Wednesday, January 4, 2012

ဝေါဟာရမှော်ရုံတောမှာ

စာအုပ်ဆိုတာ ချိုနဲ့လားကွယ့်(Book)
ဘယ်နိုင်ငံခြား ဘာသာ စကားကို လေ့လာလေ့လာ မလွဲမသွေ ကြုံတွေ့ ရမှာက စွမ်းရည်လေးပါး။

(Four skills) ။ အဲဒါတွေက နားထောင်စွမ်းရည်(Listening Skill)၊ ပြောနိုင်စွမ်းရည် ( Speaking Skills)၊ ဖတ်နိုင်စွမ်းရည် (Reading Skill) နဲ့ ရေးနိုင်စွမ်းရည် (Writing Skill) တို့ ဖြစ်ပါတယ်။ အဲဒီစွမ်းရည် လေးပါးက သဘာဝ အတိုင်းဆိုရင် မိခင်ဘာသာ စကားမှာ နားထောင် စွမ်းရည်ကို စတင် တတ်မြောက်တယ်။ နောက်တော့ ပြောနိုင် စွမ်းရည်ကို ရရှိလာတယ်။ ကျောင်းနေအရွယ် ရောက်မှဖတ်နိုင် စွမ်းရည်နဲ့ ရေးနိုင်စွမ်းရည် တွေကို သင်ကြားတတ်မြောက် လာတာပါ။

ဘာသာစကား တစ်ခုခုနဲ့ စပ်လျဉ်းပြီး၊ စာတတ်မြောက်သူ(Literate) ဖြစ်သွားပြီ ဆိုပါစို့။ အဲဒီ အခါမှာ အဓိက အကျဆုံး လိုအပ်တဲ့ စွမ်းရည်ကတော့ စာဖတ် စွမ်းရည်ပါပဲ။ ဒီစွမ်းရည်ဟာ ကျန်တဲ့ သုံးပါးကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်တဲ့ နည်းနဲ့ အထောက်အကူ ပြုပါတယ်။ စာဖတ် စွမ်းရည်က ရေရှည်မှာ ဘ၀ကိုလည်း မြင့်မားတိုးတက် စေပါတယ်။

ဒါဆိုရင် စာဖတ်စွမ်းရည် တိုးတက်လာအောင် အဓိက လိုအပ်ချက် ကတော့ စာအုပ်(Book ) တွေပဲ မဟုတ်လား။ ဒါကြောင့်မို့ ဒီအပတ် မှာတော့ ဝေါဟာရ မှော်ရုံ တောထဲကနေ စာအုပ်တွေ အကြောင်း စုံစုံလင်လင် စေ့စေ့ငုငု လေ့လာကြည့်ကြ ရအောင်နော်။

လူတွေ အုပ်စုလိုက် ရှိနေတာကို လူအုပ်။ ကျောင်းကို အုပ်ချုပ် ရသူကို ကျောင်းအုပ်။ စာတွေပေတွေ အစုလိုက် အဖွဲ့လိုက် ရှိနေတာကို စာအုပ်လို့ ယေဘုယျ အားဖြင့် ခေါ်ဆို နိုင်မှာပါ။ Oxford Aduanced Learner's Dictionary ကတော့ လှန်လှောပြီး ဖတ်ရှုနိုင်အောင် အဖုံး တစ်ခုအတွင်း စုစည်းထားတဲ့ ပုံနှိပ် စာမျက်နှာ စုလို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ မြန်မာစာ အဖွဲ့က ထုတ်ဝေထားတဲ့ မြန်မာ အဘိဓာန် မှာတော့ စာအုပ်ကို စုပေါင်းချုပ် ထားသော စာရွက်များလို့ ပြန်ဆိုအနက် ဖွင့်ပါ တယ်။

စာအုပ်တွေ မပေါ်ခင်က ကျောက်စာ၊ ပေစာတွေ ရှိခဲ့ပါတယ်။ ကျောက်စာက ရေးထွင်းဖို့နဲ့ သယ်ရဖို့ မလွယ်ကူ ပါဘူး။ တစ်နည်းအားဖြင့် Portable မဖြစ်ဘူးပေါ့။ User-Friendly မဖြစ်ဘူးပေါ့။ ပေစာခေတ် ရောက်ပြန်တော့ များများစားစား ရေးခြစ် ထုတ်ဝေလို့ မဖြစ်ပြန် ပါဘူး။ သူကလည်း အကန့် အသတ်နဲ့။

စက္ကူ(Paper) ခေါ်စာရွက်တွေ တီထွင် ထုတ်လုပ်လာ နိုင်မှသာ လူအများ ဖတ်ရှုနိုင်အောင် စာအုပ်တွေကို စီစဉ်ထုတ်ဝေ ဖြန့်ချိ နိုင်ခဲ့တာပါ။ သယ်ဆောင်လို့ လွယ်ကူတယ်။ သိမ်းဆည်းလို့ အဆင်ပြေတယ်။ အမြောက် အမြားလည်း ပုံနှိပ် ထုတ်ဝေ နိုင်လာပါတယ်။ ဈေးနှုန်းကလည်း ထိုက်သင့်သလောက် ချိုသာလာ ပါတယ်။

လူ့အခွင့် အရေးအရ လူတိုင်း ပညာသင်ခွင့် ရှိတယ်ဆိုတဲ့ အတွက် ကျောင်းနေ အရွယ်က စပြီး ကလေးတိုင်း စာအုပ်တွေကို ထိတွေ့ ကိုင်တွယ်ခွင့် ရလာ ခဲ့ပါတယ်။ အဲဒီနောက်တော့ ပညာလိုက် စားနေသရွေ့ စာအုပ်က မရှိမဖြစ် အရာတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒါက သေတစ်ပန် သက်ဆုံး ကိစ္စပဲလေ။

စာအုပ်တွေကို အက္ခရာစဉ် အလိုက် အမျိုးအစား ခွဲကြည့် လိုက်မယ်ဆိုရင် Album က ဓာတ်ပုံ၊ တံဆိပ်ခေါင်း စတာတွေကို စုစည်းထားတဲ့ မှတ်တမ်းပါ၊ Almanac က စွယ်စုံနှစ်ချုပ်၊ Atlas က မြေပုံစာအုပ်၊ Address Book က လိပ်စာ စာအုပ် ဖြစ်ပါတယ်။ Booklet က စာအုပ်ငယ်၊ စာစောင်။ Bulletin က တရားဝင် ထုတ်ပြန် ကြေညာချက် စာစောင်။ Catalogue က ပစ္စည်းစာရင်း စာအုပ်။ Diary က နေ့စဉ်မှတ်တမ်း စာအုပ်။ Dictionary က အဘိဓာန်ပါ။ Encyclopedia က စွယ်စုံကျမ်း။ Handbook/Manual book က လက်ဆွဲစာအုပ်။ Hard Cover က ကတ်ထူဖုံး စာအုပ်။ Note Book က မှတ်စုစာအုပ်။ Pamphlet က လက်ကမ်း စာစောင်။ Paperback က အဖုံး ပါးစာအုပ်။ Publication က စာအုပ် စာနယ်ဇင်း။ Teacher's guide က ဆရာကိုင် လမ်းညွန်စာအုပ်။ Textbook က ပုံနှိပ်စာအုပ်။ Telephonedirectory က တယ်လီဖုန်း လမ်းညွန်စာအုပ်။ Thesaurus က စကားနက်ကျမ်း။ Workbook က လေ့ကျင့်ခန်း စာအုပ်ပါ။ Yellow Pages ကတော့ တယ်လီဖုန်း၊ ကြော်ငြာလမ်းညွန် စာအုပ်ပါပဲ။ နောက်ပြီးတခြား စာအုပ်အမျိုး အစားတွေလည်း ရှိကြ ပါသေးတယ်။

အမှန်တော့ စာအုပ်ရဲ့ သမိုင်းကြောင်းလေး ကိုလည်း သိသင့် ပါသေးတယ်။ စာအုပ်ကို စက္ကူနဲ့ ပြုလုပ်တယ်။ စက္ကူကို အေဒီ ၁၀၅ ခုနှစ်လောက်က တရုတ်ပြည်မှာ စတင်တီထွင် ခဲ့တာပါ။ ပထမဆုံး ပုံနိုပ် လုပ်ငန်းကိုလည်း တရုတ်ပြည် တန်မင်းဆက် (Tang Dynasty) (၆၁၈-၉၀၇ အေဒီ) လက်ထက်မှာ စတင်ပုံနှိပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အစောဆုံး အင်္ဂလိပ် ဘာသာ စကားနဲ့ ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စာအုပ်ကတော့ Recuyell of the Historyes of Troye ပဲ ဖြစ်ပါတယ်။ ခုနှစ်က အေဒီ ၁၄၇၅ ခုနှစ် ဖြစ်ပါတယ်။

မြန်မာပြည် လွတ်လပ်ရေး ရစတုန်းက လူဦးရေက ၁၄ သန်းလောက်သာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက စာပေ စိစစ်ရေး ဆိုတာ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလို့ ရတယ်။ တစ်စုံတစ်ရာ ပြဿနာ တက်မှ ဆိုင်တွေမှာ လိုက်သိမ်းရတယ်။ ထုတ်ဝေတဲ့ စာအုပ်စောင် ရေကလည်း ထောင်ချီ၊ သောင်းချီလို့။ ကိုယ်ပိုင် ၀ယ်ဖတ် နိုင်လောက်အောင် စားဝတ်နေ ရေးကလည်း ချောင်ချိ ကြပါရဲ့။ ဒါတောင် စာကြည့်တိုက် ဆိုတာ နည်းနည်း ပါးပါးရယ်။ ရပ်ကွက် စာအုပ်အငှား ဆိုင်ကတော့ မရှိသလောက်။ ဒါပေမဲ့ စာဖတ်အားတော့ ကောင်းခဲ့ပါတယ်။

အလျဉ်းသင့်တုန်း စာအုပ် တစ်အုပ်မှာ ပါဝင်တဲ့ အခြင်း အရာတွေရဲ့ အင်္ဂလိပ် အခေါ်အဝေါ် လေးတွေကို လေ့လာကြည့်မယ် ဆိုရင် စာမျက်နှာ ကို Page၊ ပုံနှိပ်မှတ်တမ်းကို Publishing note မာတိကာကို Content ဒါမှမဟုတ် Map of the book? အခန်းတွေကို Chapter, Unit,Module, Lesson စသဖြင့် ခေါ်ပါတယ်။ ခေါင်းစဉ်ကို Title/Topic, ခေါင်းစီးကို Heading, ခေါင်းစဉ်ငယ်ကို Sub-Heading, အမှာစာကို Preface/Forword, ဥယျောဇဉ်ကို Prologue, နိဂုံးကို Epilogue, ကမ္ပည်းစာကို Epigraph, စာရေး ဆရာကို Writer, လက်ဦး စာရေးသူကို Author, အရေး အသားကို Writing, စာတည်း Editor, ထုတ်ဝေမယ့် စာအုပ်အနေ အထား ပုံစံကို Edition, မူပိုင်ခွင့်ကို Copyright, မူပိုင်ခကို Royalty, ကျမ်းကိုး စာရင်းကို Reference/ Bibliography, Appendix, နောက်ဆက်တွဲကို Appendix, Index, အညွန်းကို Index, စာမျက်နှာလှန် လက်ထောက် အက္ခရာ စဉ်ကို Thumb index, ပုံနှိပ် စာလုံးကို Print, ပုံနှိပ်စက်ကို Printing maching, ပုံနှိပ် ထုတ်ဝေသူကို Publisher စာအုပ် ချုပ်သူကို Bookbinder, စာမျက်နှာ မှတ်ကြိုး၊ ကတ်ပြား စာညှပ်ကို Bookmark/Book- marker, စာအုပ်မှာ ကပ်တဲ့ ကိုယ်ပိုင် တံဆိပ်ကို Bookplate, စာအုပ် ဈေးနှုန်းကို Book Price စသဖြင့် ခေါ်ကြပါတယ်။

စာအုပ်ဆိုတာ ဖတ်ချင်ရင် ၀ယ်လို့ရတယ်။ ငှားလို့ရတယ်။ ၀ယ်ချင်ရင် စာအုပ်ဆိုင် တွေကို သွားဝယ်ပေါ့။ စာအုပ်ဆိုင်ကို Bookstore/ Book- shop လို့ ခေါ်တယ်။ သတင်းစာနဲ့ စာစောင်တွေ ရောင်းတဲ့ ဆိုင်ကိုတော့ Bookstall/New-stand လို့ ခေါ်တယ်။ စာအုပ်တိုက်၊ စာပေတိုက် ကိုတော့ Bookhouse/Publishing house ခေါ်တယ်။ စာအုပ်ရောင်းသူကိုတော့ Bookseller လို့ခေါ်တယ်။ စာကောင်းပေကောင်း ရှားပါးစာအုပ် အဟောင်းတွေ အမြန် ၀ယ်လိုရင်တော့ လမ်းဘေး စာအုပ်ဆိုင် (Roadside bookshop) ကို သွားပြီး ရှာနိုင်ပါတယ်။ ဟောင်းပေမယ့် ကောင်းလို့ တစ်ခါ တလေမှာ ဈေးကြီးကြီး ပေးရတတ် ပါတယ်။ ဒါပေမဲ့ အသုံးတည့်ရင် တန်ပါတယ်။

ကိုယ်တိုင် တက္ကသိုလ် တက်နေစဉ် အတွင်း စာဖတ်အား ကောင်းနေတုန်းက စာကြမ်းပိုး (Bookworm) တစ်ဦး အနေနဲ့ ရန်ကုန်မြို့က ပန်းဆိုးတန်းလမ်း စာအုပ် အဟောင်းတန်းနဲ့ မြေနီကုန်း ဈေးစာအုပ် အဟောင်းတန်း တွေကို ခေါက်တုံ့ခေါက်ပြန် စာအုပ် ရှာပုံတော် ဖွင့်ခဲ့ရတဲ့ အရသာကို မှတ်မိနေ ပါသေးတယ်။ ဒီကြားထဲမှာ ဘုရား ပွဲဈေးက စာအုပ်အဟောင်း ဆိုင်တွေနဲ့ အိမ်ရှေ့ ဖြတ်သွားတဲ့ ဘော်တယ် ကုလားတွေ(သတင်းစာ၊ စာအုပ်ဟောင်း၊ ပုလင်းဟောင်း ၀ယ်သူ) ဆီက ဖြတ်ပြီး စာအုပ် ၀ယ်ရတာမျိုး တွေလည်း လုပ်လိုက် ပါသေးတယ်။ အမှတ် ရစရာ ကလေး တွေပေါ့။

နိုင်ငံတကာ အတွေ့အကြုံ ရှိကြတဲ့ မိတ်ဆွေတွေရဲ့ ပြောပြချက် အရ ခေတ်မီ ဖွံ့ဖြိုးဖို့ ကြိုးစား နေကြတဲ့ နိုင်ငံတွေမှာ ပြည်သူပြည်သား တွေရဲ့ ပညာရေးကို တိုက်ရိုက် အထောက် အကူပြု ပံ့ပိုးနိုင်အောင် ဘာသာရပ် မျိုးစုံနဲ့ ကဏ္ဍမျိုးစုံ အလိုက် ဖွင့်လှစ်ရောင်းချ ပေးကြတဲ့ Book Corner တို့၊ Book Department Store တွေက တကယ့်ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဖွင့်လှစ် ပေးထားတယ်လို့ သိရပါတယ်။ အားကျ အတု ယူစရာ ပေပဲနော်။ ရှိစေချင် လိုက်တာ။

အဲ-စာအုပ်ကို ၀ယ်မဖတ် နိုင်ရင် ငှားရမ်း ဖတ်ရှုနိုင်တဲ့ နေရာလေးတွေ ရှိပါသေးတယ်။ ရပ်ကွက်တွေ ထဲက တစ်ပိုင်တစ်နိုင် စာအုပ် အငှားဆိုင် လေးတွေပါပဲ။ နာမည်ကြီး စာရေးဆရာ တွေရဲ့ ၀တ္ထုတွေ၊ ရုပ်ပြ၊ ကာတွန်းတွေ၊ မဂ္ဂဇင်း တွေကို အဓိကထား ငှားရမ်း ဖတ်ရှု နိုင်ပါတယ်။ အမျိုးစုံ ရနိုင်တယ် လို့တော့ မဆိုနိုင် ပါဘူး။ သူ့အထွာနဲ့ သူပေါ့။ မရှိသုံးပေါ့။

ဖွံဖြိုးပြီး နိုင်ငံတိုင်းမှာ ပြည်သူတွေ တကယ် အားကိုး ရတာက အထွေထွေ အပြားပြား စာကြည့် တိုက်များပဲ ဖြစ်ပါတယ်။ ကျောင်းသားလည်း ကျောင်းသားအလျောက်။ ပညာရှင်လည်း ပညာရှင် အလျောက်။ နိုင်ငံသားတိုင်း လွယ်လွင့်တကူ ငှားရမ်းဖတ်ရှု နိုင်ကြလေရဲ့။

မြန်မာ နိုင်ငံမှာ နိုင်ငံအနှံ့ ရပ်ကွက် ကျေးရွာအဆင့် စာကြည့် တိုက်ပေါင်း ၅၅၅၇၅ ခု ရှိနေပြီလို့ အရင်ခေတ်က သတင်း စာတွေထဲမှာ ဖတ်ခဲ့ ဖူးပါတယ်။ မြန်မာပြည်မှာ ကျေးရွာပေါင်း ၆၄၀၀၀ ၀န်းကျင်။ မူလတန်း ကျောင်းပေါင်း ၃၂၀၀၀ ခန့် ရှိတယ်လို့ သိထားပါတယ်။ အဲဒီ စာကြည့်တိုက် တွေက တကယ်ကော ဖွင့်ထားပြီး ပြီလား။ ပြည်သူလူထု ကကော တကယ့်ကို စာတွေ ငှားရမ်း ဖတ်ရှုနေ ကြပါပြီလား။ မေးချင် စရာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ (ခန့်မှန်း- အထောက်အထား မခိုင်လုံပါ) နဲ့ နှိုင်းယှဉ်ကြည့်ရင် အံ့သြ ကုန်နိုင်ဖွယ်လား။ ကဲ-မယုံချင် နေပဲလား။ မသိပါဘူး။

ဒီကနေ့ ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ စာအုပ် အရေ အတွက်ကို တစေ့တစောင်း အကဲခတ် ကြည့်မယ် ဆိုရင်တော့ ဆင့်ပါးစပ် နှမ်းပက် သလိုပဲ ဖြစ်မလား။ ကျူရိုးနဲ့ ခေါင်းလောင်း ထိုးတာပဲ ဖြစ်မလား။ အားရစရာ မရှိတာ ကတော့ ဧကန် မလွဲပါပဲ။ အခါသင့်တုန်း မေးလိုက်ချင်တာ နိုင်ငံဂုဏ်ဆောင် အမျိုးသား စာကြည့်တိုက် (National Library) ဘယ်မှာ ရှိနေပါသလဲ။ ပြည်သူတွေ၊ ကျောင်းသားတွေ ပညာရှင်တွေ ငှားရမ်းဖတ် ရှုနိုင် ကြပါရဲ့လား။ (ဒါက ဉာဏ်စမ်း ပဟေဠိ မေးမြန်းနေတာ မဟုတ်ဖူးနော်)

ကဲ-ဒီတော့ ပြည်သူတွေ ကကော ဘယ်လောက် စာဖတ် ကြလို့လဲ ပြန်မေးမယ်။ ဖြေနိုင်မလား။ ကိုယ့်အကြောင်း ကိုယ်အသိ ဆုံးပါ။ အမျိုးမျိုးသော အကြောင်းတရား တွေကတော့ ရှိပေမှာပေါ့။ ပထမ အချက် အနေနဲ့ မိသားစု ၀င်ငွေ၊ ထွက်ငွေ၊ စာအုပ်တွေ ဖောဖောသီသီ ၀ယ်နိုင်လောက်အောင် ပိုလျှံ ပါရဲ့လား။ ဒုတိယ- စာအုပ်လောက စရိတ်စက သက်သက် သာသာနဲ့ ပေါပေါများများ ထုတ်ဝေ နိုင်ရဲ့လား။ စာရေးဆရာ တွေကကော စာမူခနဲ့ တွက်ခြေ ကိုက်ရဲ့လား။ တတိယ- လူငယ်တွေရဲ့ ဘ၀ရည် မှန်းချက် မြင့်မား ခိုင်မာမှု။ သားသား မီးမီးတို့ ကြီးလာရင် ဘာလုပ်မလဲ။ နိုင်ငံ အနှံက လူငယ်တိုင်းကို မေးကြည့်။ သူတို့ရဲ့ ပညာ ဆည်းပူးမှုနဲ့ ဘ၀ တစ်သက်တာ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့် အလမ်းတွေ ဆက်စပ်မှု ရှိကြ ပါရဲ့လား။ မက်လုံး ရှိမှသာ ၀မ်းစာရိက္ခာ ဖြည့်တင်းမယ်လေ။ စတုတ္ထ ခေတ်အလျောက် ပြောင်းလဲလာ ကြတဲ့ ဖျော်ဖြေမှု အနားယူမှု ပုံစံတွေ၊ ရုပ်မြင်သံကြား၊ ဗွီဒီယို တွေရဲ့ ပညာ မပေးဘဲ အချိန်ကုန် စေတဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည် ရိကြ ပါရဲ့လား။(မကြည့်နဲ့လို့ မပြောပါဘူး။ မျက်စိတွေ ပါတာပဲဟာ)

ကိုယ်တကယ် အပန်းဖြေဖို့၊ ဗဟုသုတ ရဖို့နဲ့ ဘ၀ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွေကို အထောက် အကူပြုဖို့ ရှာဖွေ ထုတ်ယူနိုင် ကြရဲ့လား။ ပဉ္စမ အချက် အနေနဲ့ စာဖတ် ၀ါသနာကို ပြုစုပျိုး ထောင်ပြီး သားစဉ်မြေးဆက် အမွေ ပေးနိုင်တဲ့ အစဉ်အလာ။ ဒါက ကလေးတွေ ကိုယ်တိုင်လေ့လာ အကဲခတ် နိုင်ကြပါတယ်။ ငါ့ဖေဖေနဲ့ မေမေ စာဖတ် ကြရဲ့လား။ ကိုယ့်ဆရာတွေ၊ ဆရာမတွေ စာဖတ်ကြ ရဲ့လား။ သူငယ်ချင်း အပေါင်းအသင်း တွေကော စာဖတ်ကြ ရဲ့လား။ ဒါတွေဟာ အတုမြင် အတတ်သင် ကိစ္စပဲ မဟုတ်လား။ နောက်ဆုံး နိုင်ငံတော်ရဲ့ အားပေး ကူညီမှု၊ ဗြိတိသျှ နယ်ချဲ့ လက်အောင်က လွတ်မြောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်လျှောက်လှမ်း ခဲ့တာနှစ်ပေါင်း ၆၃ နှစ် ရှိသွားပြီနော်။ နှစ်တွေက မနည်းတော့ပါဘူး။ ပညာရေး အတွက် နိုင်ငံတော် ဘတ်ဂျက်။ ရာခိုင်နှုန်း ဘယ်လောက်များ သုံးစွဲထား ပါသလဲ။

စာဖတ် ၀ါသနာ ဆိုလို့ သွားသတိရ တာလေး ရှိပါတယ်။ ကိုယ်တိုင်ကလေး ဘ၀မှာ ကာတွန်း လေးတွေ(မှတ်မိတာ မောင်ကမ္ဘာ ကာတွန်း)၊ ရုပ်ပြလေးတွေ(မှတ်မိတာ စံရွှေမြင့် ရုပ်ပြ)၊ ပုံပြင်လေးတွေ (မှတ်မိတာ ဆရာကြီး လူထု ဦးလှရဲ့ ပုံပြင် အမျိုးမျိုး)၊ လူငယ် ၀တ္ထုလေးတွေ (မှတ်မိတာ ဂယက်နီ၊ တက္ကသိုလ်မောင် အောင်ဆွေတို့ရဲ့ ကလေးသူငယ် ၀တ္ထု စာအုပ်တွေ)၊ နောက်တော့ ကြူမွှေးရဲ့ ဟာသ ၀တ္ထုတွေ။ ပြီးမှ မိုးဝေ၊ ရဲစိုး၊ တက္ကသိုလ် တင်မြင့်တို့ရဲ့ စုံထောက် ၀တ္ထုတွေ၊ တစ်ဆင့်တက်ပြီး သိန်းဖေမြင့်၊ ကျော် အောင်၊ သခင်မြသန်း၊ မြသန်းတင့်၊ ဗန်းမော်တင် အောင်၊ ဒဂုန်တာရာ၊ ရွှေဥဒေါင်း၊ သော်တာဆွေ၊ သာဓုစတဲ့ စာရေးဆရာကြီးတွေရဲ့ စာအုပ်အထွေ ထွေ နောက်မှနိုင်ငံရေး၊ အတွေးအခေါ်၊ ဘာသာ ရေး စာပေတွေဆီ ဖြည်းဖြည်းလှမ်း။

အဲဒီခေတ်ကတော့ အိမ်မှာ ရေဒီယိုတောင် မရှိ (နောက်မှ"ကစလ" က ထုတ်တဲ့ National - Hifi Radio ၀ယ်ဖြစ်ခဲ့)လို့ အားလပ်ချိန်တိုင်းဟာ စာပေထဲ စီးမျောခဲ့ရပါတယ်။ အင်္ဂလိပ်စာလေး အခြေခံရလာတော့ ကျောင်းစာသင်ရိုး ပြင်ပထွက် ပြီး Ladder Series လို Graded Readers တွေ ၀ယ်ဖြစ် ခဲ့ပါတယ်။ အရွယ်အတော် ရလာတော့ စာဖတ်ဖို့ အခွင့်အလမ်း အတွက် အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက် ပြည်ထောင်စုနဲ့ တရုတ်သံရုံး တွေဆီက အခမဲ့ ပေးတဲ့ စာအုပ်တွေ သွားယူ ဖြစ်ခဲ့ပါတယ်။ ကျောင်းစာ ကိစ္စတော့ ထည့်မပြော တော့ပါ့ဘူး။

အမှန်တော့ မွေးနေ့ပွဲ ကျင်းပ နေကြတာ မြန်မာ့ရိုးရာ ဓလေ့ အစဉ်အလာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကနေ့တောံ့စေစပ ငြမအိ့ပေ တွေက နှစ်စဉ်နှစ်တိုင်း နေရာတကာ ကျွေးကြမွေးကြ၊ ပျော်ကြရွှင်ကြ၊ လက်ဆောင်တွေ ပေးကြနဲ့ ကောင်းပါတယ်။ ဒီထက်ပိုကောင်း တာလေး လုပ်ဖြစ်မယ် ဆိုရင်ပိုပြီး မင်္ဂလာ မရှိ ပေဘူးလား။ အဲဒါကတော့ ကိုယ့်ရဲ့ သားသမီး၊ ကိုယ့်ရဲ့တပည့်၊ ကိုယ့်ရဲ့ သူငယ်ချင်း၊ ကိုယ့် ချစ်သူတွေရဲ့ မွေးနေ့တွေမှာ အသိ အလိမ္မာ ရရှိစရာ စာအုပ်ကောင်း စာအုပ်မွန် တစ်အုပ်များ လက်ဆောင် ပေးရရင် မကောင်း ပေဘူးလား။ အစဉ် အလာကောင်း တစ်ခုဖြစ်လာ နိုင်တာပေါ့။

ဥပမာ- ကလေး တစ်ယောက်ကို စာဖတ် ၀ါသနာ ရှိလာအောင် ကိုယ်တိုင်မျိုးစေ့ ချပြုစုပျိုး ထောင်ပေးခဲ့တဲ့ အတွေ့ အကြုံလေးကို ဝေမျှ ချင်ပါတယ်။ ကလေး နာမည်က "ဖူးဖူး"၊ မိန်းကလေးပေါ့၊ သူ့အမေက ကိုယ့်တပည့်။ သူတို့က လက်ဖက် ရည်ဆိုင်နဲ့ တွဲပြီး ကွန်ပျူတာ စာစီစာရိုက်၊ မိတ္ထူဆိုင် ကိုပါ ဖွင့်ထားတယ်။ သူတို့ဆိုင်မှာ မိတ္တူကူး၊ လက်ဖက်ရည် သောက်နေကျ၊ သမီးလေး ဖူးဖူးက အခါလယ် အရွယ် ရောက်လာပြီ။ ကိုယ်ကဆိုင်မှာ လက်ဖက်ရည် သောက်ရင်းနဲ့ ဆိုင်က သတင်းစာကို ဖတ်၊ တစ်ခါတရံ ပါသွားတဲ့ TIME တို့ News Week တို့လို မဂ္ဂဇင်း တွေကို ဖတ်ရှု နေစဉ်မှာ ဖူးဖူး ရှိနေတတ် ပါတယ်။ သူက စာအုပ်တွေကို စိတ်ဝင်စားပုံ ရတယ်။ ပေါင်ပေါ် လာထိုင်ရင်း မဂ္ဂဇင်း များကို လှန်လှော ခိုင်းပါတယ်။ အရောင်လှလှ အရုပ်တွေ၊ ဓာတ်ပုံတွေ တွေ့ရင် သိချင်တာ မေးတတ်တယ်။ စိတ်ရှည် လက်ရှည်နဲ့ ရှင်းပြရတယ်။ နောက်တော့ သူ့ဘာ သာသူ စာမျက်နှာများ လှန်တတ်လာတယ်။ ဘာစာမှတော့ မဖတ်တတ် သေးပါဘူး။ ဒါပေမဲ့ မျက်လုံးနဲ့တော့ ဖတ်တတ်နေပါပြီ၊ ဖတ်ချင် သိချင်စိတ်တွေ စတင်ကိန်း အောင်း နေပြီလေ။

ဒါနဲ့ သူ့ရဲ့ နှစ် နှစ်ပြည့် မွေးနေ့လုပ်တော့ ထုံးစံအတိုင်း ဧည့်ခံကျွေးမွေးတယ်။ သူ့မိဘရဲ့ အမျိုးအဆွေ မိတ်သဟာတွေကလည်း ထုံးစံ အတိုင်း အင်္ကျီအ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ကစားစရာတွေ စုံလို့ပါပဲ။ ၀ယ်ပြီးမွေးနေ့ လက် ဆောင်ပေးကြတယ်။ အဲဒီမှာ အတွေးတစ်ခု ရလာပြီး ဖူးဖူးကို ထူးထူးခြားခြား မွေးနေ့လက် ဆောင်မွန် ပေးဖြစ်ခဲ့ပါတယ်။ သူ့အရွယ် ကြည့် ရှုခံစားနိုင်မယ့် ရောင်စုံကလေးစာအုပ်လေး ဆယ် အုပ်ဝယ်ပြီး၊ လက်ဆောင် ပေးလိုက်တယ်။ သူ ပျော်ရွှင် ကျေနပ် နေပုံပါပဲ။ သူ့မိဘတွေ ကတော့ အံ့သြပီတိ ဖြစ်နေတဲ့ သဘော။

ဒါ့အပြင် သူ့ရဲ့ ကိုယ်ပိုင် စာအုပ်တွေကို သီးသီးသန့်သန့် သိမ်းဆည်း ထားတတ်ရအောင် "ဖူးဖူးကိုယ်ပိုင် စာကြည့်တိုက်"( (Phu Phu's Private Library) လို့ ကွန်ပျူတာ စာရိုက်ပြီး ပလတ် စတစ်ကတ် လောင်းပေးလိုက်တယ်။ နောက်လည်း နှစ်စဉ်နှစ်တိုင်း သူ့ရဲ့ မွေးနေ့မှာ စာအုပ်လက်ဆောင် မှန်မှန်ပေးဖြစ် ခဲ့ပါတယ်။ အခုဆိုရင် သူက တတိယတန်း (အခုခေတ် အခေါ် Grade 4 ) ရောက်နေပြီလေ။ ဖူးဖူးက အသက်ငါးနှစ် မပြည့်ခင် ကတည်းက မြန်မာစာကို ကောင်းကောင်းဖတ် တတ်နေတာ။ ကလေးပီပီ ရုပ်မြင်သံကြား ကြည့်တာတို့လည်း လက်မလွှတ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စာဖတ် ၀ါသနာ ကိုတော့ လွှမ်းမိုး မသွားပါဘူး။ ဖတ်မြဲ ဖတ်လျှက်ပါပဲ။ တစ်ခုပဲ လိုအပ်တာ ရှိတယ်။ အင်္ဂလိပ်စာ အခြေခံ ရလာအောင် စောင့်စားပြီး၊ သူ့ကို အင်္ဂလိပ် စာအုပ်လေးတွေ မွေးနေ့ လက်ဆောင်ဆက်ပြီး ပေးရ ဦးမယ်လေ။

ကျန်ခဲ့မှာ စိုးလို့ စာအုပ်နဲ့ သက်ဆိုင်တဲ့ မိတ်ဆက်တွဲ လုံးလေးတွေ Collo cations ကို တင်ပြ ပေးပါဦးမယ်။ စာအုပ်တစ် အုပ်ဖတ်တာကို Read a book, ရေးတာကို Write a book, ဖွင့်တာကို Open a book, ပိတ်တာကို Close a book, အပြီး သတ်တာကို Finish a book, နှစ်သက်ခံစားတာ ကို Enjoy a book စာမြည်းတာကို Browse through a book ငှားလိုက်တာကို Lend a book to, , ငှားယူတာကို Borrow a book From, စာမျက်နှာ လှန်တာကို Turm the page over, စာမျက်နှာ ဆွဲဖြဲတာကို Tear out a page, မိတ္တူကူးတာကို Photocopy a page, ဘယ်စာမျက်နှာ ရောက်နေပြီ ဆိုတာကို Be on page 65, ဘယ်စာမျက်နှာ ဖွင့်ဆိုရင် Open your book at page 88, ဘယ်စာ မျက်နှာသို့ လှန်ပါဆိုရင် Turm to page 62, စာမျက်နှာ ထိပ်ဆုံးရောက် နေ တာကို Be at the top of the page, အောက်ဆုံးရောက် နေတာ ကို Be at the top of the page, စာအုပ်ဝေမျှတာ ကို Share books လို့ ခေါ်ပါတယ်။ ရှေ့စာမျက် နှာကို The frant page, နောက်စာ မျက်နှာကို The back page, ဗလာစာ မျက်နှာကို A blank page, မျက်နှာချင်းဆိုင် စာမျက်နှာကို Opposite page, စာမျက်နှာသစ်ကို A new page, စာအုပ် အစမှအဆုံးဆိုရင် င်္ From cover to cover, လို့ ခေါ်ပါတယ်။ ပြောမယ်ဆိုရင် အများကြီး အများကြီး ရှိသေးတာပေါ့။

စာအုပ်မျိုးစုံ ဖတ်တာဟာ လူတစ်ဦးရဲ့ ကိုယ်ပိုင် အမြင်တွေကို ကျယ်ပြန့် နိုင်စေပါတယ်။ ပထ၀ီ ဘာသာရပ် သင်တုန်းက ကျောင်းက ကမ္ဘာကြီး လုံးဝန်းတယ်လို့ သင်လိုက်တယ်။ ဒါကို အဖေလုပ်သူက လက်မခံဘူး။ သူက ကျောင်း ကိုပြီးအောင် မနေခဲ့ ဖူးဘူး။ ပြီးတော့လည်း တစ်ယူသန်။ "မင်းတို့ ရဲ့ ဆရာမ ပြောတဲ့အတိုင်း သာဆိုရင် ကမ္ဘာကြီးက ဘောလုံးလို လုံးဝန်းတယ် ဆိုတော့ ငါတို့တစ်တွေ ချော်ပြီး ပြုတ်ကျ ကုန်မှာပေါ့ကွ။ မင်းပဲရှေ့ကို လှမ်းကြည့်လိုက်စမ်း။ ဘယ်မှာ လုံးဝန်းလို့လဲ။ ပြားချပ်နေတာ ပဲကွ။ ကဲ- မင်း ယုံပြီလား"

ကလေးခမျာ ဘယ်ဟာကို အမှန် ယူရမှာပ။ ဒီတော့ စာမျိုးစုံကို မွှေနှောက်ဖတ်ရှု ရပါတော့တယ်။ အဲ- အကျိုး ကျေးဇူးကား- အမှန် သိရပါ ပြီ။ ကျောင်းက သင်သလို ဘောလုံး ကဲ့သို့လည်း မလုံးဝန်း။ အဖေလုပ်သူ အကျောက်အကန် ငြင်းနေသလို ပြားလည်း မပြားချပ်။ တကယ်တော့ ထိပ်၊ အောက်နှစ်ဖက်မှာ အနည်းငယ်စီ ချိုင့်လို့ နေတာပါ။ မလုံး တလုံးပေါ့။ ဒါက ကိုယ်တိုင်သိတဲ့ အသိတရား ပါပဲ။ မလုံးတလုံး အမှန်တရား။

တိုင်းပြည် တစ်ပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက် စေချင်တယ် ဆိုရင် မိဘတွေက သားသမီး တွေကို ပညာအမွေ ပေးရမယ်။ ဆရာတွေက တပည့်တွေကို ပညာ တကယ်တတ်အောင် သင်ပေးရမယ်။ မျိုးဆက်ဟောင်းက မျိုးဆက်သစ်ကို ကောင်းတာတွေ လက်ဆင့်ကမ်း ပေးရမယ်။ ဒီကနေ့ ခေတ်သစ် အခါ သမယ ဒီမို ကရေစီ နိုင်ငံ ထူထောင်ချိန်မှာ နိုင်ငံတော်က ဦးဆောင်ဦးရွက် ပြုပြီး၊ ပညာရေး ကဏ္ဍကို ပုံအောရင်းနှီး မြုပ်နှံပြီး၊ အားပေး စောင့်ရှောက်ရမယ်။ ကာယကံရှင် ကလေးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ပင်ကိုယ် အရည်အသွေး (Talent) အစစ် အမှန်က ဘာလဲဆိုတာ သိရှိပြီး၊ ပေါက်မြောက် ထူးချွန်အောင် ကြိုးစား သွားဖို့ပဲ ဖြစ်ပါတယ်။

ကလေးတွေကို ကဏ္ဍ အသီးသီးမှာ ခေါင်းဆောင်တွေ ဖြစ်လာ စေချင်ရင် ကလေး စာပေရှင် သန်ထွန်းကား လာအောင် ဦးစွာ ပထမ စဉ်းစား ကြရမယ်။ ဖတ်လွယ်အောင်နဲ့ ဖတ်ချင့်စဖွယ် ဖြစ်ရုံမက၊ ၀ယ်ဖတ်နိုင်၊ ငှားနိုင်အောင်လည်း စီစဉ် ပေးရမယ်။ ကလေးငယ် တစ်ဦးဟာ စာဖတ်ရင်း စာအုပ်လေး ကိုင်ရက် အိပ်ပျော် သွားတာနဲ့ ဗွီဒီယို အခွေ ထိုးကြည့်ရင်း အိပ်ပျော်သွားတာ ဘယ်ဟာက မြတ်သလဲ။ သာသလဲ။ ပိုကောင်းသလဲ။ ဖြေကြည့်ပါ။

အခုတော့ ကြည့်ပါဦး။ ကျောင်းသုံး ပုံနှိပ် စာအုပ်တွေ။ ကလေးတွေ ချစ်လို့လား။ စာပေအဆင့် အတန်းကို ထည့်မတွက် သေးပါဘူး။ ပုံနှိပ်အဆင့် အတန်း ကိုပဲကြည့်။ စက္ကူ အမျိုးအစား။ တစ်ခါ တလေ စာမျက်နှာ ကြားထဲမှာ ကောက်ရိုးဖတ် တွေတောင် ပါလို့ရယ်။ ခွာလိုက်မိရင် အပေါက် ကြီးဖြစ်သွား တတ်တယ်လေ။ ပုံနှိပ်အရည် အသွေးကိုလည်း ငဲ့စောင်း ကြည့်လိုက်ပါဦး။ Primer သူငယ်တန်း အင်္ဂလိပ် ဖတ်စာအုပ်မှ B For Ball ဆိုရင် ဘောလုံး အနားသပ် အကွင်း အမည်းဝိုင်းနဲ့ အတွင်းသား အရောင်ဝိုင်းက ကွာဟ နေလေရဲ့။ ကလေးရဲ့စာအုပ်ကို စိတ်ဝင် စားမှုက အဲဒီက စပြီး ကွာဟလာကော မဟုတ်လား။ ကလေးမို့ ဆိုပြီး၊ ပစ်စလက်ခတ် မလုပ်သင့်ပါဘူး။

စေတနာ ထားလေ၊ အကျိုးပေးမှာ ဖြစ်လေလေ ပါပဲ။ တကယ်တမ်း ကျတော့ "လူဆိုတာ သင်ရင်တတ်တယ်"ဆိုတဲ့ စကားအတိုင်း ကလေးတွေကို အရင်ကထက် ထိထိရောက်ရောက် သင်ပေးနိုင်မယ့် အခင်း အကျင်းတွေ သင်ထောက် ကူမီဒီ ယာတွေက ဒီခေတ်သစ် ကမ္ဘာမှာ အရန်သင့် ရှိနေပါပြီ။ ပုံအောရုံပဲ ရှိပါတယ်။ ဥပမာ-ကလေး တစ်ဦးဟာ မိခင်ဘာသာ စကားအပြင် နိုင်ငံ တကာသုံး ဘာသာ စကားဖြစ်တဲ့ အင်္ဂလိပ် စာကို တတ်မြောက်နေတယ် ဆိုရင်၊ ကျောင်းသွား၊ ပုံနှိပ် စာအုပ်ဖွင့်၊ ဆရာ၊ ဆရာမက သင်ပေး။ ဒီအစဉ် အလာကို ကျော်လွန်ပြီး၊ စာကြည့်တိုက်က၊ စာအုပ်ဆိုင်က စာအုပ်တွေကို ရှာဖွေ မွှေနှောက်လို့ ရတယ်။ ကိုယ်တိုင်သင်ယူ Self-Study လုပ်နိုင်တယ်။ အက်ဒီဆင်ထုံး နှလုံးမူ လျက်ပေါ့။ ဒီထက် မက အမြင့်တက်ပြီး မိုးကောင်းကင် စာကြည့်တိုက်လို့ ညွှန်းဆိုရမယ့် အင်တာနက် အွန်လိုင်း (The Internet/ Online) ပေါ်မှာ ၀ဲပျံ ထွင်းဖောက်ပြီး ပညာဆည်းပူး နိုင်ပါတယ်။ ဒီခေတ်နော်၊ ဒီခေတ်။ ဒီကနေ့ ခေတ်ကြီးရဲ့ အခွင့်ထူး တွေကို ကလေးတွေ ရရှိခံစား နိုင်ပါစေ။

ဖူးငုံ ဆယ်ကျော်သက်တို့ အဖို့ အင်တာနက် အွန်လိုင်း တက်ကြတဲ့ အခါ ဂိမ်း (Game) နဲ့ ချဲ့(ထ) (Chat) တွေကိုလျှော့ပြီး၊ ကိုယ့်လေ့လာ နေတဲ့ ပညာရပ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက် အလက် (Information) တွေကို တ၀တပြဲ အားရှိပါးရှိ စားသုံးကြဖို့ ပမာဒ လေခမှာ စိုးလို့ သတိပေး လိုက်ရတာပါ။ အခု တစ်လောမှာ ပိတ်ထားတဲ့ (Website) တွေလည်း ပွင့်လို့လာပြီ မဟုတ်လား။ အခုဆိုရင် ကိုယ်ဘာကို ဘယ်လို လုပ်ရမယ် ဆိုတာကို သိရှိလုပ်ကိုင် သွားကြတဲ့ လူငယ်တိုင်း အမှန်တကယ် ပေါက်မြောက် ထူးချွန် သွားကြတာ တွေကိုလည်း တစ်စတစ်စ တိုးပြီး မြင်တွေ့လာ နေရပြီနော်။

ပြီးတော့ "ဓားသွားထက် ကလောင်သွားထက်" (A pen is mightier than a sword) ဆိုတဲ့ စကားလို တိုင်းပြည်တစ်ခုကို နိုင်ငံရေး ဦးဆောင်မှု ပေးသူတွေရဲ့ နောက်ကွယ်မှာ အမြဲတမ်း လိုလို ရှိနေ တတ်တာက စာပေခေါင်းဆောင် တွေပါပဲ။ ဥပမာ ကြည့်ပါဦး။ အိနိ္ဒယ နိုင်ငံရေး ခေါင်းဆောင် နေရူးရဲ့ နောက်မှာ စာပေခေါင်းဆောင် တဂိုး ရှိနေတယ်။ ရုရှားမှာ နိုင်ငံရေး ခေါင်းဆောင် လီနင်ရဲ့ နောက်မှာ စာပေခေါင်းဆောင် ဂေါ်ကီ ရှိတယ်။ တရုတ် နိုင်ငံရေး ခေါင်းဆောင် မော်စီတုန်းရဲ့ နောက်ကွယ်မှာ စာပေခေါင်းဆောင် လူရွန်း ရှိနေတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး တပ်ဦး ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေစဉ်မှာ စာပေထွဋ်ခေါင် မီးရှူး တန်ဆောင်က ဆရာကြီး သခင် ကိုယ်တော်မှိုင်းပဲ မဟုတ်ပါလား။ ဒါကြောင့် စာပေ စွမ်းပကား ထိုအင်အားကား၊ စာအုပ်များပင် ဖြစ်တော့သည်လို့ ဆိုရမှာ ပါပဲ။

တစ်လက်စတည်း စာအုပ်နဲ့ သက်ဆိုင်တဲ့ အဆို အမိန့်တွေကို လေ့လာ ကြည့်ရအောင်နော်-
A leader must be well-read and well-travelled. . (ခေါင်းဆောင်ဆိုတာ စာဖတ် နာရမယ်။ ခရီးပေါက်အောင် သွားရမယ်)လို့ စင်ကာပူဝန် ကြီးချုပ်ဟောင်း လီကွမ်ယူက ပြောခဲ့ဖူး ပါတယ်။ စာများများ ဖတ်တော့ အသိသုတ ကြွယ်မယ်။ သဘောတရား ပိုင်မယ်။ ခရီးများများ သွားတော့ ကိုယ်တိုင်လက်တွေ့ မျက်မြင်ကြုံတွေ့ ရမှာပေါ့။ ခေါင်းဆောင်ဆိုတာ သဘော တရားနဲ့ လက်တွေ့ကို အချိုးကျကျ ပေါင်းစပ် အကောင် အထည်ဖော် နိုင်သူပဲ မဟုတ်လား။ Today the reader, tomorrow the leader! ယနေ့ စာဖတ်သူဟာ၊ မနက်ဖြန် ခေါင်းဆောင်သူ ပါပဲတဲ့။ ကမ္ဘာ့ ခေါင်းဆောင်တိုင်း စာပေမှော်ရုံ တောကို ဖြတ်သန်း ခဲ့သူချည်း ဖြစ်ပါတယ်။

A book is a friend today and forever. စာအုပ်ဆိုတာ ပစ္စက္ခနဲ့ ထာဝရ မိတ်ဆွေပါတဲ့။ The worth of a book is to be measured by what you can carry away from it. လို့ ames Bryee က မိန့်ဆိုပါတယ်။ စာအုပ် တစ်အုပ်ရဲ့ တန်ဖိုးကို အဲဒီကနေ သင်ဘာတွေ ယူသွားနိုင် သလဲ ဆိုတာနဲ့ တိုင်းတာပါတယ်။

The man who doesn't read good books has no advantage over the man who can't read them. လို့ အမေရိကန် စာရေး ဆရာကြီး Mark Twain က ပြောခဲ့ပါတယ်။ စာကောင်းပေကောင်း မဖတ်သူ တွေဟာ၊ စာမဖတ်တတ် သူတွေထက် ဘာမှ မသာဘူးလို့ ဆိုလိုတာပါ။
To read without reflecting is like eating wihtout digesting လို့ Edmund Burke က ဆိုပါ တယ်။ အလေးအနက် စဉ်းစားမှု မလုပ်ဘဲ စာဖတ်ခြင်းဟာ စာမခြေဘဲ စားသောက်ခြင်းနဲ့ တူတယ်တဲ့။ စားပြီး အစာမကျေသလို၊ ဖတ်ပြိး စာမကြေ ပြန်ရင်လည်း ပြဿနာတက်နိုင်ပါတယ်။ ဖတ်ရင်းတွေး၊ တွေးရင်းဖတ် ပေါ့နော်။

Heinrich Mann လို့ Heinrich Mann က မိန့်ဆို ဖူးပါတယ်။ စာအုပ် မရှိတဲ့ အိမ်ဟာ ပြူတင်းပေါက် မရှိတဲ့ အခန်းလို ပဲတဲ့။ လေကောင်းလေသန့် မရနိုင် ဘူးပေါ့။ ဦးနှောက် အာဟာရ၊ စိတ်အာဟာရ မရရှိ နိုင်ဘူး ပေါ့နော်။

ဗြိတိသျှ စာဆိုကြီး Francis Bacon ရေးခဲ့ဖူးတာ ရှိပါတယ်။ Some books are to be tasted, others to be swallowed, and some fen to be chewed and digested. တဲ့။ တချို့ စာအုပ်တွေကို မြည်းစမ်း ကြည့်ရမယ်။ တချို့စာအုပ် တွေကိုတော့ မျိုချ ပစ်ရမယ်။ စာအုပ် အနည်းငယ်လောက် ကိုသာ ညက်ညက်ဝါးပြီး၊ အစာကြေအောင် လုပ်ရမယ်လို့ ဆိုလိုတာပါ။ လူတစ်ဦးရဲ့ ဘ၀ တစ်သက်တာမှာ ဖတ်လို့ မကုန်နိုင်အောင် ရှိနေတဲ့ စာအုပ်တစ်ပုံ တစ်ခေါင်းကြီးကို အကျိုး ရှိအောင်တော့ ဒီလိုပဲ ကျင့်ဆောင်ရမှာ ပေါ့လေ။

That is a good book which is opened with expectation, and closed with delight. လို့ A.B. Alcott ကဆိုပါတယ်။ စာအုပ်ကောင်း ဆိုတာ မျှော်လင့်ချက် တွေနဲ့ ဖွင့်လှစ်ရပြီး ပျော်ရွှင်ကြည်နူး မှုတွေနဲ့ အဆုံးသတ် လိုက်ရတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်တဲ့။ ဟုတ်ပါပေဗျို့၊ မှန်ပါပေဗျို့ လို့သာ။

နောက်ဆုံး အနေနဲ့ ဆယ်ကျော်သက် ဖူးငုံတို့ကို မှာကြား ချင်တာကတော့ အိပ်နည်း မျိုးစုံနဲ့ လှည့်ပတ်အိပ် မနေကြပါနဲ့။ ထိုင်နည်း မျိုးစုံနဲ့ လှည့်ပတ်ပြီး ထိုင်မနေ ကြပါနဲ့။ ဖြုန်းနည်းမျိုးစုံ၊ ပျင်းနည်း မျိုးစုံနဲ့ လှည့်ပတ်ပြီး ဖြုန်းနေ၊ ပျင်းမနေကြ ပါနဲ့တော့။ သတိလည်ချိန် တန်ပါပြီ။ ဒီနေ့အချိန် အခါဟာ ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ့်အိမ် ကိုယ်ဆောက်၊ ကိုယ့်ခေတ် ကိုယ်ထူထောင် ရတော့မှာမို့ ဖူးငုံတို့ရဲ့ အစွမ်း အစကို Good health နဲ့ Good education ဘူမိနက်သန် ပေါ်မှာ အခြေတည်ပြီး-
All learnings meed READING!!! သင်ယူဆည်းပူးမှု အားလုံးဟာ စာဖတ်ဖို့ လိုတယ်ဆိုတဲ့ ဘ၀ အရှေ့ဆောင် လမ်းညွှန်ချက် အတိုင်း သာယာလှပ ကုံလုံ ကြွယ်ဝတဲ့ အနာဂတ် ကမ္ဘာ သစ်ဆီသို့ မျက်နှာမူ ရှေးရှု ဦးတည်ကာ-
ဆယ်ကျော်သက် ထက်မြက်ပါစေ

ဦးအေးချစ်EEAC
(Teen မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)

No comments: