Thursday, January 12, 2012

ဘဲဥပုစွန်ခြောက်နှပ်,ပုစွန်ဟင်းသီးဟင်းရွက်ကြော်,၀က်ခေါက်ဟင်းချို

ဇန်န၀ါရီလအတွက် ဆရာမလမင်းမိုမိုချက်ပြုတ်ပေးတာက ဘဲဥကို ပုစွန်ခြောက်နဲ့နှပ်တာရယ်၊ ပုစွန်နဲ့ ဟင်းသီးဟင်းရွက်ကြော်လေး စီစဉ်ပြီး ဟင်းအရည်ကိုတော့ လွယ်ကူမြန်ဆန်အရသာရှိတဲ့ ၀က်ခေါက်ဟင်းချိုလေး ချက်ပေးလိုက်ပါတယ်။

ဘဲဥပုစွန်ခြောက်နှပ်

လိုအပ်သောပစ္စည်းများ

ဘဲဥ ၁၀လုံး၊ ဆီ ငါးကျပ်သား၊ ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ငါးပိစိမ်းစား လက်တစ်ဆစ်ခန့်၊ ငရုတ်သီး အကြမ်းဖတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရှမ်းနံနံ ငါးရွက်ခြောက်ရွက်၊ ပုစွန်ငံပြာရည် အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် မိနစ် ၂၀ခန့်

- ဘဲဥ ၁၀လုံးကိုပြုတ်ထားချိန်မှာ ကြက်သွန်ဖြူ-နီတို့ကို ပါးပါးလှီး တောက်တောက်စဉ်းထားပါ။ ပုစွန်ခြောက်ကို စားပွဲတင်ဇွန်းနှစ်ဇွန်း စာထောင်းထားပါ။ (အနှစ်များချင်ရင် ကြက်သွန်နဲ့ ပုစွန်ခြောက်ကို ပိုထည့်ပါ။)

- ဆီပူပူမှာ ကြက်သွန်ဖြူ-နီ တောက်တောက်စဉ်းကို ဆီသတ်ပါ။ ကြက်သွန်ဖတ်များ ကျွမ်းပြီးနီရောင်သန်းလျှင် ငါးပိစိမ်းစားလေးကို ရေ ဖျော်ထည့်ပါ။ ပုစွန်ခြောက်မှုန့်ထည့်ပါ။ ငရုတ်သီးအကြမ်းဖတ်ထည့်ပါ။ ခြောက်ခြောက်လေးဖြစ်လာရင် မီးဖိုမီးခဏပိတ်ထားပါ။

- ဘဲဥပြုတ်ကျက်လောက်ရင် ရေစိမ်အခွံနွှာပါ။ အနှစ်မျပ်ကအောင် အပ်ချည်ကြီုးလေးသုံးပြီး ဘဲဥကိုခြမ်းပါ။ ခုနဒယ်အိုးထဲက ကြက်သွန်၊ ပုစွန်ခြောက်အနှစ်များအပေါ် ဘဲဥများကိုမှောက်ထည့်ပါ။ ရှမ်းနံနံ ပါးပါးလှီးထည့်ပါ။ ရေအနည်းငယ်မျှထည့်ပေးပြီး ငံပြာရည် ဟင်းချိုမှုန့် အနေတော်ထည့်ပါ။ ရေခန်းလာလျှင် ဘဲဥများကိုလှန်ပါ။ ခဏဆက်ချက်ပါ။ ဆီပြန်ပြီဆိုလျှင် အိုးချနိုင်ပါပြီ။ ပန်းကန်ပြင်တဲ့အခါ ဘဲဥကို အောက်ကခင်းပြီး အနှစ်များကို အပေါ်ဘက်မှနှံ့အောင် ဖြူးပြီးပြင်ဆင်နိုင်ပါတယ်။

ပုစွန်ဟင်းသီးဟင်းရွက်ကြော်

လိုအပ်သောပစ္စည်းများ

ပုစွန် ၁၅ကျပ်သား၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ဘိုစားပဲ ငါးကျပ်သား၊ ပန်းငရုတ်ပွ တစ်တောင့်၊ မုန့်ညှင်းထုပ် သုံးလေးရွက်ခန့်၊ ပြောင်းဖူး ခပ်သေးသေး အဖူးတစ်ဝက်၊ ဆီ နှစ်ကျပ်သား၊ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် ၁၅မိနစ်

- ပုစွန်ကိုအခွံခွာ ဟင်းချိုမှုန့်တို့နဲ့ နယ်ထားပါ။ ပြောင်းဖူးကိုပြုတ်ပြီး အစေ့ခြွေထားပါ။ ပြောင်းဖူးပြုတ်ပြီးသားဝယ်ရင် ပိုပြီးလွယ်ကူမြန် ဆန်ပါတယ်။ ကြက်သွန်ဖြူ သုံးမြွှာကိုထုပြီး ဆီပူမှာ ဆီသတ်ပါ။

- ပါးပါးလှီးထားတဲ့ ပန်းငရုတ်ပွ၊ ဘိုစားပဲ၊ မုန်ညင်းထုပ်တို့ကို ထည့်ကြော်ပါ။ ပြောင်းဖူးစေ့ထည့်ပါ။ အသီးအရွက်များ ခပ်စိမ်းစိမ်းကျက်ရင် ဒယ်အိုးမှာ ဘေးကပ်ပြီး အလယ်မှာ ပုစွန်ကိုထည့်ကြော်ပါ။ ပုစွန်နီရောင်သန်းရုံဆိုရင်ရပါပြီ။

- ဟင်းသီးဟင်းရွက်များနဲ့ ပြန်ရောမွှေလိုက်ပါ။ အပေါ့အငန်မြည်းကြည့်လို့ အငန်လိုရင် ဆားနည်းနည်းထည့်ပြီးတဲ့အခါ ငရုတ်ကောင်း မှုန့်ဖြူးပြီး အိုးချလို့ရပါပြီ။ ပူပူလေးသုံးဆောင်ပါ။

ဝက်ခေါက်ဟင်းချို

လိုအပ်သောပစ္စည်းများ

ဝက်ခေါက်ကြော်အထုပ်ကြီး တစ်ထုပ်၊ ကော်မှုန့် လက်ဖက်ရည် တစ်ဇွန်း၊ ငရုတ်သီးစိမ်း ငါးတောင့်၊ ရှောက်ရွက် ငါးရွက်ခြောက်ရွက်၊ နံနံပင် အနည်းငယ်၊ ဆားနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် ၁၅မိနစ်

- သရေစာအဖြစ်စားတဲ့ ၀က်ခေါက်ကြော် အထုပ်လေးတွေကို အသုံးပြုတာပါ။ရေနွေးဆူလာအောင်တည်ပြီး ၀က်ခေါက်များကို အနေ တော် ချိုးဖြတ်ထည့်ပါ။

- ငရုတ်သီးစိမ်းများကို လေးစိတ်ကွဲ ထုပြီးထည့်ပါ။ ကော်မှုန့်၊ ဆားတို့ကို ရေအေးနဲ့ဖျော်ပါ။ ၀က်ခေါက်များ နူးပျော့လာရင် ဖျော်ထားတဲ့ ကော်ရည်လောင်းထည့်ပြီးမွှေပါ။ အရည်လေး မကျဲမပျစ်ဖြစ်လာရင် ရှောက်ရွက်၊နံနံပင်ထည့်ပြီး အပေါ့အငန်မြည်းချရုံပါပဲ။

- လွယ်ကူသက်သာပြီး အရသာတစ်မျိုးဆန်းတဲ့ ၀က်ခေါက်ဟင်းချိုကို ပူပူလေးသုံးဆောင်နိုင်ပါပြီ။

No comments: