Wednesday, January 4, 2012

ကမ္ဘာကျော်တဲ့ Graffiti

ကမ္ဘာမှာ Graffiti ကို အနုပညာ ရယ်လို့ အသိအမှတ် ပြုကြတာ ရှိသလို လမ်းဘေး လက်ဆော့တဲ့ ကိစ္စဆိုပြီး တားမြစ်ကန့်ကွက် ကြတာလည်း ရှိပါတယ်။

တကယ်တော့ Graffiti ဆိုတာ အခုခေတ်မှ ပေါ်လာတဲ့ အရာ မဟုတ်ပါဘူး။ ရှေးဟောင်း ဂရိခေတ်၊ ရောမခေတ်မှာ ကတည်းက ဂူနံရံတွေ အဆောက်အဦ နံရံတွေမှာ လက်ရေးလှ စာလုံးတွေနဲ့ ရေးကြ၊ ပုံတွေ ဆွဲကြနဲ့ Graffiti ကို စတင်ခဲ့ကြ တယ်လို့ ဆိုရပါမယ်။ အဲဒီခေတ်က ကျောက်လက်နက် ဖြစ်စေ၊ မီးသွေးခဲလို အရာနဲ့ ဖြစ်စေ ပုံဖော် ကြပေမယ့် ဒီနေ့ခေတ် Graffiti တွေကိုတော့ စပရေး မှုတ်ဆေးတို့၊ မာကာ ဘောပင်တို့နဲ့ ရေးကြတာပါ။

လက်ရေးလှ စာလုံးတွေ ဖြစ်နိုင်သလို ပန်းချီ ပုံတွေလည်း ဖြစ်နိုင်ပါတယ်။ အများ အားဖြင့်တော့ ဖျော်ဖြေရေး အသွင် မဆောင်ဘဲ ဝေဖန်ရေး အသွင် ဆောင်တာဟာ Graffiti တွေပါ။ လူကုံထံ တွေက ပန်းချီကား ချပ်ကို ဈေးကြီး ပေးဝယ်ပြီး အိမ်ခန်းထဲမှာ အလှချိတ် ကြတဲ့အတွက် သူတို့ ၀ယ်ချင်တဲ့ ပန်းချီကားကို ရေးဆွဲသူ ပန်းချီဆရာ တွေကလည်း အောင်မြင် ငွေဝင်ကြ ပါတယ်။ Graffiti တွေမှာတော့ ရေးဆွဲသူတွေ အများစုက သူလို ငါလို လူတွေပဲ ဖြစ်ပြီး အများ ပြည်သူတွေ မြင်သာတဲ့ ပိုင်ဆိုင် သူရယ်လို့ တိတိကျကျ မရှိမယ့်၊ ဒါမှမဟုတ် အများပြည်သူ ပိုင်တဲ့ အဆောက်အဦ နံရံတွေမှာ ရေးဆွဲကြတာ များပါတယ်။

ရေးတဲ့ အကြောင်းအရာ တွေကလည်း လူမှုရေးနဲ့ နိုင်ငံရေး အကြောင်း အရာတွေပဲ များပါတယ်။ ဟစ်ဟော့ပ် ယဉ်ကျေးမှုမှာ Graffiti တွေရဲ့ အခန်း ကဏ္ဍက အလွန်အရေး ပါပါတယ်။ ဒါပေမဲ့ Graffiti တွေကို တချို့ နိုင်ငံတွေမှာ ပိတ်ပင် တားမြစ်ရတဲ့ နောက်ထပ်အကြောင်း တစ်ခုကတော့ လူငယ် မူးယစ်ဆေးစွဲ အကြမ်းဖက် ဂိုဏ်းတွေက သူတို့ဂိုဏ်းရဲ့ လိုဂိုကို Graffiti တွေနဲ့ ပုံဖော်လို့ ပါပဲ။ Graffiti ရဲ့ မူလ အနက်မှာလည်း ဂရိ ဘာသာအရ Graphein ဆိုတဲ့စကားက ဆင်းသက် လာတာမို့ "ရေးရန်"လို့ အဓိပ္ပာယ် ရပြီး အီတလီ ဘာသာ အရတော့ Graffiato ဆိုတဲ့ စကားက ဆင်းသက်လာကာ "ရေးခြစ် ရေးဖျက်ခြင်း"လို့ အနက်ပြန် နိုင်ပါတယ်။ Graffiti သမိုင်းမှာ ဘီစီ နှစ်သုံးသောင်း လောက်က စခဲ့ပေမယ့် မော်ဒန် Graffiti လို့ ဆိုနိုင်မယ့် အစောဆုံး Graffiti ကတော့ အခု တူရကီထဲ ရောက်နေတဲ့ ဂရိမြို့လေး တစ်မြို့က ပြည့်တန်ဆာ အိမ်ကြော်ငြာပဲ ဖြစ်ပါတယ်။


ဒါပေမဲ့ နောက်ပိုင်းမှာ ပန်းချီ၊ ပန်းပုတို့နဲ့ ပတ်သက်တဲ့ Graffiti တွေအများကြီး ပေါ်ခဲ့ ပါသေးတယ်။ ဒီနေ့ခေတ် မှာတော့ Graffiti တွေကို ကမ္ဘာ့နိုင်ငံ အနှံ့မှာ တွေ့နိုင် နေပါပြီ။ ဒီနေ့ ခေတ်မှာတော့ အာဖရိကန် တွေနဲ့ ဟစ်ဟော့ပ်သမား တွေရဲ့ အမှတ် လက္ခဏာလို ဖြစ်နေတဲ့ Graffiti တွေဟာ ဟစ်ဟော့ပ် မထွန်းကားတဲ့ ဒေသ တချို့ထိတောင် ပျံ့နှံ့ နေပါတယ်။ အဲဒီလို ပျံ့နှံ့တဲ့ အထဲမှာ ကမ္ဘာက သိရလောက်အောင် နာမည် ကျော်လာတာက ပထမပိုင်း အမည်မဲ့ Graffitist အဖြစ် ရပ်တည်ခဲ့တဲ့ Banksy ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ အနှံ့မှာ Graffiti တွေ လိုက်ရေးခဲ့ကာ နှစ်ပေါင်းများစွာ ကြာအောင် သူ့နာမည်ကို မဖော်ခဲ့ဘူး။

သူဟာ အင်မတန် ရိုးစင်းတဲ့ စာသားလေးတွေ ကနေ အင်မတန် နက်နဲတဲ့ စာသားမျိုး တွေထိ ရေးခဲ့သလို ရိုးစင်းတဲ့ အရုပ်တွေ ကနေ သရော်တဲ့ အရုပ်တွေ အထိ Graffiti ပေါင်း မြောက်မြားစွာကို ရေးဆွဲရာက သူဘယ်သူလဲ ဆိုတာ လူတွေ သိချင်လာတဲ့ အထိ သူ့ Graffiti တွေက အောင်မြင် ခဲ့သူပါ။ သူက ဗြိတိန် နိုင်ငံသား ဖြစ်ကာ ၁၉၇၄ ခုနှစ်မှာ မွေးဖွား ခဲ့ပါတယ်။ သူ့အဖေက မိတ္တူကူးစက် ပညာရှင် တစ်ဦးဖြစ်ပြီး သူ့ကို သားသတ်ရုံမှာ အလုပ် လုပ်နိုင်အောင် စီစဉ်ပေးခဲ့ ပေမယ့် သူကတော့ ၁၉၈၀ ပြည့်နှစ်တွေ အတွင်း သူမွေးဖွားရာ ဘရစ်စ်တောလ်မှာ စပရေး မှုတ်ဆေးတွေ ထွန်းကား လာချိန်က စကာ Graffiti သမား ဖြစ်လာခဲ့ ပါတယ်။ သူက မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ကာ ဖက်ဆစ်ဝါဒ၊ အရင်းရှင်ဝါဒ၊ စစ်ဝါဒ စတဲ့ အကျည်းတန် ၀ါဒများ အားလုံးကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဧပြီလက ၀က်စမင် စတာမြို့က အဆောက်အဦ နံရံပေါ်မှာ သူရေးခဲ့တဲ့ Graffiti ဟာ နိုင်ငံရေး အတွေးတစ်ခု ဖြစ်ပြီး လူအများက သဘောကျ ခဲ့ကြတာပါ။ ဗြိတိန်ဟာ အကြမ်းဖက် သမားတွေနဲ့ မသမာသူ များရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ဆိုကာ နေရာ တကာမှာ လုံခြုံရေး ကင်မရာတွေ ဖြစ်တဲ့ စီစီတီဗီ တွေကို တပ်ဆင်ထားပြီး အဲဒီလို တပ်ဆင်ထားကြောင်း ကိုလည်း စာသားဆိုင်းဘုတ် ငယ်လေးတွေနဲ့ အသိပေး ကြော်ငြာထားတတ် ပါတယ်။ အဲဒီလို နေရာ တကာမှာ စောင့်ကြည့် ခံနေရတဲ့ အဖြစ်ကို ဗြိတိန်သား Banksy က "One Nation Under CCTV, စောင့်ကြည့် ကင်မရာ အောက်က နိုင်ငံ တစ်နိုင်ငံ"လို့ သရော်တဲ့ Graffiti ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဒီ Graffiti ကို ၂၀၀၉ ဧပြီမှာတော့ ၀က်စမင် စတာမြို့ ကောင်စီက အပေါ်ကနေ ဆေးဖြူ ပြန်သုတ်ပြီး ဖျက်ပစ်လိုက် ပါတယ်။ Banksy က ၂၀၁၀ ပြည့်နှစ် ဆန်းဒေ့စ်ရုပ်ရှင် ပွဲတော်မှာ ကမ္ဘာမှာ ရှိတဲ့ လမ်းဘေး အနုပညာ အမျိုးအစား များစွာအကြောင်း ရိုက်ကူး တင်ပြထားတဲ့ သူ့ရဲ့မှတ်တမ်း ရုပ်ရှင် "Exit Through the Gift Shop, လက်ဆောင် ပစ္စည်းဆိုင်မှ တစ်ဆင့် ထွက်ပေါက်သို့ သွားခြင်း"ကို ပြသ ခဲ့ရာမှာ အထူး အောင်မြင်ပြီး အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်အဖြစ် နာမည်စာရင်း တင်သွင်း ခံခဲ့ ရသူလည်း ဖြစ်ပါတယ်။


အယ်ဒီတာ
(Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)


No comments: