Saturday, July 2, 2011

ဗိုက်ပြည့် လွယ်အောင် အစား စားနည်း

ဇီဝ ။ ။ ဒီတစ်ခါ ဆွေးနွေးမယ့် အချက်က "အစာစားနေစဉ်မှာ အစာ ပဲစားပါ" တဲ့ဗျ။

ဒီဃ ။ ။ အစာစားရင်း အခြား အလုပ်တစ်ခု မလုပ်ရဘူးလို့ ဆိုလို တာပေါ့

ဇီဝ ။ ။ သင်အစာစားနေသော အခါ ဘာလုပ်နေသလဲဆိုသော ကိစ္စသည် စားနေသော အစာကဲ့သို့ပင် အရေးကြီးပါတယ်လို့ ဆိုထားပါတယ်။ အဓိကကတော့ distraction လို့ခေါ်တဲ့ အာရုံထွေပြား စေသော အနှောင့် အယှက်တွေ မဖြစ်စေပါနဲ့တဲ့။

ဒီဃ ။ ။ ဘယ်လိုအလုပ်တွေ လုပ်ရင် ဖြစ်သလဲဗျာ။ နမူနာ ပြောပါဦး

ဇီဝ ။ ။ ထမင်းစားနေရင်း တီဗီ ကြည့်ခြင်း၊ သီချင်း နားထောင်ခြင်း၊ ကွန်ပျူတာရိုက်ရင်း ထမင်းစားခြင်း စသည်တို့ကို မလုပ်ရဘူးတဲ့။ ၂၀ဝ၉ ခုနှစ်က အာဟာရဆိုင်ရာ ဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့တဲ့ လေ့လာမှု တစ်ခုအရ အစာစားနေရင်း အနှောင့်အယှက် ဖြစ်ခံရရင် အစာအိမ် နဲ့ ဦးနှောက်တို့ကြားမှာ ဆက်သွယ် ပေးနေသော ဝအီသွားခြင်းဆိုင်ရာ အချက်ပေး သင်္ကေတတွေဟာ ကြားဖြတ် ခံရတဲ့အတွက် ဆက်သွယ်မှု မကောင်းတော့ဘူး။ အဲဒီတော့စားလို့ ဝပြီ၊ အီပြီဆိုတဲ့ အချက်ပေး သင်္ကေတ တွေလည်း ဦးနှောက်ကို မရောက်နိုင် တော့တဲ့အတွက် လူက ဝလို့ဝမှန်း မသိဘဲ စားစရာတွေ တစ်ခုပြီးတစ်ခု ဆက်စားနေမိတော့ တယ်တဲ့။ အစားအစာတွေ ဗိုက်ထဲ ပိုဝင်သွားတာပေါ့ ဗျာ။

ဒီဃ ။ ။ အေးဟုတ်မယ်ဗျ။ ခင်ဗျား ပြောမှ သတိထား မိတော့တယ်။ အရင်တုန်းကတော့ တီဗီကြည့်ရင်း အာလူးကြော်လေးစား ဒါမှမဟုတ် ပြောင်း ဖူးပေါက်ပေါက်လေး စားနေမိတာ ဇာတ်လမ်းမပြီးမချင်းပဲဗျို့။ ကုန်သွားရင် နောက်တစ်ထုပ်ထပ် တောင်းနေမိတာ အခုမှ သတိထားမိ တော့တယ်

ဇီဝ ။ ။ ဟင်းတွေစုံနေတဲ့ ထမင်း ဝိုင်းလိုမျိုးမှာဆိုရင် ပိုဆိုးသေးတယ်။ ဘာကြောင့်လဲဆိုတော့ အာရုံက တီဗီ ဇာတ်လမ်းထဲရောက်နေတော့ ဟင်း ပန်းကန်တွေကို ကိုယ်နဲ့ တည့်တဲ့ ဟင်း လား၊ ရှောင်ရမယ့် အစားအစာလားဆို တာ သတိ မထားမိတော့ဘဲ ခပ်ထည့် ပြီး စားနေမိတတ်တယ်တဲ့ဗျ။ Wrong type of food တွေ အလွန် အကျွံ စားမိတာမျိုး ဖြစ်တတ်သတဲ့။ အစားလျှော့စား နေသူတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ ကျင့်သုံးနေသူတွေ ပိုပြီး သတိထား သင့်တာပေါ့ဗျာ။ ကိုယ်စားမယ့် အစား အစာထဲမှာပဲ အာရုံထားခြင်း အားဖြင့် မှန်ကန်တဲ့ အစားအစာလည်း စားမိတယ်။ အပိုတွေလည်း အလွန်အကျွံ မစားမိတော့ဘူးပေါ့ဗျာ။

ဒီဃ ။ ။ ရုပ်ရှင်ရုံ သွားရင်လည်း မုန့်တွေ တစ်လှေကြီး ဝယ်ပြီးမှ ရုံထဲ ဝင်တဲ့အကျင့်ကို တော်တော်ဖျောက် ယူရဦးမယ်

ဇီဝ ။ ။ အိမ်မှာ ထမင်းစားတော့ မယ်ဆိုရင် ထမင်းစားပွဲဝိုင်းမှာ ထိုင်ခုံ နဲ့ကျကျနနထိုင်ပြီး နေရာယူပါ။ စားပါ။ ကိုယ်စားမယ့် အစားအစာတွေ ပေါ်မှာပဲ အာရုံစိုက်ပါ။ တီဗီကိုလည်း လှည့်မကြည့်နဲ့။ Laptop ယူလာပြီး e.mail စစ်တာလည်း မလုပ်ပါနဲ့တဲ့။ ပထမဆုံး ထမင်းပန်းကန် ပေါ်မှာ အာရုံစိုက်ပြီး စားလိုက်တာနဲ့ပဲ ထမင်းစားတဲ့ အလုပ်ထဲမှာ ဈာန်ဝင်သွားမှာပါတဲ့ဗျာ။ အရေးကြီးတဲ့ စကားမျိုး မဟုတ်ဘဲနဲ့ ထမင်းစားရင်း စကားဝိုင်းဖွဲ့၍ ပြောနေ ခြင်းသည်လည်း အာရုံကို အနှောင့် အယှက်ဖြစ်စေခြင်းတစ်မျိုး ဖြစ်တယ် လို့ သိရပါတယ်ဗျာ။

ဒီဃ ။ ။ စကားဝိုင်းနဲ့ ထမင်းဝိုင်း မကွဲပြားကြတဲ့ လူတွေ နေမှာပေါ့ဗျာ

ဇီဝ ။ ။ ဝအီလွယ်အောင် စားတဲ့ လူတွေမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာ တစ်ခုတော့ ရှိတယ်ဗျ။

ဒီဃ ။ ။ ဘာပြဿနာလဲဗျာ

ဇီဝ ။ ။ သူတို့က ဝအီလွယ်အောင် စားလိုက်ကြတာ ဆိုတော့ အစာစားချိန် တစ်ခုနဲ့ တစ်ခုကြားမှာ ဆာတတ်တဲ့ အချိန်နည်းသွားတာ မှန်ပေမယ့် အချို့သော လူတွေအဖို့ နောက်တစ်ကြိမ် အစာစားမယ့် အချိန်က ဝေးသေးတယ် ဆိုရင် ဆာလောင်မှုလည်း ဖြစ်ပေါ် လာတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သရေစာတစ်ခုခု စားနိုင်ပါတယ်။ ဒါပေမယ့် သရေစာရဲ့ အရွယ်အစားနဲ့ ပမာဏက သေးငယ်ဖို့လိုတယ်။ ဆိုလို တာက နည်းနည်း ကျဉ်းကျဉ်းပဲ စားနိုင် ပါတယ်။ သရေစာဆိုတော့ ဝအီအောင် စားလို့မရခြင်းပဲ ဖြစ်ပါတယ်။ လေ့လာမှုများအရ ၁၉၇၇ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အတွင်းမှာ လူတွေရဲ့ သရေစာစားတဲ့ အကြိမ်ရေဟာ ၁၁ ရာခိုင်နှုန်း တိုးတက်များပြားလာခဲ့ သတဲ့။ အစာစားတဲ့ အချိန် ၂ ခု ခြားနားခြင်းကလည်း တိုလာတယ်။ လူတွေရဲ့ ပျမ်းမျှအစာစားချိန် ၂ ခုကြား အချိန်ဟာ ယခင်တုန်းက ၄ နာရီခွဲရှိခဲ့ ရာကနေ ယခုတော့ ပျမ်းမျှ ၃ နာရီခွဲပဲ ရှိတော့သည်အထိ တိုလာတယ်လို့ ၂၀ဝ၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ သိရှိရပါတယ်။

ဒီဃ ။ ။ ဒီလိုဆို သရေစာတွေ၊ ဟမ်ဘာဂါလို မုန့်တွေ၊ အာလူး ချောင်းကြော်တွေ ပိုစားဖြစ်ကုန်တော့ မှာပေါ့

ဇီဝ ။ ။ သရေစာရဲ့ အမျိုးအစား ကို သတ်မှတ် ပေးထားပါတယ်ဗျ။ ခုနက ပြောခဲ့သလို သရေစာရဲ့ အရွယ်အစား ငယ်ရမယ်၊ အသား ဓာတ်နှင့် အမျှင်ဓာတ် များများပါဝင်တဲ့ စားစရာဖြစ်ရမယ်။ အစေ့အဆန်လို သရေစာတွေ ဖြစ်ရမယ်လို့လည်း ပြောထားပါတယ်ဗျာ။ သရေစာတစ်ခုရဲ့ ကယ်လိုရီတန်ဖိုးဟာ ၂၀ဝ အောက်မှာ ရှိရမယ်လို့လည်း သတ်မှတ်ပေးထားပါ တယ်။ စည်သွတ်ဘူးလို အသင့်စား သရေစာတွေ ရှောင်ရမယ်လို့လည်း ဆိုထားပါတယ်။ အဲဒီလိုသာ လိုက်နာ ကျင့်ကြံ စားသုံးမယ်ဆိုရင် တစ်နေကုန် လည်း အစာစားနေရပြီး ကယ်လိုရီ လည်း မတက်ဘဲ စိတ်ကျေနပ်မှု ရရှိသွားစေမှာ ဖြစ်ကြောင်း ပြောကြား ရင်းရပ်နားကြစို့ဗျာ။

Credit: Health Digest Journal

No comments: