Saturday, July 30, 2011

သတိပြုသင့်သော အစာအဆိပ်သင့် အီးကိုလိုင်ရောဂါပိုး

၂၀၁၁ခုနှစ်၊ ဇွန်လဆန်းပိုင်းမှာ အီးကိုလိုင်အမည်ရှိ ဗက်တီးရီးယားပိုး၏ ကူးစသက်ပျံ့နှံ့မှုသတင်းကိုကြားရပါတယ်။ Escherichia coli (E. coli) ဗက်တီးရီးယားပိုးဟာ သဘာဝအားဖြင့် လူသားတို့ရဲ့ အူလမ်းကြောင်းမှာ နေထိုင်တဲ့ ပိုးတစ်မျိုးဖြစ်ပါတယ်။ ဒီပိုးရဲ့ အချို့သော မျိုးကွဲတွေက လူကိုအန္တရာယ်ပြုတတ်ကြပါတယ်။ Diarrhoea ခေါ် ၀မ်းလျှောဝမ်းပျက်ဖြစ်စေတတ်ပါတယ်။ ယခုဖော်ပြမယ့်အစာ အဆိပ် သင့် မှုဟာ ဒီပိုးရဲ့မျိုးစိတ်ကွဲတစ်မျိုးကြောင့်ဖြစ်ပြီး ဂျာမနီနိုင်ငံမှာ လူပေါင်း ၁၅၀၀ကျော်ကို ကူးစက်ရောဂါအဖြစ် ခံစားစေကာ လူ၁၇ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ လူပေါင်း ၄၇၀ကို ပြင်းထန်တဲ့ ကျောက်ကပ်ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ ရောဂါပြန့်ပွားကူးစက်မှု ကပ်ရောဂါ အသွင် Outbreak ဖြစ်မှုမှာ အရွယ်ရောက်ပြီးသူလူကြီးများ အဓိကအားဖြင့် အမျိုးသမီးများတွင်အဖြစ်များပြီး ရောဂါပိုးဝင်လွယ်တဲ့ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များမှာတော့ အဖြစ်နည်းတာကို တွေ့ရပါတယ်။


ဥရောပယူနီယံအဖွဲ့ကတော့ ဒီရောဂါပြန့်ပွားကူးစက်မှုသည် အသက်ကိုအန္တရာယ်ဖြစ်စေနိုင်သော Haemolytic-Uraemic Syndrome (HUS) ခေါ် ကျောက်ကပ်အတွင်း သွေးယိုပျက်စီးမှု လက္ခဏာစု ဖြစ်ပွားစေနိုင်ကြောင်း၊ အသက်မသေဘဲ ကျန်သူများမှာ ကျောက်ကပ်ဆေးကြောခြင်း dialysis သို့မဟုတ် ကျောက်ကပ်အစားထိုး ကုသရခြင်းအထိ ကြုံတွေ့နိုင်သဖြင့် အထူးသတိပြုကြရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် ဥရောပက တင်သွင်းတဲ့ အသီးအနှံများ ဟင်းသီးဟင်းရွက်များကို အစိမ်းမစားကြဖို့၊ သတိနဲ့ဆင်ခြင်ကိုင်တွယ်စားသုံးကြဖို့ အာရှနိုင်ငံအများမှာ နှိုးဆော်ထားကြကြောင်း သိရပါတယ်။(Joint Statement of Ministry of Health/Singapore and Food Veterinary Authority – AVA- 2.6.2011)

'ဗိုက်နာတယ်၊ ၀မ်းလျှောတယ်' ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသကြဖို့လည်း သတိပေးထားပါတယ်။ စင်ကာပူနိုင်ငံ Tan Tock Seng ဆေးရုံမှ တွဲဖက်ပါမ္ခော Dr. Leo Yee Sin က 'ဒီဗက်တီးရီးယားပိုးရဲ့ ရောဂါအစပျိုးချိန် Incubation Period ကတော့ ၃ရက်မှ ၄ရက် လောက်ရှိပါတယ်။ တချို့ကတော့ ခုနှစ်ရက်လောက် ကြာတတ်ပါတယ်။ အစာအဆိပ်သင့်တိုင်း E. Coli ပိုးကြောင့်လို့တော့ မပြောနိုင် ပါဘူး။ ဓာတ်ခွဲခန်းမှာ စစ်ဆေးအတည်ပြုပြီးမှသာပြောနိုင်ပါတယ်။ ဒီရောဂါပိုးမှန်းသေချာရင် Antibiotics ပဋီဇီဝဆေးတွေ မသုံးသင့် ပါဘူး။ Antibiotics ဆေးတွေကြောင့် HUS ရောဂါစုရပြီး ကျောက်ကပ်ထိခိုက်ပျက်စီးစေတတ်တယ်။ ရေ၊အရည် လိုသလောက်ဖြည့် ဆည်းပေးပြီးစောင့်ကြည့် ကုသပေးရပါတယ်' ဟုပြောပြပါတယ်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောဂါပိုးရှိ/မရှိ စစ်ဆေး ပြီးမှသာ ရောင်းချစားသုံးခွင့်ပေးသင့်ကြောင်းလည်း အကြံပြုပါတယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အခုကူးစက်နေတဲ့ E.coli ပိုးသည် မျိုးကွဲအသစ်တစ်မျိုးဖြစ်ပြီး ယခင်က တစ်ခါမှ မမြင်ခဲ့ဖူးသေးကြောင်း၊ မည်သည့်နေရာမှ စတင်ပြန့်ပွားကူးစက်သည်ကို မသိရသေးကြောင်း၊ E.coli ပိုးရဲ့ဗီဇဖောက်ပြန်မှု ပိုးတစ်မျိုးဖြစ်ပြီး ပိုးအမည်ကို Shiga toxin-Producing Escherichia coli or STEC လို့ခေါ်ကြောင်း၊ ယင်းမှာ aggressive agents အန္တရာယ်ပြုနိုင်တဲ့ သတ္တိများပါဝင်ကြောင်း စသဖြင့်ထုတ်ပြန်ထားပါတယ်။ သုတေသီများကတော့ ဥရောပယူနီယံ(EU)အဖွဲ့ဝင်၂၇နိုင်ငံအတွက် သတိပြုဆောင်ရွက်စရာဖြစ်ကြောင်း သတိပေးပါတယ်။ရုရှားနိုင်ငံကတော့ ဥရောပယူနီယံ(EU)အဖွဲ့ဝင်နိုင်ငံအားလုံးက တင်သွင်းတဲ့ ဟင်းသီးဟင်းရွက်အားလုံးကို ပိတ်ပင် ထားဖို့ ၂-၆-၂၀၁၁ရက်နေ့က ကြေညာခဲ့ပါတယ်။

The European Centre for Disease Prevention and Control အီးယူ ကူးစက်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနကလည်း ဒီရောဂါ ပိုးဟာ Shiga toxin-Producing Eacherichia coli (SETC)  ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ SETC ပိုးဟာ ကူးစက်ပျံ့နှံ့မှု ဖြစ်ခဲလှကြောင်း၊ အလွန်ရှားရှားပါးပါးဖြစ်ကြောင်း၊ Contaminated food မသန့်ရှင်းတဲ့ အစားအစာတွေဟာ ရောဂါပိုး သယ်ဆောင်ရာ ယာဉ်များသဖွယ်ဖြစ်ကြောင်း၊ ရောဂါဖြစ်စဉ်ရဲ့ ဇာစ်မြစ်ကို လေ့လာနေဆဲဖြစ်ကြောင်းသိရပါတယ်။ တရုတ် သိပ္ပံပညာရှင်တို့က ဒီဗက်တီး ရီုးယားပိုးကို လေ့လာရာမှာ ပဋိဇီဝဆေးများစွာကို အန်တုနိုင်တဲ့ ဂျင်း(န်)ဗီဇများစွာကို သယ်ဆောင်ထားကြောင်း၊ ကူးစက်လွယ်ပြီး အဆိပ်လည်းပြင်းထန်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ယခုလောလောဆယ်ရောဂါကူးစက်ဖြစ်ပွားနေသူ အားလုံးနီးပါးဟာ ဂျာမနီမှာ နေထိုင်သူ များ၊ ဂျာမနီသို့ခရီးသွားလာခဲ့ကြသူများဖြစ်ကြောင်း သိရပါတယ်။


လန်ဒန်မြို့က ရရှိတဲ့ သတင်းတစ်ရပ်အရ ကူးစက်ခံရသူ ခုနှစ်ဦးဟာ ဗြိတိန်နိုင်ငံမှာ နေကြသူတွေဖြစ်ကြပြီး၊ ဂျာမနီနိုင်ငံနဲ့ ဆက်စပ်ခဲ့ကြ သူများဖြစ်ကြောင်း၊ သုံးယောက်က ဗြိတိန်နိုင်ငံသားတွေ ဖြစ်ကြပြီး လေးယောက်ကတော့ ဂျာမနီနိုင်ငံသားများဖြစ်ကြကြောင်း the Health Protection Agency ကကြေငြာခဲ့ပါတယ်။ အဲဒီအထဲက သုံးယောက်ဟာ HUS ကျောက်ကပ်သွေးယိုပျက်စီးမှုရောဂါစုကို ပြင်း ထန်စွာ ခံစားနေကြရပါတယ်။ ဒီ HUS ဟာ ကျောက်ကပ်တင်မက အသည်းကိုလည်း ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။ ကျန်လေး ယောက်ကတော့ သွေးဝမ်းသွားမှုကို ခံစားနေကြရပါတယ်။


ယခု E.coli ရောဂါပိုးပြန့်ပွားကူးစက်မှုဟာ ကမ္ဘာ့သမိုင်းမှာ တတိယအကြီးဆုံးဖြစ်ပြီး လူအများကို သေစေနိုင်လောက်အောင် အပြင်းထန် ဆုံး ကူးစက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့ရာမှာ လူ ၉၀၀၀ကျော်ကူးစက်ခံရပြီး လူ၁၂ဦးသေဆုံးခဲ့ကာ ၂၀၀၀ပြည့်နှစ် ကနေဒါနိုင်ငံပြန့်ပွားကူးစက်မှုမှာ လူ၇ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ၁၉၈၂ခုနှစ်တွင် သုတေသီများက ကျွဲနွားများ တွင် ကူးစက်ပျံ့နှံ့စေခဲ့တဲ့ E.coli 0157:H7 ပိုးကိုအဆိုပါ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရှိခဲ့ကြပါတယ်။ သားသတ်ရုံမှ တစ်ဆင့် ကူးစက်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ပိုးမသတ်ထားတဲ့ နွားနို့နှင့် အမဲသားဟမ်ဘာဂါအချို့မှာလည်း ရောဂါပိုးကိုတွေ့ရ တတ်ပါတယ်။ ဒါကြောင့် အမဲသား၊ နို့၊ ဟမ်ဘာဂါတို့ကို အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက် (၇၀ ဒီဂရီ စင်တီဂရိတ်)မှာကောင်းစွာချက်ပြုတ် ကြဖို့လိုပါတယ်။


လတ်တလော ဖြစ်ပေါ်ပျံ့နှံ့နေတဲ့ ရောဂါဖြစ်စဉ်များကို အမြဲသတိပြု၊ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်ကြဖို့ လိုပါတယ်။ ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ အသိ၊ဗဟုသုတတွေ လေ့လာစုဆောင်းနိုင်လေ၊ မိမိကိုယ်ကို ကာကွယ်နိုင်လေ၊ မိမိပတ်ဝန်းကျင်ရှိ လူအများကိုပါ ကူညီကာကွယ်နိုင်လေ၊ လူတိုင်း ဒီလိုကျင့်ကြံပြုမူကြရင် ကူးစက်ရော၈ါများအတွက် တံခါးကြီးပိတ်ထားသလို ဖြစ်ပါလိမ့်မယ်။


ဒေါက်တာမြင့်သန်း (ညောင်လေးပင်)


Ref: Strait Times. 3-6-2011.

No comments: