ယခင် ဆောင်းပါးတွေ တုန်းက စာဖတ် ပရိသတ်ကို ဆရာဝန် မဟုတ်တဲ့ သူတွေလို သဘောထားပြီး ရေးခဲ့တာ များပါတယ်။ ဒီတစ်ပတ် ဆောင်းပါးမှာ တော့ ဆရာဝန်တွေကိုပါ စာဖတ် ပရိသတ် အဖြစ် ရည်မှန်းပြီး ရေးထားတာပါ။ ဆရာဝန် မဟုတ်တဲ့ သူတွေနဲ့လည်း သက်ဆိုင် ပါတယ်။ ဒီဆောင်းပါး အတွက် အတွေးအား Myanmar Positive Group ရဲ့ Forum တစ်ခုကို တက်ရောက်ခဲ့ရာက ရခဲ့တာပါ။
အဲဒီ ဆွေးနွေးပွဲမှာ ART ဆေးပေးတာ၊ ဆေးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ပြုစု စောင့်ရှောက်မှု ပေးတာမှာ တချို့ ဆရာဝန်တွေကဆေးသောက် နေတဲ့ လူနာ လောက်တောင် ဆေးအကြောင်း ကောင်းကောင်း မသိဘူး ဆိုပြီး HIVပိုး ရှိနေသူ တစ်ယောက်က တင်ပြ လာပါတယ်။ ပြန်ပြောရင်လည်း လက်မခံချင်ဘူးတဲ့။ အဲဒီလိုတကယ် ဖြစ်နေတာလား။ ဆရာဝန်က လူနာလောက် ဆေးအကြောင်း မသိဘူး ဆိုတာဖြစ်နိုင် သလား။ ဆရာဝန် အတော်များများက ဝန်မခံ ကြပေမယ့် ဒါ-တကယ့် အဖြစ်ပါ။
တချို့လူနာတွေဆို အင်္ဂလိပ်လို ဖတ်တတ် တဲ့ အတွက် ရောဂါ အကြောင်း စာအုပ်တွေမှာ ရှာဖွေ ဖတ်ရှု လေ့လာ တတ်လို့ တော်ရုံ ဆရာဝန်တွေက သူတို့နဲ့ ပြိုင်ပြောဖို့ တောင် ခဲယဉ်း တတ်ပါတယ်။ သူမသိတာ ဘာမှမရှိ ဆိုတာမျိုး ဖြစ်လာပါတယ်။ ဆရာဝန် တွေဘက်ကလည်း မင်းဆရာဝန်လား၊ ငါ ဆရာဝန်လား ဆိုပြီး ပညာ မာနလေးနဲ့ မတတ်တာကို ဝန်မခံချင်တော့ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေးတွေ အဆင် မပြေ ဖြစ်လာတတ် ပါတယ်။ လူနာ အထင် မကြီးတဲ့ ဆရာဝန်ရဲ့ ကုသမှုကို ခံယူရာမှာလည်း အောင်မြင်ဖို့ ခဲယဉ်း သွားတတ်ပါတယ်။ တကယ်တော့ ဆေးပညာဟာ နေ့စဉ်နဲ့ အမျှ တိုးတက်နေတာမို့ တစ်ရက် မလေ့လာရင် တစ်ရက် နောက်ကျသွားပါပြီ။ ဒီပြဿနာမျိုး ကျွန်တော်လည်း ကြုံဖူး ပါတယ်။
အိမ်ကနေ ရုံးကိုသွား taxi စီးတာမှာပါ။ နေ့တိုင်း taxi ငှားစီး နေရတော့ ကားဆရာ အမျိုးမျိုးကို တွေ့ရပါတယ်။ လမ်းပိုပြီးတို၊ ပိုပြီး ရှင်းမယ့် လမ်းကို သိပြီးသား taxi သမား ရှိသလို၊ လမ်းမသိဘဲ ထင်တဲ့လမ်းကမောင်းလို့ ပိုပြီးဝေး၊ အချိန်ပို ကြာအောင် မောင်းတတ်တဲ့ taxi ဆရာကိုလည်း တွေ့ရပါတယ်။ ဘယ် မီးပွိုင့်က ကြာတတ်သလဲ၊ ကျောင်းဖွင့်ရက်လား၊ အဝိုင်းနဲ့ မီးပွိုင့် ဘယ်ဟာ ပိုအဆင်ပြေ မလဲတွေ တွက်ရာမှာ taxi မောင်းတဲ့ လူတွေက ခရီးသည် တွေထက် ပိုပြီး တော်ကြ တတ်ကြမှာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကမှ ပဲခူးက တက်လာတဲ့ taxi သမား မဟုတ်ခဲ့ရင်ပေါ့။ ဒါပေမယ့် နေ့တိုင်း သွားနေကြ ခရီးစဉ် တစ်ခု အတွက်ဆိုရင်တော့ တော်ရုံတန်ရုံ taxi သမားထက် ခရီးသွားက ပိုပြီး ကျွမ်းကျင်နေမှာပါ။
ဒီအချိန်ဆို ဘယ်နားမှာ ကျောင်းကြိုပို့ ယာဉ်တွေ ရှုပ်မယ်၊ ဘယ် ဖြတ်လမ်းက နီးမယ်၊ ဘယ်လမ်းက ကားရှင်းမယ် ဆိုတာ မျိုးပေါ့။ ဒါဆိုရင် ဒီလမ်းကြောင်း အတွက် ခရီးသည်ကို ဆရာ မတင်ချင်ရင် တောင်မှ အကြံတောင်းပြီး သွားလိုက်ရင် နှစ်ဦး နှစ်ဖက် အဆင်ပြေသွားမှာပါ။ ငါက taxi ဆရာ၊ ခရီးသည်က ငါ့လောက် မသိပါဘူး ထင်ရင် မှားတတ်ပါတယ်။ ART ဆေးကိစ္စမှာလည်း ဒီလိုပါပဲ။ နေ့စဉ် ဆေးသောက် သုံးနေရတာ၊ အသက်နဲ့ ရင်းပြီး သောက်နေရတာ၊ အင်တာနက် ခေတ်မှာ သတင်း အချက်အလက် ဆိုတာက လည်း ပေါမှ ပေါဆိုတော့ ဆေးအကြောင်းကို ဆရာဝန် ထက်ပိုပြီး သိတဲ့ လူနာတွေ ရှိနေနိုင်ပါတယ်။ ရှိလည်း ရှိနေပါတယ်။ ဒါကို လက်ခံရမှာပါ။ လူနာ ဆေးအကြောင်းကို ဂဃနဏ ပိုသိရင် ဆေးကုရတာ ပိုတောင် လွယ်ပါသေးတယ်။
ဆေးအကြောင်းကို သိနေရင် ဆရာဝန်နဲ့ ပြဖို့တောင် လိုပါတော့မလား၊ သိတာ တစ်ခုတည်းနဲ့တင် စိတ်ချရပြီလားလို့ စဉ်းစား လာတတ် ကြ ပြန်ပါတယ်။ ဒီနေရာမှာ ပြီးခဲ့တဲ့ လက ဟောပြောပွဲ တစ်ခုမှာ ပြောကြားခဲ့တဲ့ ပါမောက္ခ ဒေါက်တာ ဦးချစ်စိုးရဲ့ Patient Safety ဟောပြောချက်ထဲက Professional ရဲ့ အဓိပ္ပာယ်ကို တင်ပြချင်ပါတယ်။ ဆရာဝန် အလုပ်က Professional အလုပ်ပါ။
ဒီရောဂါဖြစ်၊ ဒီဆေးသောက် ပျောက် ဆိုတာ လောက်ကတော့ ဒီခေတ်မှာ ကွမ်းယာဆိုင် အဆင့်ကနေ ဆေးဆိုင်တွေ အဆင့်မှာတင် ညွှန်းတတ် နေပါပြီ။ ဘာကြောင့် သောက်ရ တာလဲ၊ ဘာကြောင့် ရောဂါက သက်သာတာလဲ၊ ဘယ်လိုဆို ပိုဆိုးနိုင်သလဲ၊ တခြား ဘယ်ဆေးတွေနဲ့ တွဲသုံးရင် ပိုကောင်း၊ ပိုဆိုးနိုင်သလဲ၊ တခြား ဘယ် ရောဂါတွေ ရှိရင် ဒီဆေးသောက်လို့ မရဘူး၊ ဆေးသောက်ရင်းနဲ့ တခြား ဘေးထွက် ဆိုးကျိုး ဘာတွေ ရှိနိုင်သလဲ၊ ဒါတွေ မဖြစ်အောင် ဘာတွေ ကြိုစစ်ဆေး မလဲ၊ လူနာကို ဘာသတင်း အချက်အလက်တွေ ပေးထား၊ ပြောထားရမှာလဲ၊ ကုန်ကျငွေနဲ့ တန်တဲ့ အကျိုးကော ရှိပါ့မလား…စတာတွေ အသေးစိတ် စဉ်းစားပေးမှ Professional ပီသမှာ ပါ။
အဲဒီနေ့က ဆရာဦးချစ်စိုး ဥပမာ ပေးသလိုမျိုး အိမ်မှာ TVပျက်တာကို လမ်းထိပ်က ဆိုင်မှာ ပြင်ရင် ငွေကျပ် ၂၀ဝ၀ လောက်နဲ့ ရပေမယ့် Service Centreမှာ ဆိုရင်တော့ ငွေကျပ် ၁၀ဝ၀ဝ လောက်ပေးရတာ အဲဒါကြောင့်ပါ။ လမ်းထိပ် ဆိုင်က ရုပ်မထွက်ရင် IC လဲပေးရင် လဲပေးတတ်မယ်။ ဒီ IC က ဘယ်လို အလုပ်လုပ်သလဲ၊ အဲဒီ IC မရှိရင် တခြား ဘယ် IC ကို အစားထိုးရမလဲ၊ ပိုပြီး ရုပ်ကြည် အောင် ပိုကောင်းတဲ့ IC က ဘယ်ဟာလဲဆိုတာ Technician က မသိပါဘူး။ Professional မဟုတ်တဲ့ Technician က IC ကို သေသေချာချာ မသိဘဲ လဲထည့်လိုက်လို့ နည်းနည်း ပျက်က နေ များများပျက် ဖြစ်သွားတာလည်း ကြုံဖူးပါတယ်။ အသံ မထွက်လို့၊ တိုးလို့သွားပြတာ၊ ရုပ်ပါ မထွက်တော့တာ မျိုးပေါ့။
လူနာကိစ္စကတော့ TV ပြင်သလို အသံထွက်၊ ရုပ်ထွက်ရုံနဲ့ စိတ်ချရ တာမျိုးလည်း မဟုတ်ပါဘူး။ ဒူးနာတာကို သက်သာအောင်ဆိုပြီး Prednisolone တွေပေးတဲ့ ဆေးဆိုင်မျိုးနဲ့ တွေ့ရရင် နည်းနည်း ပျက်ကနေ များများ ပျက်စေတာပါပဲ။ ခါးနာတာ ကို ဘာမှ သေသေချာချာ မမှာဘဲ Butazoladine ပေးလိုက်လို့ အစာအိမ် သွေးကြောပေါက် သေရတာလည်း တွေ့ခဲ့ဖူးပါတယ်။
ဒီတော့ လူနာတွေ ဘက်ကလည်း TV ပျက်လို့ ပြင်ရင် တောင် ငွေကျပ် ၂၀ဝ၀-၃၀ဝ၀ ကုန်သေးတာ၊ ကိုယ့်ရဲ့တန်ဖိုး မဖြတ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ရုပ်ပိုင်း၊ စိတ်ပိုင်းပျက်တာ၊ မကောင်း တာကို ဆေးဆိုင် က စိတ်မှန်းနဲ့ တွဲပေးတဲ့ ဆေးတွဲ လောက်နဲ့ မတင်းတိမ်သင့်ပါဘူး။ ကိုယ့်အသက်၊ ကိုယ့်ကျန်းမာရေးကို တန်ဖိုး မထား မလုပ်သင့်ပါဘူး။
တချို့ကိစ္စတွေမှာ ကိုယ်က ဆရာဝန်တွေထက် လေ့လာ သိရှိထားရင်လည်း လက်ခံနိုင် လောက်တဲ့ အပြောအဆို မျိုးနဲ့ ပြောဆို စည်းရုံးဖို့ပါ။ taxi ဆရာကိစ္စက စကားနဲ့ပြောရရင် ကိုယ့်အသက်က သူ့လက်ထဲမှာလေ။ အားလုံး ကိုခြုံပြီး စဉ်းစား သုံးသပ် နိုင်ခွင့်၊ စဉ်းစား သုံးသပ်နိုင်တဲ့ နောက်ခံ အတွေ့အကြုံက အဲဒီ ဆရာဝန်ဆီမှာပဲ ရှိနေလို့ပါ။ ဆရာဝန် တွေဘက်ကလည်း တချို့ လူနာတွေဟာ အကြောင်းကြောင်းကြောင့် ရောဂါအကြောင်း၊ ဆေးအကြောင်းကို အဲဒီရောဂါ၊ အဲဒီ ဆေးအတွက် ဆရာဝန်ထက် ပိုသိရင် သိနိုင်တာကို လက်ခံကြရမှာပါ။ သူတို့ အတွက်က အဲဒါ သူတို့ရဲ့ဘဝလေ။ အကျိုးသင့် အကြောင်းသင့် ဟုတ်ချင်မှတော့ ဟုတ်မှာပေါ့။
ဆေးကုရာမှာ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေးကလည်း အရေးကြီးတာမို့ လူနာဘက် က အဲဒီလို တင်ပြလာတာရှိရင်လည်း ဆောင်းပါး ရှေ့ပိုင်းမှာ တင်ပြခဲ့ သလို taxi သမားထက်ပိုကျွမ်းတဲ့ ခရီးသည်လိုပဲ သဘောထားပြီး အပေးအယူ မျှမျှနဲ့ ဆက်ဆံသွားရင် အဆင်ပြေနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဆရာဝန် အလုပ်ဟာ Professional အလုပ်ပီပီ၊ Professional ဖြစ်အောင်လည်း မိမိဝမ်းစာကို မိမိ ပုံမှန်ဖြည့်ဆည်း လေ့လာနေဖို့ လိုပါတယ်။ ကိုယ် ကိုင်တွယ် နေရတာက လူသားတွေ ဆိုတော့ TV လို ပြင်ရင်း ပျက်သွားလို့ အသစ် တစ်လုံး ဝယ်လျော်ပေးလို့ ရတာမျိုး မဟုတ်ပါဘူး။ ကွမ်းယာဆိုင်အဆင့်၊ ဆေးဆိုင် အဆင့်မှာတင် ကျေနပ်မနေဘဲ တာကို လုံအောင် နှစ်ဦး နှစ်ဖက် ထိန်းကြရရင်ဖြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းဟာ ကုသိုလ်လည်းရ ဝမ်းလည်း ဝတတ်ပါတယ်လို့ တင်ပြလိုက် ရပါတယ်။
(ဒေါက်တာ ဌေးအောင်)
လူဗိုလ်ဟူသည် – ဆရာဝန်ထက် ပိုတတ်တဲ့ လူနာ

No comments:
Post a Comment