန်ထွက်လာသည်။ အားတုန့်အားနာ မျက်နှာဖြင့် သူ့ကိုကြည့်ပြီး..

" အယ်ချုပ်က ခုလောလောဆယ်တော့ အလုပ်ပေးစရာမရှိသေးလို့ပါတဲ့.."

သူ့ရင်ဝကို ဆောင့်တွန်းပစ်လိုက်သလိုပင် နင့်ခနဲဖြစ်သွားသည်။ မျှော်လင့်ချက်မဲ့သွားသော..ရုတ်တရက် ကူကယ်ရာမဲ့သွားသော သိမ်ငယ်စိတ်သည် နှလုံးအိမ်ကို ဆုပ်ခြေပစ်လိုက်သလိုပင်။
ဘာပဲဖြစ်ဖြစ် သူ့ကို အားကိုးတကြီးဖြင့် လာခဲ့ရသည်မဟုတ်လား။ ရဟန်းဘဝတုန်းက သူနှင့် စကားတွေ များစွာပြောဖြစ်ခဲ့ကြသည်မဟုတ်လား။ သူ့အပေါ် ကြည်ညိုလေးစားရင်းစွဲကလေးဖြင့် အလုပ်ကလေးတစ်နေရာတော့ ပေးနိုင်ကောင်းရဲ့ ဟု မျှော်လင့်ထားခဲ့မိသမျှသည် သဲထဲရေသွန်သလို ဖြစ်ရပြီ။ ဪ..လူတွေရဲ့ စိတ်သဘောကို သူ သေချာမသိနိုင်ခဲ့သေးပါလား။ ကြည်ညိုလေးစားမှုဆိုသည်ကလည်း လူပုဂ္ဂိုလ်၏ အရှိန်အဝါကိုလိုက်ပြီး ပြောင်းလဲတတ်ခြင်းသဘော ရှိတာပါလား။

ရဟန်းဘဝတွင် စာမေးပွဲဖြေဖို့..စာသင်ဖို့သာ အာရုံစိုက်ရပြီး ကျောတစ်နေရာစာအတွက် ပူပန်စရာမလိုသလောက် လူ့ဘဝမှာတော့ ခုအချိန်မှာ ကျောတစ်နေရာစာက အရေးကြီးလှသည်။ လူ့ဘဝသို့ ပထမဆုံးအကြိမ် ခြေစလှမ်းမိချန်မှာတင် အခက်အခဲများစွာက သူ့ကို စောင့်ကြိုမိတ်ဆက်ခဲ့သည်။ ပြောင်းလဲတတ်သော လူ့သဘာဝကို နားလည်အောင် သင်ပေးခဲ့သည်။ စိတ်ဓါတ်တော့ မကျသေး။ သူ့မှာ အိပ်မက်တွေရှိသည်။ ဓမ္မာစရိယစာမေးပွဲကိုတောင် သုံးနှစ်ဆက်တိုက်စာမေးပွဲကျတာတောင် မလျှော့သောဇွဲဖြင့် နောက်ထပ်သုံးနှစ်ကြိုးစားခဲ့သူဖြစ်၍ လူ့ဘဝ၏ တစ်ရက်စာ အခက်အခဲတွေကို သူ မှုနေ၍မဖြစ်ပါ။ နေ့လယ်စာ စားချိန်မှာတော့ လမ်းဘေးဆိုင်ကလေးမှာ ဖြစ်သလိုဖြေရှင်းလိုက်ရသော တစ်နပ်စာသည် မှတ်မှတ်ရရဖြစ်ခဲ့ပါသည်။

******

ကျောချစရာတစ်နေရာအတွက် လှည်းတန်းရှိ အဆောင်တစ်ခုမှာ သူ နေခဲ့ရသည်။ အခက်အခဲတွေများစွာနှင့် နေ့တိုင်းခလုတ်တိုက်မိရသည်။ ဘဝတလျှောက်လုံး နေသားတကျ ခေါက်ရိုးကျိုးနေခဲ့သော ရဟန်းဘဝ၏ နေထိုင်ပြုမူမှုတို့သည် လူ့ဘဝမှာ သူများတွေအတွက် ကိုးလို့ကန့်လန့်ဖြစ်ရသည်။ သူက ညဆို အစောကြီးအိပ်ရာဝင်တတ်ပြီး မနက်ဆို လေးနာရီလောက်နိုးနေတတ်သူ။ ဘုရားရှိခိုးဝတ်ပြုခြင်းကို နံဘေးက အခန်းဖော်တွေ မကြားအောင် တိုးတိုးသက်သာ သူ မဆိုတတ်။ သူများတွေ အိပ်ကောင်းချိန်တွင် မီးဖွင့်ကာ ဘုရားရှိခိုး ပရိတ်ပဋ္ဌာန်းရွတ်ဖတ်တတ်သော သူ့ကို အလိုက်မသိတတ်သူ ဟု ဆိုကြသည်။ မျက်စောင်းချီကြသည်။

" တောက်..အလိုက်ကန်းဆိုးကို မသိတတ်ဘူး..ဘုန်းကြီးလူထွက်ကိုး.."

ဟု မကြားတကြားရေရွတ်သံကိုကြားရလျှင် သူမခံချိမခံသာဖြစ်ရသည်။ ရိုင်းလှပါလား ဟု ထိုသူကို ဒေါသတစ်ဝက် သနားခြင်းတစ်ဝက်ဖြစ်ရသည်။ စကားမများချင်သဖြင့် မကြားချင်ယောင်
ဆောင်ရသည်။ အဆောင်နေသူတို့သည် သူ့ကို လူထူးလူဆန်းလို ..ဂြိုလ်သားတစ်ယောက်လို ကြည့်တတ်ကြကာ..သိပ် အရောမဝင်ဘဲ ဖယ်ကျဉ်ထားသလို သူခံစားရပါသည်။

နေ့လည်ဘက်တွေမှာတော့ သူ မြို့ထဲထွက်ကာ အလုပ်ရှာထွက်ရသည်။ သတင်းစာတွေ..ဂျာနယ်တွေမှာ..အလုပ်ကြော်ငြာတွေဖတ်ပြီး အလုပ်လျှောက်ရသည်။ တစ်ရက်မှာတော့ စာအုပ်အရောင်းဆိုင်တစ်ဆိုင်မှာ အရောင်းစာရေးနေရာမှာ သူ အလုပ်လျှောက်ကြည့်လိုက်သောအခါ လူတွေ့ခေါ်ခံရသည်။ သူ့မှာ ဝမ်းသာစိတ်လှုပ်ရှားလိုက်သည့်ဖြစ်ခြင်း။ မန်နေဂျာမိန်းကလေးက သူ့ကိုအင်တာဗျူးမေးသည်။

" နာမည်.."
" သက်တန့်ပါ.."
"ပညာအရည်အချင်း.."
" ဓမ္မာစရိယအောင်.."
"ဟင်..ဪ.."

မိန်းကလေးက စာရွက်ထဲမှာ တစ်ခုခုချရေးလိုက်သည်။ သူက ဓမ္မာစရိယကို သတ်ပုံမှားပေါင်းမှာစိုးသဖြင့် ပြင်ဆင်ပေးဖို့ သူမ ရေးတာကို လှမ်းကြည့်မိသည့်အခါ ရင်ဝကို ခပ်တုံးတုံးအရာတစ်ခုနှင့် ထုနှက်ခံလိုက်ရသလို အင့်ခနဲနာကျင်သွားရသည်။သူ့ရဲ့ ပညာအရည်အချင်းကို သူမ တန်ဖိုးဖြတ်လိုက်သည်က..

" ရေးတတ်ဖတ်တတ်.." ဆိုပါလား။

မျက်ရည်ပင် ဝေ့သီမတတ် သူ နာကျင်ထိခိုက်သွားမိသည်။ သို့ပေမယ့် ထိုအရောင်းစာရေးအလုပ်ကို သူရလိုက်သဖြင့် သူမကိုပင် ပြန်ပြီး ကျေးဇူးတင်ရပါသေးသည်။ ရဟန်းဘဝမှာ ပညာတွေတတ်ဘွဲ့တွေရခဲ့ပေမယ့် လူ့ဘဝမှာတော့ လောကီဘွဲ့မရခဲ့သဖြင့် သူသည် ရေးတတ်ဖတ်တတ် အဆင့်ဖြင့်သာ တန်ဖိုးဖြတ်ခံလိုက်ရပါသည်။ ပထမဆုံးတွေးမိသော အတွေးက ရဟန်းတစ်ပါး လူထွက်လိုက်သောအခါ..လောကီပညာအားဖြင့်လည်း ဘွဲ့မရှိ..ငွေးကြေးအားဖြင့်လည်း မပြည့်စုံသောအခါ ဘဝအာမခံချက် ကင်းမဲ့လှပါလား ဟူသောအတွေးဖြစ်သည်။ လူတကာကို ရိုသေကျိုးနွံစွာ ဆက်ဆံရသည်။ ရဟန်းဘဝတုန်းက လူတိုင်း၏ ကြည်ညိုလေးစားစွာ ဆက်ဆံခြင်းကို ခံခဲ့ရသော်လည်း အရောင်းစာရေးဘဝမှာတော့ လူတကာ၏ ဟောက်စားခံရသော ဘဝပါပေ။

******************

*******************

(၆)

အဆောင်မှာ သူနှင့်ပေါင်းသင်းလို့ အဆင်ပြေသူမှာ..လင်းကဗျာ ဆိုသော လူငယ်ကလေးဖြစ်သည်။ သူက တေးရေးဆရာတစ်ယောက်..။ ဂစ်တာကလေး အမြဲတီးကာ သီချင်းလေးတွေ ရေးနေတတ်..ဆိုနေတတ်သည်။ ထိုလူငယ်လေးကိုတော့ သူ ချဉ်းကပ်ပေါင်းသင်းရပါသည်။ ကိုလင်း..ဟု သူက ရင်းနှီးခင်မင်စွာ ခေါ်သည်။ အနုပညာနှလုံးသားရှိသူမို့လားမသိ..ကိုလင်းသည် ထိခိုက်ခံစားလွယ်သော..ကြင်နာသနားတတ်သော မျက်နှာထားရှိသည်။ ဘယ်သူမှ အဖက်မလုပ်ချင်သော သူ့ကို အရေးတယူပေါင်းဖော်ရသည်။ သူနှင့် စကားလက်ဆုံကျကာ ရင်းနှီးလာခဲ့သည်။

" ဦးဇင်း လူထွက်ခဲ့တာ..တေးရေးဆရာဖြစ်ချင်လို့ပါ လို့ ပြောရင် ကိုလင်းအံ့သြမလား။ ကျွန်တော့်မှာ..ရေးထားတဲ့ သီချင်းတွေ..အပုဒ်ငါးဆယ်လောက်ရှိတယ်..။ကိုလင်းက တေးရေးဆရာဆိုတော့ ပြကြည့်ချင်တယ်..ကိုလင်းမှာအဆက်အသွယ်ရှိရင် ကျွန်တော့် သီချင်းလေးတွေကို အဆိုတော်တွေဆီမှာ ပြပေးပါလား.."

ကိုလင်း၏မျက်ဝန်းတို့မှာ အမြဲလိုလို ရယ်မြူးရိပ် သမ်းနေတတ်၏။ လူကိုကြည့်လျှင် ရီဝေဝေ ကြည့်တတ်သည်။ စကားပြောပုံမှာ ပြောချင်သလိုလို..မပြောချင်သလိုလို..မပွင့်တစ်ပွင့်ရှိလှသည်။ သူက သူရေးထားသမျှ သီချင်းစာအုပ်ကို အုပ်လိုက်ကြီး အပ်လိုက်စဉ်မှာ ကိုလင်းက အပြုံးကလေးနှင့် စာရွက်တွေကို တဖျပ်ဖျပ် လှန်လှောကာကြည့်နေသည်။ သူက ကိုလင်းမျက်နှာကို
စာမေးပွဲအောင်စာရင်းတစ်ခုပမာ စိုးထိတ်ရင်ဖိုစွာ ငေးစိုက်ကြည့်နေမိခဲ့သည်။ ကိုလင်းမျက်ဝန်းတွေ လက်ခနဲတောက်ပသွားလျှင်..သူ စိတ်လှုပ်ရှားတက်ကြွရသည်။

...."အလွမ်းတိုင်းသာ ပန်းဖြစ်ရင်..ငါ့ရင်ခွင်ဟာ ပန်းတစ်ခင်းပါ..
....အနမ်းတိုင်းသာ ကြယ်တစ်ပွင့်ဆိုရင်..နင်ဟာ ငါ့ရဲ့ကောင်းကင်ပါ...
....သတိရတိုင်းသာ မိုးတစ်စက်ရွာရင်..ငါ့တစ်ကိုယ်လုံး ပင်လယ်ကြီးပေါ့...."

" ဟား..ကိုသက်တန့်က အမိုက်စားကြီးပဲ..သီချင်းတွေ ရေးထားလိုက်တာ မနည်းပါလား..။ ကျွန်တော် အေးဆေးဖတ်ကြည့်ဦးမယ်လေ..။ အံမယ်..ခင်ဗျားစာသားတွေက ပရိုအဆင့်ပဲ.."

နောက်တော့ ကိုလင်းနှင့်သူ တယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးနီးကပ်လာသလို ခံစားရသည်။ သူရေးထားသော သီချင်းစာသားတွေကို ကိုလင်းက သူ့စိတ်ကြိုက် သံစဉ်ထည့်ကာ ဆိုပြတတ်သည်။ ကိုလင်းဆီကနေ သူ သင်ယူရတာတွေ များလာသည်။ ညည ကိုလင်းနှင့် ဂီတာတီး သီချင်းတွေ ဆိုရခြင်းသည် လူ့ဘဝ၏ မက်မောတွယ်ငြိစရာတစ်ခု ဖြစ်လို့လာသည်။ ညည အိပ်ရာဝင် နောက်ကျသဖြင့် မနက်ပင် အစောကြီးထပြီး ဘုရားဝတ်ပြုခြင်း မလုပ်နိုင်တော့..။ အခန်းဖော်တို့၏ ငြိုငြင်ခြင်းနှင့်လည်း ကင်းဝေးရလေသည်။

**********************

ထူးဆန်းသော အဖြစ်အပျက်သည် သူ့နှလုံးသားသည်းပွတ်ဆိုင်တစ်ပြုံလုံးကို သူ့ရင်ဘတ်ထဲကနေ ဆွဲနှုတ်ယူငင်သွားခြင်းနှင့်အတူ ဖြစ်ပျက်ခဲ့ရသည်။ ဘဝတွင်သူ ခင်မင်လေးစားယုံကြည်ရသူတစ်ယောက်က သူ့ရင်ဝတည့်ကဆီ ခြေစုံကန်သွားခဲ့လိမ့်မည်ဟု သူ လက်ခံလို့ပင်မရခဲ့ပါ။အိပ်မက်ဆိုးတစ်ခုဟုသာ သူ လက်ခံချင်သည်။ နှလုံးသားတစ်ခုလုံးကွဲအက်ကြေမွသွားခဲ့ကာ သူ့ရင်သည် နှလုံးသားမကျန်ရစ်တော့သလို ဗလာကျင်း၍ ကျန်ရစ်ခဲ့ပါသည်။ လင်းကဗျာ တစ်ယောက် အဆောင်ကနေ ပျောက်ချင်းမလှပျောက်သွားခဲ့ခြင်းဖြစ်သည်။ ဘယ်မှာရှာရမည်ဟုပင် သူ မတွေးတတ် မကြံတတ်။ သူ့ဘဝတလျှောက် အနှစ်နှစ်အလလ ရေးသားခဲ့သမျှ သီချင်းစာအုပ်ဖိုင်တစ်ခုလုံး လင်းကဗျာနှင့်အတူ ပါသွားခဲ့လေသည်။ သူ့နှလုံးသားဆီမှ နာကျင်ခြင်းဝေဒနာကို
သူ စာဖွဲ့၍ပင် မပြနိုင်။ အရူးတစ်ယောက်လို သူ အော်ဟစ်ငိုကြွေးပစ်ချင်လှသော်လည်း သူ မငိုနိုင်ခဲ့။ ရင်ပွင့်လုလု သူခံစားရပါသည်။ မအိပ်နိုင်မစားနိုင် တနင့်နင့်ဝေဒနာဖြင့် လုပ်ရက်လေခြင်း..ရက်စက်လေခြင်း..ဟူ၍သာ ကြိတ်မနိုင်ခဲမရ ရေရွတ်မိသည်။

လူ့ဘဝသည် သူ့လိုရဟန်းလူထွက် ယုန်သူငယ်ကလေးအဖို့တော့ သားရဲတိရစ္ဆာန်ပေါများလှသည့် မှော်ရုံတောကြီးတစ်ခုလိုပါလား။ ဘယ်သူ့ကိုမှ ယုံကြည်၍ မရနိုင်တော့သည်ကို ဘဝနှင့်ရင်းကာ သူ သင်ခန်းစာ ရလိုက်ပါသည်။

ကာလအနည်းငယ်ကြာချိန်မှာတော့ you tube မှာ သူ့သီချင်းတစ်ပုဒ် ထွက်လာသည်။ နာမည်ကြီး အဆိုတော်တစ်ယောက် ဆိုထားသည်မို့ သီချင်းရဲ့ပျံ့နှံ့ မှုက မြန်ဆန်သည်။ လူကြိုက်များခဲ့သည်။ သီချင်းပေါက်သည်လို့ ဆိုရမည်ပင်။ ထိုသီချင်းကို သူက ရင်နှင့်ရင်း၍ ရေးခဲ့ရသည်။ တေးရေးဆရာအမည်မှာတော့ လင်းကဗျာ..ဟု လူသိများခဲ့လေသည်။

*********************

လူတို့၏ ပြောင်းလဲတတ်သော..အထင်အမြင်သေးတတ်သော..လှည့်စားကောက်ကျစ်တတ်သောသဘာဝကို သင်ယူနားလည်ဖို့အတွက် သူပေးဆပ်လိုက်ရသည်က သူ့ရဲ့ဖြူစင်ရိုးဖြောင့်သော နှလုံးသားတစ်ခုလုံးတည်း။ နောက်ဆုံးတော့ ရဟန်းတစ်ပါးလူထွက်သောအခါ အလုပ်ကောင်းကောင်းရဖို့ရာ လောကီဘွဲ့လည်းမရှိ ..စီးပွားရေးလုပ်ဖို့ရာငွေကြေးလည်းမရှိ ..ရှေ့ဆက်ရမည့် ဘဝခရီးအတွက် အာမခံချက်ရယ်လို့ မရှိပါလားလို့ သူ သက်ပြင်းအမောနဲ့အတူ ထိထိခိုက်ခိုက်ဝမ်းနည်းစွားတွေးမိသည်။

စိတ်တွေထိခိုက်ဆို့နစ်ကာ ထွက်ပေါက်မရှိတော့သလို ခံစားရသောအခါ မြတ်စွာဘုရားရှင်သည်သာ ကိုးကွယ်အားထားရာအစစ်ဖြစ်သည်ကို သိမြင်ရသည်။

ရှေ့ဆက်ရမည့် ခရီးအတွက် ရင်မောနွမ်းလျလာခဲ့ချိန်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဆီသို့ ရောက်လာရသည်။ လက်ထဲမှာ ကြာပန်းကိုးပွင့်ကိုင်လျက် ဘုရားရှေ့မှာ ရှိခိုးဦးချရင်း တောင်းဆုတစ်ခုကို သူ့စိတ်ထဲကနေ လေးလေးနက်နက် တောင်းမိပါသည်။ သူ တစ်ယောက်တည်းသာ သိမည့် ဆုတောင်းပေါ့..။

" နောင်ဘဝ လူပြန်ဖြစ်တဲ့အခါ......"

*******************************

လွန်းထားထား

၂၇- ၁-၂၀၁၉။

ကျေးဇူးမှတ်တမ်း

" ငယ်ဖြူ.." ဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့ပြီး..သိလိုသမျှကို စိတ်ရှည်လက်ရှည် ရှင်းပြကူညီပေးခဲ့သော ဘုန်းဘုန်း အရှင်ရာဇိန္ဒ - ဆရာတော် ရဝေနွယ် (အင်းမ) အား ကျေးဇူးအထူးတင်ရှိစွာဖြင့် ရှိခိုးဦးခိုက်ကန်တော့ပါ၏ ဘုရား။

လွန်းထားထား။
၂၇-၁-၂၀၁၉။
                                     ရွှေအမြုတေမဂ္ဂဇင်း
                                   ၂၀၁၉၊မတ်လ။

No comments: