ရုတ်တရက် လဲကျသွားပြီး စကားမပြောနိုင်သူ၊ သတိလစ်သွားသူများကို လေဖြတ်သွားသည်ဟု ဆိုကြသည်။ အမှန်တော့ လေဖြတ်ခြင်း (Stroke) မှာ ခြေ၊ လက်၊ ကိုယ်တစ်ခြမ်းသာ ဖြစ်လေ့ရှိသည်။ နွေရာသီမှာ အပူဒဏ်ကို ခံရပြီးဖြစ်သော (Heat Stroke) ခေါ် အပူဒဏ်ကြောင့် လေဖြတ်ခြင်းမှာ အဖျားကြီး ပြီး သတိလစ်သွားခြင်းမျိုးဖြစ်သည်ကို တွေ့ရသည်။ လေဖြတ်သူအများစုမှာ အဖျားမရှိကြဘဲ… အပူရှပ်၍ လေဖြတ်ခြင်းမှာ အဖျားကြီးခြင်း၊ ကိုယ်အပူချိန် အလွန်တက်ခြင်းကို တွေ့ရပါသည်။
မြန်မာနိုင်ငံတွင် တန်ခူး၊ ကဆုန်၊ နယုန် (မတ်၊ ဧပြီ၊မေ) ၃ လသည် အပူဆုံးလများဖြစ်သည်။ နေပူထဲထွက်ရသူများ သတိပြုရမည့်လဖြစ်သည်။ သင်္ကြန်ကျသည့်လတွင် အပူဆုံးဖြစ်သည်။ တစ်ခါတစ်ရံ မိုးရွာသည်။ မိုးရွာသော်လည်း ပူမြဲပင်ဖြစ်နေတတ်သဖြင့် သတိပြုသင့်သည်။
အပူရှပ်ခြင်းဆိုသည်မှာ ပြင်းထန်သောအပူဒဏ် (နေပူဒဏ်)နှင့် ထိတွေ့ပြီး အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်သွေးကြောများ အတွင်းသို့ အပူဓာတ်လွန်ကဲစွာ ရောက်သွားပြီး ဖျားလာခြင်း၊ ထို့နောက် ဦး နှောက်သွေးကြောပေါက်ကာ သတိလစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် လေဖြတ်ပြီးခန္ဓာ ကိုယ်တစ်ခြမ်း(သို့မဟုတ်) တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တော့ခြင်း၊ စကားပီသအောင် မပြောနိုင်ခြင်း (သို့မဟုတ်) လုံးဝစကားမပြောနိုင်တော့ခြင်း ဖြစ်ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခြင်းကို ခေါ်သည်။
အပူရှပ်၍ လေဖြတ်ခြင်း (၂) မျိုး
(က) နေပူထဲမှ ပြန်လာပြီး အအေးထဲသို့ ဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိခြင်း။
(ခ) အအေးခန်းအတွင်း နေထိုင်ရာမှရုတ်တရပ် ပူပြင်းသော နေရောင်အောက်သို့ ထွက်ခြင်း။ (ဥပမာ- အဲယားကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသောနေရောင်ခြည်နှင့် တိုက်ရိုက်ထိ တွေ့ခြင်း)
အပူအအေး ဝိရောဓိဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း သွေးစီး ကြောင်းများတွင် သွေးကြောများရုတ်ခြည်း ပြောင်းလဲမှုဒဏ်ကို မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက် ကွဲခြင်း၊ သွေးကြောငယ်လေးများ ပြတ်ထွက်ခြင်းဖြစ်နိုင်ပေသည်။ အသက်ကြီးသူများတွင် ပို၍ဖြစ်ရခြင်းမှာ သူတို့၏ သွေးကြောများမှာ ဟောင်းနွမ်းပြီး မာဆတ်မှုကြောင့် ပူ၍ ကျယ်ခြင်း၊ အေး၍ ကျုံ့ခြင်းဒဏ်ကို မခံ နိုင်ခြင်းဖြစ်သည်။ ပလတ်စတစ်ပိုက်များ ဟောင်းနွမ်းသောအခါ မာကျွတ်ဆတ်ပြီး ကွဲလွယ်ပေါက်လွယ် သည့် သဘောပင်ဖြစ်သည်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း (သို့မဟုတ်) အပူရှပ်၍ လေဖြတ်ခြင်း Heat Stroke မဖြစ်စေရန် အောက်ပါအချက်များကို ဂရုပြုဆောင်ရွက်ရန် လိုအပ်ပေသည်။
(က) နေပူပြင်းချိန်တွင် အပြင်မထွက်ပါနှင့် မလွဲမရှောင်သာ၍ ထွက်ရလျှင် လုံခြုံသောအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါဖို့လိုသည်။
(ခ) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံအရိပ်၊ အမိုးအကာအောက်မှ စောင့်ပါ။
(ဂ) ရေငတ်လျှင် ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။
(ဃ) အဲကွန်းကားစီးပြီး လိုရာရောက်၍ နေပူရှိန်ပြင်းသော နေရာတွင် ဆင်းရမည်ဆိုလျှင် မဆင်းမီကကြို တင်၍ ရေသောက်ထားပါ။ အစာအိမ်အတွင်း ရေရှိလျှင် သွေးကြောများက ရေကို စုပ်ယူထားသဖြင့် တော်ရုံ အပူဒဏ်ကို ခံနိုင်သည်။
(င) နေပူထဲမှ ပြန်လာပြီးလျှင် ရေခဲရေ (လုံးဝ) မသောက်ပါနှင့်၊ ရေမချိုးပါနှင့်၊ မျက်နှာမသစ်ပါနှင့်။
(စ) ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ် ခပ်သောက်ခြင်းသည် ရှေးလူကြီးများ၏ အပူဒဏ်ကာကွယ် နည်း ဖြစ်ပါသည်။
နေပူထဲမှပြန်လာပြီး ရေခဲရေမသောက်သင့်
လွန်ခဲ့သောနှစ်ပိုင်းက အသက်(၃၀)ကျော်ခန့်သာရှိသေးသည့် လူငယ်တစ်ဦးနေပူထဲမှ ဆိုင်ကယ် စီးပြန်လာပြီး အိမ်အရောက်တွင် ရေခဲသေတ္တာအတွင်းမှ ရေခဲရေဘူးကိုယူ၍ ဘူးတစ်ဝက်နီးပါး မော့ သောက်လိုက်သည်။ ပြီးနောက် ၁၅ မိနစ်အကြာတွင် မူးသည်ဟုဆိုကာ လဲကျသွားသဖြင့် ဆေးရုံသို့ အရေး ပေါ်ကားခေါ်ပြီး တင်ပို့သော်လည်း အသက်ဆုံးရှုံးသွားသည်။ ဆေးစစ်ချက်အရ ဦးနှောက်သွေးကြော ရုတ် တရက် ပေါက်သွားသည်ဟု သိရသည်။
လွန်ခဲ့သော နှစ်များက ယခုကဲ့သို့ ပူပြင်းသော ဧပြီလ၊ မေလများကလည်း ဤသို့အလားတူ ရေခဲ ရေမော့ချ၊ လောင်းချပြီး မူးလဲသွားသူ သတိလစ်သူ၊ တက်သွားသူ၊ လေဖြတ်သွားသူများနှင့် ဦးနှောက် သွေးကြောပေါက်ကာ အသက်ပါသွားရသူများ တွေ့ဖူး၊ ကြားဖူးပြီးဖြစ်ပါသည်။ သို့သော် သတိမမူ ဂူမမြင် ဆိုသကဲ့သို့် ယခုနှစ်မှာလည်းထပ်မံကြုံတွေ့ရပြန်သည်။ သတိပြုကြစေရန် ထပ်မံတင်ပြလိုပါသည်။
ဒေသနာ နာယဆေးပညာခေါ်ဗုဒ္ဓနည်း၏ အခြေခံသည့် မြန်မာရိုးရာ ဆေးပညာအယူအဆအရ နွေရာသီ၏ အပူဓာတ်သည် ဥဏှာတေဇောလွန်ကဲပြီး ရေခဲရေစိမ့်ရေ၊ စိမ့်စမ်းရေ၊ ညသိပ်ရေတို့သည် သီတတေဇောကိန်းအောင်းသော ဓာတ်ရှိသည်။ အပူနှင့်အအေးသည် သာမန်ထိတွေ့ရုံဖြင့် ဘာမှမဖြစ်နိုင် သော်လည်း လွန်ကဲသောဆန့်ကျင်ဘက်နှစ်ခု ရုတ်တရက်ထိတွေ့လျှင် ပေါက်ကွဲတက်သော သဘောရှိပါ သည်။ မီးလောင်ကျွမ်းထားသော ပြာပူများအတွင်းသို့ ရေအေးလောင်းချသောအခါ ရုတ်တရက်ပြာပူများ အထက်သို့ကန်တက်သည့် ဥပမာကို သတိပြုနိုင်ပေသည်။ ပူသောအချိန်တွင် ရေခဲရေသောက်ရသည်မှာ အလွန်ပင်ဇိမ်ရှိသည်။ အရသာရှိသည်ဟုဆိုကြသည်။ ထိုသို့ ဇိမ်ရှိခြင်းမှာ လျှာပေါ်တွင်သာ ဇိမ်ရှိခြင်းဖြစ် သည်။ အစာအိမ်အတွင်းသို့ ရောက်သွားလျှင် ဇိမ်မရှိတော့ပေ။ အစာအိမ်တွင်း အောင်းနေသော အပူဓာတ် သည် ရေခဲရေလောင်းထည့်လိုက်ချိန်မှ စ၍ပျက်ပြယ်သွားသည်။ အစာချေခြင်း အလုပ်ရပ်စဲသွားသဖြင့် အစာမကြေဖြစ်ရသည်။
ထို့အပြင် အစာအိမ်မှ အပူများ အထက်သို့ပျံ့လွင့်၍ တက်ခြင်းတို့ကြောင့် အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်းဖြစ်လာပြန်သည်။ ရေငတ်သဖြင့် ရေခဲရေထပ်သောက်ရပြန်သည်။ ဤသို့ဖြင့် အပူပြန်ခြင်း၊ ရေငတ်ခြင်း သံသရာမှာမဆုံးနိုင်တော့ဘဲ ဖြစ်ရလေသည်။ ပင်လယ်ရေသောက်သူ ရေငတ်မပြေသကဲ့သို့ ရေခဲရေသောက်သူများမှာလည်း ရေငတ်မပြေနိုင်ကြပေ။
ရှေးက ဓာတ်ဆရာကြီးများ၏ စကားမှာ “အပူကိုအပူနှင့် ချေမှကြေသည်” ဟုဆိုသည်။ နေပူထဲ မှလာပြီး ရေငတ်လာသူကို မြေကရားအိုးနှင့် တည်ထားသော ရေနွေးကြမ်းအဖန်ရည်ကို တိုက်လိုက် သောအခါ ငုတ်နေသော အပူများကန်၍ ချွေးများထွက်လာပြီးနောက် ရင်ထဲအေးလာသည်ကို တွေ့ရသည်။ အချို့က ထွက်သွားသော ချွေးမှ ဆားဓာတ်ကို ဖြည့်ဆည်းနိုင်ရန် အဖန်ရည်တွင် ဆားအနည်းငယ်ထည့် လေ့ရှိသည်။ တောရွာများတွင် ဤဓလေ့ကို ယနေ့တိုင်တွေ့နိုင်ပေလိမ့်မည်။
နေပူပြင်းချိန်တွင် အိမ်အတွင်းမှာပင်နေပြီး နေပူမထိသူများ၊ လေအေးပေးစက်နှင့် နေသူများ အတွက် ရေခဲသေတ္တာထဲမှ ရေကို သောက်ခြင်းမှာ အန္တရာယ်မရှိနိုင်သော်လည်း နေပူထဲမှ ပြန်လာသူများ အတွက် အန္တရာယ်ရှိသည်။ အခန့်မသင့်လျှင် ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင် သဖြင့် အိမ်များတွင် မြေသောက်ရေအိုးများ ထားသင့်သည်။ မြေသောက်ရေအိုးအတွင်းမှ ရေမှာအေး သော် လည်း ဘေးမဖြစ်နိုင်ပေ။
မြေသောက်ရေအိုးမရှိသဖြင့် ရေခဲသေတ္တာထဲမှ ရေပုလင်းကို သောက်လိုသူများသည် ထိုရေပုလင်း ကို ချက်ခြင်းမသောက်ဘဲ အခန်းအပူချိန်တွင် ခေတ္တထားပြီး အအေးဓာတ်လျော့သွားမှ သောက်သုံးခြင်း ဖြင့်လည်း ဦးနှောက်သွေးကြောပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ရေအေးကို အလျင်အမြန်မသောက်ဘဲ ဖြည်းဖြည်းသောက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။
ရေနွေးကြမ်းသောက်ခြင်း၏ အကျိုးကျေးဇူး
နွေရာသီရောက်လာသောအခါ လူအတော်များများသည် အပူဒဏ်ခံရသဖြင့် ရေအေးကိုသာ သောက်လိုကြသည်။ အမှန်မှာ ရေအေးသောက်ခြင်းထက် ရေနွေးသောက်ခြင်းက ပို၍ ခန္ဓာကိုယ်အတွက် အကျိုးရှိသည်ကို မသိကြ၍ ဖြစ်သည်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ဝမ်းမီးခေါ် သက်စောင့်ဓာတ်သည် ရုတ်တရက်အအေးဓာတ်နှင့် တွေ့ရှိသော အခါ ဝမ်းမီးပျက်သွားတတ်သည်။
ဝမ်းမီးဆိုသည်မှာ သက်စောင့်ဓာတ်တစ်မျိုးဖြစ်သည်။ သာမန်အားဖြင့် အစာကြေဖို့တာဝန် တစ်ခု သာရသည်ဟု ထင်ရသော်လည်း အသက်ရှည်ကျန်းမာရေးအတွက် အခြေခံအကျဆုံးနှင့် အဓိက အကျဆုံး တာဝန်ကို ယူထားရသည်။ ရောဂါမှန်သမျှ အစာမကြေခြင်းမှ စသည်ဟု ဆိုခြင်းကြောင့် ရေအေးသောက်ပြီး ဝမ်းမီးငြိမ်းသွားလျှင် အစာမကြေရောဂါစ၍ ဖြစ်လာနိုင်သည်။ ရောဂါတစ်ခုကို ကုသရာတွင် လူနာသည် အစားစားချင်စိတ်ကောင်းစွာ ပေါ်ပေါက်လာပြီး စားလိုက်သောအစာလည်းကြေ ဝမ်းလည်းမှန်မှသာလျှင် ရောဂါအမြစ်ပြတ် ပျောက်ကင်းသည်ဟု ယူဆနိုင်သည်။
နေပူထဲမှပြန်လာသူတစ်ဦးသည် အိမ်ရောက်သောအခါ ရေခဲသေတ္တာ အတွင်းမှ ရေသန့်တစ်ဘူးကို ယူပြီး မော့ချလိုက်သည်။ ထိုသူသည် နောက်တစ်နေ့တွင် အသံဝင်လည်ချောင်းနာဖြစ်ပြီး အစာမစားချင် ဖြစ်ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ရေခဲရေက ဝမ်းမီးကို ငြိမ်းလိုက်သဖြင့် အစာအိမ်အတွင်းမှ သက်စောင့် အပူဓာတ်မှာ အအေးနှင့် ဖလှယ်ပြီး အထက်သို့ကန်တက်သွားခြင်းကြောင့် လည်ချောင်းနာရခြင်းဖြစ်သည်။ အပူကန်၍ အသံအိုးရောင်သွားလျှင် ရက်သတ္တပတ်ကြာသည်ထိ အသံပြန်မထွက်သည်ကို တွေ့ရသည်။ ထိုကဲ့သို့ဖြစ်သော လူနာမျိုးကို ရေနွေးပူပူတွင် ဆားထည့်ပြီး ပလုတ်ကျင်းခြင်း၊ ငုံထွေးခြင်း၊ လည်ချောင်း ဆေးခြင်းဖြင့် အသံပြန်ထွက်လာအောင် ကုသနိုင်သည်။
ရှေးက မြန်မာလူမျိုးများသည် တပေါင်း၊ တန်ခူး နွေရာသီအပူရှိန်ပြင်းသော ကာလတွင် နေ့ခင်း၊ နေ့လယ် အလုပ်မလုပ်ဘဲ အနားယူကြသောအခါ မန်ကျည်းပင်ရိပ်၊ ထနောင်းပင်ရိပ်၊ ကုက္ကိုပင်ရိပ်တွင် ရေနွေးကြမ်းဝိုင်းချပြီး ဆားလှော်ကို ခွက်ငယ်ကလေးဖြင့် ထည့်ထားကာ ရေနွေးကြမ်းအဖန်ရည်ဖြင့် ရောစပ်၍ သောက်လေ့ရှိကြသည်။ ထိုနည်းဖြင့် အသံဝင်ခြင်း၊ လည်ချောင်းနာခြင်းမှ ကာကွယ်ရုံသာမက နွေရာသီတွင်ဖြစ်လေ့ရှိသော ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ မိတ်အိုင်းခေါ် မိတ်ကြီးထွက်သည့် ရောဂါ များမှ ကာကွယ်နိုင်သည်ဟု ဆိုသည်။
ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖေါ်ပြထားသည်မှာ… ရေနွေးနှင့် သင့်သူ။ ဘေးထိုးရင်ကျပ်နာရှိ သောသူ၊ နှာစေးသောသူ၊ လေနာရှိသောသူ၊ ကုပ်ခိုင်တောင့်သောသူ၊ ဝမ်းရောင်သောသူ၊ ကြက်မျက် သင့်သောသူ၊ ဝမ်းသက်သောသူ၊ အဖျားသစ်ရှိသောသူ၊ ရှူဟိုက်သောအနာရှိသောသူ၊ ဆီ၊ ထောပတ်များ စွာစားသောသူ၊ သလိပ်နာရှိသောသူ၊ ဝမ်းကိုက်သောသူ၊ ဂူနာရှိသောသူ၊ ချောင်းဆိုးနာ၊ ပန်းနာရှိသော သူ၊ နှုတ်မမြိန်သောသူ၊ အမာပေါက်သောသူတို့သည် ရေအေးကို ကြဉ်ရှောင်အပ်ကုန်၏။ ထိုသူတို့ သည် ရေအေးသောက်ခြင်း၊ ချိုးခြင်းကို မပြုအပ်ကုန်၊ ရေနွေးကိုသာ သုံးဆောင်အပ်ကုန်၏။ (ရေနွေး၏ ဂုဏ်ကို ပြဆိုခြင်းအကြောင်းမှ)
စာရေးသူ၏ဖခင် အသက်(၈၅)နှစ်တွင် ကွယ်လွန်ခဲ့သည့် သတင်းစာဆရာအသင်း သက်ကြီးကန် တော့ခံ သတင်းထောက်ကြီးသည် အသက်ထင်ရှားရှိစင်က ရေအေးမသောက် ရေနွေးကြမ်းကိုသာ နံနက် အိပ်ယာထမှ ညအိပ်ယာဝင်သည့် အချိန်ထိသောက်သည်။ သူငယ်စဉ် သတင်းထောက်တာဝန် ထမ်း ဆောင်စဉ်ကာလကလည်း မည်သည့်အရပ်သို့ရောက် ရောက် ရေအေးမသောက် ရေနွေးကြမ်းကို သောက် သည်ဟုဆိုသည်။ ရေအမျိုးမျိုးရှိသည်။ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေ၊ စိမ့်စမ်းရေ စသည်တို့သည် မိမိသောက်နေကျမဟုတ်လျှင် အစာမကြေခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ် နိုင်သည်။ ရေနွေးကြမ်းသောက်ခြင်းဖြင့် (တစ်နည်း အားဖြင့်) ရေကိုကျိုချက်၍သောက်ခြင်းဖြင့် မည်သည့် အရပ်ကရေဖြစ်စေ အန္တရာယ်ကင်းစေနိုင်သည်ဟု ဆိုသည်။ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းဘေးမှလည်း ကာကွယ်ရာရောက်သည်ဟုဆိုသည်။
နေပူထဲထွက်လျှင် သတိပြုရမည့်အချက်များ
ယခုနှစ် နွေရာသီအပူရှိန်လွန်ကဲမည်ဟု မိုးလေဝသပညာရှင်များက သတိပေးလျက်ရှိသည်။ အထူး သဖြင့် အထက်အညာဒေသ နေထိုင်သူများအတွက် ပို၍သတိရှိရန်လိုသည်။ မြို့နေလူတန်းစားများ အ တွက် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသည်တို့ဖြင့် အပူဒဏ်ကာကွယ်ဖို့ သတိပေးနေချိန်တွင် လယ်ထဲ ကိုင်းထဲအလုပ်လုပ်ကြရသော တောသူတောင်သူများအား မည်သို့ကာကွယ်ပေးမည်နည်း။ စိတ်ပူပန်ရန်မ လိုပါ။ ရှေဘိုးစဉ်ဘောင်ဆက်ကပင် တောသူတောင်သားတို့တွင် နေပူဒဏ်ကာကွယ်နည်းရှိပါသည်။ အကာ အကွယ်ရှိပါသည်။ ထိုအကာအကွယ်မှာ သနပ်ခါးဘဲကြား ထူထူလိမ်းခြင်းနှင့်ဝါးခမောက် တို့ဖြစ်သည်။
မြန်မာ့ရိုးရာသနပ်ခါးသည် မျက်နှာနှင့်လက်၊ ခြေများပါလိမ်းထားလျှင် နေပူဒဏ်(ခေတ်အခေါ် ခရမ်းလွန်ရောင်ခြည်ဒဏ်) သာမက လေတိုက်ပြီး အသားပပ်ခြင်း၊ ဖုန်မှုန့်များကပ်ခြင်းကိုပါ ကာကွယ် သည်။ သနပ်ခါးအမြစ်တွင် အအေးဓာတ်(သီတဓာတ်) ပါသဖြင့် အပူကန်ပြီး မိတ်ဖုများထွက်ခြင်းကိုပါ အကာအကွယ်ပေးသည်။ ရှေးက လူကြီးများသည် ကလေးများကို ရေမိုးချိုးပြီးသည်နှင့် ကျောက်ပျဉ်တွင် သနပ်ခါးသွေးပြီး လိမ်းပေးသည်။ လိမ်းပေးရုံသာမက သန့်ရှင်းသောရေဖြင့် သွေးထားသော သနပ်ခါးအ နည်းငယ်ကို ကလေး၏ ပါးစပ်အတွင်းသို့ ခွံ့ပေးသည်။ ကလေးငယ်များသည် စ၍ ခွံ့ပေးခါစက သနပ်ခါး သည် ခါးသက်သက်အရသာရှိသဖြင့် မကြိုက်သော်လည်း နောင်တွင်ကြိုက်သွားလေ့ရှိသည်။ သနပ်ခါးစား ခြင်းသည် အပူဒဏ်ကာကွယ်သည့်အပြင် ကလေးငယ်များကို ရေကျောက်နှင့် ဝက်သက်ပေါက်ခြင်းမှလည်း အကာအကွယ်ပေးနိုင်သည်။
ကန်စွန်းရွက်သည် ရာသီမရွေးရနိုင်သော အစာဖြစ်သည်။ နွေအခါ ကုန်းကန်စွန်း၊ မိုးအခါ ရေကန် စွန်း စသည်ဖြင့် ပေါပေါများများရနိုင်သည်။ ကန်စွန်းရွက်ကို နေ့စဉ်စားခြင်းဖြင့် အပူဒဏ်မှကာကွယ်နိုင် သည်။ ကန်စွန်းရွက်သည် အဆုတ်အားကောင်းစေသည့် အာပေါစာဖြစ်သည်။ နွေရာသီအပူငုပ်၍ ချောင်း ခြောက်ဆိုးခြင်း၊ အသံဝင်ခြင်းကို သက်သာစေနိုင်သည်။ ကန်စွန်းရွက်ကို မန်ကျည်းမှည့်နှင့် ချဉ်ရည်ဟင်း ချက်စားလျှင် အပူဒဏ်ကာကွယ်သော ရာသီစာဖြစ်သည်။ မိတ်ကိုက်ပြီး ပူစပ်ပူလောင်ဖြစ်လျှင် ကန်စွန်း ရွက် အရည်ညှစ်ပြီး အားအနည်းငယ်ထည့်၍ ဖျော်လိမ်းပေးလျှင် သက်သာစေနိုင်သည်။
နေပူဒဏ်ကာကွယ်ဖို့
၁။ သနပ်ခါးလိမ်းပါ။ မြန်မာ့ရိုးရာ သနပ်ခါးသည် အပူဒဏ်ကိုကာကွယ်သည်။
၂။ မိတ်ထွက်လျှင် သနပ်ခါးအနည်းငယ်စားပေးပါ။ ခရေပွင့်ခြောက်နှင့် သနပ်ခါးရောသွေးလိမ်းပါ။
၃။ ရေတစ်ခွက်သောက်ပြီးမှ အပြင်ထွက်ပါ။
၎။ အပြင်မှ ပြန်လာလျှင် ရေခဲရေမသောက်ပါနှင့်။ ပုံမှန်သဘာဝရေအေးကိုသာ သောက်ပါ။
၅။ ခြေထောက်ရေမဆေးပါနှင့်။ ရေမစိမ်ပါနှင့်။
၆။ မျက်နှာမသစ်ပါနှင့်။ ရေအေးဖတ်ဖြင့် မကပ်ပါနှင့်။
၇။ နေပူထဲမှ ပြန်လာလျှင် ချက်ချင်း ရေမချိုးပါနှင့်။
၈။ ဦးခေါင်း၊ ဆံပင်ဖြန့်၍ ပန်ကာလေမခံပါနှင့်။
၉။ ရေခဲသေတ္တာထဲမှ ရေဘူးကို သောက်လိုလျှင် အပြင်မှာ (၁၅)မိနစ်ခန့် ထုတ်ထားပြီးမှ သောက်ပါ။
၁၀။ ပူပြင်းသောရာသီတွင် ဝမ်းချုပ်လျှင် ညအိပ်ယာဝင် မန်ကျည်းမည့်နှင့် ထန်းလျက်ဖျော်ရည်သောက်ပါ။ ဝမ်းနုတ်ဆေးအပြင်းများ မသောက်ပါနှင့်။
၁၁။ ဝမ်းပျက်လျှင် သကြားသုံးဇွန်း၊ ဆားတစ်ဇွန်း၊ လက်ဖက်ခြောက် လက်တစ်ဆုပ်၊ သံဒယ်အိုးဖြင့် လှော်ပြီး ရေနွေးဆူဆူတွင် ခတ်သောက်ပါ။ ဝမ်းအရည်သွားခြင်းကို ရပ်စေပါသည်။
ကြည်လွင်မြင့် (မုဒြာ)
ကြေးမုံသတင်းစာ။ ၂၁.၄.၂၀၁၈ စာ.၁၅
No comments:
Post a Comment