Thursday, July 28, 2011

လိုတရ ဟော်မုန်း

ဟော်မုန်းဆိုတဲ့ စကားကို လူတိုင်း ရင်းနှီးသိနေကြပေမယ့် ဟော်မုန်းရဲ့အစွမ်းထက်မြက်တာတွေကိုသာ စိတ်ဝင်စားနေကြပြီး ဟော်မုန်း ကြောင့် ဘေးဒုက္ခရောက်ရတာတွေကို သတိမမူမိဘဲ ဖြစ်နေတတ်ကြပါတယ်။ ဟော်မုန်းကို အားတိုးဆေးလို့ ကြော်ငြာနေတာတွေလည်း ရှိတာကြောင့် လူအချို့ဟာ ယုံမှတ်မှားပြီး ဟော်မုန်းကို အလွဲသုံးစားပြုနေကြပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ ဟော်မုန်းဆေးဝါး တွေဟာ လူသိများပြီး အလွယ်တကူလည်း ၀ယ်ယူရရှိနိုင်ကြတဲ့အတွက်၊ ထင်သလို သုံးစွဲနေကြတာကို တွေ့မြင်နေရပါတယ်။


ဟော်မုန်း (Hormone ) ဆိုတဲ့ဝေါဟာရ

ဟော်မုန်းဆိုတဲ့စကားဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး စီးဆင်းမွှေနှောက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ လူ့ခန္ဓာကိုယ် ထဲမှာ ဟော်မုန်းအမျိုးအစားပေါင်း ၇၀ကျော်ရှိနေပြီး သွေးထဲမှာ ဓာတုပစ္စည်းအဖြစ် စီးဆင်းသွားလာနေရင်းက ကိုယ်တွင်းအင်္ဂါနဲ့ ကလာပ်စည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးပါတယ်။ ဟော်မုန်းပမာဏကို အနည်းငယ်ပြောင်းလဲသွားတာနဲ့ ဇီဝကမ္မ လုပ်ငန်းတွေ ကမောက်ကမဖြစ်သွားအောင် မွှေနှောက်နိုင်စွမ်းရှိကြပါတယ်။ ဟော်မုန်းအနည်းအများအပေါ်မူတည်ူပြီး လူကို အန္တရာယ် ပေးလာနိုင်ပါတယ်။


ဟော်မုန်းထုတ်တဲ့ ကိုယ်အင်္ဂါများ

ဟော်မုန်း တော်တော်များများကို လို့ခေါ်တဲ့ ကိုယ်တွင်းအင်္ဂါအကျိတ်တွေကနေ ထုတ်လွှတ်ပေးလေ့ရှိပါတယ်။ ဦးနှောက်၊ သားမြတ်၊ ဝှေးစေ့စတဲ့ ကိုယ်အ၈င်္ါတွေကနေ ဟော်မုန်းအမျိုးမျိုးကို ထုတ်လွှတ်ပေးနေကြပါတယ်။ လိင်နဲ့ပတ်သက်တဲ့ ဟော်မုန်းတွေကိုသာ လူသိ များကြပြီး လည်ပင်း၊ အစာအိမ်၊ အသည်း၊ပန်ကရိယနဲ့ သန္ဓေသားရဲ့ အချင်းတွေကနေ ဟော်မုန်းတွေ ထုတ်လွှတ်ပေးနေတယ်ဆိုတာ ကိုတော့ သိရှိသူအလွန်နည်းနေပါသေးတယ်။


လူပုနဲ့ လူထွားကြီး

ဟော်မုန်းအထွက်နည်းတဲ့အခါ ဟော်မုန်းချို့တဲ့တဲ့ရောဂါတွေဖြစ်လာပြီး အထွက်များရင် ဟော်မုန်းလွန်ကဲတဲ့ရောဂါတွေ ရရှိလာတတ်ပါ တယ်။ အသက်ငယ်ရွယ်စဉ်မှာ ကြီးထွားဟော်မုန်းတွေ အထွက်နည်းခဲ့ရင် ပုပုသေးသေး လူပုကလေးတစ်ယောက်ဖြစ်သွားနိုင်ပြီး များနေ ပြန်ရင်လည်း ခြေတံလက်တံရှည်တဲ့ လူထွားကြီးတစ်ယောက် ဖြစ်သွားနိုင်ပါတယ်။


ဟော်မုန်းဆေးဝါးများ

ဟော်မုန်းမမျှတတဲ့ ရောဂါတွေကို ကုစားဖို့ ဟော်မုန်းဆေးဝါးတွေကို တီထွင်ဖန်တီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အင်ဆူလင် ဟော်မုန်းအထွက်နည်းရင် ဆီးချိုရောဂါဖြစ်လာတဲ့အတွက် အင်ဆူလင်ဆေးဝါးကို ဖန်တီးပြီး ဆီးချိုရောဂါကို ကုစားပေးကြပါတယ်။ အလားတူပဲ အစာအိမ်ရောဂါအတွက် အစာခြေဟော်မုန်းဆေးဝါး၊ သောကဝေဒနာအတွက် စိတ်ကြွဟော်မုန်းဆေးဝါးနဲ့ ခရုသင်းရောဂါ အတွက် ရောင်ခြယ်ဟော်မုန်းဆေးဝါးတွေပေါ်ပေါက်လာကြပါတယ်။ သွေးအားနည်းတဲ့ရောဂါကို သွေးဟော်မုန်း ဆေးဝါးနဲ့ကုသပေးပြီး လည်ပင်းကြီးရောဂါကိုလည်း ဟော်မုန်းနဲ့ပဲ ကုသပေးကြရပါတယ်။ အသက်ကယ်ဆေးလို့ အများသိရှိနေကြတဲ့ 'ဆော်လူကော့တက် Solucortef ' ထိုးဆေးဟာ ဖန်တီးထုတ်လုပ်ထားတဲ့ ဟော်မုန်းဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ အက်ဒရီနယ်လင် Adrenaline ဟော်မုန်း ဆေးဝါးဖြင့် သွေးပေါင်ကျပြီး ရှော့(ခ်)ဖြစ်သွားတဲ့ လူနာကို အသက်ကယ်တင်ပေးနိုင်ပါတယ်။ကိုယ်ဝန်တားဆေးကဒ်၊ သုံးလခံထိုးဆေး၊ မိခင်နို့ထွက်ဆေးနဲ့ နို့ခန်းဆေးတွေ အကုန်လုံးဟာ ဟော်မုန်းဆေးဝါးတွေ ဖြစ်ကြပါတယ်။ ကင်ဆာရောဂါကိုတောင် ဟော်မုန်းဆေးဝါး နဲ့ ကုသလာပြီး အိုမင်းတာကိုနှောင့်နှေးစေဖို့ ဟော်မုန်းဆေးဝါးတွေတိုက် ကျွေးလာကြ ပါတယ်။ ဖန်တီးထုတ်လုပ်ထားတဲ့ ဟော်မုန်း ဆေးဝါးတွေဟာ ရောဂါကုသရေးမှာ အစွမ်းထက်လာနေကြပါတယ်။


ပန်းသေပန်းညှိုးရောဂါကို ကုသရာမှာ ပုရိသဟော်မုန်းဖြစ်တဲ့ တက်စတိုစတီရုန်း Testosterone ဆေးဝါးဟာအစွမ်းထက်လှပါတယ်။ ဒီဟော်မုန်းကိုပဲ အရိုးပါးရောဂါ ကုသရာမှာနဲ့ သွေးအားနည်းရောဂါ ဝေဒနာသည်တွေမှာပါ သုံးစွဲနေပြီး၊ အေအိုင်ဒီအက်စ်ဝေဒနာသည် တွေမှာ ကြွက်သားတွေ ပြန်လည်ဖြည့်ဆည်းလာနိုင်ဖို့ ကုသပေးနေကြပါတယ်။ ဣတ္ထိယဟော်မုန်းဖြစ်တဲ့ အက်စထရိုဂျင် Estrogen ဆေးဝါးကိုတော့ မီးယပ်ရောဂါအမျိုးမျိုးကုသရာမှာ ဟော်မုန်းအစားထိုးဆေးဝါးအဖြစ် တိုက်ကျွေးလေ့ရှိပါတယ်။ လူ့ကိုယ်ခန္ဓာပုံစံ ပြုပြင် ပြောင်းလဲဖို့အတွက်တော့ ဟော်မုန်းဆေးဝါးကို သုံးစွဲလေ့မရှိပါဘူး။ ဘယ်ဟော်မုန်းဆေးပဲဖြစ်ဖြစ် ရောဂါကုသတဲ့နေရာမှာ ဆေးချိန် ပမာဏကို တိကျနေရအောင် ဂရုစိုက်ထိန်းသိမ်းပြီး ကုသပေးကြရပါတယ်။ ဆီးချိုရောဂါဝေဒနာသည် တစ်ယောက်ကို အင်ဆူလင် ဟော်မုန်းဆေးတွေ အထိုးလွန်သွားခဲ့ရင် သတိလစ်ပြီး အသက်ပါဆုံးရှုံးသွားရနိုင်ပါတယ်။


ရင်သားစူချင်တဲ့ယောက်ျား

ဟော်မုန်းဆေးဝါးတိုင်းမှာ ထူးခြားတဲ့စွမ်းအားတွေ ရှိနေတာကြောင့် ဒီစွမ်းအားတွေကို အလွဲသုံးစားပြုတဲ့သူတွေ ပေါ်ပေါက်လာကြပါ တော့တယ်။ ကိုယ်ဝန်တားဆေးကဒ်ထဲမှာ ဣတ္ထိယဟော်မုန်းဆေးဝါးတွေပါဝင်နေတာကို သိရှိထားတဲ့ မိန်းမအသွင်နွဲ့ချင်နေတဲ့ ယောက်ျားသားအချို့ဟာ သူတို့ရဲ့ ရင်သားတွေကို ဖွံ့ကားလာရအောင် ဆရာဝန်နဲ့မတိုင်ပင်တော့ဘဲ ကိုယ့်ဘာသာကိုယ်တား ဆေး ကဒ်ကို သောက်သုံးလာနေကြပါတယ်။ ဆေး၂၈လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ချလိုက်လို့ ဗိုက်အောင့်ပြီး ဆေးရုံတင်လိုက် ရတဲ့အဖြစ်ကိုလည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။ ယောက်ျားသား သဘာဝကို ဖုံးဖိပြီး မိန်းမဟန်ပန်နဲ့ ကနွဲ့ကယဖြစ်ချင်တာကြောင့် သုံးလခံ ပဋိသန္ဓေတားဆေးတွေကို ထိုးနှံနေကြတဲ့ မိန်းမလျာတွေလည်း ရှိနေပါသေးတယ်။


လည်စေ့ကြီး ငေါထွက်နေတာကို သေးငယ်သွားရ အောင် နို့ခန်းဆေးတွေကို သောက်သုံးကြပြန်ပါတယ်။ မိန်းမအသွင်ဖန်တီးနိုင်တယ်လို့ ယူဆတဲ့ ဣတ္ထိယဟော်မုန်းဆေးဝါးမျိုးစုံကို တစ်ပြိုင်နက်တည်း သုံးစွဲနေကြတဲ့အတွက် ခေါင်းကိုက်ဝေဒနာခံစားရကာ တစ်ကိုယ်လုံး ဖောသွပ်ပြီး စိတ်ကယောင်ချောက်ချားဖြစ်နေတဲ့ မိန်းမလျာတွေကို ဆေးကုသပေးခဲ့ရဖူးပါတယ်။


ကဲချင်တဲ့ကိုကို

အသက် ၂၀အရွယ်သာရှိသေးတဲ့ အမျိုးသားလူငယ်တစ်ယောက်ကတော့ ကာမဆက်ဆံတာကြာရှည်ချင်လို့ဆိုပြီး တက်စတိုစတီရုန်း ဟော်မုန်းဆေးကို ဆေးခန်းမှာ လာထိုးခိုင်းတာမျိုးတွေရှိပါတယ်။ အသက် ၆၀ကျော် ဘိုးဘိုးကလည်း တက်စတိုစတီရုန်းကို အားကိုးပြီး စမောလေးတွေနဲ့ ကဲနေတတ်ပါတယ်။ တစ်ချိန်တုန်းက ဘီပီအိုင်ဆေးဝါးစက်ရုံကနေ ထုတ်လုပ်ခဲ့တဲ့ ဂျယ်ရီယာဗစ်ဟော်မုန်းဆေး တောင့်တွေကို ၀ချင်သူလူငယ်တွေက အလွန်အကျွံသောက်သုံးခဲ့ကြဖူးပါတယ်။ ဂျယ်ရီယာဗစ်ဆေး မရှိတော့တဲ့နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်ကနေ ၀င်ရောက်လာတဲ့ ၀က်အသားတိုးဆေးလို့ ခေါ်ကြတဲ့ စတီးရွိုက်ဟော်မုန်းဆေးတွေကို သောက်သုံးလာကြပြန် ပါတယ်။ ဒီဆေးဝါးတွေကြောင့် ကျောက်ကပ်ပျက်စီးသွားတဲ့သူတွေ အရင်ကရှိခဲ့သလို အခုလည်းပဲရှိနေဆဲပါပဲ။ ဟော်မုန်းဆေးဝါးအများ စုဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး သောက်ဆေးအသွင်၊ ထိုးဆေးအသွင် ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာနေကြပါတယ်။ အများစုက ဆေးဝါး မှတ်ပုံတင် မထားရှိကြပါဘူး။ ထုတ်လုပ်တဲ့နိုင်ငံကို ဆေးပုလင်းပေါ်မှာ ရိုက်နှိပ်ဖော်ပြထားပေမယ့် ထိုးဆေးအများစုဟာ အတုတွေဖြစ် နေကြပါတယ်။ ထိုးဆေးအစစ်ကိုထိုးလို့ ကိုယ်ခန္ဓာထဲမှာ တက်စတိုစတီရုန်းဟော်မုန်းတွေ ပိုလျှံသွားရင်လည်း ၀က်ခြံထွက်တာနဲ့ ရင် သားတွေစူထွက်လာနိုင်ပြီး မုတ်ဆိတ်မွှေးတွေပါ ထွက်လာတတ်ပါတယ်။ ကာမသောင်းကျန်းလွန်ပြီး အိပ်မပျော်ခြင်းနဲ့ ဆံပင်တွေပါ ကျွတ်လာနိုင်ပါတယ်။


ဒါ့အပြင် တက်စတိုစတီရုန်းဆေးဟာ ဆီးကျိတ်ကင်ဆာရောဂါကိုတောင် ဖြစ်သွားစေနိုင်ပါတယ်။ တက်စတို စတီရုန်းဟော်မုန်းဆေးကို ဆီးချိုရောဂါဝေဒနာရှင်တစ်ယောက်ကသုံးစွဲနေရင်ချွေးစေးတွေပြန်ပြီး ဒယီးဒယိုင်နဲ့သတိလစ်သွားနိုင်ပါတယ်။ ဘယ်ဟော်မုန်းပဲဖြစ်ဖြစ် နှစ်ရှည်လများသုံးစွဲရင်တော့ အသည်းနဲ့ကျောက်ကို ပျက်စီးစေတတ်တဲ့အပြင် ကင်ဆာရောဂါပါ ဖြစ်သွားရ နိုင် ပါတယ်။အခုအခါမှာ တက်စတိုစတီရုန်းကို အသွင်ပြောင်းလဲ ထုတ်လုပ်ထားတဲ့ ဂျူရာဘိုလင် Durabolin ထိုးဆေးတွေကိုလည်း ထိုးနေ ကြပါတယ်။ အားကစားသမားတွေမှာ တစ်ပွဲတိုးစွမ်းအားတက်စေတာကြောင့် နိုင်ငံတကာပြိုင်ပွဲတွေမှာ မသုံးစွဲဖို့ တားမြစ်ထားပါတယ်။ တားမြစ်ထားတဲ့ကြားက ကိုယ့်အစွမ်းအစကို ကိုယ်မယုံကြည်ဘဲ ဟော်မုန်းဆေးကို အားကိုးပြီး အနိုင်ယူချင်ကြတာကြောင့် အလေးမ အားကစားမယ်အချို့ဟာ ဆုတံဆိပ်တွေရရှိပြီးမှ ပြန်လည်အသိမ်းခံလိုက်ကြရတာတွေလည်းရှိခဲ့ပါတယ်။ ဂျူရာဘိုလင်ဆေးဟာလည်း တက်စတိုစတီရုန်းဆေးနည်းတူ ဘေးထွက်ဆိုးကျိုးတွေရှိနေပါတယ်။


တကယ်တော့ ဟော်မုန်းဆေးဝါးတွေဟာ လိုရာဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လိုတရဆေးဝါးတွေ မဟုတ်ကြပါဘူး။ အားတိုးဆေး လည်း မဟုတ်တဲ့အပြင် ဟော်မုန်းဆေးဝါးကို နည်းနည်းလေး သုံးစွဲလိုက်တာနဲ့ ကိုယ်တွင်းလုပ်ငန်းတွေကို ကမောက်ကမဖြစ်သွားစေ နိုင်ပါတယ်။ တာရှည်သုံးစွဲရင် လူ့ပုံပန်း၊ လူ့စရိုက်နဲ့ အမူအရာတွေကိုပါ ပြောင်းလဲသွားပြီး အသက်အန္တရာယ်ကိုပါ ရန်ရှာလာတတ်တဲ့ အတွက်၊ ဘယ်ဟော်မုန်းဆေးပဲဖြစ်ဖြစ် ဆေးကုသမှု ခံယူရတာကလွဲလို့ သူများတကာအပြောနဲ့ မသုံးစွဲသင့်ပါကြောင်း ဆွေးနွေးတင် ဆက်ပေးလိုက်ရပါတယ်။


ဒေါက်တာမြင့်ဦး (ဂျီပီ)

No comments: