Monday, November 16, 2015
သျှမ်းမြီးရှည်
ပါဝင်ပစ္စည်းများ
နန်းလတ်(မုန့်ဖတ်) ၅၀ကျပ်သား၊
ဝက်သား ၃၀ကျပ်သား၊
ကြက်သွန်ဖြူ ၁၀ကျပ်သား၊
 ကြက်သွန်နီ ၅လုံး၊
ငရုတ်သီးအပွတောင့် ၅ကျပ်သား၊
စားကော်မှုန့် ၁၅ကျပ်သား၊
တရုတ်ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်းနှင့်တစ်ဝက်၊
 မြေပဲဆံအကျက် ၂၀ကျပ်သား၊
အချိုအရသာမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း၊
 မုန်ညင်းချဉ် ၂၅ကျပ်သား၊
ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊
ပဲဆီမွှေး ၃၀ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်သားကို အတုံးသေးသေးလေးတုံးပြီး ရေဆေးကာ အချို၊အငန် နယ်ထားပြီး ကျက်အောင်ပြုတ်ထားပါ။
ကြက်သွန်နီ၊ ငရုတ်သီးအပုနှင့် ကြက်သွန်ဖြူ နှစ်ကျပ်ခွဲသားခန့်ဖယ်ပြီးညက်အောင်ထောင်းပါ။
ကော်မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ထားပါ။
ဝက်အရိုးကို အချိုရေကျအောင် ကြာကြာလေးပြုတ်ပါ။ ၀က်အရိုးပြုတ်ရည်ကို ကော်မှုန့်နဲ့ပြန်ကျိုပေးရပါမယ်။
မြေပဲဆံကို မညက်တညက်ထောင်းပါ။
ကျန်တဲ့ကြက်သွန်ဖြူကို ပါးပါးလှီးဆီချက် ချက်ထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။ ဆီပူရင် ထောင်းထားတဲ့ ကြက်သွန်နဲ့ ငရုတ်သီးအနှစ်ကို ဆီသတ်ပါ။
ငရုတ်သီးအစိမ်းနံ့ပျောက်သွားမှ ၀က်သား၊အချို၊အငန်နဲ့တရုတ်ငရုတ်ကောင်းမှုန့်ထည့်ပြီး သမအောင်မွှေပေးပါ။
ဝက်သားက ကျက်ပြီးသားဆိုတော့ အကြာကြီးချက်စရာ မလိုပါဘူး။ ခဏနေရင် အသားဆီသတ်တဲ့ အိုးကို ပန်းကန်ထဲပြောင်း ထည့်ထားပါ။
ပြီးလျှင် အအေးခံထားတဲ့ ၀က်အရိုးပြုတ်ရည် ကော်မှုန့်ဖျော်ထားတာနဲ့ရောပြီး အရည်မပျစ်မကျဲလေးနဲ့ ကျက်အောင်ကျိုပြီး ပန်းကန်လုံးထဲကို ပြောင်းထည့်ပေးပါ။
ကော်ရည်ကို အချိုရည်ကျအောင် ပြုတ်ထားတဲ့ အရိုးပြုတ်ရည်နဲ့ ပြန်ကျိုပေးတော့ ပိုပြီးအရသာ ကောင်းမွန်ပါတယ်။
အားလုံးပြီးရင် သုံးဆောင်မည့် ပန်းကန်ထဲတွင် နန်းလတ်မုန့်ဖတ်ထည့်၍ အပေါ်ယံမှ ဆီသတ်ထားတဲ့ ၀က်သား၊ ကော်ရည်၊ ထောင်းထားတဲ့ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်နဲ့ ကြက်သွန်မြိတ်ဖြစ်ဖြစ်၊ နံနံပင်ဖြစ်ဖြစ် မိမိနှစ်သက်ရာ ထည့်စားပါ။ မုန့်ညင်းချဉ်လေးနဲ့တွဲစားတော့ အအီပြေသပေါ့။
Credit: အန်တီမီးမီးရဲ့ဟင်းချက်စာအုပ်
No comments: