Friday, July 8, 2011

စိတ်ကသိကအောက် ဖြစ်စေသော သူငယ်ချင်းများ

လူရယ်လို့ဖြစ်လာပြီးမှ မိတ်ဆွေအပေါင်းအသင်းတွေလည်း ရှိကြမှာပါ။ အဲဒီထဲကမှ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပေါင်း အသင်းမျိုး တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံဖူးကြမှာပါ။ ကိုယ့်အပေါ်မကောင်းကြံတာမျိုး ကောက်ကျစ်တာမျိုးမရှိဘဲ ကိုယ့်အပေါ် ကောင်းနေပေမယ့် သူတို့ရဲ့အပြုအမူက ကိုယ့်ကို စိတ်ကသိကအောက် ဖြစ်စေတာမျိုး ကြုံဖူးကြမှာပါ။ ဥပမာအားဖြင့် အရာရာကို ပုံကြီး ချဲ့တတ်လွန်းတဲ့သူငယ်ချင်းမျိုး၊ အမြဲစိတ်ပျက်အားငယ်နေတဲ့သူငယ်ချင်းမျိုး၊ အပိုတွေပြောတတ်လွန်းတဲ့ သူငယ်ချင်းမျိုနဲ့ ကိုယ့်ကို အသက်ရှူကြပ်လောက်တဲ့အထိ စိတ်ကျဉ်းကြပ်စေတဲ့ သူငယ်ချင်းမျိုးတွေပေါ့။ အဲလို သူငယ်ချင်းမျိုးတွေနဲ့ ကြုံလာတဲ့အခါ ကိုယ်လည်း စိတ်ကသိကအောက်မဖြစ်အောင် အခင်အမင်လည်းမပျက်အောင် ပေါင်းသင်းဆက်ဆံနိုင်တဲ့နည်းလမ်းတွေကို အကြံပေးလိုက်ပါတယ်။

ပုံကြီးချဲ့တတ်တဲ့သူငယ်ချင်း

သူက သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းထဲမှာပဲနေကာ၊ သူ့ဘ၀ကို ပြဇာတ်ဆန်ဆန်ဖြတ်သန်းချင်သူမျိုးပါ။ ဘယ်အရာမဆို ပုံကြီးချဲ့လွန်းကာ အစွန်းရောက်တဲ့အထိ တွေးတတ်ပါတယ်။ ဘာမှမဟုတ်တဲ့ ပြဿနာသေးသေးလေးတွေက သူ့အတွက်တော့ ကမ္ဘာပျက်မတတ် ကြီးကျယ်လွန်းနေတတ်ပါတယ်။

ဘာကြောင့် စိတ်ကသိကအောက်ဖြစ်ရသလဲ

သူနဲ့ပေါင်းရတာ စိတ်တထင့်ထင့်နဲ့ပဲ။ ကိစ္စငယ်လေးတွေကိုတောင် သူဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိုးရိမ်နေရတယ်လေ။ စကားမှား မိရင် အဓိပ္ပာယ်တလွဲပေါက်ပြီး စကားအထအနကောက်သွားမှာစိုးတာကြောင့် စကားကို သတိထားပြောနေရတာကလည်း တစ်ဒုက္ဓပါပဲ။ ပြီးတော့ သူပေါက်ကွဲနေချိန်၊ စိတ်လှုပ်ရှားနေချိန်၊ ၀မ်းနည်းနေချိန်မျိုးမှာ အစွန်းရောက်ပြီး အကယ်ဒမီရှော့အိုက်တင်တွေလည်း လုပ်ပြ တတ်တာကြောင့်ပေါ့။

ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲ

သူ့ကိုကြည့်ရတာ ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလို စိတ်ဝင်စားဖွယ်ကောင်းကာ ဘယ်တော့မှ ပျင်းရတယ်မရှိပေမယ့် သူ့ကိုလိုက်ပြီး ပျာပျာသလဲမဖြစ်မိအောင်၊ သူ့ကိုအာရုံမထားမိအောင် ကြိုးစားပါ။ သူ့လိုပုံကြီးချဲ့တတ်သူတွေဟာ လူအများရဲ့ အာရုံစိုက်တာ ခံချင် ကြသူတွေပါ။ သူအဲလိုဖြစ်နေချိန်မှာ သင့်အနေနဲ့ ဘာမှမထူးခြားသလို ပုံမှန်အတိုင်းနေနေပါက သူလည်း ခဏနေရင်ငြိမ်သွားပါလိမ့်မယ်။

သူ့ကိုဘာပြောရမလဲ

သူ့ပြဿနာတစ်ခုခုကို ပုံကြီးချဲ့လိုက်တိုင်း 'ဒီကိစ္စကအဲလောက်ကြီးလည်း မဟုတ်သေးပါဘူး။ ငါတို့ အတူတူ အဖြေရှာကြည့်ကြတာ ပေါ့။ ဒါပေမဲ့ အချိန်ပေးပြီး ခေါင်းအေးအေးထားပြီး စဉ်းစားလိုက်။ အကြံကောင်းတွေ ထွက်လာပါလိမ့်မယ်နော် ' လို့ပြောကြည့်ပေးပါ။

အသနားခံချင်တဲ့ သူငယ်ချင်း

'နေကောင်းလား၊ အဆင်ပြေလား' လို့မေးလိုက်တိုင်း 'အင်း' လို့ ဘယ်တော့မှပြန်ဖြေမယ့်လူမျိုး မဟုတ်ပါဘူး။ အဲဒီအစား သူ့ရဲ့အခက် အခဲတွေ၊ ပြဿနာတွေကို ညည်းပြမယ့်သူမျိုးပါ။ သူ့အတွက် ဘယ်ဟာကမှ အဆင်ပြေတယ်ရယ်လို့ မရှိပါဘူး။ ကြည့်လိုက်တိုင်း စိတ် ပျက်အားငယ်နေပုံပေါက်ကာ တခြားသူတွေ သနားတာခံချင်နေသူပါ။

ဘာကြောင့်စိတ်ကသိကအောက်ဖြစ်ရသလဲ

မကောင်းမြင်စိတ်များသူတွေဟာ ခိုလိုညည်းညူတတ်ကြပြီး သူတို့ရဲ့ သုန်မှုန်နေတဲ့ စိတ်က ကူးစက်ရောဂါပိုးထက်တောင် ပိုအကူးမြန် ပါသေးတယ်။ ကိုယ့်ဟာကိုယ်ပျော်နေပြီး mood ကောင်းနေရင်တောင် သူတို့နားရောက်တဲ့အခါ သူတို့ညည်းညူတာကို နားထောင်ပြီး ကိုယ်ကပါ အကြည်ဓာတ်ပျောက်ကာ လိုက်ပြီးသုန်မှုန်သွားတတ်ပါတယ်။ ဘယ်သူကမှာတော့ အမြဲပျော်မနေတတ်တာမှန်ပေမယ့် သူ့ ကြည့်ရတာ ဘယ်တော့မှ ပျော်ရွှင်တဲ့ ပုံပေါက်မနေပါဘူး။

ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ

တချို့သူငယ်ချင်းတွေက တကယ့်ကို အခက်အခဲရင်ဆိုင်နေရလို့ စိတ်ပျက်အားငယ်နေတာမျိုးရှိသလို တချို့ကလည်း အလိုလိုနေရင်း အဆိုးမြင်စိတ်များကာ ညည်းညူတတ်တာမျိုးရှိတာကြောင့် အဲဒီနှစ်မျိုးကို အရင်ဆုံးခွဲကြည့်တတ်ဖို့လိုပါတယ်။ အသနားခံချင်တဲ့ သူငယ်ချင်းမျိုးဆိုရင်တော့ သူ့ကို အကောင်းမြင်စိတ်များအောင် အားပေးကူညီပါ။ စကားစမြည်ပြောဆိုရာမှာလည်း ပုံစံပြောင်းပြော ကြည့်ပါ။ ဥပမာ 'ဒီကျောင်းပိတ်ရက် ဘယ်လိုနေလဲ' လို့မေးမယ့်အစား 'ဒီကျောင်းပိတ်ရက်မှာ လုပ်ခဲ့သမျှ ဘယ်ဟာကို အကြိုက်ဆုံးလဲ' လို့ ပြောင်းမေးလိုက်ပါ။

သူ့ကိုဘာပြောရမလဲ

သူတစ်ခုခုကိုညည်းညူလာတဲ့အခါ 'သူငယ်ချင်းရယ်၊ နင်အဲလို အဆိုးတွေတွေးနေမယ့်အစား အကောင်းဘက်ကလှည့်တွေးလိုက်ပါလား။ နင့်မှာ ကောင်းတဲ့အရာတွေ အများကြီးရှိပါတယ်ဟာ' လို့ပြောကြည့်ပေးပါ။

အပိုတွေပြောတတ်တဲ့သူငယ်ချင်း

သင်တို့နှစ်ယောက်စလုံး အတူသွားခဲ့တဲ့ နေရာအကြောင်း သူများတွေကို သူပြန်ပြောပြတဲ့အခါ အပိုတွေထည့်ပြောတာကြောင့် သူပြော တာ အဲဒီနေရာရော ဟုတ်ရဲ့လားလို့ ပြန်စဉ်းစားရတဲ့အထိပါ။ အဲဒီနေရာမှာ လူအနည်းငယ်ပဲရှိနေတယ်ဆိုရင် သူပြန်ပြောတဲ့အခါ လူ ပေါင်းရာနဲ့ချီရှိနေသလိုပြောတတ်ပါတယ်။ ကိစ္စအတော်များများမှာ အဲလိုအပိုတွေထည့်ပြောတတ်ပါတယ်။

ဘာကြောင့်စိတ်ကသိကအောက်ဖြစ်ရသလဲ

သူပြောသမျှအရာတိုင်းကို သင့်အနေနဲ့ ယုံကြည်လို့မရဘူးဖြစ်နေပါတယ်။ သူပြောသလို တကယ်ရောဖြစ်ခဲ့ရဲ့လား၊ ဘာတွေကို ချဲ့ကား ပြောနေပါလိမ့်လို့ နှစ်ခါပြန်စဉ်းစားနေရပါတယ်။ သူပြောတာကို အလိုက်အထိုက်ပြန်ပြောလိုက် ဟုတ်ရောဟုတ်ပါ့မလားလို့ တွေးလိုက် နဲ့ သင့်ခမျာ ခေါင်းရှုပ်နေရတတ်ပါတယ်။

ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ

များသောအားဖြင့် သူပြောတာတွေက အန္တရာယ်မရှိသလို သူ့ရဲ့အတွင်း စိတ်မလုံခြုံမှုကြောင့် သူ့ဘ၀ကို ပိုပြီးစိတ်ဝင်စားဖွယ်ကောင်း အောင် ချဲ့ကားပြောဆိုတတ်တာပဲ ဖြစ်ပါတယ်။ သင့်အပေါ် အကောက်ကြံတာတို့၊ မကောင်းတဲ့အကြံနဲ့ လိမ်ညာပြောတာတို့ မလုပ်လာ ရင်တော့ ကိစ္စမရှိပါဘူး။ သူ့ဘာသာသူ နေပါစေ။

သူ့ကိုဘာပြောရမလဲ

နောက်တစ်ခါ သူတစ်ခုခုချဲ့ကားပြောဆိုနေပါက 'ဟင် နင်အဲဒီနေရာအကြောင်းပြောနေတာကော ဟုတ်ရဲ့လား၊ ငါမှတ်မိတာက တစ်မျိုး ပါ။ နင်ပြောသလိုလဲ ဟုတ်ဘူး' လို့ပြောကြည့်ပေးပါ။

အတင်းတွယ်ကပ်နေတဲ့သူငယ်ချင်း

သူတွယ်ကပ်နေပုံက သင့်ကို အသက်ရှူကြပ်လောက်စေပါတယ်။ တစ်ခါတစ်ရံများဆိုရင် သူငယ်ချင်းနဲ့တောင်မတူဘဲ အမေနဲ့တောင်ပို တူလောက်တဲ့အထိ 'ဘယ်မှာလဲ'၊ 'ဘယ်သူနဲ့လဲ' စတဲ့မေးခွန်းတွေကို မကြာခဏမေးနေတတ်သူပါ။ သူဟာ သင့်အနားမှာ အမြဲရှိနေချင် သလို တခြားသူတွေကို အချိန်ပေးလိုက်မှာလည်း စိုးရိမ်နေတတ်ပါတယ်။

ဘာကြောင့်စိတ်ကသိကအောက်ဖြစ်ရသလဲ

သူက သင့်ဘ၀ကို အပိုင်စီးထားသလို ခံစားရစေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့တခြားသူငယ်ချင်းတွေထားတဲ့အပေါ်မှာလည်း အပြစ်ရှိ သလို ခံစားရစေပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေဖြစ်နေရင်တောင် ကိုယ်ပိုင် အချိန်ရှိဖို့လိုတာကြောင့် အနားမှာ သူအမြဲရှိနေခြင်းက စိတ်မလွတ်မလပ်ဖြစ်စေပါတယ်။ သူနဲ့အတူ အချိန်ဖြုန်းဖို့ အတင်းဖိအားပေးခံထားရတယ်လို့လည်း ခံစားရစေပါတယ်။

ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲ

ဒီပြဿနာကိုတော့ ဂရုစိုက်ပြီး ဖြေရှင်းရပါမယ်။ သူ့အနေနဲ့ သင်သူငယ်ချင်းအသစ်တွေရပြီး သူ့ကိုမေ့သွားမှာကိုကြောက်ပြီး စိတ်မလုံ ခြုံဖြစ်နေတာကြောင့် သူ့ကို သင်ဘယ်လောက်ခင်ကြောင်း၊ သစ္စာရှိကြောင်း ဒါပေမဲ့ ဘယ်လောက်ခင်တဲ့သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ကိုယ် ပိုင်သီးသန့်ရှိဖို့လိုကြောင်း နားချလိုက်ပါ။ သင်မရှိဘဲ သူ့ဘာသာသူ နေတတ်အောင် အချိန်ဖြုန်းတတ်အောင် အားပေးကူညီလိုက်ပါ။

သူ့ကိုဘာပြောရမလဲ

သင့်ကိုတွယ်ကပ်နေပြီလို့ ခံစားရပါက 'တစ်ခါတလေမှာ ငါတို့တစ်တွေ တစ်ယောက်တည်း ကိုယ်လုပ်ချင်ရာလုပ်ဖို့ အချိန်သီးသန့်ပေး ရင် ငါတို့ရဲ့ခင်မင်မှုတွေ ပိုပြီးခိုင်မြဲမှာ။' လို့ပြောပေးပါ။

No comments: