Thursday, July 14, 2011

အိပ်မက်တွေ လမ်းလျှောက်နေတဲ့မြို့

ပဲရစ်လို့နာမည်ကျော်တဲ့ ပါရီမြို့ဟာ ပြင်သစ်နိုင်ငံရဲ့မြို့တော်ဖြစ်ပါတယ်။နှစ်စဉ်အရေအတွက် သန်းချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပျားပန်းခတ်မျှ အလည်အပတ်သွားရောက်လေ့ရှိတဲ့ ကမ္ဘာသိထင်ရှား ခရီးသွားနေရာတစ်ခုပဲဖြစ်ပါတယ်။

အလင်းရောင်မြို့တော်လို့ တင်စားကြသလို ရိုမန့်တစ်မြို့တော်လို့လည်း သတ်မှတ်ခေါ်ဝေါ်ကြတဲ့ ပဲရစ်ဟာ အနုပညာရှင်များစွာ လင်း လက်တောက်ပရာဌာနေလည်းဖြစ်ပါတယ်။ မြို့တစ်မြို့လုံးဟာ သူ့ရဲ့သမိုင်းကြောင်းနဲ့ ဂန္တ၀င်ဆန်ဆန်အလှအပမှာ အိပ်မောကျနေသလို ရှိပေမဲ့ ပဲရစ်ရဲ့လမ်းမတွေထက်မှာတော့ လူများစွာရဲ့ အိပ်မက်တွေဟာ လမ်းလျှောက်နေကြပါတယ်။

ပဲရစ်ဟာ မြို့ကြီးတစ်မြို့ရဲ့ခမ်းနားမှုအရှိန်အ၀ါကို ဖော်ဆောင်နေပေမဲ့ သူထံအလည်အပတ်လာရောက်တဲ့ ဧည့်သည်အတွက် မြို့တွင်း လည်ပတ်စရာနေရာတွေ၊ စူးစမ်းလေ့လာစရာ ပြတိုက်တွေဟာ တစ်နေရာကတစ်နေရာဆီကို ပျော်ရွှင်စွာ ခြေလျင်လျောက်သွားလာရင်း ကြည့်ရှုနိုင်ဖို့အတွက်လည်း အဆင်ပြေစေပါတယ်။ ဧည့်သည်ဟာ ပဲရစ်မြို့ရဲ့ စာအုပ်ဆိုင်တွေမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်တဲ့ အိတ် ဆောင်မြေပုံလေးကို လက်မှာကိုင်ပြီး အဲဒီမြေပုံလေးရဲ့ အကူအညီနဲ့ စိတ်အေးချမ်းသာစွာ လှည့်လည်သွားလာနိုင်မှာ ဖြစ်ပါတယ်။ မြေပုံ ထဲမှာ ပဲရစ်မြို့ရဲ့လမ်းတွေ၊ နေရာတွေအပြင် Metro Station များကိုလည်း အသေးစိတ် ဖော်ပြထားတဲ့အတွက် လမ်းမလျှောက်ချင်သူ ဟာ ရထားစီးပြီး တော့လည်း သွားလာနိုင်မှာဖြစ်ပါတယ်။

ညနေရီရီမှာ ဧည့်သည်ဟာ အီဖယ်မျှော်စင်ပေါ်တက်ပြီး ဆည်းဆာအလှကို ခံစားနိုင်သလို စိန့်မြစ်ကမ်းတစ်လျှောက်မှာလည်း လေညင်း ခံရင်း၊ လမ်းဘေး Performance များကိုကြည့်ရှုရင်း လမ်းလျှောက်နိုင်ပါတယ်။ ဒါမှမဟုတ် အမျိုးမျိုးသော အနုပညာရှင်များစွာ ဆုံဆည်း ရာ ပလက်ဖောင်းဘေးတစ်လျှောက်က ကော်ဖီဆိုင်တစ်ခုခုမှာထိုင်ရင်း ပဲရစ်မြို့ရဲ့အရသာကို တသားတည်းကျအောင် စီးမျောခံစားနိုင် ပါတယ်။

အနုပညာ ချစ်မြတ်နိုးသူတွေအတွက်တော့ နာမည်ကျော် လုဗ်ပြတိုက်၊ အော်ဆေးပြတိုက်အစရှိတဲ့ ပြတိုက်တွေဟာ အဖိုးဖြတ်မရနိုင်တဲ့ အနုပညာလက်ရာတွေကို စုစည်းပေးထားပါတယ်။ ဖက်ရှင်ချစ်သူတွေအတွက် Reu Du Fabourg St. Honore လမ်းမကြီးပေါ်က ဒီဇိုင် နာဆိုင်များက ကြိုဆိုနေသလို အစားအသောက် စိတ်ဝင်စားသူတွေအတွက်လည်း ပဲရစ်မြို့ကစားသောက်ဆိုင်များဟာ ပြင်သစ်အစား အစာတွေရဲ့ အသစ်အသစ်သော အရသာအစုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

သာမန်ဧည့်သည်တွေအနေနဲ့ ပဲရစ်ကိုအလည်အပတ်ထွက်ခြင်းဟာ ပထမဆုံးအကြိမ်မှာတော့ ပျင်းရိဖွယ်လို့ ထင်စရာဖြစ်ကောင်းဖြစ် နိုင်ပေမဲ့ နေရာတကာမှာ လှပကျော့ရှင်းမှုအသွင်သဏ္ဍာန်နဲ့ သုခမမူဟန်လက်ရာတွေကို ဆင်မြန်းထားတဲ့ ပဲရစ်မြို့တစ်မြို့လုံးဟာ လေ့ လာကြည့်ရှုဖို့အတွက် ထိုက်တန်တဲ့နေရာတွေချည်းသာဖြစ်ပါတယ်။ ဒီလိုနေရာတွေထဲကမှ အချိန်ကိုငဲ့ကွက်ရတဲ့ ခရီးသွားဧည့်သည် အနေနဲ့ လက်လွတ်မခံသင့်တဲ့ ဦးစားပေးလည်ပတ်စရာ ထိပ်တန်းအထင်ကရ နေရာများကို လေ့လာကြည့်ပါဦးမယ်။

အီဖယ်မျှော်စင်

ပဲရစ်မြို့လို့ဆိုလိုက်တာနဲ့ အဓိကအမှတ်အသားအဖြစ်တွဲလျက်မြင်ယောင်လေ့ရှိကြတာ အီဖယ်မျှော်စင်ပါ။ ပဲရစ်ရဲ့ ကျော့ရှင်းလှပမှုကို ကိုယ်စားပြုနေတဲ့ အီဖယ်မျှော်စင်ဟာ ညအချိန်တွေမှာဆိုရင် ပဲရစ်မြို့ရဲ့ ကောင်းကင်ထက်မှာ တဖိတ်ဖိတ်တောက်ပတဲ့ သရဖူတစ်ခု ဆောင်းထားသလိုပါပဲ။ ထပ်လောင်းပြောရရင် သူမပါရင် ပဲရစ်မဟုတ်ဘူးလို့တောင်ဆိုနိုင်ပါတယ်။

ဒီမျှော်စင်ကြီးကို ပြင်သစ်လူမျိုး အင်ဂျင်နီယာ Alexandre Gustave Eiffel ဟာ ၁၈၈၉ခုနှစ် ၊ နှစ်တစ်ရာပြည့် ပြင်သစ်တော်လှန်ရေး အထိမ်းအမှတ်ပြပွဲကြီးအတွက် (၂)နှစ်ကြာ အချိန်ယူပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာ နှစ်ဦးနဲ့ ဗိသုကာပညာရှင်တစ်ဦးလည်းပါဝင်ခဲ့ပါတယ်။ အန်တနာတိုင် အပါအ၀င် ၃၂၀.၇၅ မီတာအမြင့်ရှိပြီး လှေကားထစ်ပေါင်း ၁၆၅၂ ထစ်ရှိတဲ့ အီဖယ်မျှော်စင်ဟာ ၁၉၃၀ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်ခဲ့ပါတယ်။

အီဖယ်မျှော်စင်ကို အလည်အပတ်လာရောက်ကြတဲ့ ဧည့်သည်တွေဟာ မျှော်စင်ပေါ်က စားသောက်ဆိုင်တွေကို ကြိုက်ရာရွေးချယ်ပြီး စားရင်းသောက်ရင်း စကားစမြည်ပြောဆိုရင်းနဲ့ ပဲရစ်မြို့ရဲ့ ရှုခင်းအလှကို ငြိမ့်ငြောင်းစွာ ခံစားအပန်းဖြေနိုင်မှာဖြစ်ပါတယ်။

နိုထရာဒမ်ဘုရားကျောင်း

နိုထရာဒမ်ကို မရောက်ခဲ့တဲ့ ဧည့်သည်ရဲ့ ပဲရစ်ခရီးဟာ ပြည့်စုံမှုမရှိဘူးလို့ဆိုကြပါတယ်။ ၁၁၆၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၃၄၅ မှာပြီးစီးခဲ့တဲ့ နိုထရာဒမ်ဘုရားကျောင်းကြီးဟာ ၁၂ရာစုနဲ့ ၁၆ရာစုအတွင်းမှာ ခေတ်စားခဲ့တဲ့ ဂို့သစ်စတိုင်လ်(အမိုးချွန်)ဗိသုကာလက်ရာ ရဲ့ အံ့မခန်းခမ်းနားမှုကို ဖော်ဆောင်ပြီး ဥရောပတစ်ခွင်မှာရှိတဲ့ ထူးဆန်းလှပတဲ့ ဘုရားကျောင်းတွေထဲမှာ ထိပ်တန်းကပါဝင် ရပ်တည်နေ ပါတယ်။ ထူးခြားလှတဲ့ အမိုးချွန်မျှော်စင်တွေ၊ ရောင်စဉ်ဖြာပြတင်းမှန်ကူကွက်တွေ၊ အနုပညာမြောက်တဲ့ ကျောက်ဆစ်ရုပ်တုလက်ရာ တွေ နဲ့ နိုထရာဒမ်ဟာ ရောက်ရှိလာသူတိုင်းကို အသက်ရှူမှားစေလာက်အောင် ဖမ်းစားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် စာရေးဆရာ ဗစ်တာဟူဂိုးရဲ့ ကမ္ဘာကျော်ဝတ္ထုဇာတ်ကောင် ခါးကုန်းကြီး ကွာစီမိုးဒိုးနေထိုင်ရာ နိုထရာဒမ်ရဲ့ မြောက်ဘက်မျှော်စင် ဟာလည်း ဧည့်သည်တွေကို အဓိကဆွဲဆောင်နေတဲ့နေရာဖြစ်ပါတယ်။ ဒါပေမဲ့ ဧည့်သည်ဟာ ၇၅မီတာ (၂၄၆ပေ) အမြင့်ရှိတဲ့ မြောက် ဘက်တာဝါထိပ်ကိုရောက်ဖို့အတွက် ကြောင်လိမ်လှေကားထစ်ပေါင်း ၃၈၇ဆင့်ကို တက်နိုင်ဖို့အတွက်တော့ ပြင်ဆင်ထားရပါမယ်။ အဲဒီ့နေရာကိုရောက်သွားတဲ့ ဧည့်သည်တိုင်းဟာ ဘာကြောင့် နိုထရာဒမ်ဟာ ပဲရစ်ရဲ့ထိပ်တန်းဆွဲဆောင်မှု နေရာတစ်ခုဖြစ်လို့ နေတယ် ဆိုတာကို သဘောပေါက် နားလည်သွားတတ်ကြပါတယ်။

လုဗ်ပြတိုက်

ပဲရစ်ရဲ့နာမည်ကျော် အနုပညာပြတိုက်လုဗ်ကို ၁၇၉၃ခုနှစ် အများပြည်သူလေ့လာကြည့်ရှုနိုင်ဖို့အတွက် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဘုရင်များရဲ့ အနုပညာရတနာများ စုစည်းထားရှိရာ ရှိုးကေ့စ်လို့လည်း ဆိုနိုင်ပြီး အလယ်ခေတ်နဲ့ မျက်မှောက်ခေတ်ကို ဆက် သွယ်ပေးထားတဲ့၊ သမိုင်းကြောင်း အပြည့်အစုံဖတ်ရှုနိုင်တဲ့ သတင်းစာတစ်ခုသဖွယ်လည်း ဖြစ်ပါတယ်။

၂၀ရာစုအကြို ပန်းချီ၊ ပန်းပု အနုပညာလက်ရာတွေနဲ့ အလှဆင်ပစ္စည်းလက်ရာအမျိုးမျိုးအဖုံဖုံကို စုစည်းပြသထားတဲ့ လုဗ်ပြတိုက်ဟာ ကမ္ဘာကျော် မိုနာလီဇာပန်းချီကားနဲ့ ဗီးနပ်စ်ရုပ်တုတို့ကို အမှတ်တရဖြစ်စေတဲ့ နေရာလည်းဖြစ်ပါတယ်။

ဆိုးဘွန်းတက္ကသိုလ်

ဆိုးဘွန်းတက္ကသိုလ်ဟာ စိန်းမြစ်အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ လက်တင်ရပ်ကွက်ရဲ့ သမိုင်းဝင်ဝိညာဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဥရောပရဲ့ ရှေးအကျဆုံးတက္ကသိုလ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ပညာဖြန့်ဝေပေးနေတဲ့ အလင်းအိမ်ဖြစ် ပါတယ်။ ၁၂၅၇ခုနှစ်မှာ ခရစ်ယာန်ဘာသာကို လေ့လာတဲ့ သီယော်လော်ဂျီကျောင်းသား အနည်းငယ်နဲ့စတင်ခဲ့တဲ့ ဆိုးဘွန်းဟာ ဒစ်ကာ့ထ်စ်၊ ယွန်းပေါဆက်၊ ဆီမွန်ဒီဘူးဗွား အစရှိတဲ့ ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်၊ သင်္ချာပညာရှင်များစွာကို ရာစုနှစ်အဆက် ဆက်မှာ မရေမတွက်နိုင်အောင် မွေးထုတ်ပေးနိုင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာကို အလည်အပတ်လာရောက်တဲ့ ဧည့်သည်ဟာ လက်တင်ရပ်ကွက်ရဲ့ အကွေ့အ၀ိုက်လမ်းကျဉ်းလေးတွေကို မလှည့်လည်ခင်မှာပဲဖြစ်ဖြစ်၊ လှည့်လည်အပြီးမှာပဲဖြစ်ဖြစ် ဆိုးဘွန်းရှေ့ ကလှေကားထစ်လေးတွေနဲ့မြက်ခင်းပြင်ပေါ်မှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေး နားနေနိုင်ပါတယ်။

လားခေ့စ်သင်္ချိုင်း

ကမ္ဘာပေါ်မှာ ခရီးသွားဧည့်သည်လာရောက်ကြည့်ရှုမှုအများဆုံး သင်္ချိုင်းလို့ဆိုပါတယ်။ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော် စာပေပညာရှင်၊ ဂီတပညာရှင်၊ ပန်းချီ၊ပန်းပုပညာရှင်အစရှိတဲ့ ကွယ်လွန်သူ အနုပညာရှင် အကျော်အမော်များစွာကို မြှုပ်နှံထားတဲ့နေရာလည်းဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားကြသူများရဲ့ အုတ်ဂူတွေလည်း တည်ရှိနေတဲ့အတွက် ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေဟာ သက်ဆိုင်ရာ အောက်မေ့ဖွယ်ဂူများဆီကို နှစ်စဉ်လာရောက်လေ့ရှိကြပါတယ်။ ဒါ့အပြင် လားခေ့စ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀)ကျော် အချိန်ကတည်းက အုတ်ဂူတွေကို မပျက်မယွင်းစေအောင် ထိန်းသိမ်းထားနိုင်တဲ့ ပဲရစ်ရဲ့ ဂုဏ်သိက္ခာရပ်ကို ထင်ရှားစေတဲ့ နေရာတစ်ခု ပဲဖြစ်ပါတယ်။

စိန်းမြစ်

ပဲရစ်ရောက် ဧည့်သည်ဟာ စိန်းမြစ်ထဲမှာ လှေစီးပြီး မြစ်ရဲ့ဘေးဘီဝဲယာတစ်လျှောက်က ရှုခင်းအလှအပတွေကို ခံစားကြည့်ရှုဖို့ကိုလည်း လက်မလွှတ်သင့်တဲ့ အရာတစ်ခုလို့ ဆိုထားပါတယ်။ လှေခရီးသွားပြီး အီဖယ်တာဝါ ဒါမှမဟုတ် နိုထရာဒမ်အနီးနားကို ရောက်ရင်လည်း လှေပေါ်ကဆင်းကြည့်နိုင်သလို ပဲရစ်ရဲ့တူးမြောင်းတချို့ဆီကိုလည်း အလည်အပတ်သွားရောက်နိုင်ပါတယ်။ ဒါ့အပြင် ညအချိန်မှာလည်း မီးရောင်တွေလင်းလက်တောက်ပနေတဲ့ စိန်းမြစ်ထဲမှာ လှေစီးရတဲ့အတွေ့အကြုံကို ရယူနိုင်ပါသေးတယ်။ ညဘက်လှေစီးမယ်ဆိုရင်တော့ ခရီးသည်ဟာ စိန်းမြစ်အတွင်းက ချမ်းစိမ့်တဲ့လေဒဏ်ကို ခံနိုင်ဖို့အတွက် အနွေးထည်ဆောင်သွားရမှာဖြစ်ပါတယ်။

လူဆင်ဘက် ဥယျာဉ်

ပြတိုက်တွေရဲ့ မြို့ရဲ့နေရာအနှံ့အပြားကိုလျှောက်သွားပြီးပြီဆိုရင်တော့ စိမ်းမြမြကမ္ဗာလာပြင်ကျယ်ကြီးထက်က ပန်းရောင်စုံကမ္ဘာလေး မှာ လွတ်လပ်အေးချမ်းစွာ အမောဖြေအနားယူနိုင်ပါတယ်။ အဲဒီနေရာကတော့ ပဲရစ်ရဲ့နာမည်ကျော် ပန်းဥယျာဉ်တစ်ခုဖြစ်တဲ့ လူဆင် ဘက်( လီဆမ်ဘူးဝ်)ပါ။ ဒီလှပတဲ့ ပန်းဥယျာဉ်ထဲမှာ ကိုယ်စိတ်နှစ်ပါးရွှင်ပြုံး ကြည်လင်စွာနားနေရင်း သင့်ရဲ့စိတ်ချမ်းသာမှုတွေ ထင်ဟပ် နေတဲ့ အမှတ်တရပုံရိပ်လေးတွေကို မှတ်တမ်းတင်သိမ်းဆည်းသွားနိုင်မှာဖြစ်ပါတယ်။

အခုလို ပဲရစ်မြို့ရဲ့ ထိပ်တန်းလည်ပတ်စရာတွေကို ဘယ်လိုအချိန်အခါမျိုးမှာ သာသာယာယာ လည်ပတ်နိုင်မလဲဆိုတာ ဆက်လက်ပြီး လေ့လာကြည့်လိုက်တဲ့အခါ....

နွေဦးရာသီဟာ ပဲရစ်ရဲ့အသာယာဆုံးအချိန်လို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ပန်းမာန်ဝေေ၀ဆာဆာနဲ့ ကဗျာဆန်ဆန်ရောင်စုံဖြာ လှပနေတဲ့ ပဲရစ်ရဲ့ရှုခင်းတွေကို သာယာစွာကြည့်ရှုခံစားနိုင်ချိန်ဖြစ်ပါတယ်။ နေသာထိုင်သာရှိတဲ့ ရာသီဥတုကြောင့် ပဲရစ်မြို့ခံ လူထုဟာ လည်း တက်ကြွလျက်ရှိသလို ခရီးသွားဧည့်သည်အနေနဲ့လည်း အေးအေးဆေးဆေး ခြေလျင်လမ်းလျှောက်လည်ပတ်နိုင်တဲ့ အချိန်ဖြစ်ပါ တယ်။ ဒါ့အပြင် ပဲရစ်ရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ အနုပညာရှင်တွေ စုစည်းရာလမ်းဘေးတစ်လျှောက်က ကော်ဖီဆိုင်လေးတွေမှာ သက် တောင့်သက်သာ ထိုင်နိုင်မယ့်အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့် ပဲရစ်ရဲ့နွေဦး ရာသီမှာ လေယာဉ်တွေ၊ ရထားလတ်မှတ်တွေ ဈေးမြင့် တက်သလို ဟိုတယ်တွေကိုလည်း စောစီးစွာ ဘွတ်ကင်လုပ်ထားနိုင်မှ တော်ကာကျမှာဖြစ်ပါတယ်။ ပန်းများစွာပွင့်တဲ့ အချိန်ဖြစ်တဲ့အ တွက် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်တတ်သူ၊ ရင်ကြပ်ရောဂါရှိတဲ့သူကတော့ သတိပြုစရာ ဖြစ်ပါတယ်။

နွေရာသီကတော့ ပဲရစ်မြို့သူ၊ မြို့သားများ အားလပ်ရက် အပန်းဖြေခရီးထွက်လေ့ရှိတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မြို့တွင်းမှာ အိမ်ရှင် နည်းပါးပြီး လူမျိုးစုံဧည့်သည်များရဲ့ ဘာသာစကားသံမျိုးစုံကို ဝေေ၀စီစီကြားရလေ့ရှိတတ်တဲ့ အချိန်လည်းဖြစ်ပါတယ်။ လေယာဉ်ခတွေ ခေါင်ခိုက်နေဆဲအချိန်ဖြစ်ပြီး လမ်းပန်းသွားလာရေးမှာလည်း လူထူထပ်လှပါတယ်။ အပြင်ထွက်လည်ပတ်ရာမှာ မိုးရွာသန်းမှုနဲ့ ပြင်းထန် တဲ့အပူဒဏ်ရဲ့ တစ်လှည့်စီနှောင့်ယှက်တဲ့ဒဏ်ကို ခံရနိုင်ဖွယ်ရှိပြီး အပူရှိန်ပြင်းထန်ခြင်းဟာ သက်ကြီးရွယ်အို ဧည့်သည်များနဲ့ ကလေး ငယ်များအတွက် ဂရုပြုစရာဖြစ်ပါတယ်။

ဆောင်းဦးရာသီကတော့ အားလပ်ရက်ခရီးထွက်ကြတဲ့ ပဲရစ်မြို့သူ မြို့သားတွေပြန်လည်ရောက်ရှိလာချိန်ဖြစ်တဲ့အတွက် မြို့ခံလူထုရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပြန်လည်သက်ဝင်နိုးကြားလာချိန်ဖြစ်ပါတယ်။ ပြပွဲအသစ်၊ ရှိုးပွဲအသစ်၊ ရုပ်ရှင်အသစ်စတဲ့ ဖျော်ဖြေပွဲအသစ် များကြောင့် စိတ်လှုပ်ရှားဖွယ်အချိန်လည်း ဖြစ်ပါတယ်။ ဆောင်းရာသီကို ချင်းနင်းဝင်ရောက်လာချိန်ဖြစ်တဲ့အတွက် အေးမြလတ်ဆတ်တဲ့ လေထုမှာ တက်ကြွလန်းဆန်းစွာ သွားလာနိုင်ချိန်ဖြစ်ပြီး သစ်ပင်တွေမှာတော့ သစ်ရွက်တွေကြွေကျချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ လေယာဉ် ခတွေဈေးကျသလို ဟိုတယ်တွေကိုလည်း သက်သာတဲ့နှုန်းထားနဲ့ ဘွတ်ကင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဆောင်းဦးရာသီနှောင်းပိုင်းဖြစ်တဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာနေ့ရက်တွေကတော့ အေးစက်မှုန်မှိုင်းနေတဲ့အတွက် အပြင်ထွက်လည်ပတ်မှုကို မသာမယာဖြစ်စေနိုင် ပါတယ်။

ဆောင်းရာသီကိုရောက်ရှိလာတဲ့အခါ ပဲရစ်ရဲ့မှိုင်းညို့ညို့ကောင်းကင်ဟာ မိုးစက်မိုးပေါက်တွေကို တတောက်တောက်ကျဆင်းလာစေ ပါတယ်။ ဒီဇင်ဘာပိတ်ရက်နဲ့ ပွဲတော်ရာသီဖြစ်တဲ့အတွက် မြို့တစ်မြို့လုံးဟာ ခါတိုင်းထက်ပိုပြီး မီးရောင်တွေအပြည့်အ၀တောက်ပ နေတတ်ပါတယ်။ ခရစ္စမတ်သစ်ပင်တွေ၊ မီးရောင်စုံထွန်းညှိထားတဲ့ အဆောက်အအုံတွေရဲ့ လှပဆန်းကြယ်မှုကိုလည်း တွေ့မြင်နိုင် ပါတယ်။ ဒီလိုရာသီဥတုမျိုးမှာ အပြင်ထွက်လည်ပတ်ချင်တယ်ဆိုရင် ပြတိုက်တွေနဲ့ ဘုရားရှိခိုးကျောင်းတွေဆီကို သွားရောက်ဖို့သာ ပိုမိုသင့်တော်ပါတယ်။ ဒါမှမဟုတ် နွေးနွေးထွေးထွေး ယမကာဆိုင်လေးတွေမှာ အချိန်ဖြုန်းရင်း ပဲရစ်ရဲ့ ဆောင်းရာသီကို ခံစားကြည့် နိုင်ပါတယ်။ ချစ်သူစုံတွဲတွေအတွက် ရိုမန့်တစ်ဆန်တဲ့အချိန်အခါ တစ်ခုဖြစ်ကောင်းဖြစ်နိုင်သလို ချမ်းအေးလွန်းတာ၊ မိုးရွာတာနဲ့ နေ့တာတိုချိန်ဖြစ်နေတာကတော့ စိတ်ညစ်စရာအခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။

ဒီတော့ ပဲရစ်ခရီးသွားများအနေနဲ့ မိမိနှစ်သက်ရာအချိန်အခါကို ရွေးချယ်ပြီး ပဲရစ်ရဲ့အထင်ကရနေရာကို ရောက်ရှိနိုင်သလို အေးအေး ဆေးဆေးအချိန်ပေးလည်ပတ်နိုင်တဲ့ ဧည့်သည်အတွက်လည်း အနုပညာပြတိုက်ပေါင်းများစွာ၊ ဥယျာဉ်၊ ပန်းခြံပေါင်းများစွာနဲ့ Disney Land ကဲ့သို့ နာမည်ကျော်အပန်းဖြေနေရာများစွာဟာလည်း ပဲရစ်မြို့မှာကျန်နေသေးပါကြောင်း....။

Ref: www.people.com.mm

No comments: