Monday, November 16, 2015

နိုင်ငံတော်၊ တိုင်းရင်းသားပြည်သူနှင့် . . .



လွိုင်လင်ခရိုင်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသား မိသားစုတစ်စု ရှောင်တိမ်း ထွက်ပြေးနေသည်ကို နိုဝင်ဘာ ဒုတိယအပတ်က တွေ့ရစဉ်

နိုင်ငံတော်
လူသားတွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေ စားသောက် နေထိုင်ရာမှ နေရာတစ်နေရာမှာ အခြေစိုက် နေထိုင်လာကြတယ်။ အလေ့ကျစပါး၊ သစ်သီး၊ သစ်ဖု တူးဆွား သောက်ရာမှ စိုက်ပျိုး စားသောက် လာတဲ့အတွက် အစားအသောက် နောက်ကို တကောက်ကောက် လိုက်နေစရာ မလိုတော့ဘူး။ တွေ့တဲ့ တိရစ္ဆာန်ကို လိုက်လံဖမ်းဆီး သတ်ဖြတ် စားသောက်ရာမှ တိရစ္ဆာန်များကို မွေးမြူလာတတ်တဲ့အတွက် တိရစ္ဆာန်နောက် လိုက်စရာ မလိုတော့ဘူး။ ဒီလိုနဲ့ လူသားတွေဟာ နှစ်သက်ရာ နေရာမှာ ကြိုက်ရာ သီးနှံ များကို စိုက်ပျိုးရင်း၊ နှစ်သက်ရာ တိရစ္ဆာန်များကိုမွေးမြူရင်း အခြေချ နေထိုင်လာကြတယ်။ ရာသီဥတု၊ သားရဲတိရစ္ဆာန်ဘေးမှ ကာကွယ်ဖို့ အိမ်တွေ၊ အမိုးအကာတွေ ဆောက်လုပ်လာကြတယ်။ ခြံစည်းရိုးတွေ ကာရံ တည်ဆောက်ကြတယ်။ လူအစုအဝေး (Society) တစ်ခု ဖြစ်ထွန်းလာတယ်။ ဒီလိုနဲ့ အိမ်တွေစုရာမှ ကျေးရွာ၊ ကျေးရွာတွေစုရာမှ မြို့၊ မြို့တွေစုရာမှ တိုင်း၊ နိုင်ငံရယ်လို့ ဖြစ်ထွန်းလာတယ်။

ခုဆို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိလာပြီ ဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့ အဓိက ကျတဲ့အချက်က တိုင်းရင်းသား ပြည်သူတွေ အတူတကွ စုပေါင်း နေထိုင်ခြင်း ဖြစ်တယ်။ ဒီလို စုပေါင်း နေထိုင်လာကြတဲ့ တိုင်းရင်းသားပြည်သူ၊ တပ်မတော်သားတို့ဟာ အပြန်အလှန် ယုံကြည်မှုရှိကြဖို့ အထူးလိုအပ် တယ်။ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်စည်းကိုယ်လုံ၊ အပြန်အလှန် တန်ဖိုးထား၊ တစ်ဦးကိုတစ်ဦး ချိုးနှိမ်လိုစိတ် ပယ်ဖျောက်။ 
ဒီလိုမျိုးယဉ်ကျေးမှုမြင့် မြင့်မားမားနဲ့ နေထိုင်ကြမှသာ နိုင်ငံတော်ဟာ ထာဝရ တည်တံ့မှာ ဖြစ်တယ်။

တိုင်းရင်းသားပြည်သူ
နိုင်ငံတစ်နိုင်ငံတွင်းမှာ စုပေါင်းနေထိုင်လာကြတဲ့ လူတွေဟာ မွေးဖွားရာဇာတိ၊ ကိုးကွယ်မှုဘာသာ၊ တူရာစုအစွဲပြုတဲ့စကား စသဖြင့် ကွဲပြားမှုကိုယ်စီ ဖြစ်လာတယ်။ အမြွှာပူးမွေးတဲ့ မောင်နှမတွေပင်လျှင် အလုံးစုံ မတူညီနိုင်ဘူး။ တစ်ယောက်က ယောက်ျားလေး၊ တစ်ယောက်က မိန်းကလေး။ ကျန်တဲ့ဓလေ့စရိုက်ကလည်း အနည်းငယ်မှ အများကြီးအထိ ကွဲပြားနေနိုင်ပြန်တယ်။ ဒါဟာ သဘာဝဖြစ်လို့ သဘာဝကို လက်ခံ ကြရမှာဖြစ်တယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်း ၁၃၅ မျိုးထိ စုပေါင်း နေထိုင်ကြတယ်။ ထိုအချက်အပေါ် မူတည်ပြီး တိုင်းရင်းသားပါတီ၊ ဗမာပါတီပေါင်း ၉၂ ပါတီအထိ ပေါ်ထွက်လာတယ်။ ထိုတိုင်းရင်းသား ပြည်သူတွေဟာ ဘယ်လိုပဲ မတူကွဲပြားမှုတွေ ရှိနေပါစေ။ ပြည်ထောင်စု မြန်မာနိုင်ငံသားများ ဖြစ်တာကို လက်ခံကြရမယ်။ မြန်မာနိုင်ငံတော်ကို သစ္စာရှိရမယ်။ မြန်မာနိုင်ငံကို ချစ်ရမယ်။ မြန်မာနိုင်ငံကို လိုအပ်လျှင် အသက်ပေး ကာကွယ် စောင့်ရှောက်ကြရမယ်။

နိုင်ငံတစ်ခု ပေါ်ထွန်းလာတာဟာ ထိုနိုင်ငံတွင်းမှာ နေတဲ့လူတွေရဲ့သစ္စာရှိမှု၊ ချစ်မြတ်နိုးမှု၊ အတူတကွ ပူးပေါင်း နေထိုင်လိုမှုဆိုတဲ့ ရင့်ကျက်တဲ့ စိတ်ဓာတ်တွေ ရှိနေဖို့လိုတယ်။ အတူတကွ ပူးပေါင်းနေထိုင်လိုမှုဟာ Sharing လို့ခေါ်တဲ့ မျှဝေပေးခြင်းဖြစ်တယ်။
အေးအတူပူအမျှ ခံစားစံစားခြင်း ဖြစ်တယ်။ ကောင်းတူဆိုးဖက် နေထိုင်ခြင်း၊ ကျရာတာဝန်ကို မတွက်ကတ်ခြင်းတို့ ဖြစ်တယ်။
အဲဒီစိတ်ထားတွေဟာ လူနှစ်ယောက်မှစကာ နိုင်ငံအတွင်းရှိ တိုင်းရင်းသား ပြည်သူအထိ ထားရှိရမယ့် ရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ ဒီစိတ်ထားဟာ တိုင်းရင်းသားပြည်သူ ကိုယ်စီရဲ့ စိတ်ထဲမှာ ထားရှိနိုင်မှသာ ပြည်ထောင်စု မကွဲမှာ ဖြစ်တယ်။ အဲဒီစိတ်ထား ပျောက်ကွယ်ပြီး မိမိအတွက်၊ မိမိလူမျိုးအတွက်၊ မိမိအဖွဲ့ အစည်းအတွက်ကိုသာ ရှေ့တန်းတင် လာမယ်ဆိုရင် ပြည်ထောင်စုဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တယ်။

ဆိုတော့ ပြည်ထောင်စုမြန်မာ နိုင်ငံဆိုတာဟာ ၁၃၅ မျိုး တိုင်းရင်းသား ပြည်သူအားလုံးရဲ့ စုပေါင်းနေထိုင်ရာ ဘူမိနက်သန် မဟာပထ၀ီမြေ ဖြစ်တယ်။ ဒါတို့ပြည်၊ ဒါတို့မြေဖြစ်တယ်။ ဒီမြေကို တပ်မတော်သားတွေသာ ချစ်ကြတာမဟုတ်ဘူး။ တိုင်းရင်းသား ၁၃၅ မျိုးအားလုံးက အသက်ထပ်တူ တပ်မတော်သားတွေ အချစ်ထက် မလျှော့သောအချစ်နဲ့ ချစ်ကြတယ်။

တပ်မတော်
တို့ပြည်၊ တို့မြေဟာ အဖိုးတန် ဖြစ်လေတာကြောင့် ကာကွယ် စောင့်ရှောက်မှု ပေးဖို့လိုတယ်။ အဲဒီတာဝန်ကိုတော့ ကာကွယ်ရေး၊ စစ်ရေးအတတ်ပညာ သင်ထားတဲ့ တိုင်းရင်းသား ပြည်သူထဲက လူအချို့ကို တာဝန်ပေးလိုက်တယ်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ဖို့အတွက် တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ရှိရှိနဲ့ တပ်မတော်ကို ဖွဲ့ခဲ့တယ်။ တိုင်းရင်းသား ပြည်သူထဲက နိုင်ငံချစ်စိတ်ရှိတဲ့ ရဲဘော်သုံးကျိပ်ကို ရွေးထုတ်ပြီး ဂျပန်ပြည်မှာ စစ်ပညာ သင်ကြားစေခဲ့တယ်။ ဒါဟာ တပ်မတော်အစပဲ။ တိုင်းရင်းသားပြည်သူကို ကျွန်အဖြစ်မှကယ်တင်ဖို့ တစ်နည်းဆိုရင် ပြည်သူကို အလုပ်ကျွေးပြုဖို့ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ တပ်မတော် စဖွဲ့ခဲ့တာ ဖြစ်တယ်။တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်သူအတွက် အသက်ပေးလှူခဲ့ပြီး တပ်မတော် တစ်ရပ်လုံးကို  စံနမူနာပြခဲ့တယ်။ ပြည်သူအတွက် အသက်ကိုပင် ပေးလှူခဲ့တဲ့ တပ်မတော်သား တစ်ယောက်ဟာ ပြည်သူထံမှ ဘာကိုမျှ မမျှော်ကိုးခဲ့ဘူး။ ကိုယ်ပိုင်အိမ် တစ်လုံး၊ ကိုယ်ပိုင်ကားတစ်စီး မရှိခဲ့ဘူး။ ပြည်သူ့အတွက် ပေးဆပ်ဖို့ဝန်မလေး သူတွေဖြစ်တယ်။

ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်နေ၀င်း တာဝန်ယူလာတဲ့ ကာလမှာ တပ်မတော်ရဲ့ ရည်ရွယ်ချက်ဟာ ယိမ်းယိုင်စ ပြုလာတယ်။ ဗိုလ်နေ၀င်းဟာ တပ်မတော်ကို ကျောထောက်နောက်ခံ ထားကာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်း လိုက်တယ်။

ပြည်သူပိုင် သိမ်းလိုက်တဲ့ အချိန်ကစပြီး စစ်သားတွေရဲ့စိတ်ထဲမှာ ပြည်သူ့ပစ္စည်းကို အချိန်မရွေး အာဏာနဲ့ ခြိမ်းခြောက် သိမ်းပိုက်လို့ ရတယ်လို့ မှတ်ထင်သွားပုံရတယ်။ ထို့နောက်ပိုင်း စစ်သားတွေဟာ ပြည်သူကို လေးစားမှု လျော့ပါးသွားတယ်။ ပြည်သူကို မလေးစားတော့ဘူး။ ပြည်သူ့ဆန္ဒကို ဥပေက္ခာ ပြုလာကြတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တစ်သားတည်း မဟုတ်တော့ဘူး။ ခွဲခြားစ ပြုလာတယ်။ ပြည်သူနဲ့တပ်မတော် ဆက်ဆံရေးမှာ တိုင်းရင်းသား ပြည်သူဆန္ဒနဲ့ တပ်မတော်ဆန္ဒဆို တပ်မတော်ဆန္ဒက ပိုအရေးပါလာတယ်။
အရပ်ဘက် လုပ်ငန်းတွေ၊ အရပ်ဘက် ၀န်ထမ်းလောကတွေမှာ စစ်သားတွေနဲ့ အစားထိုး နေရာယူလာတယ်။ အထက်အရာရှိ နေရာတွေမှာ လုပ်ငန်းနဲ့ ပတ်သက်သည် ဖြစ်စေ၊ မပတ်သက်သည် ဖြစ်စေ အသင့် နေရာယူလိုက်ကြတယ်။ မူလလုပ်ငန်းမှာ လုပ်သက်၊ ပညာ အတွေ့အကြုံကြောင့် ကျွမ်းကျင်ဝန်ထမ်းတွေ ဘေးရောက်ကုန်ကြတယ်။ မတော်မတတ် မကျွမ်းကျင်ပေမယ့် ပေါင်းတတ်၊ သင်းတတ်ရင် ရာထူးတိုးဖို့ အခွင့်အရေးတွေ ရလာတဲ့ ၀န်းထမ်းတွေပေါ်လာပြီး ၀န်ထမ်းလောကလည်း ပျက်စီးသွားတယ်။

ဒီလိုနဲ့ နယ်ပယ်စုံမှာ အရပ်ဘက်စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေ ပျက်စီးကုန်ကြတယ်။ ဒါဟာ စစ်တပ်ကို အသုံးချပြီး အာဏာစက် ဖြန့်ကြက်လိုက်လို့ ဖြစ်ရတဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။ ကြောက်စရာ အကောင်းဆုံး ပျက်စီးမှုက ပညာရေးနဲ့ လူငယ်ပြုစု ပျိုးထောင်ရေး နယ်ပယ်တွေမှာ ဖြစ်တယ်။ ပညာရေး နိမ့်ကျမှုကြောင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်အထိ နိမ့်ကျသွားကာ နိုင်ငံပါ အနိမ့်ကျဆုံး စာရင်းဝင် နိုင်ငံဖြစ်ကုန်တယ်။

အာဏာ
စင်စစ် အာဏာဆိုတာ ကောင်းတာတွေ လုပ်ဆောင်ဖို့ လိုအပ်သလို၊ မကောင်းတာတွေကိုလည်း လုပ်ဆောင်နိုင်တယ်။ အထူးသဖြင့် နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူတွေ ကောင်းဖို့အတွက် အာဏာလိုအပ်တယ်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသား (တိုင်းရင်းသားပြည်သူ) မှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၄) မှာ အတိအလင်း ဖွင့်ဆိုထားတယ်။ ပြည်သူနဲ့ တိုင်းပြည် ကောင်းစားဖို့ အတွက်ဆိုရင် အာဏာဟာ ပြည်သူမှာသာ ရှိသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် မကောင်းကြံတဲ့လူ မရှိသလိုဘဲ ကိုယ့်တိုင်းပြည် မကောင်းကြံမယ့် ပြည်သူဆိုတာ ဘယ်မှာရှိမှာလဲ။

ဆိုတော့အာဏာဟာ နိုင်ငံကို အမှန်တကယ်ချစ်တဲ့ တိုင်းရင်းသား ပြည်သူတွေ လက်ထဲမှာသာ ထာဝရ ရှိသင့်တယ်။ အစုအဖွဲ့တစ်ခုလက်ထဲမှာ အာဏာကို ထားခွင့်မရှိဘူး။ အာဏာ အထားမှားခဲ့လို့ အာဏာကို အလွဲသုံးစားလုပ်ခဲ့လို့ တိုင်းပြည်ဘက်က ကြည့်ရင် တိုင်းပြည်ဟာ စုတ်ပြတ်သွားပြီး အဆင်းရဲဆုံး၊ အ ကြွေးအထူဆုံး၊ ပညာရေး အနိမ့်ကျဆုံး၊ ကျန်းမာရေးအချို့တဲ့ဆုံး ဆိုတဲ့ မကောင်းတဲ့ ညွှန်းကိန်းတွေကသာ လွှမ်းမိုးနေတယ်။

ဒီလိုဆိုးရွားနိမ့်ကျတဲ့ အညွှန်းကိန်းတွေကို ပြန်လည်မြှင့်တင်ဖို့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် မှန်မှန်ကန်ကန် ပြန်လည်လျှောက်လှမ်းနိုင်ဖို့ ပြည်သူအပ်နှင်းတဲ့ ပုဂ္ဂိုလ်များကသာ အာဏာကို လက်ဝယ် ပိုင်ပိုင်ရယူကြရမှာ ဖြစ်တယ်။ ဒီအာဏာဟာ ပြည်သူ့အာဏာ၊ နိုင်ငံတိုးတက်ဖို့အတွက် အာဏာ၊ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် အာဏာသာ ဖြစ်သင့်တယ်။ တလွဲဆံပင်ကောင်းတဲ့ အာဏာ မဟုတ်ရဘူး။ ပြည်သူကိုနှိပ်ကွပ်တဲ့ အာဏာ မဟုတ်ဘူး။ ပြည်သူကိုကာကွယ်ပေးမယ့် အာဏာသာဖြစ်တယ်။

ဒါကြောင့် နိုင်ငံတော်တိုးတက်ဖို့၊ တိုင်းရင်းသားပြည်သူ ချမ်းသာပြီး၊ ကြီးပွားပြီး၊ စိတ်ချမ်းသာဖို့ တပ်မတော်သားများ ကိုယ်တိုင် ပြည်သူ တစ်သားတည်း ခံစားရနိုင်ဖို့၊ တပ်မတော်နဲ့ ပြည်သူ မကွဲပြား၊ မခွဲခြားဖို့။ တိုင်းရင်းသားပြည်သူနဲ့၊ တပ်မတော်သားတို့က ရွေးချယ်တင်မြှောက် အပ်နှင်းလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်းများ လက်ထဲကို အာဏာရောက်ရှိရမှာ ဖြစ်တယ်။ ချောမွေ့ငြိမ်းချမ်းစွာ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးအပ်ရမှာ ဖြစ်တယ်။
တလွဲ အာဏာကြောင့် မလိုလားအပ်တဲ့ အမုန်းတရားတွေ ရပ်တန့်သင့်ပြီ။ ပြည်သူတစ်ခဲနက် ထောက်ခံမှုရထားတဲ့ ကိုယ်စားလှယ်များ လက်ထဲကို အာဏာလွှဲပြောင်း ပေးသင့်ပြီ။ အာဏာကို လုယူခြင်းထက် အာဏာကို ထိုက်တန်သူထံ အသာတကြည် လွှဲပေးခြင်းဟာ ဒီမိုကရေစီ ကျင့်စဉ်တစ်ရပ် ဖြစ်တယ်။ ယဉ်ကျေးသူတို့ရဲ့လုပ်ရပ်ဖြစ်တယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ပြည်သူတို့ရဲ့ ထောက်ခံမှုကို ဆုံးရှုံးလိုက်ရပြီ ဖြစ်တယ်။ ထိုပါတီမှ တာဝန်ရှိပုဂ္ဂိုလ် ကိုယ်တိုင်လည်း ကြေညာချက် ထုတ်ပြန် ကာဝန်ခံပြီး ဖြစ်တယ်။

ဆိုတော့ တိုင်းရင်းသားပြည်သူရဲ့ ဆန္ဒအမှန်ကို တပ်မတော်အနေနဲ့ သိလိုက်ရပြီ။ စင်စစ် ပြည်သူ့ဆန္ဒဆို တာဟာ တပ်မတော်ဆန္ဒနဲ့ ထပ်တူမကျတောင်မှ နီးစပ်မှု ရှိရမှာဖြစ်တယ်။ နားလည်မှုရှိရမယ်။ ဒါကြောင့် တပ်မတော်အနေနဲ့  တိုင်းပြည်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို အနိုင်ရပါတီနဲ့အတူ လက်တွဲ လုပ်ဆောင်ရမယ်။
တပ်မတော်ဟာ နိုင်ငံအတွက် မရှိမဖြစ်တဲ့ အဖွဲ့အစည်းဖြစ်သလို ပြည်သူ့ဆန္ဒကို လေးစားလိုက်နာတဲ့ အဖွဲ့အစည်းလည်းဖြစ်ရမယ်။ တပ်မတော်ဟာ ဘက်လိုက်မှု ကင်းရမယ်။ အာဏာရပါတီဟာ ဘယ်ပါတီ ဖြစ်ဖြစ် တပ်မတော်အနေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရမယ်။ 

အာဏာရပါတီဆိုတာ ပြည်သူထောက်ခံတဲ့ပါတီ ဖြစ်နေလို့ ပြည်သူကို စောင့်ရှောက်ခြင်းဟာ ပြည်သူထောက်ခံတဲ့ပါတီကို စောင့်ရှောက်ခြင်း ဖြစ်တယ်။
နိုင်ငံတော်၊ တိုင်းရင်းသားပြည်သူ၊ တပ်မတော်တို့ဟာ စုပေါင်းရက် လုပ်ထားတဲ့ ခြုံလွှာတစ်ခု ဖြစ်တာကြောင့် သီးခြားစီ ခွဲခြားနေလို့မရပါဘူး။ ဒါကြောင့် တိုင်းရင်းသားပြည်သူရဲ့ တစ်ခဲနက် ထောက်ခံမှုကို တပ်မတော်က ပံ့ပိုး ထောက်ခံရမှာဖြစ်တယ်။ ထပ်ဆင့် ထောက်ခံရမယ်။ နိုင်ငံတော်ကြီး မပြိုကွဲဖို့ဆိုတာ တိုင်းရင်းသားပြည်သူနဲ့ တပ်မတော် မပြိုကွဲမှဖြစ်မှာပါ။
တိုင်းရင်းသား ပြည်သူထောက်ခံတဲ့ ပါတီကို တပ်မတော်နဲ့ လက်ရှိ အာဏာရ ပါတီတို့မှ ကြိုဆိုလက်ခံကာ အာဏာလွှဲပေးပြီး အနာဂတ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင် ပါစေကြောင်း။

Writer: 
မောင်တင်ဦး(မြောင်းမြ)

No comments: