Monday, October 14, 2019

လုပ်ငန်းခွင်ပျော်ရွင်ကျေနပ်ခြင်း (Job satisfaction )

လုပ်ငန်းခွင်ပျော်ရွင်ကျေနပ်ခြင်း (Job satisfaction ) နှင့် အလုပ်ထွက်မှု့
-------------------------------------------------------------------------------
( Trun over ) အကြောင်းအရင်းများ
---------------------------------------


အလုပ်မှာ ကျေနပ်ပျော်ရွင်ခြင်းမရှိလို့ အလုပ်ပြောင်းသူတွေ ရှိကြမှာ  ....

ဒါပေမဲ့ အခုတင်ပြချင်တာက..................

အလုပ်မှာ ပျော်ရွင်ကျေနပ်နေပါလျှက်နဲ့

ဘာလို့အလုပ်ထွက်ရတာလဲ?

ဒီမေးခွန်းကိုဖြေဖို့  .....

အလုပ်မှာပျော်ရွင်ကျေနပ်ခြင်း ဆိုတာကို
အဓိပ္ပါယ်ဖွင့်ရင်င်တော့...................

Job satisfaction or employee satisfaction has been defined in many different ways. Some believe it is simply how content an individual is with his or her job, in other words, whether or not they like the job or individual aspects or facets of jobs, such as nature of work or supervision.  လို့ဆိုထားပါတယ်။

အကောင်းဆုံးသောအလုပ်မဟုတ်ရင်တောင် ၀န်ထမ်းတွေဟာ အဲ့အလုပ်မှာ ပျော်ရွင်နေရတယ်။ဘာကြောင်လဲလို့ဆိုရရင်...

(၁)။လုပ်ငန်းခွင်တွင်း အလုပ်မများခြင်း/တနိုင်တပိုင်လုပ်ကိုင်နိုင်ခြင်း

(၂)။Stress အနည်းငယ်သာရှိခြင်း

(၃)။လုပ်ဖော်ကိုင်ဖက်များနှင့်ကောင်းမွန်သော ဆက်ဆံရေး တစ်ရပ်ရှိခြင်း

(၄)။မျှတသော အကျိုးခံစာခွင့် /လစာ ရရှိနေခြင်း စတဲ့ အခြားသော အချက်များအပါအ၀င် အချက်အလက်တစ်ချို့ကိုတွေ့ရှိရပါတယ်။

ဒါဆိုရင် လုပ်ငန်းခွင်မှာပျော်ရွုင်နေပါလျှက်နဲ့ ဘာလို့အလုပ်ပြောင်းချင်ကြတာလဲ?

ဘယ်လိုလူတွေအလုပ်ပြောင်းချင်ကြတာလဲ?

ဒီအကြောင်းအရာတွေက မေးခွန်းတွေကိုဖြေပေးနိုင်ပါလိမ့်မယ်အလုပ်ပြောင်းလိုတဲ့လူတွေအကြောင်းအရင်စပြောရအောင်ဗျာ...

ကိုယ်လုပ်တဲ့အလုပ်က အဆင်ပြေနေပါလျှက်နဲ့ အလုပ်ပြောင်းချင်ရင်တာဆိုရင်တော့......

(၁)   Brand Image ကြောင့်လည်းဖြစ်နိုင်ပါတယ်။လူတွေဟာ ပိုမိုကောင်းမွန်တဲ့နေရာကိုပြောင်းချင်တာထက်
ဘယ်လိုနေရာမျိုးမှာ အလုပ်လုပ်နေရတယ်ဆိုတာကိုလည်း သိစေချင်ကြတယ်။ MNC လုပ်ငန်းမျိုးမှာ လုပ်ရတာ ပိုပြီးကောင်းမွန်တယ် ။ ဂုဏ်ရှိတယ်ထင်နေကြတဲ့သူတွေဟာလည်းပြောင်းချင်ကြတဲ့အထဲ
ပါဝင်ပါမယ်။

(၂)။   ကိုယ့်အတွက် ဒီအလုပ်မှာ လုပ်ပိုင်ခွင့် မရှိဘူး၊ ရာထူးရဖို့ အလားအလာမရှိဘူးလို့တွေးရင်ကော ဖြစ်နိုင်ပါတယ်။

အလုပ်ကမများဘူး နိုင်နိုင်နင်းနင်းလည်းလုပ်နိုင်တယ်။လစာလည်းကြိုက်တယ်။ရုံးမှာလည်းအဆင်ပြေတယ်..
ဒါပေမဲ့ နောက် (၃) နှစ်အတွင်းလောက် ရာထူးတတ်ဖို့မရှိရင် (သို့) ကို့အတွက် နေရာတစ်ခု ဖြစ်လာဖို့ လမ်းမမြင်ရင် အလုပ်ကိုစွန့်ခွာချင်လာပါတယ်။ကိုယ်ကအလုပ်မှာဘယ်ရာထူးဘယ်နေရာမှာလုပ်နေတာပါဆိုတာက ငွေထက်အရေးကြီးတဲ့သူတွေလည်းရှိတာကိုး။

(၃)   ကိုယ့်အတွက် ဒီအလုပ်က ပေးစရာပညာ သိပ်မရှိတော့ဘူးလို့ ထင်တဲ့သူတွေ ၊အတွေ့အကြုံအသစ် လိုချင်တဲ့သူတွေကလည်း အလုပ်ကိုစွန့်ခွာ ချင်လာပါတယ်။သူတို့အနေနဲ့ အခြားသော လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံကို လိုချင်လာလို့လည်းဖြစ်နိုင်ပါတယ်။

(၄)။   အလုပ်က အဆင်ပြေပေမဲ့ ဘ၀အတွက် အာမခံချက်ပေးတဲ့ အလုပ်လို့ မယုံကြည်ရတဲ့ အခါ  ၊တစ်သက်လုံးလုပ်ဖို့အဆင်ပြေပါမလားလို့ တွေးမိတဲ့အခါပေါ့၊အစိုးရ၀န်ထမ်းတွေလို အသက်(၆၀)အထိ ပင်စင်စားအနေနဲ့လုပ်လို့ရပါ့မလား..

ဒါကလည်းတစ်ချက်ပေါ့.....

(၅)။   အားလုံးအဆင်ပြေပါတယ် မပြေတာကို လစာလို့ တစ်ခါတစ်ခါဆိုတတ်သလို ...ငွေကြေးကို ပိုလိုအပ်လာတဲ့အခါ ၊ အလုပ်များရင်များပါစေ လစာတော့ပိုပေးပါလို့ ပြောတတ်ကြတယ်..ဒါကလည်း အခြေခံအချက် ထဲမှာထည့်ရမှာပါ။ဒိထဲမှာမပါတဲ့ တစ်ခြားအချက်အလက်တွေလည်းရှိအုံးမှာပါ


ဒီလိုအလုပ်မှပျော်ရွင်ကျေနပ်တယ်  / ဒီအလုပ်မှာလုပ်ရတာ အဆင်ပြေတယ်ဆိုပေမဲ့...အလုပ်ပြောင်းချင်သူတွေ(သို့)အလုပ်ထွက်သွားသူတွေ ရှိနေတာ ဒီအချက်တွေ အကုန်မဟုတ်ရင်တောင် ပါကောင်းပါနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် အဲ့ဒိသူတွေကို အတတ်နိုင်ဆုံး ဘယ်လို ထိန်းသိမ်းထားနိုင်မလဲဆိုတာလေးကို လေ့လာထား သင့်ပါတယ်

                                                                           
Htain lin kyaw (HR)

Sunday, October 13, 2019

*** Estrogen ဟိုမုန်းအကြောင်းသိကောင်းစရာ ***


...........................................................
👩 MWD: Estrogen ဆိုတဲ့ဟိုမုန်းဟာ ဘယ်လိုဟိုမုန်းမျိုးလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ ဆရာ..

Dr.KML: ကျွန်တော်တို့လူတွေမှာ အမျိုးသား၊ အမျိုးသမီးရယ်လို့ ခွဲခြားပြီး တာဝန်ထမ်းဆောင်ဖို့ အဓိကညွှန်ကြားပေးတဲ့ဟိုမုန်းတွေကို sex hormone လို့ ခေါ်ပါတယ်.. အမျိုးသားတွေအတွက် အဖိုဟိုမုန်း Testosterone လိုအပ်သလို အမျိုးသမီးတွေအတွက်ကို မဟိုမုန်း Estrogen နဲ့ Progesterone လိုအပ်ပါတယ်.. ဒါကြောင့် Estrogen ဟာ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ sex hormone တစ်ခုဖြစ်ပါတယ်..

👩 MWD: Estrogen ဟာ sex hormone ဆိုတော့ ဘယ်လိုမျိုးတာဝန်တွေကို ထမ်းဆောင်ပါသလဲ..

Dr.KML: အမျိုးသမီးတွေရဲ့ မျိုးဆက်ပြန့်ပွားခြင်းနဲ့သက်ဆိုင်တဲ့ကိစ္စအားလုံးမှာ estrogen ဟာ မရှိမဖြစ်လိုအပ်ပါတယ်.. ဥပမာ ဓမ္မတာမှန်မှန်ပေါ်ဖို့ကအစ လိင်မှုဆိုင်ရာခန္ဓာကိုယ်အစိတ်အပိုင်းတွေဖွံ့ဖြိုးဖို့၊ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်တာအားလုံးအတွက် လိုအပ်ပါတယ်..


👩 MWD: Estrogen ဟာ ကျွန်မတို့စားတဲ့အစားအစာကနေရတာလား.. ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းကထုတ်တာလားဆိုတာ သိပါရစေ.

Dr.KML: ကုန်ကြမ်းအနေနဲ့တော့ စားတဲ့အစားအစာကနေ ရတာပေါ့.. အစာထဲမှာပါတဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ Cholesterol တွေ ခန္ဓာကိုယ်ထဲရောက်ရင် estrogen အဖြစ် ပြောင်းလဲအောင်ပြုလုပ်ပေးပါတယ်..
၉၀% သော estrogen ကိုတော့ ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေ ထုတ်ပေးပါတယ်..
ကျန် ၁၀% ကိုတော့ ကျောက်ကပ်ရဲ့အပေါ်မှာကပ်နေတဲ့ adrenal glands ကနေ Androgen လို့ခေါ်တဲ့ ဟိုမုန်းကနေတဆင့် အခြား tissue တွေဖြစ်တဲ့ အရေပြားအောက်မှာရှိတဲ့အဆီတွေမှာ ပြောင်းလဲပေးနိုင်ပါတယ်.. ကိုယ်ဝန်ဆောင်စဉ်ကာလဆိုရင် အချင်း (Placenta) ကလည်း ထုတ်ပေးလေ့ရှိပါတယ်..

👩 MWD: Estrogen နဲ့ ပတ်သက်တဲ့ဆေးတွေမှာ နာမည်အမျိုးမျိုးတွေ့နေရတာ ဘာကြောင့်ပါလဲဆရာ..

Dr.KML: တကယ်တော့လွယ်အောင်သာ Estrogen လို့ခေါ်နေတာပါ.. တကဲ့တကယ်တော့ Estrogen ဆိုတာ single hormone မဟုတ်ပါဘူး.. Hormone တွေအများကြီးကို စုစည်းခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်.. ဒါ့ကြောင့် Estrogen ကိုရေးရင် နောက်က ‘s’ တပ်ပေးရပါတယ်.. Estrogens လို့ခေါ်မှ ပိုမှန်ပါတယ်..
အဓိကအရေးကြီးတဲ့ Estrogen (၃)မျိုး ရှိပါတယ်..
 (၁) Estradiol
 (၂) Estrone
 (၃) Estriol

👩 MWD: သွေးထဲမှာရှိတဲ့ estrogens ပမာဏဟာ အမြဲတမ်းတသမတ်တည်းရှိပါသလား.. ဘယ်လိုအချိန်တွေမှာနည်းသွားတတ်ပါသလဲ ဆရာ..

Dr.KML: တသတ်မှတ်တည်းတော့မရှိပါဘူး.. ရာသီသွေးပေါ်တဲ့အခြေအနေ (Menstrual cycle) ပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိပါတယ်.. အပေါ်ကပြောခဲ့တဲ့အချိုးအစားကတော့ ပြောင်းလဲခြင်းမရှိပါ.. ဒါပေမယ့် သွေးဆုံးပြီဆိုရင်တော့ Estrogen တွေများစွာ လျော့နည်းသွားပါတယ်.. ဘာလို့လဲဆိုတော့ ovaries ကနေ လုံးဝမထုတ်နိုင်တော့လို့ ဖြစ်ပါတယ်..

Ovaries ကနေထုတ်တာက ၉၀% ဆိုတော လုံးဝမထုတ်တာနဲ့ ၉၀% Production  (Major Production) ကျသွားပါတယ်.. အဲဒီ့အချိန်မှာ ကျန် ၁၀% ကို ထုတ်ပေးနိုင်တဲ့နေရာတွေကနေ ဆက်ထုတ်ပေးဆဲ ဖြစ်ပါတယ်.. ဥပမာ ခန္ဓာကိုယ်အဆီထဲမှာ Androgen ကနေ ပြောင်းလဲထုတ်ပေးပါတယ်.. အဆီဓာတ်မရှိတဲ့အမျိုးသမီးတွေမှာတော့ ထုတ်လုပ်မှုလျော့နည်းပြီး ဝတဲ့အမျိုးသမီးတွေမှာ ပိုမိုထုတ်နိုင်တာ တွေ့ရပါတယ်.. ဒါ့ကြောင့် ဝတဲ့အမျိုးသမီးတွေဟာ ပိန်တဲ့အမျိုးသမီးတွေထက်စာရင် သွေးဆုံးတဲ့လက္ခဏာတွေခံစားရတာ လျော့နည်းတာတွေ့ရပါတယ်.. ဥပမာ hot flashes လို့ခေါ်တဲ့ခန္ဓာကိုယ်ပူပြီးနီရဲနေတာတို့ Osteoporosis လို့ခေါ်တဲ့အရိုးပွတာတို့ လျော့နည်းတာကို တွေ့ရပါတယ်.. ဒါပေမဲ့ estrogen လှုံ့ဆော်မှုကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ သားမြတ်ကင်ဆာ (Breast cancer) လိုဟာမျိုးတော့ ဝတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်.. နောက်တစ်ခုကလည်း ဝတဲ့သူတွေမှာ SHBG (Sex Hormone Binding Globulin) ဟာ ပိန်တဲ့လူထက်စာရင်ပိုနည်းတာကြောင့်Estrogen တွေဟာ free form အနေနဲ့ နေတာပိုများလို့ ပိုပြီးactive ဖြစ်တယ်ဆိုတာကြောင့်လဲပါပါတယ်..

👩 MWD: ဆရာ ခုနကပြောခဲ့တဲ့ Estrogen သုံးမျိုးဟာ ဘယ်လိုများခြားနားပါသလဲ.. ဘယ်အမျိုးအစားတွေက ပိုအရေးပါပါသလဲ..

Dr.KML:
 (၁) Estradiol
သူ့ကို ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေထုတ်ပေးပါတယ်.. သွေးမဆုံးမီအထိ ဆက်တိုက်ထုတ်ပေးပါတယ်.. သွေးဆုံးရင်တော့ လုံးဝမထုတ်နိုင်တော့ပါ.. လစဉ်ဓမ္မတာပေါ်အောင် မှန်နေအောင်ထိန်းချုပ်ပေးပါတယ်.. လစဉ် မမျိုးဥ တစ်ဥစီကြွေဖို့ တာဝန်ထမ်းဆောင်ပါတယ်..

(၂) Estrone
ခန္ဓာကိုယ်အဆီတွေကနေ ထုတ်ပေးပါတယ်.. Adrenal gland ကနေထုတ်တဲ့ Androgen ကနေ ပြောင်းလဲထုတ်ပေးခြင်း ဖြစ်ပါတယ်.. သွေးမဆုံးမီအချိန်အထိ အရေးမပါလှပေမယ့် သွေးဆုံးပြီးရင် Estrogen တွေ မထုတ်နိုင်တဲ့အခါမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်.. သွေးဆုံးပြီး သွေးဆုံးကိုင်ဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ဟိုမုန်းဖြစ်ပါတယ်..

(၃) Estriol
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အများဆုံးထွက်ရှိပါတယ်.. သူ့ကိုတော့ မိခင်ထံမှသာမကပဲ ကလးနဲ့ အချင်း(Placenta) ကနေပါ ထုတ်ပေးပါတယ်.. ကိုယ်ဝန်ဆောင်ကာလမှာ သာမန်အခြေအနေထက် ပိုပြီးနုပျိုသွားတာဟာ ဒီဟိုမုန်းတွေကြောင့် ဖြစ်ပါတယ်.. ခုနကပြောခဲ့တဲ့ ဟိုမုန်းနှစ်ခုရဲ့Metabolite အနေနဲ့လဲ တွေ့ရပါတယ်.. အစကတော့  သူ့ရဲ့အရေးပါမှုကို သိပ်မသိခဲ့ကြပါဘူး.. နောက်ပိုင်းရောက်မှ ပိုပြီးသိလာကြပါတယ်..

ခုနကပြောခဲ့တဲ့ Hormone ၂ ခုဟာ များရင် Hormone Dependent Cancer ဖြစ်နိုင်ပါတယ်.. ဒါကို opposed လုပ်ဖို့အတွက် Estriol လိုအပ်ပါတယ်.. သူဟာ estrogen အုပ်စုတွေထဲမှာတော့ စိတ်အချရဆုံးဖြစ်ပါတယ်.. ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတဲ့ Estrogen လို့လဲ ပြောနိုင်ပါတယ်.. ဂျပန်နိုင်ငံမှာ စမ်းသပ်ချက်အရ တစ်နေ့ကို 2 mg ပေးရင်bone loss သက်သာတယ်လို့ ဆိုပါတယ်..
ဒါကြောင့် သွေးဆုံးတဲ့ (Menopause ရောက်တဲ့) HRT (Hormone Replacement Therapy) ပေးမယ်ဆိုရင် Estriol ပါတဲ့ Preparation အဖြစ် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပြောင်းလဲထုတ်လုပ်လာကြတာ တွေ့ရပါတယ်..


👩 MWD: ဆရာပြောတဲ့အထဲမှာပါတဲ့ HRT ဆိုတာ ဘာကိုခေါ်တာပါလဲဆရာ..

Dr.KML: သွေးဆုံးတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ သွေးထဲမှာ Estrogen level ကျသွားပါတယ်.. ဒါကြောင့် သွေးဆုံးကိုင်ခြင်းဆိုတဲ့ ရောဂါဝေဒနာအစုအဝေးကို ခံစားရလေ့ရှိပါတယ်.. အထူးသဖြင့် Osteoporosis လို့ခေါ်တဲ့ အရိုးပွဝေဒနာခံစားရလေ့ရှိပါတယ်.. ဒီလိုမခံစားရအောင် သွေးဆုံးတာနဲ့ Estrogen ပါတဲ့ဆေးဝါးတွေကို မှီဝဲဖို့လိုအပ်ပါတယ်.. ဒီလိုမှီဝဲရာမှာ အအနောက်တိုင်းဆေးဝါးပဲဖြစ်ဖြစ် သဘာဝဆေးဝါးပဲဖြစ်ဖြစ် မှီဝဲလို့ရပါတယ်.. ဒါကို HRT လို့ခေါ်ခြင်းဖြစ်ပါတယ်..

👩 MWD: အနောက်တိုင်းဆေးအနေနဲ့ ဘယ်လိုပစ္စည်းတွေကိုအခြေခံပြီး ပြုလုပ်ထားတယ်ဆိုတာလဲ ဗဟုသုတအဖြစ်သိပါရစေ..

Dr.KML: ဒီကနေ့အသုံးပြုနေတဲ့ အနောက်တိုင်းဆေးတွေကိုတော့ ခန္ဓာကိုယ်ရဲ့ပြင်ပမှာ ပြုလုပ်တဲ့အတွက် exogenous estrogen လို့လဲ ခေါ်ပါတယ်.. အနောက်တိုင်းဆေးအနေနဲ့ သောက်ဆေး၊ ထိုးဆေး၊ Topical patch လို့ခေါ်တဲ့ အရေပြားမှာကပ်ထားတဲ့ဆေးရယ်၊ မိန်းမကိုယ်ထဲထည့်တဲ့ဆေးဆိုပြီး မျိုးစုံရှိပါတယ်.. ဒါတွေကိုသုံးစွဲရာမှာ မိမိသဘောနဲ့မိမိ မသုံးစွဲသင့်ဘဲ သက်ဆိုင်ရာမီးယပ်သားဖွားကျွမ်းကျင်တဲ့ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့သာ သုံးရမှာ ဖြစ်ပါတယ်.. အဓိကအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့မြင်းမတွေ (Pregnant mares/horses) ကနေ ထုတ်ပါတယ် ..

မြင်းတွေကိုယ်ဝန်ဆောင်လို့ ၁၁ လပြည့်ရင် သီးခြားလှောင်ထားလိုက်ပါတယ်.. အပြင်ကိုပေးမထွက်တော့ပါဘူး.. သူ့ရဲ့ဆီးကိုယူလိုက်ရင် အဲဒီထဲမှာ estrogen စုစုပေါင်း ၁၇ မျိုးပါဝင်ပါတယ်.. ပါဝင်တဲ့ concentration များအောင် မြင်းကို ရေနည်းနည်းပဲတိုက်ပါတယ်.. ဒါမှလဲ ထုတ်လုပ်မှုစရိတ်သက်သာမှာ ဖြစ်ပါတယ်.. မြင်းကိုလှုပ်ရှားမှုမရှိအောင် ထားရပါတယ်.. ပြီးရင် လှဲပြီးမအိပ်အောင် အခန်းကျဉ်းကျဉ်းလေးထဲမှာ မတ်တပ်ရပ်ခိုင်းထားပါတယ်.. အိပ်ရင် Estrogen ထွက်တာနည်းသွားလို့ ဖြစ်ပါတယ်.. အပြင်ထွက်လမ်းလျှောက်ရင်လဲ Estrogen ကို urine ကနေစွန့်ထုတ်တာနည်းသွားလို့ ပေးမလျှောက်ခိုင်းခြင်း ဖြစ်ပါတယ်.. ကလေးမွေးပြီးပြီဆိုတာနဲ့ တစ်ပတ်ကြာရင် ခုနကလို ပြန်ထားပါတယ်.. ဒါကြောင့် Estrogen ထုတ်တဲ့ ဆေးဝါးစက်ရုံတွေမှာရှိတဲ့မြင်းတွေဟာ ကိုယ်ဝန် ၂ ကြိမ် ၃ ကြိမ်ဆောင်ပြီးတာနဲ့ stress of confinement ကြောင့် သေဆုံးကြရပါတယ်.. ဒါကြောင့် တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအသင်းအဖွဲ့များနဲ့ မကြာခဏဆိုသလို ပြဿနာတက်ပါတယ်..

 နောက်ဆုံးမှာ တိရိစ္ဆာန်တွေကို သနားညှာတာမှုအနေနဲ့ အပင်ကရတဲ့ သဘာဝ plant estrogen ကိုသာ အသုံးပြုကြဖို့ ဆရာဝန်တွေကို ပိုမိုတိုက်တွန်းလာကြခြင်း ဖြစ်ပါတယ်.. ဒါကိုတော့ Xenoestrogen လို့ခေါ်ပါတယ်.. သူတို့ဟာ Estrogen နဲ့ ပုံသဏ္ဍာန်တူပြီး အပင်ကရတဲ့အတွက် တိရစ္ဆာန်ကရတာထက် ပိုပြီးအန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်..

👩 MWD: သဘာဝဆေးဝါးတွေအနေနဲ့ ဘယ်လိုမျိုးဆေးဝါးတွေကို သုံးပါသလဲ ဆရာ..

Dr.KML: အဓိကအနေနဲ့ ဒေါင်းကွေး (Dong Quai)၊ ပဲပိစပ် (Soy bean) နဲ့ ပေါက်ဥ (Pueraria mirifica) တို့ကို သုံးလေ့ရှိပါတယ်.. အဲဒီမှာပါတဲ့ estrogen တွေကို Phytoestrogen လို့ ခေါ်ပါတယ်.. သဘာဝအစားအစာတွေထဲမှာ Phytoestrogen ပါဝင်မှုအများဆုံးကတေှာ့Soy လို့ခေါ်တဲ့ ပဲပိစပ်ဖြစ်ပြီး သဘာဝဆေးမြစ်တွေထဲမှာတော့ ဒေါင်းကွေး နဲ့ပေါက်ဥတို့ဖြစ်ပါတယ်..
အပင်ကရတဲ့ Phytoestrogen တွေဟာ တိရိစ္ဆာန်ကရတဲ့ estrogen တွေထက် ပိုမိုစိတ်ချရတဲ့အတွက် အခုနောက်ပိုင်းမှာ အပင်ကရတဲ့ estrogen ကိုပဲ ပိုပြီးသုံးလာကြပါတယ်.. ကျွန်တော်တို့အနေနဲ့ Rejuvir (ဒေါင်းကွေးဆေး)၊ Soyamin (ပဲပိစပ်ဆေး) ဆိုတဲ့ နာမည်နဲ့ထုတ်လုပ်ထားပြီးဖြစ်ပါတယ်.. သွေးဆုံးကိုင်ခြင်းမဖြစ်ရလေအောင် အမြဲသောက်သင့်ပါတယ်..

👩 MWD: အပင်ကရတဲ့ estrogen နဲ့ တိရိစ္ဆာန်ကရတဲ့ estrogen ဘာများကွာပါသလဲ ဆရာ..

Dr.KML: Estrogenရဲ့ တည်ဆောက်ပုံအနေအထား အနည်းငယ်ကွာပါတယ်.. တိရိစ္ဆာန်ကရတဲ့ estrogen ဟာ cholesterol ကနေ ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်.. Carbon atom ၂၇လုံးပါဝင်တဲ့ Cholesterol မော်လီကျူးကို အဆင့်ဆင့်ဖြိုခွဲရာမှာ ပထမအဆင့်မှာ Carbon atom ၂၁ လုံးပါဝင်တဲ့ Progesterone ကိုရပါတယ်.. ဒုတိယအဆင့်မှာ Carbon atom ၁၉ လုံးပါဝင်တဲ့ Androgen ကိုရပြီး နောက်ဆုံးအဆင့်မှာမှ Carbon atom ၁၈ လုံးပါတဲ့ Estrogen ကိုရပါတယ်.. အဲ့လိုရတဲ့အခါမှာ Carbon atom ၁၈ လုံးရှိတဲ့အနက်No.16 position မှာ hydroxy လို့ခေါ်တဲ့ OH group ရှိပါတယ်.. ဒါဟာများလာရင် cancer ဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ်..
အပင်ကရတဲ့ Phytoestrogen ကတော့ Cholesterol ကနေဖြိုခွဲယူတာမဟုတ်ပါဘူး.. အပင်တွေမှာလဲ Cholesterol ဆိုတာမရှိပါဘူး.. သာမန်အဆီကနေ တည်ဆောက်ရတာဖြစ်လို့ Carbon atom ၁၈ ခုခြင်းတူပေမဲ့ ‘OH’ group ဝင်တဲ့ နေရာက No.2 position မှာ ဖြစ်ပါတယ်.. ကင်ဆာဖြစ်စေတဲ့ No.2 position မှာဝင်တဲ့အတွက် ကင်ဆာဖြစ်စေတဲ့ receptor မှာ ကပ်ညှိနိုင်ခြင်းမရှိလို့ ဘယ်လောက်များများစားစား ကင်ဆာမဖြစ်နိုင်ပါ..
ဒါကြောင့် ဒီနေ့အခါမှာ estrogen (၂) မျိုးခွဲထားပါတယ်.. အပင်ကရတဲ့ estrogen ကို good estrogen (2 hydroxy estrone) လို့ခေါ်ပြီး တိရိစ္ဆာန်ကရတဲ့ estrogen ကို Bad estrogen (16-hydroxy estrone) လို့ ခေါ်ပါတယ်..


👩 MWD: Estrogen များရင်ရော ဘာများဖြစ်နိုင်ပါသလဲ ဆရာ..

Dr.KML: Estrogen အပါအဝင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟိုမုန်းဓါတ်တွေဟာ သတ်မှတ်ချက်အတိုင်းသာရှိရပါမယ်.. နည်းရင်ရောဂါတွေရနိုင်သလို များရင်လဲ side effect တွေရမှာဖြစ်ပါတယ်.. Estrogen ဟာလဲ ပုံမှန်အတိုင်းရှိရင် အမျိုးသမီးတစ်ယောက်ပီပီသသဖြစ်ဖို့ တာဝန်ထမ်းဆောင်သလို အရိုးပွတာတို့ဘာတို့မဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်.. လိုတာထက်ပိုများခဲ့ရင် အဓိက side effect အနေနဲ့ ကင်ဆာရောဂါဖြစ်နိုင်ပါတယ်.. သားမြတ်ကင်ဆာ (Breast cancer) နဲ့ သားအိမ်ခေါင်းကင်ဆာ (Cervical cancer) တို့ ဖြစ်ပါတယ်..

အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်အရ Estrogen ၂မျိုး ၂စား ခွဲခြားနိုင်ပါတယ်..
(၁) Bad estrogen (16-alpha-hydroxy-estrone) ကင်ဆာဖြစ်စေနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်..
(၂) Good estrogen (2-hydroxy-estrogen) အန္တရာယ်ကင်းပြီး အကျိုးရှိတဲ့အမျိုးအစားဖြစ်တဲ့အတွက် ပြဿနာမရှိပါ..
ဒါတွေကိုလဲ ovaries ကနေ ထုတ်ပေးတာဖြစ်ပါတယ်.. ovaries ကနေ ဘယ်ဟာကိုထုတ်ပေးသလဲဆိုတာကတော့ ကာယကံရှင်ရဲ့ အနေအထိုင်၊ အစားအသောက်၊ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပါတယ်.. ဒါတွေပေါ်မူတည်ပြီး ကင်ဆာဖြစ်ခြင်း/မဖြစ်ခြင်းကို ဆုံးဖြတ်ပါတယ်..

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

#Estrogen
#HealthTalk
#MWD

Friday, October 11, 2019

BBQ Pork Ribs (ဝက်နံရိုး BBQ) - တိုဟူးကြော်သုပ် - ယိုးဒယားအမဲသားစွပ်ပြုတ် (Thai Beef Soup)

အလှူငါးခြောက်ဟင်း
-------------------------------


 တစ်သက်မှာ တစ်ခါသာ စားဖူးပြီး ဘယ်တော့မှ မမေ့နိုင်တဲ့ ငါးခြောက်ဟင်းလေး ဖြစ်ပါတယ်။
 အလှူငါးခြောက်ချက်ကို ငယ်ငယ်က မန္တလေးမှာ မှတ်မှတ်ရရ တစ်ခါပဲ စားခဲ့ဖူးတာပါ။ အိမ်ရှေ့အိမ်က အလှူမှာ ကူညီလုပ်ပေးခဲ့ရင်းက မှတ်မိသလောက် ပြန်ပြီး ချက်စား ကြည့်ဖြစ်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးခြောက် (ငါးကွမ်းရှပ်)  -  ၄ဝဝ ဂရမ်
• ကြက်သွန်ကြော်  -  ၅၀ ဂရမ်
• အုန်းသီးအဖတ်  -  ၅၀ ဂရမ်
• မြေပဲထောင်း  -  ၆၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၄ မြောင်း
• အရောင်တင်  -  စားပွဲဇွန်း ၁ ဇွန်း
• နနွင်းမှုန့်  -  အနည်းငယ်
• ဆား  -  အနည်းငယ်
 (ချက်သည့် ငါးခြောက်အပေါ် မူတည်၍ ချိန်ဆပါ။)
• ဟင်းခတ်မှုန့်  -  ၁ ဇွန်း
• ထောပတ်  -  ၈၀ မီလီလီတာ (၅ ကျပ်သား)
• ဆီ  -  ၈၀ မီလီလီတာ

ပြုလုပ်နည်း
၁။ ငါးခြောက်ကို လိုသလိုလှီးဖြတ်၍ ရေဆေးပြီး ရေစစ်ထားပါ။
၂။ အိုးတစ်လုံးထဲ ဆီနှင့် ထောပတ်ထည့်ပြီး ငါးခြောက်ကို မွှေးလာသည်ထိ ဆီပူထိုးပါ။
၃။ ပါဝင်ပစ္စည်းများ ကြက်သွန်ဖြူထောင်း၊ ကြက်သွန်ကြော်၊ မြေပဲထောင်းနှင့် အုန်းသီး
တို့ကို ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်၊ အရောင်တင်ထည့်ပါ။ အရသာဖြည့်စွက်ပါ။
ပြီးလျှင် ရေမြုပ်အောင်ထည့်ပြီး ငါးခြောက်နူးအိပြီး အနှစ်ကျသည်အထိ တည်ပါ။
၎။ လိုအပ်ပါက ရေထပ်ထည့်ပြီး ဆီပြန်လာပါက ပန်းကန်ထဲ ထည့်ပြီး တည်ခင်းသုံးဆောင် နိုင်ပါပြီ။

လိုက်ဖက်သော ဟင်းအတွဲ
    ပဲတီချဉ်သုပ်၊ ပဲနီလေးကြာဆံဟင်းချို၊ ငရုတ်သီးကြော်။
-------------------------------------------------
Sofia

တိုဟူးကြော်သုပ်
---------------------------


 ဒီဟင်းလျာလေးက ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့အပြင် အာဟာရလည်းပြည့်စုံတဲ့ ဟင်းလျာလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• မြေပဲ  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူကြော်  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• သက်သတ်လွတ်ဟင်းခတ်မှုန့်  -  အနည်းငယ်
• ကော်မှုန့်  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ခရမ်းချဉ်သီး  -  ၁ လုံး
• ကြက်သွန်နီ  -  ၁ လုံး
• တိုဟူး  -  ၁၅၀ ဂရမ်
• ရှောက်ရွက်  -  အနည်းငယ်
• နံနံပင်  -  အနည်းငယ်
• ငရုတ်သီး  -  ၄ တောင့်
• ဂေါ်ဖီ  -  အနည်းငယ်

ပြုလုပ်နည်း
 ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ရှောက်ရွက်နှင့် ငရုတ်သီးတို့ကို ပါးပါးလှီးပါ။ တိုဟူးကို အနေတော်လှီးပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်ကပ်ပြီး ဆီပူမှာြွကပ်အောင် ကြော်ပါ။ ဇလုံထဲမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ရှောက်ရွက်၊ ငရုတ်သီး နှင့် နှမ်း၊ မြေပဲ၊ ကြက်သွန်ကြော်၊ ကြက်သွန်ဖြူဆီချက်၊ သက်သတ်လွတ် ဟင်းခတ်မှုန့်၊ ဆားနည်းနည်း၊ အချို  အရသာအဖြစ် သကြားတို့ကို ရောမွှေပါ။ ပြီးလျှင် ပန်းကန် မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
---------------------------------------------------
Eant Wint Htut

ယိုးဒယားအမဲသားစွပ်ပြုတ် (Thai Beef Soup)
--------------------------------------------------------


 ထိုင်းအမဲသားစွပ်ပြုတ်လေးက ပါဝင်ပစ္စည်းအနည်းငယ်ဖြင့် ချက်ရလွယ်ကူပြီး အရသာလည်းကောင်းလို့ လူကြိုက်များတဲ့ စွပ်ပြုတ်လည်းဖြစ်ပါတယ်။ အမဲသားစွပ်ပြုတ်ကို အမဲသားချည်း သီးသန့်မသုံးဘဲ အမဲအကြောအနည်းငယ်နဲ့ရောပြီး ပြုလုပ်နိုင်သလို အမဲအူကြမ်းတို့ဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။ မိုးအေးအေးမှာ ပူစပ်ပြီး အရသာရှိတဲ့ စွပ်ပြုတ် လေးကို ချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
• အမဲသား၊ အမဲအကြော၊ အမဲအူကြမ်း  -  ၅ဝဝ ဂရမ်
• ကြက်သွန်နီဥသေး  -  ၃ လုံး
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ပတဲကော  -  လက်တစ်ဆစ်
• စပါးလင်  -  ၂ ချောင်း
• ရှောက်ခါးရွက် -  ၃ ရွက်
• ဆား  -  စားပွဲဇွန်း ၂ ဇွန်း
• ရှလကာရည်  -  ၁ ခွက်
• ကွကျသားအရသာခဲ  -  ၁ ခဲ
• ရေ  -  ၂၊ ၃ လီတာ
တွဲဖက်တည်ခင်းရန်
• ကြက်သွန်မြိတ်
• နံနံပင်
• ပင်စိမ်းရွက် (optional)
• ငရုတ်သီးအလှော်မှုန့်
• သံပရာရည်
• ငံပြာရည်


ပြုလုပ်နည်း
၁။ ဦးစွာ အမဲသား၊ အမဲအကြော၊ အမဲအူကြမ်းကို အနေတော်အရွယ်လှီးဖြတ်ပြီး ဆား ၁ ဇွန်း၊ ရှလကာရည် ၁ ခွက်ထည့်၍ နာနာနယ်ပွတ်ပြီး ရေဆေးထားပါ။
၂။ အိုးထဲ ရေ ၁ လီတာခန့်ထည့်ပြီး ဆူပွက်အောင် တည်ပါ။ ဆူပွက်ပါက ရေဆေးထားသော အသားကို ထည့်ပြီး ဆူပွက်သည်အထိ တည်ပါ။ အမြှုပ်များထွက်လာပါက မီးပိတ်ပြီး ဆန်ခါ တစ်ခုထဲ လောင်းထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။
၃။ ပြီးလျှင် ပြုတ်မည့်အိုးကို သန့်စင်ပြီး ရေ ၁ လီတာခွဲခန့်ထည့်ပါ။ စပါးလင် ၂ ချောင်းကို ထုပြီး ထည့်ပါ။ ပတဲကောကို ပါးပါးလှီးထည့်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ကြက်သား အရသာခဲနှင့် ရေစစ်ထားသော အသားတို့ကို ထည့်ပြီး မီးအေးအေးဖြင့် နူးအိသည်အထိ ပြုတ်ထားပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပါ။
၎။ အမဲသားအကြော နူးအိပါက ပန်းကန်ထဲ ထည့်ပြီး ငံပြာရည်၊ သံပရာရည်၊ ငရုတ်သီး အလှော် မှုန့်၊ ကြက်သွန်မြိတ်၊ နံနံပင်နှင့် ပင်စိမ်းရွက်တို့ကို မိမိနှစ်သက်သလို အပေါ့အငန် ထည့်ပြီး ပူပူစပ်စပ်ယိုးဒယား အမဲစွပ်ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
---------------------------------------------------------
Sofia

BBQ Pork Ribs (ဝက်နံရိုး BBQ)
--------------------------------------------------


 ဝက်နံရိုး BBQ ကိုတော့ Bar တွေနဲ့ စားသောက်ဆိုင်တွေမှာ အများဆုံးတွေ့ရမှာပါ။ ဒီလိုပဲ ပါတီပွဲတွေမှာဖြစ်စေ၊ မိမိအိမ်မှာဖြစ်စေ လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ဝက်နံရိုး  -  ၃ ကီလိုဂရမ်
• ကြက်သွန်ဖြူမှုန့်  -  ၂၀ ဂရမ်
• ကြက်သွန်နီမှုန့်  -  ၂၀ ဂရမ်
• ပါပရီကာမှုန့်  -  ၅၀ ဂရမ်
• ကြက်သားမှုန့်  -  ၃၀ ဂရမ်
• ဆား  -  ၂၀ ဂရမ်
• ငရုတ်ကောင်း  -  ၁၀ ဂရမ်
• ဘီယာ  -  ၁ လီတာ
• ရေ  -  ၂ လီတာ
• သကြားအညို  -  ၂၀ ဂရမ်
• မုန်လာဥနီ  -  ၁ တောင့်
• ကြက်သွန်နီ  -  ၅ လုံး
• ဆလာရီ  -  ၁/၂ စည်း
• Thyme  -  ၁၀ ဂရမ်
• Rosemary  -  ၁၀ ဂရမ်

ပြုလုပ်နည်း
၁။ ဦးစွာ ဝက်နံရိုးကို သန့်ရှင်းစွာ ဆေးကြော၍ ပါဝင်သောအရသာနှင့် အမွှေးနံ့သာများကို နယ်ပြီး တစ်ည လောက် ရေခဲသေတ္တာထဲမှာ ထားပါ။
၂။ ပြီးလျှင် အသီးအရွက်များဖြစ်သော မုန်လာဥနီ၊ ကြက်သွန်နီနှင့် ဆလာရီတို့ကို လှီးဖြတ်ပြီး ဗန်းတစ်ချပ်
ထဲမှာ ထည့်ပါ။ အဲဒီဗန်းထဲမှာ နံရိုးများကိုစီပြီး ထည့်ပါ။ ပြီးလျှင် ဘီယာနှင့် ရေ လောင်းထည့်ပါ။ ပြီးလျှင် အပေါ်မှာ အလူမီနီယံပြားအုပ်ပြီး 135˚C ပေးထားတဲ့ အာဗင်ထဲ ထည့်ပါ။
၃။ ၂ နာရီကြာလျှင် ထုတ်ပြီး အအေးခံထားပါ။ ပြီးလျှင် မိမိလိုသလောက် ပိုင်းဖြတ်ပြီး မီးသွေးမီးဖိုမှာ ကင်ပါ။ BBQ Sauce  နှင့် တွဲစားလျှင် အလွန်အဆင်ပြေပါတယ်။
---------------------------------------------
Win Zaw @ Mario Win Zaw

Tuesday, October 8, 2019

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ​စေဖို့"




ရေးသားသူ - ​ဒေါက်တာ ဖြိုးသီဟ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာက တော်တော်များများ ကြုံနေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်၊၊ ကိုယ့်အကြောင်း သူ့အကြောင်း သိနေပြီးသား လူတွေအတွက် ပြဿနာမရှိပေမဲ့ အခုမှ စတွေ့မယ့်လူနဲ့ကျ First Impression က သိပ်အရေးပါလာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စတွေ့တဲ့အချိန်မှာ ဘယ်သူမဆို သူဘာလဲ ငါဘာလဲ အကဲခတ်တတ်ကြတာချည်းပါပဲ။ အဲဒီလို စတွေ့တွေ့ချင်း ၃ စက္ကန့်လောက် အချိန်ဟာ ကျန်တဲ့ဆက်ဆံမှုတစ်ခုလုံးအပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှု ရှိပါတယ်။ လွဲသွားလို့ ဆိုပြီး နောက်တစ်ကြိမ်လည်း ပြန်ပြင်ခွင့် မရှိပါဘူး။ အဲဒီအပြင် လုပ်ငန်းခွင်မှာဆိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ သူများထက် တစ်ပန်းသာလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။

ဒီတော့ ကျွန်တော်တို့မှာ အားနည်းနေတဲ့ အဲဒီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်လို တည်ဆောက်ကြမလဲ။

ကျွန်တော့်အမြင်အရ အဓိကကျတဲ့ အချက်(၃)ချက် ပြောပြလိုပါတယ်။

၁။ Competence (ကျွမ်းကျင်မှု)

ကိုယ်ကျွမ်းကျင်မှု မရှိတဲ့ နယ်ပယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ရတာ သိပ်ခက်ပါတယ်။ ဆရာဝန်ကို စီးပွါးရေးအကြောင်း စကားတက်ပြောခိုင်းရင် သေချာတယ်၊ မဝံ့မရဲ ဖြစ်နေမှာပဲ။ ကျန်းမာရေးအကြောင်းပဲ ကိုယ်သိတာ ကိုယ်ပြောပါ ဆိုရင်တောင် တစ်ခါမှ မပြောဖူးသူဆို စင်ကြောက်တာနဲ့ ဒူးတုန်နေဦးမှာပါ။ ပြောဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိတယ်၊ ကိုယ်ကျွမ်းကျင်ရာကိုလည်း ပြောရမယ်၊ ထပ်ကာထပ်ကာလည်း လေ့ကျင့်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ စကားပြောနိုင်ပါလိမ့်မယ်။

Confidence comes from Competence.

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ကျွမ်းကျင်မှုကနေ လာပါတယ်။ အလုပ်မှာဖြစ်ဖြစ်၊ အတတ်ပညာတခုခုကို သင်နေတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတာ မကျွမ်းကျင်သေးလို့ပါ။ ကျွမ်းကျင်လာအောင် ထပ်ကာထပ်ကာ လေ့ကျင့်ရင်းနဲ့ ယုံကြည်မှုတွေ ရလာပါလိမ့်မယ်။

၂။ Style (၀တ်စားဆင်ယင်မှု)

ကိုယ့်အတွေ့အကြုံပေါ်ပဲ တည်ပြီး ပြောပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ ကိုယ်ဘယ်လိုဝတ်စားသွားသလဲ ဆိုတာကလည်း အများကြီးစကားပြောပါတယ်။ ရိုးရိုးနာရီနဲ့ အကောင်းစားနာရီ ၀တ်ထားတဲ့အခိုက်အတန့်မှာ စိတ်ခံစားချက်ချင်း မတူကြပါဘူး။ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ ဖိနပ် စတာတွေက အတိုင်းအတာတစ်ခုထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးနိုင်ပါတယ်၊၊ နောက်ပြီး ခန္ဓာကိုယ် အချိုးအစားကလည်း အရေးကြီးတာပါပဲ၊၊

အဲဒီတော့ လန်ပျံနေအောင် ၀တ်စားရမှာလားဆိုရင် မဟုတ်ပါဘူး။ တကယ်တော့ Looking good ကြည့်ကောင်းတယ် ဆိုတာ သူများနဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေ ကိုယ့်ခန္ဓာကိုယ်ပေါ် တင်လိုက်တာကို ခေါ်တာမဟုတ်ပါဘူး၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်ဝတ်ဆင်တတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။

အဝတ်အစားနဲ့ ပတ်သက်ပြီး ၃ ချက် ဝေမျှလိုပါတယ်။

√ ပထမတစ်ခု – အရောင်ပါ။ ကျွန်တော့်အသားရောင်ဆိုရင် ညိုတဲ့ဘက်ကို မဆိုစလောက်လေး (တကယ့်ကိုမှ မဆိုစလောက်လေး) ရောက်ပါတယ်။ ဒီအခါ အရမ်းတောက်တဲ့အရောင်တွေ၊ အဖြူပြောင်တွေ ၀တ်ရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါဘူး။ ဝတ်လိုက်ရင် အသားနည်းနည်းဖြူသွားသလို ခံစားရတဲ့ အရောင်မျိုးတွေဝတ်မှပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။

√ ဒုတိယတစ်ချက် – ခုမှ ၀ယ်လာတဲ့ အသစ်စက်စက်ကို ပွဲနေ့ကျမှ ထုတ်ဝတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့စေပါတယ်။ အနည်းဆုံး တစ်ခါလောက် ၀တ်ထားပြီးတဲ့ အ၀တ်ကမှ ကိုယ်နဲ့အသားကျသလို၊ ရင်းနှီးသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။

√ နောက်ဆုံးတစ်ချက် – ၀တ်တဲ့အ၀တ်က မကြပ်လွန်း၊ မပွလွန်း ဖြစ်ဖို့ လိုပါတယ်။ ကြပ်လွန်းရင်လည်း နေရထိုင်ရ မလုံသလို၊ ပွပွကြီးဝတ်စားထားတာကလည်း ကိုယ့်ရဲ့ယုံကြည်မှုကို ကျစေပါတယ်။

အဓိကကတော့ အ၀တ်အစားဝတ်တဲ့အခါမှာ သူများအမြင်မှာ လှဖို့ထက် ကိုယ့်စိတ် သက်သောင့်သက်သာ ရှိဖို့၊ ဒီအ၀တ်အစား၊ ဒီအသုံးအဆောင်တွေက ကိုယ့်ရဲ့ ယုံကြည်မှုကို မြင့်တက်စေဖို့က ပိုအရေးကြီးပါတယ်။

၃။ Fake it (ဟန်ဆောင်ပါ)

လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား (Body gesture) ကို ကြည့်လိုက်ရုံနဲ့ ဒီလူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် မရှိဘူး သိနိင်ပါတယ်။

အဲဒီလို Confidence ရှိမရှိက ကိုယ်နေဟန်ထားမှာ လာပေါ်နေသလို၊ ပြောင်းပြန်အနေနဲ့ ကိုယ်နေဟန်ထားကလည်း ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ သိပ်အရေးကြီးပါတယ်။

ယုံကြည်မှုကတော့ နည်းနေတယ်၊ ဒါပေမယ့် တမင်တကာ ကိုယ်နေဟန်ထားကို ပြင်ပြီး ယုံကြည်မှုရှိသလို ဟန်ဆောင်လိုက်ပါ။

TED Talk တစ်ခုမှာ နားထောင်ဖူးတယ်။ လူတွေကို မာန်ပါတဲ့ စတိုင်လ်၊ မာန်မပါတဲ့ စတိုလ်မျိုးတွေနဲ့ ၂ မိနစ်စီ နေစေပြီး သူတို့ရဲ့ Cortisol Hormone (စိတ်ဖိစီးမှုဖြစ်ရင် ထွက်တဲ့ ကော်တီဇော ဟော်မုန်း) ကို တိုင်းတာတဲ့အခါမှာ လူတစ်ယောက်တည်းမှာကိုပဲ မာန်ပါတဲ့ဟန် လုပ်ထားချိန်မှာ Cortisol ပမာဏ ပိုနည်းတာကို တွေ့ရပါတယ်။

ဒါကြောင့် အရေးကြီးတဲ့အလုပ်တခုခု မလုပ်မီမှာ ၂ မိနစ်လောက် အဲဒီလို ယုံကြည်မှုရှိတဲ့ ကိုယ်နေဟန်ထားမျိုး (High power pose) ကို တမင်လုပ်ယူကြည့်ပါ။ အဲဒါက စိတ်ဖိစီးနေတာတွေကို လျော့နည်းစေပြီး ကိုယ့်ရဲ့ ယုံကြည်မှုကို တက်စေပါလိမ့်မယ်။

တစ်ခုတော့ ရှိပါတယ်။ အဲဒီခဏလေး အောင်မြင်အောင် လုပ်လိုက်နိုင်ဖို့အတွက်နဲ့ပဲ ဟန်မဆောင်ပါနဲ့။ တကယ်ကို ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ကိန်းအောင်းလာတဲ့အထိ ဟန်ဆောင်ကြဖို့တော့ လိုပါတယ်။

Don’t fake it ‘til you make it. Fake it ‘til you become it.

ဒါဆိုရင် အချိန်တစ်ခု ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

မှတ်ထားပါ၊ စိတ်ခံစားချက်တွေက ကိုယ်နေဟန်ထားမှာ လာပေါ်သလို၊ ကိုယ်နေဟန်ထားကလည်း စိတ်ခံစားချက်ကို ပြင်ပေးပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်ရင်

√ ကိုယ်လုပ်ရမယ့်အလုပ်မှာ ကျွမ်းကျင်အောင် ကြိုးစားပါ။
√ ၀တ်စားဆင်ယင်မှုကို ဂရုစိုက်ပါ။
√ နောက်ပြီး အရေးကြီးတာတခုခု လုပ်တော့မယ့်အခါတိုင်း ၂ မိနစ် ဟန်ဆောင်ပါ။

Self-Con-Fidence = Style + Competence + Fake ဖြစ်ပါတယ်၊၊

ဒေါက်တာ ဖြိုးသီဟ
၁၃.၅.၂၀၁၇

Ref: Your body language shapes who you are – Amy Cuddy (TED talk, June 2012)
- - - - - - - - - -

Sunday, October 6, 2019

ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နိုင်သလဲ


ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar


ကိုယ်ဝန်ဖျက်ချခြင်းသည် မျိုးပွားမှုကို မထိခိုက်နိုင် (သို့) နောက်ကိုယ်ဝန်များတွင် မည်သည့် နောက်ဆက်တွဲပြဿနာမှ မဖြစ်နိုင်ဟု အများစုက ယုံကြည်ကြသည်။ သို့သော် လတ်တလော လေ့လာမှုများအရ ကိုယ်ဝန်ဖျက်ချပြီးနောက်တွင် ခန္ဓာကိုယ်၌ ဘေးထွက်ဆိုးကျိုးအချို့ ရှိသည်ဟု သိရှိရသည်။ (မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်မပြုပါ။)

လက္ခဏာများ
ကျန်းမာရေး အခြေအနေပေါ်တွင် မူတည်ြပီး တစ်ဦးနှင့် တစ်ဦး လက္ခဏာများ ကွဲပြားကြသည်။ သို့ရာတွင် အမျိုးသမီးအများစု ခွဲခန်းဝင် ကိုယ်ဝန်ဖျက်ချပြီးနောက် ကြုံတွေ့ရမည့် ပုံမှန်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ (ခွဲခန်းဝင်ကိုယ်ဝန်ဖျက်ချခြင်းဆိုသည်မှာ လေစုပ်ခြင်း (သို့) သားအိမ်ခြစ်ခြင်းနည်းဖြင့် ကိုယ်ဝန်ဖျက်ချခြင်းကို ဆိုလိုသည်။)

ပထမ နှစ်ပတ်တွင် အချိန်မမှန် သွေးဆင်းခြင်း
ပထမနှစ်ပတ်တွင် သားအိမ်ညှစ်ခြင်းကြောင့် ဗိုက်နာခြင်း။ အချို့ အမျိုးသမီးများသည် ထိုနာကျင်မှုကို ၆ ပတ်လောက်အထိ ခံစားရသည်။
နှစ်ပတ်မှ သုံးပတ်အထိ စိတ်ပိုင်းဆိုင်ရာသောကများ ခံစားရခြင်း
ကိုယ်ဝန်အစောပိုင်းတွင် မိန်းမကိုယ်မှ သွေးဆင်းခြင်း
အချင်းကျန်သောကြောင့် ပိုးဝင်ခြင်း
ပျို့ အန်ခြင်း
ထို့ပြင် ခွဲခန်းဝင် ကိုယ်ဝန်ဖျက်ချမှုသည် နောက်ပိုင်းကိုယ်ဝန်များတွင် အောက်ပါနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်ချေ အန္တရာယ်များစေသည်။

ကလေးစောမွေးခြင်း
ကလေးပေါင်မပြည့်မွေးခြင်း
အချင်းပြဿနာများ
သင့်ဆရာဝန်ကို ချက်ခြင်းခေါ်ပါ။
အကယ်၍ သင်သည်အောက်ပါလက္ခဏာများကို ခံစားနေရပြီဆိုလျှင် သင့်ဆရာဝန်ကို ချက်ချင်းခေါ်ဖို့ လိုအပ်ပါသည်။

သွေးအလွန်အကျွံဆင်းခြင်း ။ ။ ခွဲခန်းဝင်ကိုယ်ဝန်ဖျက်ချခြင်းသည် ပုံမှန်ရာသီလာချိန်နှင့် မတူသော သွေးဆင်းခြင်းကို ဖြစ်စေတတ်သည်။ (၁၂ နာရီလုံး သွေးအလွန်ဆင်းခြင်း)
ခေါင်းကိုက်၊ ကြွက်သားကိုက်ခဲနာကျင်၊ ခေါင်းမူး၊ မအီမသာခံစားရခြင်း။ ပြင်းထန်သော ပိုးဝင်ခြင်းသည် အဖျားမ၀င်ဘဲလည်း ဖြစ်နိုင်သည်။
အကိုက်အခဲပျောက်ဆေးသောက်ထားသော်လည်းဝမ်းဗိုက်တွင် စူးပြီးနာကျင်ခြင်း။
အဖျား ၁၀၀.၄ ဒီဂရီဖာရင်ဟိုက် (၃၈ ဒီဂရီဆဲ စင်တီဂရိတ်) နှင့် အထက်။
လေးနာရီမှ ၆နာရီထိ အန်ခြင်း။
ရုတ်တရက် ၀မ်းဗိုက်ဖောင်းလာခြင်း (သို့) နှလုံးခုန်မြန်ခြင်း။
မိန်းမကိုယ်မှ သွေးဆင်းများလာပြီး အနံ့နံခြင်း။
မျိုးပွားအင်္ဂါနေရာတွင် နီရဲ၊ ရောင်ရမ်း၊ နာကျင်ခြင်း။

ဂရုစိုက်မှု
သင့်ဆရာဝန်၏ အကြံဥာဏ်ကို သေချာနားထောင်ပြီး အကောင်ဆုံးဖြစ်ဖို့အတွက် သင်ဘာလုပ်နိုင်လဲမေးမြန်းပါ။ သင်စဉ်းစားဖို့ အသုံးဝင်သော အချက်အလက်အချို့ ကို အောက်တွင် ဖြော်ပထားပါတယ်။

ခွဲခန်းဝင်ပြီး တစ်ရက်နှစ်ရက်အကြာတွင် ပုံမှန်လှုပ်ရှားမှုများ ပြန်လုပ်ပါ။ တစ်ပတ်အတွင်းတွင် ပြင်းထန်သော လေ့ကျင့်ခန်း၊ လှုပ်ရှားမှုများကို ရှောင်ပါ။

အချိန်တိုအတွင်းတွင် လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ သင့်အခြေအနေပေါ်မူတည်ပြီး တိကျသော သတင်းအချက်အလက်ရရှိဖို့ ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါ။

ပြန်လည် စတင် လိင်ဆက်ဆံသောအခါတွင် ပိုးဝင်ခြင်းကို ကာကွယ်ရန် ကိုယ်ဝန်တားဆေး သုံးပါ။

မိန်းမကိုယ်ကို အရည်များနှင့် မဆေးကြောပါနဲ့။ ၎င်းသည် မျိုးပွားအင်္ဂါ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။

အကယ်၍ သင်သည် ကိုယ်ဝန်ဖျက်ချပြီးနောက် သင့်ကျန်းမာရေး၊ နောက်ပိုင်းကိုယ်ဝန်အတွက် ဖြစ်နိုင်ချေရှိသော ဆိုးကျိုးများကို စိုးရိမ်လျှင် သင့်ဆရာဝန်နဲ့ စစ်ဆေးပါ။ သင့်ဆရာဝန်က သင့်ကို ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို နားလည်အောင် ရှင်းပြပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရှာဖို့ ကူညီပါလိမ့်မည်။

မူလတင်ဆက်သည့် စာမျက်နှာ - Hello ဆရာဝန်