Tuesday, July 12, 2011

လူငယ်လူရွယ် မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV – AIDS

မျိုးဆက်ပွား ကျန်းမာရေး ဆိုသည်မှာ မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများတွင် အနာ ရောဂါနှင့် ကိုယ်အင်္ဂါ ချို့တဲ့မှုတို့ ကင်းရှင်းရုံ သာမက မျိုးဆက်ပွား ကျန်းမာရေး ကိစ္စများနှင့် ပတ်သက်၍ ကာယသုခ၊ စိတ္တသုခ၊ လူမှုရေး သုခတို့နှင့် ပြည့်စုံခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။


မျိုးဆက်ပွား ကျန်းမာရေးတွင် အမျိုးသမီးများ၊ အမျိုးသားငယ်များ အရွယ်ရောက်၍ အပျိုဖော်၊ လူပျိုဖော် ၀င်ရာတွင် ဖြစ်ပေါ်တတ်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်း ဆိုင်ရာ ပြောင်းလဲမှုများ၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း ဆိုင်ရာ ကိစ္စများတွင် သိနားလည်၍ ကိုယ်ဝန် ဆောင်ရွက်ရမည့် အချက်များ၊ မျိုးဆက်ပွား ဆိုင်ရာ ကိုယ်အင်္ဂါ အစိတ် အပိုင်းများတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ၊ ကာလသား ရောဂါများနှင့် အိပ်(ခ်ျ)အိုင်ဗွီ၊ အေအိုင်ဒီအက်(စ်) ရောဂါ၊ ကင်ဆာ ရောဂါများကို ကာကွယ် ကုသရာတွင် လိုက်နာရမည့် အချက်များ ပါဝင်ပါသည်။

ကမ္ဘာပေါ်တွင် အသက်၁၀နှစ်မှ ၂၄နှစ် အရွယ် လူငယ်ပေါင်း ၁၅ ဘီလီယံ(ကုဋေတစ်သောင်းငါးထောင်)ရှိပါသည်။ ယင်းအနက် ၈၅ရာခိုင် နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်လျက် ရှိပါသည်။ မြန်မာနိုင်ငံ လူဦးရေ ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ အသက် ၁၀နှစ်မှ၂၄နှစ် အရွယ် ဆယ်ကျော်သက် လူငယ်များ ဖြစ်ကြသည်။ ဆယ်ကျော်သက် အရွယ်ကာလ ကလေးဘ၀မှ လူကြီး ဘ၀သို့ ကူးပြောင်းချိန် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုများ သိသိသာသာ ဖြစ်ပေါ်သည့် ကာလလည်း ဖြစ်ပါသည်။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

မိန်းကလေးများတွင် အပျိုဖော် ၀င်ချိန် ရုပ်ခန္ဓာ ကိုယ်ပြောင်းလဲမှုများသည် အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ်ခန့်တွင် စတင် ပြောင်းလဲလျက် ရှိသည်။ ခန္ဓာကိုယ် ပြည့်ဖြိုးလာပြီး ရင်သားများနှင့် မျိုးပွားအင်္ဂါများ ဖွံ့ဖြိုးလာကာ မီးယပ်စတင် ပေါ်လာလေ့ ရှိပါသည်။ သိသာစွာ အရပ် ရှည်လာမည်။ ရင်သားနှင့်တင် ဖွံ့ဖြိုးလာမည်။ ရာသီသွေး ပေါ်လာမည်။ ချိုင်းနှင့်ဆီးခုံမှာ အမွေးအမှင် ပေါက်လာမည်။ အဆီများပြီး အသား ချောလာ မည်။ အသံ ချိုလာမည်။ ချောမောပြီး ဆွဲဆောင်မှု ရှိလာမည်။ ယောက်ျားလေးများ လူပျိုဖော် ၀င်ချိန် ခန္ဓာကိုယ် ပြောင်းလဲမှု များသည် မိန်းကလေးများထက် နောက်ကျတတ်သည်။ အသက် ၁၃၊ ၁၄ နှစ်လောက်မှာ စပြီးသိသာစွာ အရပ် ရှည်လာမည်။ ရင်အုပ်၊ ပခုံးကျယ်လာမည်။ ကြွက်သား ကြီး ထွားကာ သုက်ရည် ထွက်နိုင်လာမည်။ ချိုင်း၊ ခြေသလုံး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနှင့် ဆီးခုံ မွေးပေါက်လာမည်။ ၀က်ခြံပေါက်လာမည်။ အသံ အောလာမည်။ စလုတ် ထွက်လာမည်။ ကလေးရုပ် ပျောက်ပြီး ရုပ်ပြောင်းလာမည်။ ဆယ်ကျော်သက် ဘ၀တွင် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားမူ တစ်ရှိန်ထိုး ဖြစ်ပေါ်လေ့ရှိပါသည်။ မျိုးရိုးဗီဇ အာဟာရ မှီဝဲမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များပေါ် မူတည်၍ ခန္ဓာကိုယ်၏ကြီး ထွားမှုသည် ဖြစ်ပေါ်တတ်ပါသည်။     

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

လူငယ်လူရွယ် ဘ၀ ဆယ်ကျော်သက်များသည် အဓိက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အနေဖြင့် ပင်ကိုသီးခြား စရိုက် ပေါ်ထွက်လာချိန် ဖြစ်ပြီး မိမိကိုယ် မိမိ တန်ဖိုး ထားတတ်လာသည့် အချိန် ဖြစ်ပါသည်။ မိန်းကလေးများသည် ရှက်တတ်လာမည်။ သို့သော် စွန့်စားချင် စိတ်လည်း ရှိလာမည်။ စိတ်လှုပ်ရှား လွယ်၊ ခံစားလွယ်သည်။ လှချင် ပချင်လာသည်။ အများ၏ စိတ်ဝင်စားမှုကို လည်း ခံချင်လာသည်။ အပေါင်းအသင်း ခင်ပြီး ကြင်နာယုယမှု ရချင်လာသည်။ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားလာပြီး ဆန့်ကျင်ဘက်လိင်၏ ဆွဲဆောင်ရာ နောက်သို့ လိုက်ပါတတ်သည်။

ယောက်ျားလေးများမှာ ဤအချိန်တွင် မိသားစုဝင် လူကြီးများနှင့် ကင်းကွာနေလေ့ ရှိပြီး မိမိနှင့် သက်တူရွယ်တူ များနှင့်သာ ပို၍ လွတ်လွတ် လပ်လပ် နေထိုင်ကာ ရင်းနှီးမှု ခိုင်မာစွာ တည်ဆောက်လေ့ ရှိပါသည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကိုလည်း စတင် ချမှတ်ချိန် ဖြစ်ပါသည်။ စွန့်စားသွား လာချင်ပြီး အတုမြင် အတတ်သင်လာသည်။ မိမိကိုယ် မိမိ လူလားမြောက်ပြီ ခံယူပြီး မိဘပြောဆို ဆုံးမသည်ကို လက်မခံဘဲ အပေါင်းအသင်း ခုံမင်ပြီး အပေါင်းအသင်းတွေနှင့် အချိန် ကုန်တတ်သည်။ အရာရာကို လက်တည့် စမ်းချင်ပြီး လက်တွေ့ ဆောင်ရွက်တတ်လာသည်။ အပေါင်းအသင်းတွေနှင့်သာ အချိန်ပြည့် ရှိနေတတ်ပြီး ဆေးလိပ်၊ အရက်၊ ဘီယာ၊ မူးယစ်ဆေး၊ လောင်းကစား၊ အပျော်အပါး ချစ်သူအတွဲများသည် လူငယ်များ၏ စိတ် လွတ်လပ်ရာ ထွက်ပေါက်များဖြစ်လာသည်။

ပတ်ဝန်းကျင် ပြောင်းလဲမှု

ဆယ်ကျော်သက် လူငယ်လူရွယ်ဘ၀တွင် လူကြီးမိဘနှင့် လူငယ်လူရွယ် တွေအကြား အမြင်မတူသဖြင့် စိုးရိမ်စိတ်နှင့်သတိပေးလျှင် လူငယ်တို့က မကြိုက်တတ်ပေ။ လက်မခံတတ်ပေ။ မိဘက သမီး မိန်းကလေး အချိန်မတော် သွားလာလျှင် မတော်သည့် လူနှင့်တွေ့ခြင်း၊ သူများ စော်ကားခြင်း၊ သဘော မတူသည့် သူနှင့် အိမ်ထောင်ကျခြင်း စသည်တို့ကို အပြော မခံပေ။ မိသားစု ဝေးကွာရာ ပတ်ဝန်းကျင် ပြောင်းလဲမှု အသစ်တွင် ပျော်ရွှင် နေတတ်ကြသည်။ ယောက်ျားလေး များသည် မိဘက အရက်၊ မူးယစ်ဆေး၊ လောင်းကစား၊ ရန်ပွဲ စသည်တွေနှင့် မလွှဲမရှောင်သာ အိမ်ထောင်ကျသွား၊ ပညာရေးတွင် ဘ၀အခြေ မခိုင် စသည်တို့အပြင် လူငယ် အချင်းချင်း ဆွဲဆောင်၊ ပြိုင်ဆိုင်၊ မခံချင်၊ ခွဲခြားဆက်ဆံ၊ အမြင်ကွဲ၊ စိတ်အားငယ်သည်တို့ ဖြစ်တတ်ပါသည်။ ပတ်ဝန်းကျင် ပြောင်းလဲမှု၊ ရိုက်ခတ်မှု အမျိုးမျိုးကြားမှာ လူငယ်တို့ ဖြတ်သန်း နေကြရ ပါသည်။ ပတ်ဝန်းကျင် ပြောင်းလဲမှုတွင် ဆယ်ကျော်သက်များ အတွက် မျိုး ဆက်ပွား ကျန်းမာရေး အသိပညာ ရရှိဖို့နှင့် ကူညီ စောင့်ရှောင့်မှုရရန် လိုအပ်ပါသည်။ ဤအချိန်တွင် မိသားစု၏ နားလည်ပေးနိုင်မှု၊ ကူညီ ပံ့ပိုးမှုတို့ အထူး လိုအပ်ပြီး ဆယ်ကျော်သက် လူငယ်များ၏ စွမ်းပကားကို မှန်ကန်သော လမ်း ကြောင်းပေါ်သို့ ရောက်အောင် ထိန်းကျောင်းပေးရန် အထူး အရေးကြီးလှသည်။

အမူအကျင့် ပြောင်းလဲမှုများ

ဆယ်ကျော်သက် လူငယ်များသည် မိမိ၏ မိသားစု အသိုင်းအ၀ိုင်း အပြင် ဘက်မှ သက်တူရွယ်တူ သဘာဝ တူညီသော ပုဂ်္ဂိုလ်များနှင့် ရင်းနှီးမှုများ အခိုင်အမာ တည်ဆောက်ချိန်တွင် အတွေ့အကြုံသစ်များ၊ ပတ်ဝန်းကျင်၏ သြဇာ လွှမ်းမိုးမှုများ၊ စူးစမ်း လေ့လာရန် ဖိအား ပေးသူများနှင့် ကြုံတွေ့နိုင်ကြပါသည်။

ထို့ကြောင့် ဆယ်ကျော်သက် အရွယ် လူငယ်များသည် အန္တရာယ် ဖြစ်စေ သော အပြုအမူများ ဖြစ်သည့် ဆေးလိပ်သောက်ခြင်း၊ အရက်သေစာ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းတို့ကို စမ်းသပ် စူးစမ်းကြည့်ခြင်း၊ လိင်မှု ကိစ္စ အပျော်အပါး စမ်းသပ်ကြည့်ခြင်း စသည်များကို အန္တရာယ် မမြင်ဘဲ ကျူး လွန်နိုင်ကြပါသည်။ လူကြီး မိဘများ အနေဖြင့် ဤကဲ့သို့ ပြောင်းလဲမှုများ အပေါ် နားလည်မှု ရှိပြီး ညင်သာစွာ ဆက်ဆံ ပြောဆိုပြီး အကျိုးသင့် အကြောင်းသင့် နည်းမှန်လမ်းမှန် ရောက်အောင် ပံ့ပိုးဆောင်ရွက် ပေးနိုင်ပါသည်။

ဆယ်ကျော်သက် လူငယ်များ၏ ၃၀ ရာခိုင်နှုန်းသာ စာသင်ကျောင်းများ တွင် ပညာ သင်ကြားလျက် ရှိပြီး ကျန် ၇၀ ရာခိုင်နှုန်းသည် ကျောင်းပြင်ပတွင် မိမိတို့ ဘ၀ရပ်တည်မှု အတွက် အသက မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်ဆောင်ရွက် နေကြပါသည်။ ဆယ်ကျော်သက် လူငယ်လူရွယ် ၉၀ ရာခိုင်နှုန်းတို့သည် မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV-AIDS အကြောင်း ဂဃ နဏမသိဘဲ ကျန်ရာခိုင်နှုန်း အနည်းငယ် လူများသာ သိရှိကြသည်။ ယနေ့ခေတ် လူငယ်လူရွယ်များသည် အရာရာကို လက်တွေ့ စမ်းသပ်ချင်၊ စူးစမ်းချင်သည့် စိတ်ရှိကြသည်။

အထူးသဖြင့် အရွယ်မရောက်မီ လိင်အထိအတွေ့ အရသာ ခံစားချင်ကြသည်။ အရင်က HIV-AIDS ဆိုလျှင် နိုင်ငံခြားပြန် ရောဂါ၊ ပြည့်တန်ဆာ ရောဂါ၊ လိင်အပျော်အပါး လိုက်စားသော ရောဂါ၊ မူးယစ်ဆေး သုံးစွဲသူ၌ တွေ့ရသော ရောဂါ ဆိုသော်လည်း နောက်ပိုင်းတွင် ဆယ်ကျော်သက် လူငယ် လူရွယ်များထဲသို့  ၀င်ဆံ့လာပြီး ကူးစက်မှုနှုန်း မြန်ဆန် မြင့်တက်လာ ခဲ့သည်။ လူငယ် လူရွယ်များသည် (အထူးသဖြင့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများပင်)မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV-AIDS ကျန်းမာရေး အသိပညာ မရှိမှုကြောင့် လူငယ် မျိုးဆက်သစ်များ အတွက် စိုးရိမ်စရာ ဖြစ်နေ ပါတော့သည်။

လူငယ်လူရွယ်  ဆယ်ကျော်သက်များထဲတွင် အမေရိကန် ဟောလိဝုဒ်ရုပ်ရှင်၊ ကိုရီးယားမင်းသား၊ မင်းသမီးများနှင့် အင်္ဂလန်၊ စပိန်၊ အီတလီ ဘောလုံး စတားများ ကဲ့သို့ အနောက်တိုင်း ချစ်သူတို့ သဘာဝအရ  လက်မထပ်ခင် အတူနေ ချစ်သူအဖြစ် အတူ နေထိုင်ကြသလို ဟန်းနီးမွန်း ခရီးသည်များ ဖြစ်နေသည်ဟု မြင်နေရပါသည်။ ကြားနေရပါသည်။

ဆယ်ကျော်သက် လူငယ်လူရွယ် အများစုသည် မိဘ ရင်ခွင်မှ အဝေး၌ အလုပ် လုပ်နေရသည်၊ ကျောင်းတက် နေရသည် ဆိုပြီး မိဘများ၏ ယုံကြည် မှုကို အလွဲသုံးစား လုပ်၍ ကိုယ့်ချစ်သူ၏ တောင်းဆိုမှု၊ အပေါင်းအသင်းများ ဆွဲဆောင်မှုကို သာယာနစ်မျော မိပြီး လိင်အပျော်အပါး မဆင်မခြင် လိုက်စား လွန်းသောကြောင့် မလိုလားအပ်သော ကိုယ်ဝန်များ ရလာပြီး ချစ်သူ၏ ပစ်ခွာမှုကို ခံရကာ နောက်ဆုံး ကိုယ်ဝန် ဖျက်ချခြင်း၊ တိတ်တဆိတ် ကလေးမီးဖွား ရခြင်းများ ဖြစ်ကြရပါသည်။ မိန်းကလေး အများစု၏ အပျိုစင် ဂုဏ်သိက္ခာ ထိခိုက်ရပါတော့သည်။ မလိုလားအပ်သည့် ကိုယ်ဝန် ဖျက်ချစဉ် သေဆုံး ရခြင်း၊ နာမကျန်း ဖြစ်ရခြင်းများလည်း ကြုံရနိုင်သည်။

ဆယ်ကျော်သက် လူငယ် လူရွယ်များတွင် HIV-AIDS ရောဂါကူးစက် နိုင်သည့် အပြုအမူ များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြည့်တန်ဆာများနှင့် ဆက်ဆံခြင်း၊ အပျော်အပါး လိုက်စားခဲ့သော အဖော်နှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက် များပြားခြင်း၊ လိင်မှု ဆိုင်ရာ နောက်ကြောင်း ရာဇ၀င် မသိသူများနှင့် လိင်ဆက်ဆံခြင်း၊ ဆယ်ကျော်သက် လူငယ် လူရွယ်များတွင် မျိုးဆက်ပွား ကျန်းမာရေး အသိပညာ မသိရှိမှုတို့ ကြောင့် အစီအစဉ်မရှိ အိမ်ထောင်ကျခြင်း၊ မမျှော် လင့်ဘဲ ကိုယ်ဝန် ရှိသွားခြင်း၊ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ အပါအ၀င် လိင်မှတစ်ဆင့် ကူး စက်တတ်သော ရောဂါများ ကူးစက်ခံရခြင်းတို့ ဖြစ်သည်။

အကာအကွယ်မဲ့ လိင်ဆက်ဆံဖက် များပြားခြင်းတို့ကြောင့် လိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများဖြစ်သည့် ဆစ်ဖလစ် ရောဂါ၊ ဂနိုညောင်းကျ ရောဂါ၊ လိင်ကျရောဂါ၊ အဖြူဆင်းခြင်း စသည့် ကာလသား ရောဂါများ၊ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ၊ ခုခံအား ကျဆင်းမှု ကူးစက် ရောဂါများ ဖြစ်သည်။

ဆယ်ကျော်သက် လူငယ် လူရွယ်များတွင် မိမိတို့ ဘ၀ ရပ်တည်မှု အတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက် နေသော လူငယ်လူရွယ်များ၊ ပညာ သင်ကြားနေ သော လူငယ် လူရွယ်များနှင့် အလုပ်တစ်ဖက်နှင့် ကျောင်းတက် နေရသော လူငယ်လူရွယ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် ကျောင်းများ နေရာအနှံ့ တည်ရှိလာသောကြောင့် ကျောင်း သား၊ ကျောင်းသူများ၏ အပြုအမူ၊ အမူအကျင့် များသည် တဖြည်းဖြည်း ကူးစက် ပြောင်းလဲလာသည်။ တက္ကသိုလ်ရောက် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ် မရောက်ခင်၌ ရိုးရိုးအေးအေးနှင့် အေးဆေး တည်ငြိမ်သော်လည်း တက္ကသိုလ်တွင် သူတို့၏ အပြုအမူ၊ အမူအကျင့် များပြောင်းလဲကာ ဆန်းပြားလာခဲ့သည်။ ယောက်ျားလေးများသည် ငယ်ရွယ်စဉ်၌ပင် ဆန့်ကျင်ဘက် မိန်းကလေးများကို စိတ်ဝင်စားလာ ပြီး ရည်းစား ထားတတ်စ ပြုလာပြီး အချစ်ဟူ သည် ရယူပိုင်ဆိုင်ခြင်းဟုယူဆကာ  အထိအတွေ့ များလာပြီး လိင်ဆက်ဆံခြင်းများ စတင် ပြုလုပ်လာသည်။

အချို့ လူငယ်လူရွယ်များသည် ရည်းစားနှင့် ပြတ်စဲသည့် အခါ အသည်းကွဲခြင်း၊ အလုပ်ပင်ပန်းသည့် အခါ အညောင်းပြေ သောက်သုံးခြင်း၊ ၁၂ ရာသီ ပျော်ပွဲ ရွှင်ပွဲများ၌ သောက်သုံးခြင်း၊ နှုတ်ဆက် ခွဲခွာခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းစသည်ဖြင့် အကြောင်းအမျိုးမျိုး ပြကာ အရက် သောက်တတ်လာသည်။

မိန်းကလေးများသည် အနေအထိုင် အေးဆေးပြီး သိမ်သိမ်မွေ့မွေ့ဖြင့် မိန်းမ ပီသသည့် အမူအရာ ရှိသော်လည်း တက္ကသိုလ်၌ ရည်းစား ထည်လဲတွဲကာ ခန္ဓာကိုယ်ကို ပုံအပ်ပါတော့ သည်။ အချို့မိန်းကလေးများသည် ကျောင်းသူ ဘ၀၌ပင် မှားယွင်းသော အပြုအမူတို့ကြောင့် လိင် ဆက်ဆံခြင်း များပြားလာပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းတတ်၍ လိင်အကြမ်းဖက် စော်ကား ခံရကာ လမ်းမှားရောက်ပြီး မကောင်းသော အသက်မွေးမှုနှင့် ဘ၀ နစ်မွန်းကာ ဘ၀ ပျက်ရပါ တော့သည်။

အချို့ မိန်းကလေးများသည် ကျောင်းတက်စဉ်တွင် ရည်းစား ထည်လဲတွဲသွား လာပြီး လိင်အကာအကွယ်မဲ့ ဆက်ဆံခြင်းကြောင့် မမျှော်လင့်ဘဲ ကိုယ်ဝန် ရှိလာပြီး ရည်းစားဖြစ်သူ၏ စွန့်ပစ်မှုကို ခံရတာ အချို့မှာ ကိုယ်ဝန်ကို ဖျက်ချပြီး နာမကျန်း ဖြစ်ပါတော့သည်။ အချို့မှာ ကိုယ်ဝန် ဖျက်ချချင်သော်လည်း မိမိအသက် ဆုံးရှုံးမှာ စိုးရိမ်သည့်အတွက် တိတ်တဆိတ် မီးဖွားကာ မီးဖွားပြီးလျှင် ကလေးကို တိတ်တဆိတ် စွန့်ပစ် ပါတော့သည်။ ထို့ကြောင့် တက္ကသိုလ်ဝန်းကျင် ဒေသများတွင် မိဘမဲ့ ကလေးများဦးရေ တိုးပွား လာကာ စွန့်ပစ်ခြင်း ခံနေရသည်။

ထို့ကြောင့် မိန်းကလေးများသည် ကျောင်းတက်စဉ် ရည်းစားနှင့် တွဲ၍ အပျော်အပါး လိုက်စားသောကြောင့် ရည်းစား ဖြစ်သူမှာ မိမိ၏ ဘ၀အတွက် ထာဝရ လက်တွဲဖော် ဖူးစာဖက် မဟုတ်မှန်း သိသော်လည်း ယုံကြည်ကာ ခန္ဓာကိုယ် ပုံအပ်ခဲ့သည်။ အစတွင် ရုပ်ရည် ချောမောလှပခဲ့ သော်လည်း ကျောင်းပြီးသွားသော အခါ မိန်းကလေးများ အပျိုစင် ဘ၀ကို တန်ဖိုးထားဂုဏ်ယူ ၀င့်ကြွားရမည့်အစား မှားယွင်းစွာ အထိအတွေ့၌ သာယာမိခဲ့သော အပျိုစင်ဘ၀ ပျက်စီး ဆုံးရှုံးကာ အလှအပ ကိုယ်ခန္ဓာ ပျောက်ဆုံးရသည်။ ခန္ဓာကိုယ် ပုံပျက်ပန်းပျက် ဖြစ်ကြရသည်။ မိမိနှင့် ထာဝရ လက်တွဲဖော် အတွက် တရားသည်၊ မတရားသည် မိမိကိုယ်တိုင် ဝေဖန် ဆန်းစစ်ကြည့်ပါ။

ကျောင်းသား၊ ကျောင်းသူများ၏ မှားယွင်းသော အပြုအမူ၊ အမူအကျင့် များသည် ပတ်ဝန်းကျင်ရှိ လူရွယ် လူငယ်များထံ အမြန် ကူးစက်လာသည်။ ယနေ့ခေတ် လူငယ်များတွင် အရက် မသောက်တတ်သည့် လူငယ် မရှိ သလောက် ရှားပါးလာပြီး လူငယ် လူရွယ်များထဲတွင် အရက်သောက်ခြင်း သည် ခေတ်မီသည်ဟု ထင်မှတ်လာသည်။ ကျောင်းသား၊ ကျောင်းသူများ သည် ၀ိုင်းဖွဲ့ကာ ထန်းရည်၊ ခေါင်ရည်၊ ဘီယာ၊ အရက်များ သောက်သုံး ခြင်းသည် ခေတ်အမီဆုံး ဓလေ့တစ်ခု ဖြစ်သည်။

ဆယ်ကျော်သက် လူငယ် လူရွယ်များသည် ကျောင်းတက်စဉ် မိဘများ၏ အရိပ်ထဲမှ ခဏ ခွဲခွာနေစဉ် ဇောင်းလွှတ်သည့် မြင်းပမာ ပရမ်းပတာ လွတ်ထွက်လာခြင်းသည် မိမိဘ၀ ပျက်စီးခြင်း၏ အစဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူငယ် လူရွယ်များသည် ကျောင်းသူ၊ ကျောင်းသားများ၏ လူမြင်ကွင်းထဲတွင် တစ်နေကုန် သွားလာ ခြင်း၊ နေ့ဘက်၊ ညဘက် ရည်းစားနှင့် အတူတကွနေထိုင်ခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံလာပြီး လိင်ဆက်ဆံဖက် များလာသည်။ ပတ်ဝန်းကျင်ရှိ အချို့ မိန်းကလေးများသည် လူပြတ်သည့် နေရာတွင် ရည်းစားနှင့် ချိန်းတွေ့စဉ် လိင်ကိစ္စ အကြမ်းဖက် ခံရတတ်ပြီး ဘ၀ နစ်မွန်းတတ်သည်။

အချို့မိန်းကလေး များသည် ငယ်ရွယ်စဉ် စားဝတ်နေရေး ခက်ခဲပင်ပန်းစွာ ရုန်းကန် နေထိုင်ခဲ့ရပြီး မကောင်းသည့် ပတ်ဝန်းကျင်၏ သွေးဆောင်ဖြားယောင်းမှု ခံရပြီး ငွေအတွက် ပြည့်တန်ဆာ ဘ၀ရောက်ကြရသည်။ ပတ်ဝန်းကျင်ရှိ မိန်းကလေးငယ်များ သည် မမျှော်လင့်ဘဲ ကိုယ်ဝန် ရှိလာခဲ့သော် မလိုလားအပ်သည့် ကိုယ်ဝန်ကို မိဘနှင့် ပတ်ဝန်းကျင် သိရှိမည်ကို စိုးရိမ်သည့်အတွက် မိဘနှင့် ပတ်ဝန်းကျင် မသိအောင် ကိုယ်ဝန် ဖျက်ချတတ်သည်။

 

ထို့ကြောင့် ဆယ်ကျော်သက် လူငယ်လူရွယ် ဘ၀တွင် မှန်ကန်သည့် မျိုးဆက်ပွား ကျန်းမာရေး အသိပညာ သိရှိနိုင်ရန် လိုအပ်နေပြီး မှန်ကန်သည့် ကျန်းမာရေး အသိပညာများ ရှိနေမှသာ အန္တရာယ် ဖြစ်စေတတ်သော အပြုအမူများ၊ အမူအကျင့်များကို သိရှိ ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဆယ်ကျော် သက် လူငယ် လူရွယ်များ၏ အတွေးအခေါ် အယူအဆနှင့် အမူအကျင့်များ ပြောင်းလဲ လာအောင် လူငယ်အချင်းချင်း စည်းရုံး ပညာပေးခြင်းသည် ဆယ်ကျော်သက် လူငယ်လူရွယ်များ အတွက် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။

နေရာ အနှံ့အပြားမှာ ရှိသည့် လူငယ်လူရွယ် သူငယ်ချင်းများသို့

မရှိတာထက် မသိတာ ခက်ပါသည်။ သူငယ်ချင်းတို့သည် တခြား ကိစ္စ တွေကို မသိတာထက် HIV ပိုးကူးစက်ခြင်းနှင့် AIDS ရောဂါအကြောင်း မသိတာက ပိုပြီး စိုးရိမ်စရာ ကောင်းပါသည်။ ဤဆိုခဲ့သည့် နည်းလမ်းများနှင့် HIV ပိုး ကူးစက် ခံရလာနိုင်သည်။ အန္တရာယ် ရောဂါဆိုးများ မဖြစ်ရန် မိမိတို့ ငယ်ရွယ်စဉ် ဆက်ကျော်သက် လူငယ် ဘ၀၌ အပျိုစင်၊ လူပျိုစင် ဘ၀ကို ထိန်းသိမ်းပါ။ ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိန်းသိမ်းပါ။ သူငယ် ချင်းကောင်းများ ရွေးချယ်ပေါင်းသင်းပါ။ အများပြည်သူ အကျိုးပြု ပရဟိတ လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပါ။ အားကစား လေ့လာလိုက် စားသည့် အလေ့အကျင့်ကောင်းများ ဆောင်ရွက်ပါ။ စာများများ ဖတ်၍ အတွေး အခေါ်ကောင်းများ ရရှိအောင် ဆောင်ရွက်ပါ။ မိမိတို့၏ အားလပ်ချိန်များကို တန်ဖိုးရှိရှိ အသုံးချပါရန် သူငယ်ချင်းတို့အား သိစေချင်ပါသည်။

 

နေနေဇော်၊လမ်းဟောင်း၊
(Teen မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၁)

No comments: