Friday, November 6, 2015

“သင့်မဲတစ်ပြားကြောင့် တိုင်းပြည်ဒုက္ခမရောက်ပါစေနဲ့”



 ကျွန်တော်တို့ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပဖို့ဟာ ခုဆိုရင် ရက်ပဲလိုပါတော့တယ်။ ဒီ ၂၀၁၅ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ပြည်သူတွေအတွက် နောက်ဆုံးအခွင့်အရေးလို့ပြောမယ်ဆိုရင်မမှားပါဘူး။ အခြားသူများအတွက် အရေးကြီးချင်မှကြီးပေမယ့် ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ သေရေးရှင်ရေးပါ။ နောက်ထပ်မှားခွင့် လွှဲချော်ခွင့်မပေးတော့ပါဘူး။ ဒီအခွင့်အရေးကို အမိအရဖမ်းဆုပ်နိုင်ဖို့လိုပါတယ်။ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရင် ခံရမှာက နောက်ထပ် ၅ နှစ်ထဲမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာကြာသွားနိုင်တယ်ဆိုတာ အားလုံးသတိမူစေချင်ပါတယ်။

ခုဆိုရင်ပြည်သူအများစုဟာ ဘယ်ပါတီကိုမဲပေးမယ်ဆိုပြီးဆုံးဖြတ်ထားပြီးဖြစ်ပေမယ့် တစ်ချို့ကတော့ ဘယ်ပါတီကိုမဲပေးရမလဲ မသိသေးသူများရှိသလို ငါတို့ထည့်လည်း ဘာမှမထူးပါဘူးလို့ ယူဆနေတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် ဘယ်ပါတီကိုမဲပေးရမလည်းမသိသေးတဲ့သူတွေ ၊ ငါ့တို့ထည့်လည်း ဘာမှမထူးပါဘူးလို့ ယူဆနေတဲ့ သူတွေကို ကျွန်တော်ပေးမယ့် မဲအပေါ်ခံယူချက် လေးပြောပြချင်ပါတယ်။ ကျွန်တော်ပေးလိုက်တဲ့မဲတစ်ပြားဟာ ကျွန်တော့်အတွက် ကျွန်တော့်မိသားစုအတွက် ကျွန်တော့်မိတ်ဆွေဆရာသမားများအတွက် မဖြစ်စေရဘူးလို့ ခံယူထားပါတယ်။ ကျွန်တော့်ရဲ့မဲတစ်ပြားဟာ သန်း ၅၀ ကျော်သောပြည်သူတွေအတွက်ပဲဖြစ်ရမယ်။ ပြည်သူတွေဘာဖြစ်ချင်လည်း ဘယ်ပါတီကိုမဲပေးစေချင်လဲ ပြည်သူအများစုပေးစေချင်တဲ့ပါတီကိုမဲပေးပါမယ်။ ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးပါမယ်။ ခုဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီတွေထဲမှာ ကျွန်တော့်အသိမိတ်ဆွေတွေပါပါတယ်။ ဒါပေမယ့် မတက်နိုင်ပါဘူး ။ ကျွန်တော်ပေးချင်ရာပေးမှာမဟုတ်ဘူး ပြည်သူတွေအတွက် တိုင်းပြည်အတွက် ရည်ရွယ်ပြီးပေးပါမယ်။ ဒါမှတာဝန်ကျေတဲ့နိုင်ငံသားတစ်ယောက်လို့ ခံယူထားတယ်။

ဘာလို့အဲ့လိုသဘေားထားလဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့်ပဲလို့ အတိုချုပ်ပြောရမှာပဲ။ မဲပေးတာပဲ ကိုယ်ကြိုက်တဲ့ပါတီပေးမှာပေါ့ ဒါလူ့အခွင့်ရေးပဲလို့ပြောကြပါလိမ့်မယ်။ တစ်ခြားနိုင်ငံအတွက်တော့မှန်ပါလိမ့်မယ်။ နိုင်ငံရဲ့လက်ရှိအနေအထားအရ ကျွန်တ်ာတို့မှာ အဲ့လိုအခွင့်ရေးမရှိသေးဘူးလို့ မြင်ပါတယ်။ ဘာကြောင့်တုန်းဆိုတော့ နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနှစ်ဆိုးအောက်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျွန်တော့်တို့ ကိုယ့်ကြိုက်ရာကိုယ်ပေးလို့မရသေးပါဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ပြည်သူတွေဟာ မိမိတို့ကိုအုပ်ချုပ်မယ့် မိမိခေါင်းဆောင် သမ္မတတောင် ကိုယ်တိုင်ရွေးချယ်လို့မရသေးတဲ့အခြေအနေမှာ ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာက အာဏာရှင်စနစ်ကို အပြစ်ပြတ်အောင်အရင်ရှင်းရမှာပါ။ အဲ့တော့ မိမိစိတ်ခံစားချက်တွေ အခွင့်အရေးတွေကိုလောလောဆယ် ဘေးချိတ်ထားပြီး တိုင်းပြည်အနာဂတ်အတွက် ပြည်သူအတွက် နောက်မျိုးဆက်သစ်တွေအတွက် မိမိမဲတစ်ပြားကို ရင်နှီးပေးဆပ်ရမှာပဲဖြစ်ပါတယ်။

ဒီအချိန်ဟာ ပြည်သူအားလုံးစုစည်းမှုနဲ့ စနစ်ဆိုး အောက်ကနေ လက်တွဲညီညီရုန်းထွက်ရမယ့်အချိန်ဖြစ်ပါတယ်။ မိမိမဲတစ်ပြားဟာ ပြည်သူလည်ပင်းစွပ်မယ့်ကြိုးကို ကူကျစ်ပေးတဲ့မဲ မဖြစ်ဖို့လိုပါတယ်။ နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲတွင်းထဲနစ်နေတဲ့ပြည်သူတွေ၊ ခေတ်အဆက်ဆက် အာဏာရှင်လက်အောက်မှာ အသက်ပေးခဲ့ရတဲ့ ရဟန်းရှင်လူပြည်သူတွေ၊ ဘ၀ပျက်ကုန်တဲ့သူတွေ၊ ထောင်နန်းစံခဲ့ရသူတွေအတွက်၊ အနာဂတ်ပျောက်နေတဲ့လူငယ်တွေအတွက် တာဝန်ကျေတဲ့ မဲတစ်ပြားဖြစ်ဖို့လိုပါတယ်။

ဒါဆိုကျွန်တော်တို့ ဘယ်ပါတီကိုမဲပေးမလဲ။ အားလုံးသိတော်မူတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မယ့် ပါတီတွေအများကြီးရှိပေမယ့် အဓိကအစိုးရဖွဲ့နိုင်တဲ့ပါတီက ၂ ခုထဲရှိတာပါ။ ကျွန်တော်တို့ပြည်သူတွေရဲ့ ရွေးချယ်မှုဟာ ၄ ခုထဲက တစ်ခုလည်းမဟုတ်သလို ၃ ခုထဲကတစ်ခုလည်းမဟုတ်ပါဘူး။ ၂ ခုထဲက တစ်ခုပဲရွေးချယ်ခွင့်ရှိသူတွေပါ။ အဲ့နှစ်ခုထဲမှာမှ ကျွန်တော်တို့စဉ်းစားကြည့်ရအောင် တစ်ခုက နှစ်ပေါင်း ၅၀ ကျော်တိုင်းပြည်ကို ယနေ့အထိ ပုံစံအသွင်အမျိုးမျိုးနဲ့ အုပ်ချုပ်လာတဲ့ တစ်ပါတီ တစ်ဖွဲ့စည်းပါ။ သူတို့ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့တဲ့တိုင်းပြည်ရဲ့ အခြေအနေဟာ လက်ရှိအချိန်မှာ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာ ပြည်သူအားလုံးဟာ ကိုယ်တိုင်သိရှိခံစားနေရသူတွေဖြစ်တဲ့အတွက် အထူးပြောပြစရာတောင်လိုမယ်မထင်ပါဘူး။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ အဆင့် ၈၊ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုမှာအဆင့် ၂၊ အဂတိလိုက်စားမှု တရားဥပဒေစိုးမိုးမှုမှာ အဆင့် ၁၄ ကျန်းမာရေးအဆင့်အတန်းက နောက်ဆုံးပိတ် အဆင့် ၁၉၀ ပညာရေးအဆင့်အတန်းအနိမ့်ကျဆုံး သဘာဝသံယံဇာတ ပျက်ဆီးဆုံးရှုံးမှုအများဆုံးစတဲ့ ကမ္ဘာ့ညွန်းကိန်းအဆင့်တိုင်းမှာ အောက်ဆုံးအဆင့်ရောက်နေတဲ့တိုင်းပြည်တစ်ခုပါ။ တိုင်းပြည်က သဘာသသံယံဇာတတွေပေါကြွယ်ဝေနေပေမယ့် လူငယ်အများစုက သူများနိုင်ငံမှာ ကျွန်သွားခံနေရတယ် မိန်မပျိုလေးတွေက လိင်ကျွန်အဖြစ်ရောင်းစားခံနေရတယ်။ လက်တစ်ဆုပ်စာလူတန်းစားက ထားစရာမရှိဖြစ်နေချိန်မှာ ပြည်သူတွေက စားစရာမရှိအောင်ဖြစ်နေရတယ်။ ဒီလိုအခြေအနေမှာ ပြည်သူလူထုဟာ ပြောင်းလဲမှုကိုတောင်းဆိုတာ မဆန်းဘူးလို့ထင်ပါတယ်။ ပြောင်းလဲမှုကို မလိုလားတဲ့ သူတွေကပဲဆန်းနေကြတာပါ။

ပြောင်းလဲမှုကို မလိုလားတဲ့သူတွေကိုကြည့်ရင်လည်း အာဏာရှင်အဖွဲ့အစည်းနဲ့ သူတို့ပေါင်းအပါတွေပဲများပါတယ်။ ခေတ်ပျက်လေကြိုက်လေဆိုတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရယ် အာဏာရှင်နဲ့ပေါင်းစားနေတဲ့ ခရိုနီလူတန်းစားတွေပဲများတာတွေ့ရမှာပါ။ သူတို့ကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့သူတွေပါပဲ။ ဒီလူတွေဟာလည်း ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို မကြာမှီမှာ ခံကြရတော့မှာပါ။

ဒါကြောင့်ဒီစနစ်ဆိုးအောက်ကနေလွတ်မြောက်ဖို့အတွက် ဘယ်သူကိုမဲပေးရမယ်ဆိုတာ ပြောပြနေဖို့လိုမယ်မထင်တော့ပါ။ ပြောင်းလဲမှုအစစ်အမှန်ကို ရချင်တယ် အရပ်သားအစိုးရစစ်စစ်လိုချင်တယ် ဆိုရင်တော့ လက်ရှိအခြေအနေအရ Nld ပါတီမှလွဲ အခြားရွေးချယ်စရာမရှိပါဘူး။ ဒါကြောင့် NLD ပါတီကိုပဲ ရဲရဲဝံ့ဝံ့မဲပေးပြီးတော့ ပြောင်းလဲမှုကိုရယူပါမယ်။ အဲ့လိုပြောတဲ့အတွက် ကျွန်တော်ကို NLD ဘက်တော်သားဖြစ်တယ် လော်ဘီလုပ်ပေးနေတယ်လို့ မြင်ချင်မြင်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီနေ့ဒီအချိန်ထိ ဘယ်ပါတီမှ မ၀င်ခဲ့ဘူးပါဘူး။ ရှင်းရှင်းပြောရရင် NLD ပါတီကိုတောင် ရာနှုန်းပြည့်မထောက်ခံသေးပါဘူး။ ဒါပေမယ့် ခုနပြောသလို ကျွန်တော်တို့ဟာ အများကြီးထဲကရွေးရတာမဟုတ်ဘူး။ ၂ ခုထဲက တစ်ခုကိုရွေးရတာပါ။ ဒါကိုနားလည်ဖို့လိုပါတယ်။ တိုင်းပြည်ရဲ့ လက်ရှိအနေအထားအရ NLD ပါတီမှလွဲအခြားရွေးချယ်စရာ မရှိသေးလို့ပါ။ အရပ်သားအစိုးရစစ်စစ်ဖြစ်ပြီးတဲ့နောက်ပိုင်း နောက်ထပ်ရွေးကောက်ပွဲတွေမှာတော့ မိမိကြိုက်ရာပေးလို့ရပါပြီ။ ဒီတစ်ခါတော့ ပြည်သူ့အတွက် NLD ကိုပဲမဲပေးလိုက်ပါ။

ဒီနေရာမှာ NLD ကိုမကြိုက်ဘူးဆိုတဲ့ သူများကိုပြောချင်ပါတယ် NLD ကိုမကြိုက်ချင်မကြိုက်ပါနဲ့။ NLD ကိုမကြိုက်တာနဲ့ အာဏာရှင်ကိုထောက်ခံမယ်ဆိုတာကတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို သင်မကြိုက်တာအပြစ်မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုမကြိုက်တာနဲ့ ဂဠုန်ဦးစောကိုထောက်ခံမယ်ဆိုရင်တော့ သင်ဟာလူမိုက်အားပေး တစ်ယောက် လူယုတ်မာတစ်ယောက် ဖြစ်သွားပါပြီ။ ဒါကိုခွဲခြားသိဖို့လိုပါတယ်။

နောက် ဆုံးအနေနဲ့ NLD ပါတီတက်တော့ရော တိုင်းပြည်ကောင်းသွားမှာလားလို့မေးတဲ့သူများကိုပြောချင်ပါတယ်။ ကောင်းမကောင်းဆိုတာ အုပ်ချုပ်ခိုင်းကြည့်မှ သိပါလိမ့်မယ်လို့ပြောရမှာပဲ။ တကယ်လို့ NLD အစိုးရဖြစ်လာပြီး ပြည်သူအပေါ်မကောင်းခဲ့ဘူးထားအုံး ကိစ္စမရှိပါဘူး။ ကျွန်တော်တို့အားလုံး Nld ကိုအချိန်မရွေးဖြုတ်ချလို့ရတယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ NLD ပါတီနောက်မှ စစ်တပ်မရှိလို့ပါပဲ။ ဒီနေ့မကြိုက် ဒီနေ့ဖြုတ်ချလို့ရပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: