Friday, July 22, 2011

စိတ်ခံစားမှုကြောင့် ဆာလောင်မှုအားဖြေရှင်းခြင်း

How to deal with emotional hunger

အစာကို အလွန်အကျွံစားသောက်ရတဲ့ အကြောင်းရင်းတွေကလည်း အကြောင်းပြချက်အမျိုးမျိုးရှိပါတယ်။ ပျင်းတာကြောင့် ပိုစားဖြစ်သွား တာလား၊ ၀မ်းနည်းလို့လား၊ ဒါမှမဟုတ်စိတ်ဆိုးလို့ စိတ်ပျက်လို့ အဆင်မပြေတာရှိလို့ စသဖြင့် ဖြစ်ပါတယ်။


မိမိ စိတ်စေရာနှင့် စားသောက်မှုရဲ့ ရလဒ်

Keep a food and mood diary

နေ့စဉ် ဘယ်လို အစားအစာမျိုး စားဖြစ်သလဲဆိုတာကို တစ်ပတ်လောက် စာအုပ်နဲ့ရေးမှတ်ထားပြီး မစားခင်နဲ့ စားပြီးနောက် ဘယ်လို ခံစားရတယ်ဆိုတာကို စဉ်းစားနှိုင်းယှဉ်ကြည့်ပါ။ ဒီလိုချရေးကြည့်ရင်းနဲ့မှ မဆာဘဲ ဘာကြောင့်အစာတွေ အများကြီးစားဖြစ်သွားတာလဲ ဆိုတာကို သိလာပါလိမ့်မယ်။ ဒီတော့မှ ကိုယ်လိုချင်တာနဲ့ ကိုယ်ရလာတာကို လက်တွေ့သိလာမှာ ဖြစ်တယ်။


တခြားနည်းလမ်းကို ရွေးချယ်ပါ

Find alternatives

စိတ်ညစ်တဲ့အခါဖြစ်စေ၊ ပျင်းတဲ့အခါဖြစ်စေအစားအသောက်ကို ပိုစားမယ့်အစား တခြားအပျင်းပြေစေမယ့် စိတ်ညစ်ပြေစေမယ့် နည်းလမ်းတွေကို စဉ်းစားပြီးလုပ်ပါ။

ခံစားမှုများအား ဖြေရှင်းတတ်ပါစေ

Deal with your emotions

လောကမှာ စိတ်ပျော်စရာရှိသလို စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်တာပါ။ ဒါကြောင့်စိတ်ညစ်စရာရှိပေမယ့်လည်း အရမ်းကြီး စိတ်ညစ်နေတာ ဒေါသထွက်နေတာမျိုးတွေကို ရှောင်ပြီး အခက်အခဲတွေကို အတတ်နိုင်ဆုံး ကောင်းအောင်ဖြေရှင်းတဲ့နည်းလမ်းကို သုံးပါ။ ပြဿနာအရပ်ရပ်ကို အောင်မြင်စွာ ကျော်လွှားသွားနိုင်တဲ့ စိတ်ဓာတ်ကို မွေးမြူတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။


စိတ်ဖိစီးမှုအား ဖြေဖျောက်ပါ

De-stress

စိတ်ညစ်လို့ အစာတွေလျှောက်စားပေမယ့် စိတ်ညစ်တာက ပျောက်မသွားပါဘူး။ နောက်ပြီး အစာခြေအဖွဲ့ကလည်း အစားအစာတွေကို ကောင်းကောင်း မခြေနိုင်တာကြောင့် များများစားလေ အစာမခြေနိုင်ဖြစ်လေပါပဲ။ ဒီလိုအစာမကြေတဲ့အခါမှာ ဗိုက်ပွပြီး နေလို့ထိုင်လို့ မကောင်းတော့ပါဘူး။ ဒါကြောင့် အကောင်းဆုံးစိတ်ဖြေနည်းက အပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ရေကူးတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂကျင့်စဉ် ကျင့်တာမျိုးကိုပြုလုပ်ပေးခြင်းပါပဲ။


အိမ်ကို အစားအသောက်များများ ၀ယ်မလာခဲ့ပါနဲ့

Don't buy it

အစာများများ မစားဖြစ်အောင် ကျန်းမာရေးနဲ့ မညီတဲ့အစားအသောက်တွေ၊ မတည့်ပေမယ့် များများစားဖြစ်သွားမယ့် အစားအစာမျိုး တွေကို ၀ယ်မလာခဲ့ပါနဲ့။ အစာများများ စားဖြစ်တာကလည်း မီးဖိုချောင်ကနေလာတာများပါတယ်။ မုန့်သရေစာမရှိပေမယ့်လည်း စားဖို့တွေကတော့ ရှိနေတာပါ။ ဒီတော့ အစာစားဖို့ သတိမရအောင် အိမ်အလုပ်လုပ်တာ၊ ကလေးနဲ့ကစားတာ၊ စာအုပ်ဖတ်၊ ရုပ်ရှင် ကြည့်တာမျိုးတွေကိုလုပ်ပါ။


ကြိုတင် စီစဉ်ထားပါ

Plan ahead

စိတ်ရှုပ်စရာ ရင်မောစရာကောင်းမယ့် အစည်းအဝေးတွေ၊ တွေ့ဆုံမှုတွေ၊အလုပ်တွေရှိမှာကို ကြိုသိနေခဲ့ရင် အဟာရရှိစေမယ့် အစား အစာတွေစားဖြစ်ဖို့ ကြိုတင်စီစဉ်ထားဖို့သင့်ပါတယ်။ ဒါမှ ဆုံးဖြတ်တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးစဉ်းစားတွေးတောနိုင်မှာ ဖြစ်တယ်။


မကောင်းတဲ့ အမူအကျင့်ဟောင်းများအားပြုပြင်နည်း

How to break bad habits

စိတ်ညစ်တိုင်း အစာတွေချည်းပဲ ဖိစားတာဟာ မကောင်းတဲ့အကျင့်ဖြစ်ပြီး လူကိုဝစေနိုင်တာပါ။ ဒီလိုစားတာဟာ မကောင်းဘူးဆိုပေမယ့် ဒီအကျင့်ဟာတွင်းနက်ကြီးနဲ့တူပါတယ်။ တွင်းထဲကိုကျသွားဖို့လွယ်ကူပေမယ့် ပြန်ထွက်လာဖို့ခက်ပါတယ်။ ဒါပေမဲ့ ဒီမကောင်းတဲ့ အကျင့်ကိုအောက်ဖော်ပြပါနည်းများနဲ့ ပြုပြင်နိုင်ပါတယ်။


အမူအကျင့်တွေကို စားရင်းပြုစုပါ

Make a habit list

ကိုယ်လုပ်တတ်တဲ့ အမူအကျင့်တွေကို စာရွက်ပေါ် ချရေးလိုက်ပါ။ တီဗွီကြည့်ရင်း ကြွပ်ကြွပ်ရွရွ မုန့်တွေစားတတ်တာလား၊ နံနက် ကော်ဖီသောက်ရင်း ဆီကြော်ကိတ်မုန့် ဒိုးနတ်တွေ စားတတ်သလား၊ ပေါင်မုန့် အမြဲစားသလား၊ စားတဲ့အခါမှာလည်း ဘာကြောင့်စား တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်။ ပျင်းလို့လား၊ စိတ်ညစ်လို့လား၊ ဒေါသထွက်လို့လား စသဖြင့်ပါ။


မကောင်းသော အမူအကျင့်အား ကောင်းသော အမူအကျင့်ဖြင့် အစားထိုးခြင်း

Fill your habit holes

မိမိရဲ့ ကောင်းတဲ့အမူအကျင့်တွေကို ဘယ်လိုနည်းနဲ့ ပြုပြင်မလဲဆိုတာ ဆုံးဖြတ်ပါ။ ပထမ အနေနဲ့အားလုံးကို မပြုပြင်နိုင်ရင်တောင်မှ တစ်မျိုးချင်းပြုပြင်သွားနိုင်ပါတယ်။ ဒီလိုပြုပြင်တဲ့နေရာမှာလည်း ကိုယ်အလေးချိန်လျှော့ကျစေပြီး နေလို့ထိုင်လို့ ခံစားလို့ သက်သောင့် သက်သာ ဖြစ်စေမယ့်နည်းနဲ့ ပြုပြင်ပါ။ မဟုတ်ရင် ပြုပြင်ရခက်ခဲပြီး နဂိုအကျင့်ကို ပြန်လုပ်မိသွားမှာ စိုးရပါတယ်။ ဥပမာ - မုန့်လက် ကောက်ပုံ ဆီကြော်မုန့် (ဒိုးနတ်)ကို စားမယ့်အစား စားလို့လည်း အရသာရှိပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေမယ့် စပျစ်သီး ကို အစားထိုးစားတာမျိုးပါ။ ဒါကတော့ အမြဲတမ်းအစားအသောက်နဲ့ အစားထိုးတာမျိုး မဟုတ်ဘဲ တခြားနည်းတွေဖြစ်တဲ့ တီဗွီကြည့်စဉ် အစာစားတာမျိုးထက် မီးပူတိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။ နောက်ပြီး အလုပ်က စားပွဲမှာထက် အပြင်ထွက်ပြီး ကော်ဖီသောက်တာ မျိုးတွေလည်း လုပ်နိုင်တာပါ။


တစ်လှမ်းချင်း လှမ်းပါ

Take one step at a time

မကောင်းတဲ့အမူအကျင့်အားလုံးကို တစ်ပြိုင်နက်တည်းပြင်တာထက် တစ်ကြိမ်မှာတစ်မျိုးလောက်ကိုပဲပြင်ပါ။ နောက်ပြီးအလွယ်ဆုံးနည်း လမ်းကနေစပြင်ကြည့်ပါ။ ဥပမာ ကော်ဖီ၊လက်ဖက်ရည်သောက်တဲ့အခါမှာ သကြားနှစ်ဇွန်းအစား တစ်ဇွန်းပဲ ထည့်တာမျိုးပါ။ ပြီးမှ တစ် ဆင့်ချင်းခက်တဲ့အပြောင်းအလဲတွေကို ပြောင်းလဲကြည့်ပါ။ အောက်ဖော်ပြပါနည်းတွေကလည်း အပြောင်းအလဲ လုပ်တဲ့နေရာမှာ အကြံ ကောင်းကို ရစေနိုင်တဲ့ ဥပမာလေးတွေဖြစ်တယ်။


အမူအကျင့်ဟောင်း (Old Habit)

(၁) တီဗီကြည့်ရင်း မုန့်စားမယ်

(၂) ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဘီစကစ်စားတာ

(၃) ထမင်းစားပြီးတိုင်း အချိတည်းတာ

(၄) ညစာ မစားခင်အကြော်အလှော်နဲ့ သောက်စရာစားတာ

(၅) စားပွဲမှာထိုင်ပြီး မုန့်လက်ကောက်ကြော်(ဒိုးနတ်)စားတာ

(၆) အများကြီးစားတာ


အမူအကျင့်အသစ် (New Habit)

(၁) တီဗွီပိတ်ပြီး စာဖတ်မယ် ဒါမှမဟုတ် အားကစားရုံသွားမယ်

(၂) ပန်းသီးစားမယ်

(၃) လတ်ဆတ်တဲ့ သစ်သီးစားမယ်

(၄) ညစာမစားခင် အသောက်အစားမလုပ်ဘဲ လမ်းလျှောက်တာ

(၅) ဈေးမှာ သတင်းစာ ဂျာနယ်သွားဝယ်တာ၊ ဟိုနားဒီနားသွားတာ

(၆) အသားငါးကို ဟင်းသီးဟင်းရွက်နဲ့ ရောကြော်တာ


ချင့်ချိန် စားသောက်ရာမှာ မထင်မှတ်ဘဲ ကျရောက်လာမယ့် ဘေးအား ကာကွယ်နည်း

How to avoid dietary pitfalls

ကိုယ်က အစားအသောက် ချင့်ချိန်စားသောက်နေပေမယ့် တစ်ခါတလေ ကိုယ်ချထားတဲ့အစီအစဉ်ပျက်သွားတာမျိုးနဲ့ ကြုံတတ်ပါတယ်။ ဥပမာ - သူငယ်ချင်းရဲ့ မွေးနေ့ပါတီဖြစ်စေ၊ ဈေးသွားရင်းဖြစ်စေ အဲဒီနေရာတွေမှာက အကြော်အလှော်နဲ့ ဆီပြန်ဟင်းတွေပဲများတော့ ကျန်းမာရေးနဲ့ညီညွတ်မယ့် အစားအစာရွေးစားဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ ကိုယ်တိုင်ကလည်း ကြိုက်တဲ့အစားအစာတွေမို့ ရှောင် ဖယ်ဖို့လည်း မလွယ်လှတာဖြစ်တယ်။ ဒါပေမဲ့ အောက်ဖော်ပြပါနည်းများနဲ့ ရှောင်လွှဲနိုင်ပါတယ်။


နံနက် အိပ်ရာထချိန်ဗိုက်မဆာတဲ့အတွက် နံနက်စာမစားဘဲနေခြင်း

You're not hungry first thing in the morning so you skip breakfast

ပြဿနာတစ်ရပ်

The Prpblam

နံနက်စာမစားတဲ့အတွက် သွေးချိုရေချိန်ကျဆင်းသွားသလို ကိုယ်တွင်း ဇီဝဖြစ်ပျက်မှုလည်း လျော့ကျသွားပါတယ်။ အဲဒီအခါမှာ စဉ်းစား တွေးတောတဲ့ နေရာမှာရော မှတ်ဥာဏ်ကိုပါ ထိခိုက်ကျဆင်းစေပါတယ်။ ဟားဗတ်ဆေးကျောင်းက သုတေသနပြုလုပ်ရာမှာ ဒီလို နံနက် စာမစားဘဲ နေတဲ့လူတွေဟာ နေ့ဘက်မှာ အများကြီးပိုစားမိသွားပြီး ကိုယ်အလေးချိန်ပိုသွားစေနိုင်ပါတယ်။


သွေးချို ရေချိန် ပုံမှန်ဖြစ်စေဖို့ အမြန်ဆုံးနည်း

The quick fix

ဒီလို နံနက်စာကို အချိန်မရလို့ပဲ ဖြစ်စေ၊ မစားရင်လို့ပဲ ဖြစ်စေဖြစ်နေလို့ သွေးချိုရေချိန်ကျနေခဲ့ရင် ငှက်ပျောသီးဖြစ်စေ၊ အဆီနည်းတဲ့ ဒိန်ချဉ်ဖြစ်စေ လိမ္မော်ရည်ဖြစ်စေ စားသောက်ပြီး လိုအပ်တဲ့ သွေးချိုရေချိန်ကို ပြန်ထိန်းရပါမယ်။


ရေရှည် အကျိုးကိုကြည့်ပါ

Longer – term solution

တကယ်တော့ နံနက်ဘက် အပြင်မသွားခင် နံနက်စာ စားဖြစ်အောင် အချိန်ပေးသင့်ပါတယ်။ နံနက်အိပ်ရာထ အလုပ်ရှုပ်မယ်ထင်တဲ့ ကိစ္စ တချို့ကို ညကတည်းကလုပ်လို့ရတာကို လုပ်ထားနိုင်ပါတယ်။ ဥပမာ - နံနက်အပြင်သွားရင် ၀တ်မယ့်အ၀တ်ရွေးထားတာ၊ အိမ်ရှင်မ ဆိုရင်လည်း ကလေးတွေရဲ့ ၀တ်စုံ၊ ကောင်းလွယ်အိတ်၊ နံနက်စာ စားဖို့အတွက် ခင်းကျင်းပြင်ဆင်ထားတာမျိုးတွေပါ။ နံနက်စာမစားဘဲ ကိုယ့်ကိုယ်ကိုယ်တော့ သွေးချိုရေချိန်ကျပြီး ဇီဝဖြစ်ပျက်မှုနှုန်းတွေကိုပါ ကျဆင်းအောင် မလုပ်မိပါစေနဲ့။ အနည်းဆုံး ကွေကာအုတ်၊ ဒိန်ချဉ်၊ နို့စတာကိုတော့ စားဖြစ်အောင် စားပါ။



နန်းအိအိဇာ

သရဖူမဂ္ဂဇင်း ဂျူလိုင်လ ၂၀၁၁ခုနှစ်

No comments: