Friday, November 6, 2015

သျှမ်းစတိုင်လ် ၀က်သားအချိုပေါင်း - ၀က်ရိုးပြုတ်ဟင်းရည် - ပဲကြာဇံနဲ့ ပဲသီးသုပ် - ငါးပြုတ်နဲ့ ငရုတ်သီးထောင်း



သျှမ်းအစားအစာချက်ပြုတ်ဖို့ဆိုတာ ဗမာတစ်ယောက်အတွက် နည်းနည်းခေါင်းခဲစေပါတယ်။ သူတို့တွေချက်ပြုတ်တဲ့ဟင်းလျာပုံစံတွေ က စုံလင်လွန်းလို့ ဘယ်ဟင်း ဘယ်လိုတွဲစပ်ချက်ရင် ထမင်းမြိန်မယ်ဆိုတာ မှန်းဆရခက်ပါတယ်။
အခုတော့ ကိုယ်သိသလောက် ၀က်သားကို ဆီပြန်ပြီး နူးအိနေတဲ့အချိုပေါင်းစတိုင်လ်ချက်မယ်။ ၀က်နံရိုးတွေကို မုန့်ညင်းရွက်လေးတွေ နဲ့ ငရုတ်ကောင်းကဲပြီးအရည်သောက်ချက်မယ်။ ပဲကြာဇံကို ဘိုစားပဲသီးနဲ့ ချိုချဉ်လေးသုပ်မယ်။ ငါးကိုပြုတ်ပြီး အသားမျှင်လေးတွေနဲ့ ငရုတ်သီးထောင်းဘေးမှာပုံလို့ သျှမ်းဆန်စီးစီးလေးနဲ့ ပူပူလေးစားကြတာပေါ့။
အဓိကတိုင်းရင်းသား ၈မျိုးရဲ့ဟင်းလျာအတွဲအစပ်ပြီးပြီဆိုတော့ နောက်များမှာတော့ ကျနော်သိသလောက် တိုင်းရင်းသားတွေရဲ့ အဆာပြေမုန့်လုပ်နည်းလေးတွေကို ထပ်မံဝေငှပါမယ်။
ဝက်သားအချိုပေါင်း
ပါဝင်ပစ္စည်းများ
ဝက်သား ၅၀ကျပ်သား၊ ချင်း(ဂျင်း) လက်နှစ်ဆစ်၊ ကြက်သွန်နီ ၆လုံး၊ ကြက်သွန်ဖြူ(ဥတစ်လုံး) ၁၅လုံး၊ ပဲငံပြာရည်အနောက် (ကြာညို့) စားပွဲတင်ဇွန်း ၁ဇွန်း၊ သကြား စားပွဲတင်ဇွန်းတစ်ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ပဲဆီမွှေး ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်သားကို အတုံးခပ်ကြီးကြီးတုံး၍ ရေဆေးပြီး သကြား၊ ဆား၊ အချိုအရသာမှုန့်တို့နဲ့ သမအောင်နယ်၍ နာရီဝက်ခန့် နှပ်ထားပါ။
ဂျင်းနဲ့ကြက်သွန်ဖြူကို မညက်တညက်ထောင်းပါ။ ကြက်သွန်နီကို လေးစိတ်စိပ်ပြီး ရေဆေးထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဆီသတ်ပါ။ နနွင်းမှုန့်မထည့်ရပါ။
ကြက်သွန်များအနည်းငယ် နွမ်းပြီး အနံ့လေးမွှေးလာရင် နှပ်ထားတဲ့ဝက်သားကို ထည့်ပြီးမွှေပေးပါ။ ခဏအဖုံးအုပ်ပြီး မီးအေးအေးနဲ့လုံး ထားပါ။
ဝက်သားများအဆီပြန်ပြီး အသံတဖျစ်ဖျစ်မြည်လာရင် ဟင်းပေါင်းအိုးထဲပြောင်းထည့်ပြီး ရေကို နို့ဆီဘူး ၁ဘူးသာသာလေးထည့်ကာ နာရီဝက်ခန့်ပေါင်းပေးပါ။
နာရီဝက်ခန့်ကြာရင် ၀က်သားများနူးအိပြီး ဆီပြန်သွားလျှင် ချိုအိပြီး မွှေးနေတဲ့ ၀က်သားအချိုပေါင်း ကျက်ပါပြီ။
ဝက်ရိုးပြုတ်ဟင်းရည်
ပါဝင်ပစ္စည်းများ
ဝက်နံရိုး(သို့)၀က်အရိုးကြမ်း ၄၀ကျပ်သား၊ ကြက်သွန်ဖြူ(ဥတစ်လုံး) ၁၀ကျပ်သား၊ ချင်း(ဂျင်း) လက်တစ်ဆစ်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ မုန့်ညင်းရွက် ၃စည်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ဆား စားပွဲတင်ဇွန်းတစ်ဝက်။
ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်နံရိုးကို အနေတော်အတုံးများ ခုတ်ထစ်၍ ရေဆေးပြီး ဒန်အိုးကြီးကြီးထဲထည့်ကာ ရေများများနဲ့ ပြုတ်ထားပါ။
ဟင်းရည်အိုးတည်တဲ့အချိန်မှာ ကြက်သွန်ဖြူ၊ ဂျင်းကိုထောင်း၍ ဟင်းအိုးထဲထည့်ပါ။ အချို၊အငန် အားလုံးထည့်ပြုတ်ပါ။ အချိုရည်ကျတဲ့အထိ ပြုတ်ပေးရပါမယ်။
၁ နာရီခန့် ပြုတ်ပေး၍ အချို၊အပေါ့၊အငန် မြည်းပြီး မုန်ညင်းရွက်များ ခတ်အုပ်ပေးပြီးရင် ၀က်ရိုးပြုတ်ဟင်းရည် သုံးဆောင်လို့ရပါပြီ။
ပဲကြာဇံနဲ့ ပဲသီးသုပ်
ပါဝင်ပစ္စည်းများ
ပဲကြာဇံ ၅ကျပ်သား၊ ဘိုစားပဲသီးတောင့် ၂၀ကျပ်သား၊ ကြက်သွန်နီ ၄လုံး၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဆား အနည်းငယ်၊ အရက်ဦးရည်မှရတဲ့အချဉ်ရည် စားပွဲတင်ဇွန်း ၂ဇွန်း၊မြေပဲအကျက် ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ပဲကြာဆံကို မပြုတ်မီ ရေအေးနဲ့ မိနစ် ၂၀ခန့် စိမ်ထားပါ။ ရေစိမ်တာ မိနစ် ၂၀ပြည့်လျှင် ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ၁၀မိနစ်ခန့်ပြုတ်ပြီး ပန်းကန်ထဲရေစစ်ပြီးထည့်ပါ။
ဘိုစားပဲသီးတောင့်ကို ရေဆေးပြီး ရေနွေးနဲ့ ကျက်ရုံလေး ခပ်စိမ်းစိမ်းပြုတ်ပါ။ ပြီးလျှင် ရေခဲရေ အေးအေးလေးထည့်ထားတဲ့ ပန်းကန်ထဲကို ဆယ်ထည့်ပေးပါ။ ပဲသီးများ မည်းမသွားစေရန်အတွက် ဖြစ်ပါတယ်။ ပဲသီးကို ပါးပါးလှီးပေးပါ။
ကြက်သွန်နီကို ထက်ခြမ်းခွဲ၊ ပါးပါးလှီးပြီး ရေဆေးပါ။ မြေပဲအကျက်ကို မညက်တညက်ထောင်းထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ပန်းကန်တစ်ခုထဲမှာ ပဲကြာဇံ၊ ဘိုစားပဲသီး၊ ကြက်သွန်နီ၊ မြေပဲ၊ဆား၊အချိုအရသာနဲ့ အချဉ်ရည်အားလုံးထည့်ပြီး သမအောင်နယ်၍ အရသာမြည်းပြီးရင် စားသုံးလို့ရပါပြီ။ ထမင်းပွဲမှာ သုပ်စားကြတဲ့ အသီးအရွက် ပဲကြာဇံသုပ်တစ်မျိုးပါ။
ငါးပြုတ်နဲ့ ငရုပ်သီးထောင်း
ပါဝင်ပစ္စည်းများ
ငါးကြင်း(သို့)ငါးရံ့တစ်ကောင် ၅၀ကျပ်သား၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဆား အနည်းငယ်၊ ကြက်သွန်ဖြူ (ဥတစ်လုံး) အလုံး ၂၀၊ နံနံပင် နှစ်ကျပ်ခွဲသား၊
ပြင်ဆင်ချက်ပြုတ်ပုံ
ငါးကို အကြေးခွံထိုး၍ ဗိုက်ဖောက်၊ အညစ်အကြေးနဲ့ အရိအရွဲများစင်အောင်ပြုလုပ်ပြီး ရေဆေးကာ ငါးကိုအကောင်လိုက် ကျက်အောင်ပြုတ်ပါ။ ငါးကျက်ရင် ပန်းကန်တစ်ခုထဲ ဆယ်ထည့်ထားပါ။
ငရုတ်သီးထောင်း
ပြင်ဆင်ပြုလုပ်ပုံ
ငရုတ်သီးစိမ်း (လိုသလောက်)ကိုရေဆေးပြီး ကျက်အောင်လှော်ပါ။ ပြီးလျှင် ညက်အောင်ထောင်းပေးပါ။
ငရုတ်သီးစိမ်းညက်ရင် ကြက်သွန်ဖြူနဲ့ ရေဆေးထားတဲ့ နံနံပင်ကိုထည့်ပြီး အချို၊ အငန်ပါထည့်၍ သမအောင်ထောင်းပေးရပါမယ်။
အားလုံးသမပြီး ကြေညက်သွားရင် ပန်းကန်ထဲပြောင်းထည့်ပါ။ ငါးပြုတ်နဲ့ ငရုတ်သီးထောင်းကို တွဲဖက်စားသုံးကြပါတယ်။
Credit: အန်တီမီးမီးရဲ့ ဟင်းချက်စာအုပ်

No comments: