Wednesday, January 11, 2012

အိမ်လုပ် မျက်နှာဖုံးလေးတွေနဲ့ မျက်နှာအရေပြားကို အားဖြည့်ကြမယ်

မျက်နှာအသားအရေကို အားဖြည့်ဖို့ မျက်နှာပြင်မှာကပ်တဲ့ မျက်နှာဖုံးလေး(Facial Masks) တွေကို မိမိအိမ်မှာတင်ပြုလုပ်လို့ရပါတယ်။ ပြောပြမယ့် မျက်နှာဖုံးလုပ်နည်းတွေဟာ လွယ်လွယ်ကူကူအိမ်မှာလုပ်လို့ရပါတယ်။ ပြီးတော့ ထည့်သွင်းအသုံးပြုမည့် ပါဝင်ပစ္စည်းတွေ ကလည်း အိမ်ပါတ်ဝန်းကျင်မှာရှာလို့ရသလို ဈေးလည်းအရမ်းချိုသာပါတယ်။ အိမ်လုပ် မျက်နှာဖုံးလေးတွေဟာ သဘာဝပစ္စည်းတွေ နှင့်ပြုလုပ်ထားပြီး မျက်နှာမှာ လိမ်းခြယ်ထားကာ ၁၀ - ၁၅ မိနစ်လောက်ထားထားသင့်ပါတယ်။ မျက်နှာမှာ ဘာမှ မလိမ်းလိုက်သေးခင် တော့ သန့်ရှင်းအောင်ဆေးကြောထားသင့်တာပေါ့နော်။ အောက်မှာဖော်ပြမယ့် မျက်နှာဖုံးဆေးလုပ်နည်းလေးတွေက ကွဲပြားခြားနားတဲ့ အရေပြားအခြေအနေတွေအလိုက်အသုံးပြုနိုင်ပါတယ်။ များသောအားဖြင့် အရေပြားအမျိုးအစားတွေက သာမန်၊ အဆီပြန်၊ ခြောက်သွေ့ နှင့် ပေါင်းစပ်အသားအရေတွေပါ။ ကဲလာပြီ....စမ်းသပ်အသုံးပြုကြည့်ဖို့ မျက်နှာဖုံးဆေးလုပ်နည်းလေးတွေ။

သာမန်အသားအရေအတွက် အိမ်လုပ်မျက်နှာဖုံးဆေး (For Normal Skin)

စတော်ဘယ်ရီ (Strawberry) မျက်နှာဖုံး

- ထောပတ် (unsalted butter) တစ်ဇွန်း

- ရှောက်သီး(သို့)သံပရာသီး(သို့) သံပရိုသီး တစ်လုံးစာအရည်

- ခပ်ကြီးကြီး စတော်ဘယ်ရီ တစ်လုံး (မလောက်ဘူးထင်ရင် သုံးလုံး)

ပြင်ဆင်ပြုလုပ်ပုံ

စောက်နက်တဲ့ ဇလုံတစ်ခုထဲ စတော်ဘယ်ရီတွေထည့်ကာချေပါ။ ပါဝင်ပစ္စည်းတွေအားလုံးထည့်ကာ မွှေလိုက်ပါ။ မျက်ဝန်းတစ်ဝိုက်ကို ချန်ကာ မျက်နှာတပြင်လုံးကို ခပ်ထူထူမံလိုက်ပါ။ ပြီးတော့ ၁၅မိနစ်လောက် ထားလိုက်ရပါမယ်။ ပြီးရင် သန့်စင်တဲ့ရေနှင့် ဆေးကြော လိုက်ပါ။ ရက်သတ္တပတ်တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

ပန်းသီး(Apple) မျက်နှာဖုံး

ပါဝင်ပစ္စည်းများ

ပန်းသီး တစ်လုံး

ပျားရည် စားပွဲတင်ဇွန်း ၃ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ပါဝင်ပစ္စည်းအားလုံးကို မွှေစက် (blender) ထဲထည့်ပြီးရောမွှေပစ်လိုက်ပါ။ ပြီးလျှင်ထိုအရောကို မျက်ဝန်းတစ်ဝိုက်အားချန်လျက် မျက်နှာပြင်တစ်ခုလုံးလိမ်းကျံလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီးနောက် ရေဖြင့်သေချာသန့်စင်လိုက်ပါ။ ရက်သတ္တပတ်တိုင်းပြုလုပ် ပေးနိုင်ပါတယ်။

အဆီပြန်အသားအရေအတွက် အိမ်လုပ် မျက်နှာဖုံးဆေး (For Oily Skin)

မုန်လာဥနီ မျက်နှာဖုံး (Carrot Mask)

ပါဝင်ပစ္စည်းများ

မုန်လာဥနီ - ၂ ဥ

ပျားရည် - စားပွဲဇွန်း ၅ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ပွက်ပွက်ဆူရေနွေးဖြင့် မုန်လာဥနီတွေကို ပြုတ်လိုက်ပါ။ ဇလုံထစ်ခုထဲထည့်ပြီး ချေကာ ပျားရည်တွေကိုပါ ရောမွှေပါ။ မျက်ဝန်းတစ်ဝိုက် ကိုချန်လျက် မျက်နှာတစ်ပြင်လုံးလိမ်းကာ ၁၀မိနစ်ခန့်ထားပါ။နုညံ့တဲ့ ရေဆွတ်ပ၀ါလေးဖြင့် ဖယ်ရှားသန့်စင်ပါ။ ရက်သတ္တပတ်တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး (Tomato) မျက်နှာဖုံး

ပါဝင်ပစ္စည်းများ

ခရမ်းချဉ်သီး - နှစ်လုံး

ပြင်ဆင်ပြုလုပ်ပုံ

ဇလုံတစ်ခုထဲ ခရမ်းချဉ်သီးများကိုထည့်ချေကာ ရလာသည့်အနှစ်များကို မျက်ဝန်းတစ်ဝိုက်အားချန်လျက် မျက်နှာတစ်ပြင်လုံးကိုလိမ်း လိုက်ပါ။ ၁၀-၁၅ မိနစ်လောက်ထားပြီးနောက် ရေဖြင့်သန့်စင်လိုက်ပါ။ နှစ်ရက်ကို တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

ခြောက်သွေ့သောအသားအရေအတွက် မျက်နှာဖုံး (For Dry Skin)

ဒိန်ချဉ် (YOGURT) မျက်နှာဖုံး

ပါဝင်ပစ္စည်းများ

- ဒိန်ချဉ် စားပွဲဇွန်း ၂ဇွန်းပြည့်ပြည့်

- သခွားသီး နှစ်လုံး (အနေတော်)

ပြင်ဆင်ပြုလုပ်ပုံ

သခွားသီးနှစ်လုံးကိုသေချာရေဆေးပြီး မွှေစက်(blender)ထဲထည့်ပါ။ ဒိန်ချဉ် နှစ်ဇွန်းကိုပါ ထည့်ပြီးနောက် မွှေစက်ဖြင့်ရောမွှေချေ ပစ်လိုက်ပါ။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်လျက် မျက်နှာပြင်တစ်ခုလုံးလိမ်းကျံလိုက်ကာ ၁၀မိနစ်ထားပါ။ ရေဖြင့် ဖယ်ရှားသန့်စင် နိုင်ပါတယ်။ သုံးရက်တစ်ခါ အမြဲလိုလိုပြုလုပ်နိုင်ပါတယ်။

ပျားရည် (Honey) မျက်နှာဖုံး

ပါဝင်ပစ္စည်းများ

- ပျားရည် စားပွဲဇွန်း ၃ဇွန်းပြည့်ပြည့်

- နို့ စားပွဲဇွန်း ၃ဇွန်း

- သံလွင်ဆီ ၂ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ဇလုံတစ်ခုထဲပါဝင်ပစ္စည်းအားလုံးထည့်ကာ ရောမွှေပစ်လိုက်ပါ။ မျက်လုံးတစ်ဝိုက်ကိုချန်ကာ မျက်နှာတစ်ပြင်လုံးလိမ်းခြယ်လိုက်ပါ။ ၁၀မိနစ်ခန့်ထားပြီးမှ ရေဖြင့်သန့်စင်ပါ။ ရက်သတ္တပတ်တိုင်းပြုလုပ်နိုင်ပါတယ်။

ပေါင်းစပ်အသားအရေအတွက် မျက်နှာဖုံးဆေး

နှင်းဆီ (Rose Mask) မျက်နှာဖုံး

ပါဝင်ပစ္စည်းများ

- နှင်းဆီရည် ၃ဇွန်း (နှင်းဆီပွင့်ဖတ်တွေ blender ဖြင့်ကြိတ်ချေထားတာ)

- ပျားရည် ၃ဇွန်း

- ကြက်ဥအနှစ် တစ်ခု (ကြက်ဥအကာရည်မပါ အနှစ်ကိုသာယူရန်)

ပြင်ဆင်ပြုလုပ်ပုံ

ပါဝင်ပစ္စည်းများကို ဇလုံတစ်ခုထဲထည့်ကာ ရောမွှေလိုက်ပါ။ မျက်ဝန်းတစ်ဝိုက်ကိုရှောင်ကာ မျက်နှာတစ်ပြင်လုံးကို လိမ်းကျံကာ ၁၀မိနစ် ခန့်ထားပါ။ ပြီးလျှင် ရေဖြင့်သန့်စင်ပေးနိုင်ပါတယ်။ သုံးရက်တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။

Alex Aung

Refrence: Internet

No comments: