Saturday, January 14, 2012

ပရိယာယ်

ကောင်လေးတစ်ယောက်ပေါ့။

သူ့နာမည်ကိုတော့ ကျွန်မ မသိပါဘူး။ ရုပ်ကလေးကိုသာ သတိထားမိတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ အသွားအပြန်လမ်းမှာ သူ့ကိုနေ့စဉ်တွေ့နေရတတ်လို့ပါ။

ငမိုးရိပ်ဘူတာကအထွက် စံပြဈေး၊ ပျံကျတန်းလေးကိုဖြတ်ပြီးမှ ကျွန်မ အိမ်ပြန်လေ့ရှိပါတယ်။ ဒါကြောင့်လည်း သံလမ်းအလွန် မြေကြီး ပေါ်မှာ ပလတ်စတစ်ကို ဖြန့်ခင်းပြီး လက်ဖက်ခြောက်ပုံရောင်းနေတဲ့ အဲဒီကောင်လေးကို အမြဲလိုတွေ့မြင်နေရတာပေါ့။

တစ်ဆယ်သား တစ်ရာ၊ တစ်ဆယ်သား ခုနှစ်ဆယ် ဆိုတဲ့အသံ စာစာလေးကိုလည်း မကြားချင်မှ အဆုံးပါပဲ။ သူက လက်ဖက်ခြောက် နှစ်မျိုးကို နှစ်ပုံခွဲပြီး ရောင်းတတ်လေ့ရှိသူပါ။

တစ်နေ့မှာတော့ ကျွန်မ သူ့ဆီက လက်ဖက်ခြောက်ဝယ်ဖို့ စိတ်ကူးမိပါတယ်။ သူ့ဆိုင်ရှေ့မှာ ကျွန်မရပ်လိုက်မိတယ်ဆိုရင်ပဲ -

'အန်တီ၊ ဘာယူမလဲ၊ ဒီဘက်က တစ်ရာဗျ ရွှေဖီမိုးလွတ်အစစ်ပါ၊ မွှေးလည်းမွှေးတယ်၊ အခပ်လည်းခံတယ်ဗျ၊ ဒီဘက်ကတော့ ခုနှစ်ဆယ်ထဲပါ။ သူက နည်းနည်းကြမ်းတယ်၊ သောက်လို့တော့ ကောင်းပါတယ်၊ ဈေးသက်သာတော့ လူသုံးများတယ်၊ အန်တီ ကြိုက်တာယူပါ'

ချေချေငံငံ လည်လည်ဝယ်ဝယ် ပြောတတ်တဲ့ ကောင်လေးဟာ ရှိလှမှ ဆယ်နှစ်ဝန်းကျင်ပါပဲ။ ကျောင်းမနေဘဲ လက်ဖက်ခြောက်ရောင်း နေရတဲ့ ဘ၀လေးကို သနားမိပေမယ့် ဘာပဲဖြစ်ဖြစ် သည်ကလေးအတွက်ကတော့ ထမင်းတစ်လုတ် ခဲယဉ်းမယ်မဟုတ်ဘူးလို့ တွေး လိုက်မိတယ်။

အကောင်းကြိုက်ပေမယ့် နှမျောတတ်တဲ့ ကျွန်မ ရွေးရခက်နေတုန်းမှာပဲ မိန်းမတစ်ယောက် လက်ဖက်ခြောက်လာဝယ်ပါတယ်။

'ဟဲ့ ကလေး၊ ခုနှစ်ဆယ်တန် ငါးကျပ်သား ထည့်ပေးပါ'

'ဟုတ်ကဲ့၊ ဟုတ်ကဲ့'

လက်ဖက်ခြောက်ချိန်တဲ့ ချိန်ခွင်လေးက ခပ်သေးသေးပါပဲ။ ပလတ်စတစ်အိတ်ကလေးထဲကို သူထည့်လိုက်တဲ့အတိုင်းအဆဟာ ငါးကျပ် သားအလေးနဲ့ အံကျဖြစ်နေတာ တွေ့ရပါတယ်။

'အဲဒီအချိန်မှာ မိန်းမကြီးတစ်ယောက် ထပ်ရောက်လာပြန်ပါတယ်'

'လက်ဖက်ခြောက် ဘယ်လိုရောင်းလဲ'

'ဒီဘက်က တစ်ရာ၊ ဒီဘက်က ခုနှစ်ဆယ်ဗျ'

ကောင်လေးဟာ ကျွန်မကို ရွတ်ပြတဲ့အတိုင်း အညွှန်းတွေထပ်နေပါတယ်။ အဲဒီအခါမှာတော့ ခုနှစ်ဆယ်တန် ငါးကျပ်သားဝယ်တဲ့ အမျိုး သမီးက ပိုက်ဆံလှမ်းပေးရင်း ၀င်ပြောပါတယ်။

'ဒါလေး ခပ်ကောင်းတယ်၊ အရွက်ကြမ်းပေမယ့် မွှေးတယ်၊ ကျွန်မကတော့ ဒါပဲသုံးတယ်လေ။ တစ်ရာတန်က ပိုသန့်တာမှန်ပေမယ့် ကိုယ် ကများများသုံးတတ်တဲ့သူဆိုတော့ ခုနှစ်ဆယ်တန်ပဲ သုံးရတယ် အစ်မကြီးရေ'

များများသုံးတတ်တယ်ဆိုတဲ့ မိန်းမဟာ ငါးကျပ်သားထုပ်ကိုကိုင်ပြီး ထွက်သွားလေရဲ့။

'ပြစမ်းပါဦး၊ ကြည့်ရအောင်'

ဒုတိယမိန်းမကြီးက လက်ဖက်ခြောက်နှစ်ပုံကို ယှဉ်ကြည့်တယ်၊ လက်ကောက်တွေ တစ်ပုံကြီးနဲ့ သူ့လက်က လက်ဖက်ခြောက်ပုံပေါ်မှာ ၀ဲလို့ပေါ့။

'တစ်ရာတန်သာ ပေးဟေ့ကလေးရေ၊ အရွက်ကလေးတွေက ပိုသန့်ပြီး ညွန့်နေတာ၊ ဒါပဲကောင်းတယ်'

ကောင်လေးဆိုင်ရဲ့ နံဘေးမှာတော့ ကုန်ခြောက်ဆိုင်အမြင့်လေးရှိတယ်။ ဈေးသည် မိန်းမက အသက်လေးဆယ်လောက်ပါပဲ။ သူက ဆိုင် ပေါ်က နေလှမ်းပြီး စကားဝင်ထောက်လိုက်တယ်လေ။

'ဟုတ်တယ် ဒေါ်ဒေါ်ရေ။ ကျွန်မတို့တော့ အဲဒီတစ်ရာတန်ပဲ ၀ယ်သုံးဖြစ်တယ်၊ သောက်ရတာ တော်တော် အဆင်ပြေတယ်ရှင့်'

ကောင်လေးက မော့ပြီး မေးတယ်။

'ဘယ်လောက်ချိန်ရမှာလဲ ခင်ဗျာ'

'အစိပ်သားထည့်ကွဲ့ ကလေး'

'ဟုတ်ကဲ့ခင်ဗျ'

ကောင်လေးက ခပ်သွက်သွက်ပဲ ချိန်ပေးနေတယ်။ ဈေးရောင်းရတာ ပျော်နေပုံပါပဲ။မိန်းမကြီး လှမ်းပေးတဲ့ငွေနှစ်ရာ့ငါးဆယ်ကိုယူပြီး လွယ်ထားတဲ့ အိတ်ထဲကို ထိုးထည့်လိုက်တယ်။

'ကဲ အန်တီ၊ စဉ်းစားလို့ရပြီလားဗျ၊ ဘယ်အစားကို ထည့်ပေးရမလဲ'

'အင်း..တစ်ရာတန်ပဲ ထည့်လိုက်ပါတော့လေ၊ ဈေးမှသိပ်မကွာဘဲ၊ ထည့်...ထည့် တစ်ဆယ်သားဆို တော်ပါပြီ'

'ဟုတ်ကဲ့'

ကျွန်မ လက်ဖက်ခြောက်ဖိုးပေးပြီး ဆက်လျှောက်လာခဲ့ပါတယ်။ အချိန်ကတော့ ညနေခြောက်နာရီလောက်ပါပဲ။

အဲဒီနေ့က ကျွန်မချက်ချင်း အိမ်မပြန်ဖြစ်သေးဘဲ စတိုးဆိုင်တစ်ခုမှာ လိုအပ်တဲ့ပစ္စည်းလေးတွေ ၀င်ဝယ်ဖြစ်ခဲ့ပါတယ်။ ဗိုက်ဆာဆာနဲ့ လည်း တုတ်ထိုးဝင်စားဖြစ်ခဲ့ပါတယ်။

'ရော်...မေ့ပြီ'

'ဘာမေ့တာလဲ အစ်မ'

'အိမ်က ဒညင်းဝက် မှာလိုက်တာ မေ့သွားလို့ပါ'

'ဈေးတောင်သိမ်းကုန်ပြီ၊ တချို့ဈေးသည်တွေတော့ရှိဦးမှာပါ၊ သွားကြည့်လိုက်ဦးပေါ့ အစ်မရယ်'

တုတ်ထိုးသည်က အကြံပေးပါတယ်။ ကျွန်မလည်း ဈေးထဲကို နောက်တစ်ခေါက်ထပ်လျှောက် ၀င်လာခဲ့ပါတယ်။

မျက်လုံးက ဒညင်းဝက်သည်ကို လျှောက်ရှာနေရင်း လက်ဖက်ခြောက်သည် ကောင်လေးဆီကိုရောက်သွားပါတယ်။ သူ့ဆိုင်သိမ်းနေပါပြီ။

ကျွန်မ သူ့ကိုကြည့်မိတဲ့အချိန်မှာ သူဟာ ပလတ်စတစ်အိတ်ကြီးတစ်အိတ်ကို ဖွင့်ဖြန့်နေပါတယ်။ ပြီးတော့ လက်ဖက်ခြောက်ပုံတစ်ပုံကို အဲဒီအိတ်ကြီးထဲ လောင်းထည့်လိုက်ပါတယ်။

နောက်ပြီးတော့ သူ့ဟာ တစ်ဘက်ခြမ်းမှာ သီးသန့်ပုံထားတဲ့ နောက်ထပ်လက်ဖက်ခြောက်တစ်ပုံကို ဆွဲမလိုက်ပါတယ်။

'ဟင်'

ကျွန်မ အာမေဋိတ်သံထွက်သွားရပါတယ်။ အံ့သြသွားမိလို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်ဖက်ခြောက်သည် ကောင်လေးဟာ ဈေး နှုန်းခွဲခြား ပုံရောင်းထားတဲ့ လက်ဖက်ခြောက်နှစ်မျိုးစလုံးကို အိတ်တစ်လုံးထဲမှာ ရောထည့်လိုက်လို့ပါ။

သူဟာ ပလတ်စတစ်အိတ်ကို ကြိုးစနဲ့ တင်းတင်းချီရင်း ကုန်ခြောက်ဆိုင်ပေါ်ကို လှမ်းတင်လိုက်ပါတယ်။ လွယ်အိတ်ထဲက ပိုက်ဆံတချို့ ကို ရေတွက်ပြီး ကုန်ခြောက်သည်ကို ပေးတယ်။ ပြီးတော့ လွယ်အိတ်ကလေးလွယ်ပြီး ဈေးထဲက ခပ်သွက်သွက်ထွက်သွားပါရော။

ကျွန်မ သူ့ကိုမျစ်စိတစ်ဆုံးကြည့်ရင်း ပြုံးလိုက်မိတယ်။ သူ့ကို သဘောကျလို့ မဟုတ်ပါဘူး။ ကျွန်မဆွဲခြင်းထဲမှာ ရှိနေတဲ့ တစ်ရာတန် လက်ဖက်ခြောက်ထုပ်ကလေးကို တွေးကြည့်မိလိုက်လို့ပါ။

သြော်....ဆယ်နှစ်သာသာရှိသေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပရိယာယ်ကလည်း မှတ်သားလောက်စရာပါပဲလေ။

ဖြိုးသာရ

စာကြွင်း။ ။ ဖြိုးသာရ - ရွက်နုကလေးများ (ကလေးများကပေးသောဒဿန) စာအုပ်လေးမှ

No comments: