------------
ကင်ဆာအကြောင်း လေ့လာကြမယ်
---------------
ကင်ဆာဆိုတာကို ကြားမိကြရင် သေမိန့်ကျလာသလိုပဲလို့ လူတိုင်းလိုလိုခံစားရလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူနာရှင်တစ်ယောက်နဲ့လူနာရဲ့ ကိစ္စလေးတစ်ခုကို စာရေးသူ သွားသတိရမိတယ်။
စာရေးသူက ဆေးရုံတစ်ခုရဲ့ ပြင်ပလူနာဌာနမှာတစ်ခုမှာ ရှိနေတုန်း လာပြတဲ့ ၃၀ ကျော်ဝန်းကျင်ခန့် အမျိုးသမီးလူနာတစ်ယောက်အကြောင်းပါ။ လာရင်းကတော့ ရင်သားမှာအကျိတ်လေးတစ်ခုစမ်းမိတာနဲ့ လာပြတာပါပဲ။ ရောဂါရာဇ၀င်နဲ့ အကျိတ်ဖုလေးက ကင်ဆာကျိတ်နဲ့မတူသော်လည်း စာရေးသူကတော့ ဖြစ်တတ်တာလေးတွေကို ရှင်းပြပြီး သက်ဆို်င်ရာဆရာဝန်ကြီးတစ်ဦးဆီမှာ စိတ်ချရအောင် ပြသကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီအခါမှာ လူနာက မပြလို့မရဘူးလားဆိုတာရယ်၊ လူနာရှင်က ပြမယ်ဆရာမ၊ သူက သူ့ဘာသာဆို ဂရုမစိုက်ဘူးဆိုတာရယ်နဲ့ စာရေးသူအရှေ့မှာ သူတို့အချင်းချင်းပဲ လွန်ဆွဲကြပြီး နောက်ဆုံးတော်တော်ကြတော့မှ စိတ်ချရအောင် စမ်းသပ်လိုက်ပါမယ်ဆိုတဲ့ အဖြေနဲ့ အဆုံးသတ်သွားပါတယ်။ (ဒီတော့မှပဲ စာရေးသူလည်း ဟင်းချနိုင်ပါတယ်။) ဒီလို အဖြစ်လေးတွေက တွေ့ရလေ့ရှိပြီး ပုံမှန်အားဖြင့်လည်း အလုံးရှိတယ်၊ အကျိတ်ရှိတယ်၊ ကင်ဆာဖြစ်နေလားမသိဘူးဆိုတာရယ်၊ ကင်ဆာဆိုတာ ဘယ်လိုလဲ၊ ဆေးမြီးတိုနဲ့ ပျောက်သလားဆိုတာရယ်ဆိုတဲ့ မေးခွန်းတွေဟာ လူထုထဲမှာ သိသယောင်ယောင်နဲ့ မသိကြတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒါလောက်ဆိုရင် စာရေးသူဆောင်းပါးရဲ့ ရည်ရွယ်ချက်ကိုလည်း စာဖတ်သူတို့ သိလောက်ပြီမို့ ကင်ဆာနဲ့ပတ်သက်ပြီး အတန်ငယ် ရှေ့ဆက်ကြရအောင်ပါ။
၁) ကင်ဆာကိုဖြစ်စေနိုင်တဲ့၊ ကင်ဆာနဲ့ဆက်စပ်မှုရှိတဲ့ အချက်တွေက ဘာတွေလဲ။
နံပါတ်၁ ကတော့ မျိုးရိုးဗီဇပါ။ ကင်ဆာတော်တော်များများဟာ မျိုးဗီဇဆိုင်ရာချို့ယွင်းမှုဆိုတဲ့ Genetic Mutations တွေနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ မျိုးရိုးရှိတိုင်းလည်း ကျွန်တော်ကျွန်မ ကင်ဆာဖြစ်နိုင်သလားဆိုတာကတော့ ကင်ဆာတစ်ခုနဲ့တစ်ခုတူလေ့မရှိပါဘူး။ တစ်ချို့ မျိုးဗီဇတွေဟာ အထိခိုက်မခံတတ်လို့ ပိုသတိထားဖို့ လိုတတ်ပါတယ်။ ဥပမာအားဖြင့် ရင်သားကင်ဆာကို ကြိုတင်ကာကွယ်ဖို့အတွက် ကင်ဆာမဖြစ်ခင်ကတည်းက ကြိုတင်ပြီးခွဲစိတ်ကုသမှု (Prophylactic mastectomy) ကို ခံယူထားတဲ့ နိုင်ငံတကာအကျော်အမော် မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ BRCA1 လို mutation မျိုးပါ။ BRCA မျိုးဗီဇတွေ ချို့ယွင်းမှုရှိနေတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ (Breast Cancer) နဲ့ သားဥအိမ်ကင်ဆာ (Ovarian Cancer) ဖြစ်နို်င်ချေအလွန်မြင့်တယ်လို့ သတ်မှတ်ထားကြပါတယ်။
နောက်နံပါတ် ၂ အချက်သက်ဆိုင်တာကတော့ ပတ်ဝန်းကျင်နဲ့လူနေမှုပုံစံတွေပါပဲ။ မျိုးဗီဇရှိတာအပြင် ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါမယ်။ ဥပမာအားဖြင့် ဆေးလိပ်ငွေ့ကဲ့သို့ အဆိပ်ရှိတဲ့အငွေ့တွေ ရှုနေရတာ၊ အရက်သောက်တာ၊ ကွမ်းစားတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အသီးအရွက်စားသုံးမှုနည်းပြီး အသားကိုပိုမိုစားသုံးတာ စတဲ့အချက်တွေအားလုံးပါဝင်ပါတယ်။ ဒါတွေအပြင် အလုပ်အကိုင်မှာ လေထုညစ်ညမ်းမှုရှိတာတွေကြောင့် အဆုတ်ကင်ဆာဖြစ်ရတာ၊ ဓာတ်ရောင်ခြည်သင့်တာတွေများတာကြောင့် ကင်ဆာဖြစ်တာ စတာတွေဟာလည်း မျိုးရိုးဗီဇ အပြင် အရေးပါတဲ့ အချက်အလက်တွေပါပဲ။ (စာရေးသူတို့နို်င်ငံမှာ ကုန်ကျစားရိတ်အင်မတန်များတဲ့ မျိုးဗီဇ ဆိုင်ရာ စစ်ဆေးမှု (Genetic Testing) တွေ နိုင်ငံခြားလို ကျယ်ပြန့်စွာ မလုပ်နိုင်သေးတာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ရာတော့ ဒီလို လူနေမှုဆိုင်ရာအချက်တွေကို ရှေ့တန်းတင်ပြီးသတိထားသင့်ပါတယ်။)
နံပါတ်၃ ကတော့ ရောဂါပိုးကြောင့်လည်း ကင်ဆာဖြစ်တာမျိုးရှိပါတယ်။ ဥပမာဆိုရင် အသည်းယောင်အသားဝါ ဘီ ပိုး၊ စီ ပိုး စတာကြောင့် အသည်းကင်ဆာဖြစ်ရတာ၊ Helicobactor pylori ဆိုတဲ့ အစာအိမ်ပိုးတစ်မျိုးကြောင့် အစာအိမ်ကင်ဆာဖြစ်တတ်တာမှသည် Human Papillomavirus (HPV) ကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးပါ။
၂) ကင်ဆာဆိုတာဘာလဲ။
စာရေးသူတို့အားလုံးဟာ ရောဂါဆိုတဲ့ ပင်လယ်ထဲမှာ ကူးခတ်လှုပ်ရှားနေရသူတွေပါ။ ပုံမှန်အားဖြင့်လည်း ကျန်းမာအသက်ရှင်ဖို့ရာ စာရေးသူတို့ခန္ဓာကိုယ်မှာ အဟောင်းဆဲလ်တွေ စက္ကန့်နဲ့မလပ် ပျက်စီးနေပြီး ဆဲလ်အသစ်တွေနဲ့ အစားထိုးပေးနေရတာပါပဲ။ ဒါကို Cell cycle လည်တယ်၊ ကလာပ်စည်း စက်ဝန်းလည်ပတ်နေတယ်လို့ တင်စားကြပါတယ်။ ဒါကြောင့် ကင်ဆာဖြစ်တယ်ဆိုတာဟာ ခန္ဓာကိုယ် တစ်နေရာရာက cell cycle လည်တာပုံမှန်မဟုတ်တော့ပဲ ထိုနေရာမှာ ကလာပ်စည်းတွေ ထိန်းမနို်င်သိမ်းမရ ပွားလာပြီးတဲ့နောက် ခန္ဓာကိုယ်မှာ ပျံ့နှံ့တာကို ခေါ်ကြပါတယ်။ ဒါကြောင့် အကျိတ်အဖု tumour တွေ ဖြစ်လာတယ်ဆိုတာဟာ ဒီလိုမျိုး ကလာပ်စည်းတွေ ပွားရာကနေ မြစ်ဖျားခံလာကြတယ်ဆိုသော်လည်း အကျိတ်အဖုဖြစ်တိုင်း ဆဲလ်တွေပွားနေတိုင်း ကင်ဆာဖြစ်နေတယ်တော့ မခေါ်ကြပါဘူး။ ကင်ဆာလိုမျိုး အသက်ကိုမထိခိုက်တဲ့ tumour တွေအများကြီးရှိပါတယ်။ Benign ဖြစ်တယ်လို့ ခေါ်ပြီး ကင်ဆာလိုမျိုး ဘယ်နေရာကိုမှ မပျံ့ပဲ၊ Invasive and metastatic မဖြစ်ဘဲ ကြီးထွားနှုန်းလည်း နှေးပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ကံမကောင်းစွာနဲ့ပဲ Benign ဖြစ်နေရာကနေ နှစ်ပေါင်းများစွာကြာလာပြီးနောက်မှာမှ ကင်ဆာ အဖြစ် ကူးပြောင်းသွားတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာကျိတ်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ခွဲစိတ်လိုက်မလား၊ စောင့်ကြည့်မလားဆိုတာတွေဟာ တစ်ခါတစ်ရံမှာ ရောဂါပေါ်လိုက်ပြီး သေချာဆုံးဖြတ်ရတဲ့အတွက် ဆေးကုသရာမှာ တစ်သမတ်တည်း ပြောလို့မရပါဘူး။ ဒါ့အပြင် Benign ဖြစ်နေရာကနေ ကင်ဆာအဖြစ်ပြောင်းသွားမသွားကို စောင့်ကြည့်ဖို့အတွက် ပုံမှန်ဆေးစစ်ဆေးမှုတွေကို နားလည်တတ်ကျွမ်းသူများ ညွှန်ကြားတဲ့အတိုင်း လိုက်နာပြုလုပ်ပေးသင့်ပါတယ်။
၃) ကင်ဆာရောဂါတွေ ဘယ်လိုပျံ့နှံ့ကြသလဲ။
ကင်ဆာပျံ့နှံ့ပုံ ပျံ့နှံ့နည်းမှာ အဓိကအားဖြင့် သုံးမျိုးဖြစ်နိုင်ပါတယ်။
- ကင်ဆာကျိတ်ဟာ ဘေးပတ်ဝန်းကျင်ကို တိုက်ရိုက်ပျံ့နှံ့လာတာ (Direct Infiltration)
- ပြန်ရည်ကြောတွေမှ တစ်ဆင့် ပျံ့နှံ့တာ (Lymphatic spread) နဲ့
- သွေးကြောတွေမှာတစ်ဆင့် ပျံ့နှံ့တာ (Blood spread) ဆိုတဲ့ ပျံ့နှံ့နည်းတွေပါပဲ။
ထပ်ပြီးရှင်းရရင်တော့ ဒီလိုပျံ့နှံ့တာဟာ ကင်ဆာတစ်ခုနဲ့တစ်ခု အလွန်ကွာခြားနေနိုင်ပါတယ်။ ဥပမာအားဖြင့် လည်ပင်းကျိတ်ကင်ဆာလိုမျိုး သိုင်းရွိုက်ဂလန်းကင်ဆာ တစ်ခုဖြစ်တယ်။ အပေါ်ယံကြည့်ရင်တော့ သိုင်းရိုက်ကင်ဆာလို့ ခြုံခေါ်ကြတာဖြစ်ပေမဲ့ တကယ်တမ်းမှာ ကွဲပြားနေနိုင်ပါတယ်။ တကယ်တမ်းကျတော့ သိုင်းရိုက်မှာမှ Papillary ကလာပ်စည်းကနေ ပွားလာတဲ့ ကင်ဆာဟာ ပြန်ရည်ကြောတွေကနေ ပိုပျံ့နှံ့တတ်ပြီး Follicular ကလာပ်စည်းတွေကနေ ဖြစ်လာတဲ့ သိုင်းရိုက်ကင်ဆာဆိုရင်တော့ သွေးလမ်းကြောင်းကနေ ပျံ့နှံ့တတ်တာမျိုးတွေကို တွေ့ရမှာပါ။ (ဒါကြောင့် တစ်ခါတစ်ရံမှာ သူက အဆုတ်ကင်ဆာဖြစ်တယ်၊ တော်တော်ကြာမှ ဆုံးပါးသွားတယ်။ နောက်လူနာတစ်ယောက်ကျတော့ အဆုတ်ကင်ဆာလို့ပဲ သိထားပေမဲ့ ဆုံးတာမြန်တယ် ဆိုတာမျိုးဟာ ဆေးပညာအရဆိုရင် tumour cell အမျိုးအစားတွေကွာခြားမှုနဲ့ အများကြီးသက်ဆိုင်နိုင်တယ်ဆိုတာကို မှတ်သားသင့်ပါတယ်။)
၎) ကင်ဆာဖြစ်ရင် ဘယ်လိုကုသမှုတွေ ပြုလုပ်ရလေ့ရှိသလဲ။
အဓိကထားအသုံးပြုတဲ့ ကုသမှုတွေကတော့ (၁) ခွဲစိတ်ကုသတာ (Surgery)၊ (၂) ဆေးသွင်းကုသတာ (Chemotherapy) (၃) ဓာတ်ရောင်ခြည်နဲ့ကုသတာ (Radiotherapy) တို့ပဲဖြစ်ပါတယ်။ သုံးမျိုးလုံးသုံးပြီး ကုသရတာရှိသလို တစ်မျိုးထဲနဲ့ အဆင်ပြေသွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် တစ်ချို့ကင်ဆာတွေဟာ ဓာတ်ရောင်ခြည်တစ်မျိုးထဲနဲ့ ကုသနိုင်သလို တစ်ချို့ကတော့ ခွဲစိတ်တာရော၊ ဆေးသွင်းတာရော၊ ဓာတ်ကင်ရတာရောဆိုတဲ့ သုံးမျိုးလုံးစုံပြီး ကုသလိုက်ရတာမျိုးဖြစ်တတ်ပါတယ်။
ဒီလို အဓိက ကုသနည်းသုံးမျိုးအနက်မှာမှ ခွဲစိတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖျဉ်းပြန်ခွဲလိုက်မယ်ဆိုရင် စောစီးစွာကုသပြီး ကင်ဆာကျိတ်ကို ပိုမိုအောင်မြင်စွာဖယ်ရှားကုသနိုင်တဲ့ Curative Surgery နဲ့ အကြောင်းအမျိုးမျိုးကြောင့် ကင်ဆာကျိတ်ကိုဖယ်ဖို့ခက်ခဲတဲ့အခါမှာ လက္ခဏာတွေ သက်သာစေဖို့သာရည်ရွယ်ခွဲစိတ်ရတဲ့ Palliative Surgery ဆိုပြီး နှစ်မျိုးရှိနိုင်ပါတယ်။
နောက်တစ်မျိုးဖြစ်တဲ့ ဆေးသွင်းကုသတယ၊် ခီမိုပေးတယ်ဆိုတဲ့ Chemotherapy အတွက် သုံးစွဲနိုင်တဲ့ ဆေးအမျိုးအစားတွေကတော့ ကင်ဆာအမျိုးအစားပေါ်လိုက်ပြီး ကွာခြားပါတယ်။ များသောအားဖြင့် ဆေးနှစ်မျိုး၊ သုံးမျိုးစပ်ပြီး ကုသရတဲ့ Combination Chemotherapy တွေကို သုံးရလေ့ရှိပြီး မခွဲစိတ်ခင်သော်လည်းကောင်း၊ ခွဲစိတ်မှုပြီးတဲ့အခါသော်လည်းကောင်း၊ ခွဲစိတ်မှုနဲ့ ဓာတ်ကင်တာနဲ့ပါတွဲဖက်ပြီး သုံးမျိုးလုံးအနေနဲ့သော်လည်းကောင်း သုံးစွဲကြပါတယ်။ ဆေးသွင်းကုသလို့ ကျေနပ်လောက်တဲ့ ကုသမှုတွေရကြသူတွေ အမြောက်အမြားရှိသော်လည်း တစ်ချို့မှာတော့ ဆေးမတိုးတော့တဲ့ Cellular Drug Resistance ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမျိုး Chemotherapy တွေသုံးပြီးကုသတာဟာ နည်းပညာတိုးတက်နိုင်ငံတွေနဲ့ တစ်ခါတစ်ရံမှာ ရလာဒ်ကွာခြားမှုတွေ ရှိသွားတတ်ပါတယ်။ လူနာရဲ့ ကင်ဆာအမျိုးအစားပေါ်မှာမူတည်ပြီး ဆိုင်ရာဆိုင်ရာ Genetic test တွေပြုလုပ်နိုင်တာမို့ ဆေးရွေးချယ်မှုမှာ ပိုမိုအဆင်ပြေအောင်မြင်တတ်ကြပါတယ်။
(Chemotherapy အများစုဟာ ဆဲလ်တွေကို သေစေနိုင်တဲ့ Cytotoxic effect ရှိပေမဲ့ ခွဲစိတ်ပြီးတဲ့နောက်မှာ (ဥပမာအားဖြင့် ရင်သားကင်ဆာခွဲပြီးနောက်မှာ) တစ်ခါတစ်ရံ သုံးစွဲရတတ်တဲ့ Tomoxifen လိုဆေးမျိုးကတော့ ဆဲလ်တွေကို သေစေတာထက် ဆဲပွားတာကို ရပ်တန့်သွားစေတဲ့ Cytostatic effect ရှိတဲ့ Endocrine Therapy တွေဖြစ်တာမို့ နှစ်တော်တော်ကြာကြာ သောက်သုံးဖို့လိုအပ်လေ့ရှိပါတယ်။)
နောက်ဆုံးအနေနဲ့ ဓာတ်ရောင်ခြည်သုံးပြီး ကင်ဆာကို ကုသတယ်ဆိုတာကတော့ ကုသလိုတဲ့ကင်ဆာအမျိုးအစားကို ထိရောက်စွာသက်ရောက်ထိန်းချုပ်နိုင်လောက်မဲ့ ဓာတ်ရောင်ခြည် ပမာဏကိုသုံးပြီးကုသရတာမျိုးပါ။ ဒါ့အပြင် လူနာအတွက် လက်မခံနိုင်လောက်မဲ့ ဘေးထွက်ဆိုးကျိုးတွေမဖြစ်အောင်လည်း Radiation dose တွေကို တွက်စရလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ ဓာတ်ရောင်ခြည်ပေးရာမှာ အထောက်အကူဖြစ်စေမဲ့ Radiation sensitizers ဆေးတွေ သွင်းရတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် Radiotherapy ကို မခွဲစိတ်ခင်မှာ ကင်ဆာကျိတ်ကို သေးသွားစေဖို့ အသုံးပြုတာမျိုးရှိသလို ခွဲစိတ်ပြီးနောက်ပိုင်းကာလများမှာမှ အသုံးပြုကုသရတာမျိုးလည်း ရှိနိုင်ပါကြောင်း။ ။
နေခြည် (ဆေး-၁)
(Yangon Media Group)
References;
Principle and Practice of Oncology (9th edition)
Biology of Cancer (2nd Edition)
Oxford Handbook of Oncology
----------

No comments:
Post a Comment