Friday, July 8, 2011

ပုစွန်နာနတ်သီးဟင်း

စားချင်စဖွယ် ချိုချိုချဉ်ချဉ်အရသာလေးနဲ့ ထမင်းစားမြိန်စေမယ့်ဟင်းလျာလေးတစ်ခုပြောပြပါ့မယ်။ ကရ၀ိတ်နန်းတော်မှာရမယ့် ဟင်း တစ်မယ်ပါပဲ။ ဟင်းကတစ်မျိုးတည်းပေမဲ့ ချက်ရတဲ့အဆင့်လေးတွေကတော့ နည်းနည်းများပါတယ်။
ပုစွန်နာနတ်သီးဟင်း
လိုအပ်သောပစ္စည်းများ
ပုစွန် - ၃၀ကျပ်သား
ပြောင်ဖူးမှုန့် - စားပွဲဇွန်း ၄ဇွန်း
နာနတ်သီး - ၁ခြမ်း
မုန်လာဥနီ - ၁၅ကျပ်သား
ပန်းငရုတ်ပွ - ၁၅ကျပ်သား
ပန်းမုန်လာ - ၁ပွင့်
ပြောင်းဖူးလေး - ၄တွဲ
ကြက်သွန်ဖြူ - ၅ကျပ်သား
ချင်း - ၅ကျပ်သား
ထောပတ် - စားပွဲဇွန်း ၃ဇွန်း
ခရုဆီ - စားပွဲဇွန်း ၃ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ဇွန်း
သကြား - စားပွဲဇွန်း ၃ဇွန်း
ကြက်သားမှုန့် - စားပွဲဇွန်း ၁ဇွန်း
ဆား - အနည်းငယ်
နှမ်းဆီမွှေး - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ချက်ပြုတ်နည်း
ပုစွန်ကို ရေစင်စင်ဆေးပြီး အခွံခွာ၊ ကျောခွဲပါတယ်။
နာနတ်သီးတစ်ဝက်ကို အတုံးသေးသေးလေးတွေတုံးပြီး ကျန်တစ်ဝက်ကို တစ်လက်မအရွယ် တြိဂံပုံစံအတုံးလေးများ တုံးလိုက်ပါတယ်။
မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ ပြောင်းဖူးလေးနဲ့ ငရုတ်ပွတို့ကို အနေတော်လှီးဖြတ်ပါတယ်။
ကြက်သွန်မြိတ်ကို တစ်လက်မအရွယ်အပိုင်းလေးတွေပိုင်းပါတယ်။
ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ချင်းကိုအမျှင်လေးတွေ လှီးပါတယ်။
ပြောင်းဖူးမှုန့် အနည်းငယ်ကို ကော်ရည်အဖြစ် ရေဖျော်ပါတယ်။
ကျောခွဲထားတဲ့ ပုစွန်တွေကို ပြောင်းဖူးမှုန့်အနည်းငယ်နဲ့ အရသာထည့်ပြီးအရောင်နီလာတဲ့အထိ ဆီနဲ့ကြော်လိုက်ပါတယ်။
လှီးဖြတ်ထားတဲ့ ဥနီ၊ ပန်းမုန်လာ၊ ပြောင်းဖူးလေးနဲ့ ငရုတ်ပွတွေကို ရေနွေးဆူဆူထဲမှာ တစ်မိနစ်ခန့်ပြုတ်ပြီး ရေအေးစိမ်ကာ ရေစစ်ထား လိုက်ပါတယ်။
အားလုံးအဆင့်ဆင့်ပြုလုပ်ပြီးပြီဆိုရင်တော့ ပထမဆုံး နာနတ်သီးဟင်းအနှစ်ကို ချက်ပါတယ်။ အပူပေးထားတဲ့ ဒယ်အိုးမှာ ထောပတ်နဲ့ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာတဲ့အခါ နာနတ်သီး အတုံးသေးသေးလေးတွေကို ထည့်မွှေပါတယ်။ အနံ့မွှေးလာချိန်မှာ ရေ(ကြက်ပြုတ် ရည်ဆိုရင် ပိုကောင်းပါတယ်) အသင့်အတင့်ထည့်ပြီးနာနတ်သီးနူးလာအောင်မွှေပေးပါတယ်။အရသာအနေနဲ့ ခရုဆီ၊ ဆား၊ သကြား၊ ကြက်သားမှုန့်နဲ့ ပဲငံပြာရည်ကို မျှတအောင်ထည့်လိုက်ပါတယ်။ နာနတ်သီးနူးကျေပြီး အရသာလည်းစိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ နာနတ်သီးဟင်းအနှစ်ကို ပန်းကန်တစ်ခုထဲမှာ ပြောင်းထည့်လိုက်ပါတယ်။
ဒုတိယအဆင့်အနေနဲ့ ဒယ်အိုးမှာကြက်သွန်ဖြူနဲ့ ချင်းကိုဆီသတ်ပြီးမွှေးလာတဲ့အခါ ရေစစ်ထားတဲ့ ဟင်းသီးဟင်းရွက်များနဲ့ ပုစွန်ကို သမအောင်ထည့်မွှေလိုက်ပါတယ်။ အဲဒီနောက် နာနတ်သီးဟင်းအနှစ်ကို ထည့်လိုက်ပြီး အရသာနဲ့အရောင် စိတ်ကြိုက်အနေအထားရ တဲ့အထိ ပြင်ဆင်ချက်ပြုတ်လိုက်ပါတယ်။
နောက်ဆုံးအဆင့်အနေနဲ့ ကော်ရည်ထည့်မွှေပြီး ငရုပ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်လေးများ အုပ်လိုက်ပြီဆိုရင်တော့ မွှေးမွှေးပျံ့ပျံ့နဲ့ အရသာရှိရှိ တည်ခင်းသုံးဆောင်နိုင်မယ့် သီးစုံပုစွန်နာနတ်သီးဟင်းကို ရရှိပြီဖြစ်ပါတယ်။

No comments: