Tuesday, November 24, 2015

အစိုးရသစ် လက်ထက် အိမ်ရာပိုင်ဆိုင်မှု အိပ်မက် မက်နိုင်ပါ့မလား




ရင်းနှီးမြှုပ်နှံရန် အတွက် ရွေး ချယ်စရာ များများစားစားမရှိသည့် မြန်မာနိုင်ငံတွင် သမားရိုးကျ အနေ ဖြင့် ငွေကြေးဖောင်းပွမှုကို ကာကွယ် ရန်နှင့် အမြတ်များများ ရရှိနိုင်ရန် အတွက် တစ်ခုတည်းသောနည်းလမ်း အနေဖြင့် အိမ်၊ ခြံ၊ မြေဝယ်ယူ၍ ရင်းနှီးမြှုပ်နှံမှု များကိုသာ အဓိ က ထား လုပ်ဆောင်ကြသည်။

လက်ရှိအချိန်သည် သမိုင်းတင် မည့် ရွေးကောက်ပွဲ ပြီးစီး၍ ပြည် သူ့ဆန္ဒမဲ အများအပြားရရှိ ပြီးဖြစ် သည့် NLD ၏ ‘ပြောင်းလဲချိန်တန် ပြီ’ ဆိုသည့် ဆောင်ပုဒ်နှင့် အညီ အ ပြောင်းအလဲ များကို မျှော်လင့်နေ သည့် ပြည်သူ အများမှာ ၄င်းတို့၏ သမားရိုးကျ ရင်းနှီးမြှုပ်နှံမှု အစဉ် အလာ ကိုပြောင်းလဲမည်လား မေး ခွန်းထုတ်စရာဖြစ်လာခဲ့သည်။

အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ရွေးကောက်ပွဲပြီး နောက်တက် လာမည့် အစိုးရလက် ထက် တွင် ဖြစ်ပေါ်လာနိုင်သော အိမ်၊ခြံ၊မြေဈေးနှုန်းများ၊ အိမ်၊ခြံ၊ မြေမူဝါဒ အပြောင်းအလဲပေါ် မူတည် ၍ ဈေးကွက်အခြေအနေကို စောင့် ကြည့်ပြု လုပ်နေကြကြောင်း၊လတ်တ လောတွင် အိမ်၊ ခြံ၊ မြေ အရောင်း အဝယ်များ ၅ဝ ရာခိုင်နှုန်းခန့် ထိုး ကျသွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

”အိမ်၊ ခြံ၊ မြေဈေးကွက် အ ခြေအနေက အစိုးရသစ်ရဲ့မူဝါဒ အပြောင်းအလဲနဲ့ အများကြီးဆိုင် တယ်။ ခုက အားလုံးစောင့် ကြည့် နေကြ တဲ့အချိန်ဖြစ်တယ်။ ဘယ်သူ မှ အရမ်းမစွန့်စားရဲဘူး” ဟုအိမ်၊ ခြံ၊ မြေအကျိုးဆောင်အသင်း တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် လာမည့်ဒီဇင်ဘာလ တွင် ရန်ကုန်စတော့အိတ်ချိန်းစတင် ဖွင့်လှစ်တော့မည်ဖြစ်ပြီး များ မကြာမီကာလတွင် ပေါ်ပေါက်လာ မည့် စတော့အိတ်ချိန်းလုပ်ငန်းမှာ မြန်မာနိုင်ငံ၏ ငြိမ်သက်နေသည့် အိမ်၊ ခြံ၊ မြေဈေးကွက်အား ရိုက် ခတ်နိုင်မည်လောဆိုသည်ကလည်း သုံးသပ်ဆင်ခြင်စရာ ဖြစ်နေခဲ့သည်။

ယခု လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် ကမ္ဘာပေါ်ရှိ လူဦးရေ တစ်သန်းကျော်နိုင်ငံများ အကြား စတော့ရှယ်ယာ မစတင် ရ သေး သည့် နိုင်ငံ ၂ဝ တွင် ပါဝင် လျက်ရှိသည်။ စတော့ စတင်မည် ဆိုပါကလည်း နောင်အနာဂတ် အတွက် ကောင်းမွန် သည့် အချက် တစ်ခုဖြစ်သော်ငြားလည်း ကနဦး စတင်ချိန်၌ စီးပွားရေးစိန်ခေါ်မှု များအား ရင်ဆိုင်ရဦးမည်က သေ ချာသည်။

မြန်မာနိုင်ငံတွင် စနစ်တကျ တည်ဆောက်ထားသော စတော့ အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာ ပါက စတော့သို့ ရင်းနှီးမြှုပ်နှံသူ များပြားနိုင် သဖြင့်အိမ်၊ ခြံ၊ မြေဈေး ကွက်စားသူများအဖို့ စိုးရိမ်ဖွယ် အ နေအထားဖြစ်လာနိုင်သည်။ အ မြတ်ငွေ အများအပြား ပြန် လည် ရရှိ နိုင်ခြင်း၊ အခွန်အခ ပေးဆောင်ခြင်း နှင့် ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မှုအ ခြေအနေများမှာ စတော့ရှယ်ယာ သို့ ရင်းနှီးမြှုပ်နှံလို သူများ အ တွက် ကောင်းကျိုးများဖြစ်သည်။

စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံ ရာတွင် အကျိုးအမြတ် အလျင် အမြန် ရရှိနိုင်မှုအပြင် အခြားသော ကောင်းကျိုး တစ်ခုမှာ အခွန်အခ ပင်ဖြစ် သည်။ အိမ်၊ ခြံ၊ မြေဝယ်ယူ ရောင်းချရာတွင် ကောက်ခံထား သောအခွန်အခနှုန်းထားမှာ အမေ ရိကအစရှိသည့် အခြားသောနိုင်ငံ များနှင့် ယှဉ်လျှင် အလွန်မြင့်မား လျက်ရှိပြီး ရေရှည်ရင်းနှီးမြှုပ်နှံလို သူများအတွက် အတားအဆီး တစ် ခုအနေဖြင့်ရှိနေသည်။ လေ့လာသူ များက ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်တွင် အခွန်အခကောက် ခံခြင်းပြုဦးမည် မဟုတ်သေးဟု လည်း ယူဆကြကြောင်းသိရသည်။

 မြန်မာ့အိမ်၊ ခြံ၊ မြေအွန်လိုင်း ဝက်ဘ်ဆိုက်တ စ်ခုဖြစ်သည့် House.com.mm ၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Balaji Ramaswami က လည်း ရင်းနှီးမြှုပ် နှံမှုနှင့် ပတ်သက်၍ သုံးသပ်ချက် ပြောကြားရာတွင် ”အိမ်၊ခြံ၊မြေမှာ ရင်းနှီးမြှုပ်နှံတာ ကတော့ စတော့နဲ့ ယှဉ်မယ် ဆိုရင် ထိန်းချုပ်မှုမျိုးတွေ လုပ်လို့ရတဲ့ အားသာချက်တွေရှိပါ တယ်။ ဒါ့အပြင် စတော့အိတ် ချိန်းဟာ အကျိုးအမြတ် များများ ပြန်ပြီး ရရှိနိုင် တာ မှန်ပေမယ့်လည်း အနည်းငယ်တော့ စွန့်စားသလိုဖြစ် နေပါတယ်။ အိမ်၊ ခြံ၊ မြေကတော့ ပိုပြီး လုံခြုံစိတ်ချရတဲ့ အပြင်ကို ပိုင် ဆိုင်မှု ကမြင်သာ ပါတယ်။ အရိုး ရှင်းဆုံးပြောရရင် ရင်းနှီးမြှုပ်နှံတဲ့ သူတွေအတော် များများက ပိုပြီး မြင်သာတဲ့ ရင်းနှီးမြှုပ်နှံမျိုး ကိုပဲ သဘောကျ ကြပါတယ်။ စွန့်စားသ လို ဖြစ်မယ် ဆိုတာကတော့  ပြည်တွင်း ရင်းနှီးမြှုပ်နှံသူတွေ အတွက် ဖြစ်နိုင်ပါတယ်။ အစမှာတော့ Portfolio တွေခွဲပေးထားတာဟာ ရင်းနှီးမြှုပ်နှံ လိုသူတွေ အတွက်တော့ အကောင်းဆုံးပါ” ဟု ပြောသည်။

အိမ်၊ ခြံ၊ မြေအရောင်းအဝယ် ဈေးကွက်တွင် ပြည်တွင်းလုပ်ငန်း ရှင်များ၏ အရောင်းအဝယ် များ ကြောင့် ရပ်တန့်မည်မဟုတ်ဘဲ လူ ဦးရေပေါက်ဖွား မှုနှုန်းနှင့် ရွှေ့ပြောင်း အခြေချမှုနှုန်း တိုးတက်လာနေ ခြင်းသည်လည်း ဈေးကွက် လိုအပ် ချက် များပြားနေဦးမည့် အနေ အထားဟု ဆိုနိုင်သည်။ ထို့ပြင်စတော့ ရှယ်ယာဈေးကွက် ပေါ်ပေါက်လာ လျှင်ပင် ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို  ထိခိုက် မှုရှိနိုင်မည် မဟုတ်သော်လည်း လာမည့်နှစ်များ အတွင်း ကွန်ဒိုတိုက်ခန်း အသစ်များ ဈေးကွက် အတွင်း ထပ်မံပေါ်ပေါက် လာနိုင် သဖြင့် ဈေးနှုန်း ကျဆင်းမှု များ ဖြစ်ပေါ်လာနိုင်ကြောင်း အိမ်၊ ခြံ၊ မြေဈေးကွက် ကျွမ်းကျင်သူများ က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ရင်း နှီးမြှုပ်နှံမည့် ဈေးကွက် မရှိခြင်း ကြောင့် အခြားနေရာ များတွင် ရင်း နှီးမြှုပ်နှံနေကြရာ ယခု စတော့အိတ် ချိန်း ဈေးကွက်ပေါ်လာပါက ရင်း နှီးမြှုပ်နှံမည့် ဈေးကွက် တစ်ခုရလာ တော့မည်ဖြစ်ရာ ပြည်သူများ အ တွက် အကျိုး ရှိလာမည့် အပြင် ကုမ္ပ ဏီများ အနေဖြင့်လည်း ငွေအရင်း အနှီးရှာရာတွင် စရိတ်သက်သာ လာနိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိနေသည်။

”စတော့ အိတ်ချိန်းပေါ်လာတဲ့ အခါကျရင် အိမ်၊ ခြံ၊မြေထဲမှာ ရင်း နှီးမြှုပ်နှံထားတဲ့ သူတွေက အိမ်၊ ခြံ၊ မြေထဲက အရင်းအနှီးတွေ ထုတ်ထားပြီး စတော့မှာ ဝင်ကစားရင်တော့ အိမ်၊ခြံ၊မြေဈေးတွေ ကျသွားနိုင် တယ်” ဟု စီးပွားရေး ကျွမ်းကျင်သူ ဒေါက်တာ အောင်သူရ ကပြော သည်။

ထို့အပြင် အသစ် တက်လာ မည့် အစိုးရသည် အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု မူဝါဒ အသစ်များ ချ မှတ်ခြင်း၊ အိမ်၊ ခြံ၊ မြေရောင်းဝယ် ခွန်များနှင့် လုပ်ငန်းခွန် နေထိုင်  ခွန်စသည် တို့ကို တိုးမြှင့်ကောက်ခံ ခြင်းအားဖြင့်လည်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်း ကာလ ကြာရှည် စွာ အိမ်၊ ခြံ၊ မြေများဝယ်ယူ ချုပ်ကိုင်ထားခြင်း တို့ကို လျော့နည်းစေ မည် ဖြစ်ပြီး စီးပွားရေး လက်ဝါးကြီး အုပ်မှုမှ ကာကွယ်နိုင် မည်ဖြစ် ကြောင်း ၄င်းကပြောသည်။

”အစိုးရ အနေနဲ့ အခွန်တွေ တိုးကောက်လိုက်လို့ မြေကိုဝယ်ထား ပြီး အကြာကြီးထားတာ ရှုံးတယ်ဆိုတာ သိလာရင်တော့ သူတို့က အိမ် ခြံမြေ ထဲမှာဝင်ပြီး ရင်းနှီးမြှုပ်နှံတော့ မှာမဟုတ်ဘဲ  စတော့ထဲမှာ ဝင်ပြီး တော့ပဲ အခြားရင်းနှီးမြှုပ်နှံမှုကို ပိုပြီးလုပ်လာလိမ့်မယ်။ အိမ်၊ခြံ၊မြေ ထဲမှာ ရင်းနှီးထားတာက ရုတ်တ ရက်ခြေပြန် ထုတ်ရတာ မလွယ်ဘူး။ စတော့ထဲ မှာကျတော့ ရှယ်ယာတွေ က ရောင်းဝယ် တာမြန်တယ်။ ချက် ချင်း ငွေပေါ်တယ်လေ” ဟု ဒေါက် တာအောင်သူရက ရှင်းပြသည်။

 မြန်မာပြည်၏ အိမ်၊ ခြံ၊ မြေ ဈေးကွက် ထူးခြားချက်မှာ ဝယ်လို အား မရှိသော်လည်း ဈေးနှုန်းကျ ခြင်း မရှိဘဲ ငွေကြေးခဝါချမှု အဖြစ် အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်း ရင်းနှီးမြှုပ်နှံရာ မှ ဈေးနှုန်းခေါင် ခိုက်ကာ ကမ္ဘာ့မြေဈေး အကြီးဆုံး စာရင်း ဝင်နိုင် ငံ ဖြစ်နေခြင်း ဖြစ် ကြောင်း ဈေးကွက် အတွင်း သုံးသပ် ချက်များ အရ သိရသည်။

 နှစ်ပေါင်း ၆ဝ အတွင်း မြန်မာ နိုင်ငံသို့ တရားမဝင် စီးဝင်ခဲ့သည့် အမေရိကန်ဒေါ်လာ ဘီလျံများစွာ သည် အိမ်၊ ခြံ၊ မြေဈေးကွက် အ တွင်း သို့ အဓိက စီးဝင်ခဲ့ပြီး ရွေး ကောက်ပွဲ အပြီးတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက် တည်ငြိမ်၍ အများပြည် သူ ဝယ်ယူနိုင်စွမ်း ရှိသည့် အနေ အထား သို့ ရောက်ရှိရန်၊ ထိုတရား မဝင်ငွေမည်းများကို ထိရောက်စွာ အရေးယူပြီး မူဝါဒ အသစ်များ ချ မှတ်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ ၁၉၆ဝ ပြည့်နှစ်နှင့် ၂ဝ၁၃ ခုနှစ် ကြား မြန်မာနိုင်ငံမှ တရားမဝင်ငွေ ကြေးစီးဝင်မှု ဒေါ်လာဘီလျံ ၉ဝ ခန့်နှင့် စီးထွက်ငွေ ဒေါ်လာဘီလျံ ၁၉ဝ န်းကျင် ရှိခဲ့ပြီး စုစုပေါင်းအမေ ရိ ကန်ဒေါ်လာဘီလျံ ၁ဝဝ ဝန်း ကျင်ထက်မနည်း စီးဝင် စီးထွက် ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် နိုင်ငံ၊ ဝါရှင်တန် အခြေစိုက် Global Financial Integrity အဖွဲ့က Flight capital and illicit financial flows to and from Myanmar ၁၉၆ဝ-၂ဝ၁၃ အမည် ဖြင့် အစီရင်ခံ စာထုတ်ပြန်ခဲ့ပြီး ထိုငွေများသည် အိမ် ခြံ၊ မြေကဏ္ဍသို့ အဓိက စီးဝင်ခဲ့ကာ ထိုသို့သော ငွေမည်း များကို ထိန်းချုပ်ရန် လို အပ်နေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် လူဦးရေ တိုး တက်မှုနှုန်းကြောင့် နှစ်စဉ်အိမ် ရာလိုအပ်ချက် သုံးသောင်းဝန်း ကျင်ရှိနေပြီး မြို့တွင်းဆောက်လုပ် နေသော အိမ်ရာအများစုသည် အ ခြေခံလူတန်းစားများ ဝယ်ယူနိုင် ရန်အတွက် မဖြစ်နိုင်ဘဲစီးပွားရေး လက်ဝါးကြီးအုပ်သူတို့ ရင်းနှီးမြှုပ် နှံရန်သာ ဖြစ်နေသောကြောင့် အစိုးရသစ်၏ အလှည့်အပြောင်း နှင့် အိမ်၊ ခြံ၊ မြေမူဝါဒများသည် အများပြည်သူတို့၏ အိမ်ရာပိုင် ဆိုင်မှု မျှော်လင့်ချက်ကို ဖြည့် ဆည်းပေးနိုင်မည်လောဟု မေး ခွန်းထုတ်စရာ သက်သက်သာမက မည်သို့မည်ပုံ ကိုင်တွယ်ဆောင် ရွက်မည်ဆိုသည်ကိုပါ စောင့်ကြည့် ရဦးမည် ဖြစ်သည်။

No comments: