ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးပါတယ်။ ပွင့်လင်းတဲ့ လူ့မှုအသိုင်းအ၀ိုင်းမှာ သက်ကြီးရွယ်အိုတွေကို ဆေးကုသမှုပေးရင် အမေးခံနေရကျ မေးခွန်းတစ်ခု ရှိသတဲ့၊ ဆရာပေးတဲ့ဆေးကြောင့် ကျွန်တော်၊ ကျွန်မရဲ့ လိင်မှုကိစ္စ အနှောင့်အယှက်ဖြစ်နိုင်သလား ဆိုတာပါပဲ။ ထိခိုက်နိုင်တယ်ဆို ဆေးအမျိုးအစားပြောင်းပေးရတယ်၊ ဒီရောဂါက လိင်မှုကိစ္စကို ပြဿနာပေးနိုင်တယ်ဆိုရင် လူတွေက ပိုပြီး ကုသမှုကို ကြိုးစားခံယူလာကြတယ် လို့ ဆိုပါတယ်။
ကျွန်တော့်အတွက် တွေးစရာတွေ အများကြီးရသွားပါတယ်။ သြော် သူတို့တွေများ ပွင့်လင်းလိုက်တာ။ ကျွန်တော့်ကိုသာ လူနာက အဲ့လိုလာမေးရင် ကျွန်တော့်စိတ်ထဲ ဘယ်လိုဖြစ်သွားမလဲ၊ ဟင် ဒီလူကြီး တဏှာကြီးရန်ကော၊ ဒီအရွယ်ကြီးကျမှ၊ ဒီလိုထင်မိမှာပဲ။
တစ်ဆက်တည်းမှာပဲ နိုင်ငံခြားသူမိတ်ဆွေတချို့ကိုလည်း မြင်ယောင်လာတယ်။ သူတို့ဘ၀က ပျော်စရာပဲ။ ကိုယ်ပိုင်အလုပ်ရှိတယ်။ အိမ်ထောင်မရှိဘူး။ ဒါပေမယ့် Living together နေနေတဲ့အဖော်ရှိတယ်။ ပျော်စရာကောင်းတဲ့ လိင်မှုဘ၀ကို ပိုင်ဆိုင်ထားတယ်။ ဒါကိုလည်း ဘယ်သူကမှ မကဲ့ရဲ့ဘူး။ ဘယ်မိဘကမှ ရှက်စရာလို့ မထင်ဘူး။ အဲဒီအဖော်နဲ့လည်း နှိပ်စက်ခံပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပေါင်းနေရတာမျိုး မဟုတ်ဘူး။ သူနဲ့ကွဲသွားရင် ငါတော့ ဒုက္ခရောက်ပြီဆိုတာမျိုး မရှိဘူး၊ သူတို့အလုပ်နဲ့သူတို့ကိုး။ သဘောထား မတိုက်ဆိုင်ရင်၊ အဆင်မပြေရင် ကွဲလိုက်တာပဲ။ နှစ်တွေအဲ့လောက်အကြာကြီး တွဲလာပြီးမှ ဆိုတာမျိုးနဲ့ အောက်ကျခံ တွဲနေရတာမရှိဘူး။ နင်နဲ့နေထားတဲ့ ဓါတ်ပုံတွေ တင်လိုက်မယ်လို့လည်း သူတို့ကို ခြိမ်းခြောက်လို့မရဘူး။ ဒါ အားလုံးလက်ခံထားပြီးသားကိစ္စလေ။ သူတို့ပတ်ဝန်းကျင်ကလည်း ဒါမျိုးပုံတွေ တက်လာလို့ မှတ်လောက်သားလောက်အောင် ဆိုပြီး သူတို့တွေကို အရှက်ခွဲမနေဘူး။ ဆဲမနေဘူး။
ကျွန်တော်တို့ဆီက မိန်းကလေးတွေ၊ လူငယ်တွေအကြောင်း ဆက်စဉ်းစားမိတယ်။ သူတို့လည်း လူ၊ ကိုယ်တွေလည်း လူ၊ သူတို့မှာလည်း လိင်စိတ်တွေရှိသလို ကိုယ်တွေမှာလည်း ရှိတယ်။ ဒါပေမယ့် အခြေအနေချင်းကတော့ တခြားစီပဲ။
ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းဟာ အင်မတန်မှကို မပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။ လိင်ကိစ္စမှမဟုတ်ပါဘူး၊ ဘယ်နေရာမဆိုပါပဲ။ ကိုယ့်ကို တစ်ယောက်ယောက်က တခုခုလာလုပ်နေရင်တောင် အားနာလို့ဆိုပြီး အဆင်မပြေတာကို ကြိတ်မှိတ်သည်းခံနေကြတယ်။
တကယ်တော့ လိင်ကိစ္စဟာ စားရေးသောက်ရေးကိစ္စလိုပဲ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံးလိုအပ်ချက် (Physiological needs) ဖြစ်ပါတယ်။ ဒီလိုပြောလိုက်ရင် ကျွန်တော်တို့မြန်မာ့အသိုင်းအ၀ိုင်းမှာ အထူးတဆန်း ဖြစ်သွားကြပါတယ်။ ဒါဖြင့် မဟုတ်လို့လား မေးရင်လည်း အကုန်ပြုံးစေ့စေ့ ဖြစ်သွားကြမှာပါပဲ။ တကယ့်လက်တွေ့မှာ ဟုတ်နေတယ်။ ဒါပေမယ့် လက်သင့်မခံဘူး။ ယဉ်ကျေးမှုဆိုတာကြီးကို ကိုင်ကိုင်ပြီး အတင်းငြင်းနေကြတယ်။
အမှန်တော့ လိင်စိတ် ဆိုတာ ကလေးဘ၀ကတည်းက စပါတယ်။ မိခင်ဝမ်းဗိုက်ကတည်းက စတယ်လို့တောင် ပြောကြပါတယ်။ လိင်ဆက်ဆံခြင်းပုံစံနဲ့သာ မဟုတ်တာ။ သူတို့မှာလည်း လိင်မှုဆိုင်ရာ အပြုအမူမျိုးတွေ၊ စိတ်ခံစားမှုတွေ ရှိပါတယ်။ ဥပမာ တစ်ယောက်နဲ့တစ်ယောက် လိင်အင်္ဂါကိုင်ကြည့်တာ၊ ပြတာ၊ ကိုယ့်လိင်အင်္ဂါကို ကြမ်းပြင် သို့မဟုတ် တခုခုနဲ့ပွတ်နေတာ၊ တစ်ယောက်ယောက် အ၀တ်အစားမဲ့နေတာကို ကြည့်ချင်တာ (ရေချိုးခန်းတံခါးကို သွားဖွင့်တာ၊ ချောင်းကြည့်တာမျိုး) စတာတွေက ကလေးလို့သတ်မှတ်ကြတဲ့ ၄-၅နှစ်အရွယ်တွေမှာကို ရှိနေတာပါ။
ဆယ်ကျော်သက်အရွယ်ရောက်လာတော့ လိင်ဆက်ဆံတဲ့ဖက်ကို ပြောင်းလာတယ်။ တစ်ကိုယ်ရည် အာသာဖြေတယ်။ ဒါတွေကို မိဘတွေ လက်ခံနေရဲ့လား။ လိင်စိတ်ဖြေခြင်းနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အသိပညာပေးရမယ့်အစား ပိတ်ပင်တာမျိုးပဲ လုပ်တတ်ကြတယ်။ တချို့ကျတော့ စမ်းသပ်ချင်စိတ်နဲ့၊ လိင်စိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့ ပြည့်တန်ဆာနဲ့ ဆက်ဆံတယ်။ အသိပညာမရှိတဲ့အခါကျတော့ ပိုးရှိတဲ့ ပြည့်တန်ဆာနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံရာကတစ်ဆင့် ရောဂါတွေကူးကုန်တယ်။ (ဒီလိုထွက်ပေါက်ပေးနိုင်အောင် ပြည့်တန်ဆာတွေကို စနစ်တကျ ဆေးစစ်ပေးတာ၊ ပိုးကင်းရှင်းကြောင်း အသိအမှတ်ပြုပေးတာတွေ လုပ်ရမယ့်အစား ကွန်ဒုံးလက်ဝယ်တွေ့ရင် ဖမ်း ဆိုပြီးတော့ လုပ်နေကြတာကလည်း ပြဿနာတစ်ခု ဖြစ်ပါတယ်)
ပြည့်တန်ဆာဆီ သွားတာထက် ပိုဆိုးတဲ့ထွက်ပေါက် ရှိသေးတယ်။ ၁၂နှစ်အရွယ် အစ်ကိုက သူငယ်တန်းညီမလေးကို မတော်တရော် လုပ်လိုက်တယ်။ ဘာဖြစ်လို့လဲ။ အိမ်ကကျဉ်းကျဉ်းလေး၊ အဖေနဲ့အမေနဲ့ဖြစ်နေတာကို မြင်ထားတယ်၊ လူကြီးတချို့ ပြလိုက်တဲ့ အပြာကားတွေကြည့်ထားတယ်။ စိတ်တွေ ကယောက်ကယက် ဖြစ်လာတဲ့အခါမှာ နီးနီးနားနားရှိနေတဲ့ ကိုယ့်ညီမကို ထွက်ပေါက်ပေးလိုက်တယ်။
မိန်းကလေးတွေကတော့ ပွင့်လင်းမှုမရှိတဲ့နေရာမှာ အဆိုးဆုံးပဲ။ အဓိကက အုပ်ထိန်းမှုပုံစံနဲ့ဆိုင်တယ်။ မိဘက သမီးမိန်းကလေးဆို ဘာမှကိုပေးမသိတာ။ ရှက်ခြင်း၊ ကြောက်ခြင်းဆိုတာ မိန်းမကောင်းစရိုက် ဖြစ်နေတယ်။ ကိုယ့်ခန္ဓာကိုယ်အကြောင်းလည်း ဘာမှမသိဘူး။ ပြောပြတဲ့လူ ရှိရင်တောင် ရှက်နေကြတာ။ ရလဒ်ကတော့ ခုကြားနေကြရတဲ့အတိုင်းပဲပေါ့။
ခုခေတ်မှာ လူငယ်တွေ လက်မထပ်ရသေးဘဲ အတူနေတာတွေ ရှိလာတယ်။ ပြောင်းလဲလာတဲ့ အမြင်တွေအရ အပျိုစင်ဘ၀အပေါ် တန်ဖိုးထားပုံချင်း မတူကြတော့ဘူး။ နောက် ခေတ်ကာလအခြေအနေကြောင့်လည်း လက်ထပ်ဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။ ဒါပေမယ့် အားလုံးသွေးသားနဲ့ တည်ဆောက်ထားကြတာမို့ အခုလိုမျိုး အတူနေတာတွေ ရှိလာတယ်။ ဒီအပေါ်မှာလည်း အများစုက ကဲ့ရဲ့ကြ၊ ပြစ်တင်နေကြဆဲ ဖြစ်ပါတယ်။ ပိတ်ပင်တယ်။ ဒါမျိုးမလုပ်ရဘူး။ ဘာမှလည်း ပေးမသိဘူး။ ဒီတော့ ဘုရားမှာ မဖွယ်မရာ လုပ်တာမျိုးတွေပါ ဖြစ်လာရော။
လက်ထပ်လိုက်တယ်ဆိုပါတော့။ အိမ်ထောင်သည်အမျိုးသမီး ဘယ်နှယောက်က ဆန္ဒမပြည့်ဝပါဘူးလို့ ပြောဖူးလဲ။ ပြောလိုက်ရင် ငါ့ယောကျာ်း ငါ့ကို အထင်သေးသွားမလား တွေးကြတယ်။ အမျိုးသားတွေရော စဉ်းစားကြည့်ပါ၊ ကိုယ့်မိန်းမက အဲ့လိုပြောရင် ကိုယ့်စိတ်ထဲ ဘယ်လိုထင်သလဲ။ ဘယ်နှစုံတွဲကရော ဘယ်လိုပုံစံဆက်ဆံရင် လိင်မှုဆန္ဒ ပိုပြည့်ဝတယ်ဆိုတာမျိုး ဖွင့်ဟတိုင်ပင်နေကြသလဲ။ အမှန်တော့ ယောကျာ်းရော မိန်းမရောရဲ့စိတ်ထဲမှာ ရှိနေကြပေမယ့် မျိုသိပ်မှုတွေနဲ့ ဆက်ဆံနေကြတယ်။ အကျိုးဆက်အနေနဲ့ အိမ်ထောင်ရေးအဆင်မပြေတာတွေ၊ ဖောက်ပြန်တာတွေ ရှိလာတယ်။
အဖိုးကြီးအရွယ် ရောက်လာရင်ရော။ စဉ်းစားကြည့်နော်။ အဲဒီလိုအရွယ် ကိုယ့်အဖိုး၊ ကိုယ့်အဖေက မိန်းမယူမယ်ပြောလာရင် ဘယ်လိုနေမလဲ၊ ကျွန်တော်တို့ သိပ်ရှက်မှာပေါ့။ အများကလည်း ဒီအရွယ်ဆို ဘယ်လိုမြင်လဲဆိုရင် ဒီစိတ်တွေ မရှိရတော့ဘူး၊ ဒီအရွယ်နဲ့ မသင့်တော်တော့ဘူး မြင်တတ်ကြတယ်။ ဒါပေမယ့် လိင်စိတ်ဆန္ဒတွေ ကုန်ဆုံးသွားတာ မဟုတ်ဘူး။ အတင်းချုပ်တည်းထားတာ။ ဒီအခါ ကိုယ့်အိမ်မှာ လာကစားတဲ့ ကလေးကို၊ အပျိုဖော်ဝင်စ အိမ်အကူကို ပြုကျင့်တာတွေ ရှိလာတယ်။
လိင်ပိုင်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်၍ ဘေးအန္တရာယ်ကင်းသော ဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ခွင့် (Right to persue a satisfied, safe and pleasurable sexual life) ဆိုတာက လူသားတိုင်းမှာ ရှိတဲ့ အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ အဲဒီအတွက် လုံလောက်တဲ့ အသိပညာပေးမှုတွေ လိုတယ်၊ ထွက်ပေါက်တွေ လိုပါတယ်။ ခုဟာက မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့်တော်ဘူးဆိုတာမှာတင် ရပ်နေကြတယ်။
အဲဒီလို ပုထုဇဉ်လူအားလုံးမှာရှိတဲ့ လိင်ဆန္ဒကို မရှိရဘူး၊ မဖြစ်ရဘူး၊ ယဉ်ကျေးမှုနဲ့ မညီဘူးဆိုပြီး ချုပ်ထိန်းထားတာတွေကြောင့် လူငယ်တွေ လမ်းမှားရောက်ကုန်တယ်။ မိန်းကလေးတွေ မလိုချင်ဘဲ ကိုယ်ဝန်ရကုန်တယ်။ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်တယ်။ အဓမ္မပြုကျင့်မှုတွေ၊ သက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်လာရင်လည်း ဒီအချက်ဟာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
နိုင်ငံခြားယဉ်ကျေးမှုအတိုင်း လိုက်လုပ်ကြဖို့ ပြောတာမဟုတ်သလို၊ အဓမ္မပြုကျင့်သူတွေကို ကာကွယ်ပေးနေတာလည်း မဟုတ်ပါဘူး။ ဒီနေ့ခေတ် ကျွန်တော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံတစ်ခု ဖြစ်တယ်ဆိုတာကို သတိထားမိစေချင်တာပါ။
ဒါကြောင့် လူကြီးမိဘတွေအနေနဲ့ ကိုယ့်သားသမီးမှာ လိင်ဆန္ဒရှိတယ်ဆိုတာ လက်ခံပေးပါ။ ဆရာဝန်တွေအနေနဲ့ လူနာတစ်ယောက်အတွက် လိင်မှုကိစ္စဟာ အရေးကြီးထည့်စဉ်းစားပေးရမယ့်ကိစ္စအဖြစ် မြင်ပေးပါ။ လင်ယောကျာ်းကလည်း ကိုယ့်အမျိုးသမီးမှာ လိင်ဆန္ဒရှိတယ် ဆိုတာလည်း နားလည်ပေးပါ။ အဖိုးကြီးတစ်ယောက်ဟာလည်း သွေးသားနဲ့တည်ဆောက်ထားတယ်ဆိုတာကို သဘောပေါက်ပေးပါ။ နောက်ဆုံးအနေနဲ့ အုပ်ချုပ်သူအစိုးရမင်းများကလည်း ပြည်သူတွေမှာ လိင်ဆန္ဒရှိတယ်ဆိုတာလေး သဘောပေါက်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပြဌာန်းသင့်တာ ပြဌာန်းပေးကြပါလို့ ပြောချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၆.၂၀၁၇
No comments:
Post a Comment