Thursday, October 21, 2021

တစ်ဆင့်ပြီး တစ်ဆင့် ဆောက်တည်ပါ

 တစ်ဆင့်ပြီး တစ်ဆင့် ဆောက်တည်ပါ




ဒီနေ့ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာနေ့) မှာ အချိန်ပေးပြီး ဖတ်ရကျိုးနပ်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။


ပထမဆုံး ဝန်ခံလိုတာက အောက်က ပုံဟာ ဗုဒ္ဓတရားတော်တွေကို လေ့လာနာယူရင်း ကျွန်တော့်ဟာ ကျွန်တော် နားလည်သလို ဖန်တီးထားတာသာ ဖြစ်တယ် ဆိုတာပါပဲ။


ဗုဒ္ဓဘာသာလို့ ပြောလိုက်ရင် စိတ်ညစ်စရာ ကောင်းတယ်၊ နေ့စဉ်ဘဝမှာ အသုံးချဖို့ အလှမ်းဝေးလွန်းတယ် စသဖြင့် ထင်တတ်ကြပါတယ်။ တရားဆိုလည်း အသက်ကြီးမှ အားထုတ်သင့်တဲ့ ကိစ္စပေါ့လေ။ ဘဝဆိုတာ ဆင်းရဲတယ် (ဒုက္ခ)၊ မတည်မြဲဘူး (အနိစ္စ)၊ သူ့သဘော သူဆောင်နေတာ (အနတ္တ) စသဖြင့် ဟောထားတော့ အဲ့လို မြင်ကြတာလည်း မဆန်းဘူးပေါ့။


သို့သော် တကယ်တမ်းကျ ဗုဒ္ဓက အဲ့ဒါတွေကိုပဲ ဟောခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဟောပြောတဲ့အခါ ၉ တန်း၊ ၁၀ တန်းအရွယ်ဆို တစ်မျိုး၊ တက္ကသိုလ် ကျောင်းသူ ကျောင်းသားဆို တစ်မျိုး၊ လုပ်ငန်းခွင် ဝင်နေတဲ့သူတွေဆို တစ်မျိုး ဟောပြောကြသလိုပဲ၊ ဗုဒ္ဓရဲ့ တရားတော်တွေကလည်း အဆင့်ဆင့် ရှိတယ်။ လူတစ်ယောက်အနေနဲ့ ဘယ်လိုနေရ ထိုင်ရမယ် ဆိုတာကအစ ဟောခဲ့တာတွေ အများကြီး။ သို့သော် ခုနကလို အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့၊ သစ္စာ ၄ ပါးတို့ကို အသားပေးပြီး ဟောပြောတာမျိုးပဲ အကြားများတဲ့အခါ အထင်မှားကုန်ကြတာ။


နောက်ပြီး အဲ့လို အဆင့်ဆင့် တည်ဆောက်ရတဲ့ သဘောကို နားမလည်တော့ တချို့ကျတော့လည်း တလွဲသဘောပေါက်ပြီး လူကြားကောင်းအောင် လျှောက်ပြောကြတာပေါ့။ ဥပမာ သေရင်လည်း ထားခဲ့ရတာပဲ ဆိုပြီး ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင် မကြိုးစားကြတာမျိုး၊ အခု တော်လှန်ရေးဆိုလည်း ကိုယ်နဲ့ မဆိုင်သလို နေနေကြတယ်၊ ပြီးတော့မှ ဘယ်အရာမှမှ အစိုးမရတာလေ ဆိုပြီး အနတ္တ ဘာညာနဲ့ ပြောရော။ 


ဟုတ်ပြီ၊ တကယ်သာ အဲ့လို အနိစ္စ၊ အနတ္တတွေကို သဘောပေါက်နေတာ သေချာတယ်ဆို ကိုယ် အခု စီးနေတဲ့ ကားလေးကို ရောင်းပြီး မရှိဆင်းရဲသားတွေကို လှူလိုက်ပါလား။ ဘယ်အရာမှ အစိုးမရဘူးဆို ကိုယ့်သားသမီး နေထိုင်မကောင်း ဖြစ်ရင် အရာရာ သူ့သဘော သူဆောင်မှာပဲ ဆိုပြီး ဘာမှ ဆေးမကုပေးဘဲ ဒီအတိုင်း ထိုင်ကြည့်နေမလား။ ဘယ်နေလိမ့်မလဲ။ သေကာမှ သေရော၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကုပေးမှာပဲ။


တကယ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာတွေကို တကယ်သဘောပေါက် ကျင့်သုံးနေတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အတ္တတွေ၊ တာဝန်မဲ့တာတွေ၊ မကြိုးစားချင်တာတွေကို ဘာသာရေး ခုတုံးလုပ်ပြီး စိတ်အာသာဖြေနေကြတာပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်နေကြတာပဲ။


ဒီတော့ အဆင့်ဆင့် သွားဖို့ လိုမယ်လို့ မြင်မိတယ်။ ဒါဆို ဟုတ်ပြီ။ တစ်ချက်ချင်း ကြည့်ရအောင်။


၁။ လူကောင်း ဖြစ်ဖို့


တစ်နည်းအားဖြင့် လူကောင်း ဆိုတာ ကိုယ့်ကြောင့် မျက်ရည်ကျရတဲ့သူ မရှိသလောက် နည်းတာမျိုးကို ဆိုလိုတာ။ အနည်းဆုံးတော့ ပျော်ရသူ အရေအတွက်ဟာ ငိုရတဲ့သူထက်တော့ ပိုများရမယ်ပေါ့။ 


ဗုဒ္ဓဘာသာဝင်တွေ အခြေခံအားဖြင့် ဆောက်တည်ရတဲ့ ၅ ပါးသီလ ဆိုတာ တကယ်တော့ သူများကို ဒုက္ခမပေးမိအောင်၊ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ် မကျအောင် စောင့်ထိန်းရတာပဲ။ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက်က ဒီလောက်ကြီး အကျိုးမရှိဘူး။ ဒါကြောင့် ၅ ပါးသီလကို မဟာဒါနလို့လည်း ဟောတာ။ 


အဲဒါကိုမှ ထပ်ချဲ့လိုက်ရင် ဒုစရိုက်တရား ၁၀ ပါး ဆိုပြီး ဖြစ်လာတယ်။ ၅ ပါးသီလအပြင် ဣသာ၊ မစ္ဆရိယလို စိတ်နဲ့ ပတ်သက်တာတွေပါ ပါလာပြီ။ ကိုယ့်ရဲ့ လုပ်ရပ်၊ အပြော၊ အကြံအစည် (ကာယကံ၊ ဝစီကံ၊ မနောကံ) ၃ ခုလုံးမှာ မကောင်းတာတွေ မလုပ်မိ၊ မပြောမိ၊ မတွေးမိအောင် စောင့်ထိန်းရတာ။ ဒါဆို အခြေခံ အကျဆုံးအနေနဲ့ လူကောင်း ဖြစ်သွားပြီလို့ ပြောလို့ ရနိုင်တယ်ပေါ့။ 


၂။ ပြည့်စုံကြွယ်ဝဖို့


လူဆိုတာ မဟုတ်တာ မလုပ်ရုံနဲ့တင် မပြီးဘူး။ ဟုတ်တာတွေလည်း လုပ်ဖို့ လိုအပ်တယ်။ အများကို ဒုက္ခမပေးရုံတင်မကဘူး၊ ကိုယ့်ဘ၀ တိုးတက်မြင့်မားအောင်လည်း ကြိုးစားဖို့ လိုပါတယ်။


အူမ တောင့်မှ သီလ စောင့်နိုင်မယ် ဆိုတဲ့ စကားသည် အတိုင်းအတာတစ်ခုထိ မှန်တယ်လို့ မြင်တယ်။ အူမ တောင့်လျက်နဲ့ သီလ မစောင့်နိုင်သူတွေ ရှိသလို၊ အူမ မတောင့်ဘဲနဲ့ စောင့်နေတဲ့သူတွေလည်း ရှိတယ်။ သို့သော် အဲဒါတွေသည် ဟိုဘက်စွန်း၊ ဒီဘက်စွန်း။ အများစုကတော့ အလယ်မှာပဲ ရှိတာ။ 


စဉ်းစားကြည့်လေ။ လူဆိုတာ ငတ်လာပြီဆိုရင် ခိုးမိနိုင်တာပဲ။ လုမိနိုင်တာပဲ။ ကိုယ့်ရှင်သန်ရပ်တည်ရေးက နံပါတ် ၁ ဖြစ်လာရင် ကျန်တာကို သိပ်မစဉ်းစားနိုင်တော့ဘူး။ ဒါကြောင့် တစ်သက်လုံး လူကောင်းဖြစ်သွားဖို့ဆို ဘဝက ပြည့်စုံအဆင်ပြေမှ ရမယ်။ 


နောက်ပြီး အခု Mindfulness ဆိုပြီး ပြောနေ၊ သင်နေတဲ့သူ အများစုဆိုလည်း ကြည့်လိုက်။ ယေဘုယျအားဖြင့် ဘဝတွေ အဆင်ပြေနေကြတာ တွေ့ရလိမ့်မယ်။ အိမ်ထောင်ရေး အဆင်မပြေတာတို့၊ ကလေး နေမကောင်းတာတို့ ဒါလေးတွေတော့ ရှိမှာပေါ့။ Overall ခြုံကြည့်လိုက်ရင်တော့ အဆင်ပြေနေကြတယ်။ ဒါကြောင့်လည်း စိတ်ငြိမ်းချမ်းဖို့ ကိစ္စတွေကို လုပ်နေနိုင်တာပေါ့။ 


ဒီတော့ ကိုယ့်ဘ၀ တိုးတက်မြင့်မားဖို့သည် ပထမ ရည်ရွယ်ချက်ဖြစ်တဲ့ လူကောင်းဖြစ်ဖို့ကိုလည်း အထောက်အပံ့ ပေးသလို၊ ပိုအဆင့်မြင့်လာမဲ့ စိတ်အေးချမ်းဖို့အတွက်ပါ အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။


ဒါဆို ဗုဒ္ဓက ဘာတွေ ဟောခဲ့သလဲ။ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာဖို့အတွက် သမ္ပဒါတရား ၄ ပါး လိုအပ်တယ်တဲ့။ 


 လုံ့လဝီရိယနဲ့ ကြိုးစားအားထုတ်ပါတဲ့။ အင်္ဂလိပ်လို ပြောရရင် Hard work ပေါ့။ 

 ဝင်ငွေများပြီး ထွက်ငွေနည်းအောင် လုပ်ပါတဲ့။ အဲဒါ Financial management ပေါ့။ 

 မိတ်ဆွေအပေါင်းအသင်း ရှိဖို့ လိုတယ်တဲ့။ Networking ပေါ့။ Mentoring ပေါ့။ 

 ရရှိပြီးတဲ့ ဥစ္စာပစ္စည်းတွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲပါတဲ့။ Saving လုပ်ပေါ့။ စိတ်ချရတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံ Investment လုပ်ပေါ့။ 


ခုခေတ်မှာ ပြောနေကြတဲ့ အချက်တွေချည်းပဲ။ ဒါတွေအကုန် ဗုဒ္ဓတရားထဲမှာ ရှိတယ်။ 


အဓိပတိ ပစ္စယော တဲ့။ ကိစ္စတွေ ပြီးမြောက်အောင်မြင်စေဖို့ ကျေးဇူးပြုနိုင်တဲ့ အချက် ၄ ချက်။ ဒါတွေရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ်ပေါ့ဗျာ။ ခုခေတ် ပြောနေကြတဲ့ If theres a will, there is a way ဆိုတာ ဆန္ဒာဓိပတိပေါ့။ စိတ်ဓါတ်က အရေးကြီးတယ်၊ ပညာက အရေးကြီးတယ်၊ ဝီရိယက အရေးကြီးတယ် ပြောနေကြတာတွေသည်လည်း အဓိပတိ ပစ္စည်းပဲ။ 


နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဘာလိုလဲ။ ဒီ ၄ ချက်ပဲလေ။ စစ်အာဏာရှင်ကို ကျဆုံးစေလိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ ပိုင်းခြားဆင်ခြင်နိုင်တဲ့ ဉာဏ်ပညာ၊ ကိုယ့်အခန်းကဏ္ဍအလိုက် ကြိုးစားအားထုတ်နေကြတာ၊ ဘာတွေ ဘယ်လိုကြုံကြုံ အားလျော့မသွားတဲ့ စိတ်ဓါတ်၊ ဒါတွေသာ ပေါင်းစည်းထားကြည့်။ ဘယ်လောက် အမြစ်တွယ်နေတဲ့ အာဏာရှင်ပဲ ဖြစ်စေဦးတော့၊ တောင့်မခံနိုင်စေရဘူး။ 


ဆိုတော့ ဒီလို ကိုယ့်ဘ၀ တိုးတက်ရေး၊ စွမ်းဆောင်အောင်မြင်နိုင်ရေးအတွက် ဟောထားတာတွေလည်း အများကြီးပဲ။ ဒါတွေကို လက်တွေ့ အသုံးချနိုင်ဖို့ လိုမယ်။


၃။ အများအကျိုး သယ်ပိုးဖို့


ဘယ်သူ့မှလည်း ဒုက္ခမပေးဘူး။ ကိုယ့်ဘဝကလည်း မြင့်မားလာပြီ ဆိုတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ အများအကျိုးပါ လုပ်ဖို့ လိုလာမယ်။ 


ဥစ္စာဓနတွေ ရှာဖွေပြီးရင် ကိုယ့်အတွက် သုံးပါတဲ့။ ကိုယ်ဖြစ်တည်တဲ့ မိသားစု၊ ကိုယ်ဆောက်တည်တဲ့ မိသားစု၊ ဆွေမျိုး၊ အသိမိတ်ဆွေတွေကို စောင့်ရှောက်ပါတဲ့။ လိုအပ်နေသူတွေကို လှူပါ၊ တန်းပါတဲ့။ နောက်ဆုံး၊ နိုင်ငံသားတာဝန်ဖြစ်တဲ့ အခွန်ဘဏ္ဍာတွေ ဆက်သပါတဲ့။ အဲဒီအထိ ဟောထားတာ။ 


ဒါ ပရဟိတ လုပ်တာမျိုးထိ မဟုတ်သေးဘူးနော်။ လူတစ်ယောက်အနေနဲ့၊ ဖခင်၊ မိခင်၊ သားသမီးတစ်ယောက်၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ယူရမဲ့ တာဝန်တွေ ယူဖို့ကိုပဲ ဟောသေးတာ။ အခုကာလအတွက် ပြောရရင်လည်း CDM လုပ်မယ်၊ NUG ဆီ အခွန်ဆောင်မယ်၊ တော်လှန်ရေးကို နိုင်သလောက် ထောက်ပံ့မယ် ဆိုတာတွေသည် နိုင်ငံသားတာဝန် ယူနေတာပဲ ဖြစ်တယ်။


နာရေးကူညီမှုအသင်းတို့၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးတို့လို ပရဟိတတွေက ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ထပ်ပြီးတော့မှ လုပ်သွား။ ကနဦးအနေနဲ့တော့ တာဝန်ကျေဖို့ လိုမယ်ပေါ့။


၄။ စိတ်အေးချမ်းဖို့


လူကောင်းဖြစ်တိုင်း၊ ပြည့်စုံချမ်းသာနေတိုင်း၊ အများအတွက် အလုပ်လုပ်တိုင်း စိတ်အေးချမ်းနေရတာတော့ မဟုတ်ဘူး။ ခုကာလကိုပဲ ကြည့်။ ပြည်သူဘက်က ရပ်တည်သူတွေမှာ ဘယ်လောက်တောင် ပူလောင်နေရသလဲ။ 


ဆိုတော့ ဒီအဆင့်ထိ ရောက်ဖို့ကျ စိတ်အထားတတ်ဖို့ လိုလာမယ်။ စိတ်ရဲ့ သဘာဝတွေကို သိဖို့ လိုလာမယ်။ တရားထိုင်ခြင်းလို လက်တွေ့ လုပ်ဆောင်ရတာတွေ ရှိလာမယ်။ 


လူတွေက ပဌာန်းဆို ရွတ်ရ၊ ပူဇော်ရတာပဲလို့ ထင်တယ်။ ပဋိစ်စသမုပ်ပါဒျတို့၊ သစ္စာ ၄ ပါးတို့၊ မဂ္ဂင် ၈ ပါးတို့ဆို လန့်လန့်သွားကြတယ်။ ကိုယ်တိုင်လည်း ထင်ဖူး၊ လန့်ဖူးပါတယ်။ တကယ်က အဲဒါတွေသည် စိတ်ရဲ့ အကြောင်းကို ဟောထားတာပဲ။ 


ကျွန်တော်တို့ စိတ်ဆင်းရဲနေ၊ စိတ်ပူလောင်နေကြရတာဟာ ဘာကြောင့်လဲ။ တဏှာဆိုတဲ့ အစွဲအလမ်းကြောင့်ပဲ။ ရန်ကုန်မှာ ကား ၅ စီး၊ မန္တလေးမှာ တိုက် ၅ လုံး၊ တစ်ခုမှ လှည့်မကြည့်ဘူး၊ ဘာဖြစ်လို့လဲ၊ ငါ့ဟာမှ မဟုတ်တာ ဆိုတဲ့ ပြက်လုံးလိုပဲ။ လူဆိုတာ ကိုယ် မပိုင်တာ၊ ကိုယ် မခင်တွယ်တာအတွက် ဘယ်သူမှ မပူလောင်ဘူး။ မပူဆွေးဘူး။ ဒါကြောင့် နိဗ္ဗာန်တွေ၊ သံသရာတွေ ခဏထားလိုက်။ လက်ရှိဘဝမှာ ပျော်ချင်တယ်၊ အေးချမ်းချင်တယ်ဆို စွဲလမ်းမှုကို လျှော့ချရမယ်။ စွဲလမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုသည် ပြောင်းပြန်အချိုးကျတယ်။


ဒါန လုပ်ခိုင်းတယ် ဆိုရင်လည်း ကြည့်လိုက်။ အနိမ့်ဆုံးအဆင့်က တူသောအကျိုးပေးဖို့၊ ဒါမှ ဒီဘ၀ လုပ်ငန်းကိုင်ငန်းတွေ အောင်မြင်မယ်၊ နောင်ဘဝလည်း ချမ်းချမ်းသာသာ နေရမယ်။ မင်းတို့တွေ ကပ်စေးကုတ်မနေနဲ့။ လှူကြ။ လှူတယ်ဆိုတာ ဘဏ်မှာ ငွေအပ်သလိုပဲ။ မင်းတို့ သံသရာမှာ နောင်တစ်ချိန်ကျ ပြန်ခံစားရမှာ။ ဒီလိုအကျိုးစီးပွားလေးနဲ့ ချိတ်ပြီး စည်းရုံးတယ်ပေါ့။


အဲ့ထက် အဆင့်မြင့်လာတော့ အများအတွက် ဦးစားပေးပြီး လှူဖို့ ဆိုပြီး ဖြစ်လာတယ်။ ပြောင်ဝင်းနေပြီးသား ဘုရားမှာ ကုသိုလ်ရချင်စိတ်နဲ့ ရွှေသင်္ကန်းကပ်မဲ့အစား ထမင်းငတ်နေတဲ့ ကလေးတစ်ယောက်ကို ထမင်းကျွေးလိုက်ပါပေါ့။ 


နောက်ဆုံးအဆင့်ကျမှ အစွဲတွေ လျှော့ဖို့ ဆိုပြီး ဟောတယ်။ လှူတယ်ဆိုတာ အစွဲအလမ်းကို ဖြတ်ပြီးမှ လှူနိုင်တာလေ။ တစ်နည်းအားဖြင့် ကိုယ့်စိတ်ကို အစွဲအလမ်းတွေ၊ တပ်မက်တာတွေ နည်းလာအောင် လေ့ကျင့်ပေးတာပဲ။ ဒါကြောင့်လည်း အလှူလုပ်ပြီးရင် ဘုန်းဘုန်းတွေက တိုင်ပေးတာ။ ဤဒါနကောင်းမှုသည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။ 


သဘောက ဒီလူကတော့ အလှူတွေ လုပ်တယ်ဟေ့ ဆိုပြီး တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်လို့ နိဗ္ဗာန်ရောက်သွားမှာ မဟုတ်ဘူး။ ဆုတောင်းတိုင်းလည်း ရတာ မဟုတ်ဘူး။ နိဗ္ဗာန် ဆိုတာ တဏှာကို ဖြတ်တောက်ပြီးမှ ရနိုင်တာမို့၊ ဒီလိုတွေ လှူရင်း လှူရင်းနဲ့မှ စိတ်က အလေ့အကျင့်တွေ ရပြီး နောက်ဆုံးအဆင့်ကို တက်သွားနိုင်မယ် ဆိုတဲ့ သဘော။ 


ကိုယ်က နောက်ဘ၀ ချမ်းချမ်းသာသာ နေရဖို့ ရည်ရွယ်ချက်နဲ့ လှူနေရင်တော့ အဲဒါ လိုက်မဆိုလည်း ရတယ်။ လိုက်ဆိုနေလို့လည်း ဘာမှ မထူးဘူး။ အလှူလုပ်လို့ လူကောင်းတော့ ဖြစ်မယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကတော့ မအေးချမ်းနိုင်ဘူးပေါ့။ ပစ္စည်းဥစ္စာတွေ ပျက်ဆီးဆုံးရှုံးရတဲ့အခါမျိုးမှာ အရူးမီးဝိုင်း ဖြစ်နေလိမ့်မယ်။ 


သီလဆိုရင်လည်း ၅ ပါးသီလသည် အပေါ်မှာ ပြောခဲ့သလို သူတစ်ပါးကို ဒုက္ခမပေးမိအောင် စောင့်ထိန်းရတာ။ ၈ ပါးသီလကျ ကိုယ့်စိတ် အေးချမ်းဖို့ ဖြစ်သွားပြီ။ တပ်မက်တာတွေကို လျှော့ချရတာပေါ့။ နေ့လွဲညစာ မစားခြင်းဖြင့် အစား (အရသာ) တပ်မက်မှုကို လျှော့ချတယ်။ အလှမပြင်၊ မှန်မကြည့်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် တပ်မက်မှုကို လျှော့ချတယ်။ အဆင်း၊ အသံတွေကို မတပ်မက်အောင် ရုပ်ရှင် မကြည့်ခိုင်းဘူး။ ဂီတ နားမထောင်ခိုင်းဘူး။ ဘုရားခေတ်ကတော့ မပေါ်သေးလို့ မပါပေမဲ့ ဒီခေတ်လိုဆို ဆိုရှယ်မီဒီယာတွေပါ ပါမယ်ပေါ့။ နောက် အထိအတွေ့ကို မတပ်မက်အောင် အိပ်ရာကအစ ရိုးရှင်းစွာ အိပ်စက်ရမယ် ဆိုပြီး ဖြစ်လာတယ်။ ဒီနေ့ခေတ် ရေပန်းစားလာတဲ့ Minimalism ဘဝနေထိုင်မှုဟာ အဲဒါပဲ။ တပ်မက်စရာတွေကို လျှော့ချပြီး တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း နေတာ။


ဒါကြောင့် ၈ ပါးသီလ ယူပြီးရင်လည်း ဘုန်းဘုန်းတွေက ဆိုခိုင်းပြန်တာပေ့ါ။ ဤသီလကုသိုလ်သည် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ ဖြစ်ပါစေ ဆိုပြီး။ စွဲလမ်းမှုတွေ နည်းလာ၊ နည်းလာရင်းကမှ နောက်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ နိဗ္ဗာန်ဆီကို သွားနိုင်ဖို့ပေါ့။ ၅ ပါးသီလသပ်သပ်နဲ့ကတော့ အထောက်အပံ့ ဖြစ်ဖို့ မလွယ်သေးဘူး။ 


ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ အဲဒါပါ။ ခုလိုရည်ရွယ်ချက်နဲ့ ဒါန၊ သီလတွေ လုပ်ထားပြီးမှ ဘာဝနာ အားထုတ်ဖို့ ဖြစ်နိုင်လိမ့်မယ်။


သီလ၊ သမာဓိ၊ ပညာ ဆိုလည်း ဒီသဘောပဲ။ သီလရှိမှ သမာဓိ ရမယ်။ သမာဓိရမှ ဝိပဿနာ ဉာဏ်အလင်း ပွင့်မယ်။ မဟုတ်တာ လုပ်ထားသူဟာ ဘယ်လောက်ပဲ လူကြားကောင်းအောင် ပြောနေပါစေ၊ သူ့ဟာသူတော့ သိနေတဲ့အတွက် စိတ်က မတည်ငြိမ်ဘူး။ ဆောက်တည်ရာ မရဘူး။ ဒါကြောင့် ကြိုက်သလောက် တရားစခန်းဝင်၊ သမာဓိ မတည်နိုင်ဘူး။ တရား မရနိုင်ဘူး။


ပြောရရင်တော့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ စိတ်အေးချမ်းမှု ရှိအောင် ကြိုးစားခြင်း၊ တဏှာဆိုတဲ့ အစွဲအလမ်းတွေကို တတ်နိုင်သမျှ လျှော့ချခြင်း ဆိုတဲ့ အဆင့် ၄ ကို ရောက်ပြီးမှ နောက်ဆုံး နိဗ္ဗာန်ဆိုတဲ့ အဆင့်ကို သွားနိုင်လိမ့်မယ်ပေါ့။ 


အဆင့်ဆင့် သွားကြဖို့


ပွင့်ပွင့်လင်းလင်း ပြောရရင် နိဗ္ဗာန်တို့၊ သံသရာတို့၊ ရှေ့ဘ၀ နောက်ဘဝတို့ ဆိုတာက ယုံကြည်မှုကို အခြေခံပြီး ပြောနေကြတာပါ။ ဘုရားကို ယုံတယ်။ ယုံတဲ့အတွက် ဒါတွေ ရှိလိမ့်မယ်လို့ လက်ခံထားကြတယ်။ တကယ်ကျ သက်သေပြရ ခက်ပါတယ်။ မရှိနိုင်ပါဘူး လာငြင်းရင်လည်း ဘာမှ ပြန်ဖြေစရာ မရှိဘူး။ 


သို့သော် အောက်က အဆင့် ၄ ဆင့် လုပ်နိုင်ရင်ကိုပဲ ကိုယ်ဟာ လူဖြစ်ရကျိုးနပ်မယ်။ ကိုယ့်ပတ်ဝန်းကျင်အတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်မယ်။ နေ့စဉ်နေ့တိုင်းကို စိတ်နှလုံး အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။


ဒါကြောင့် ဗုဒ္ဓတရားတော်တွေကို လေ့လာတဲ့အခါမှာ အဆင့်ဆင့် ရှိတာကို နားလည်သဘောပေါက်ဖို့ လိုမယ်။ အဲဒီလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူကျင့်သုံးတဲ့နေရာမှာလည်း အဆင့်ဆင့် ဆောက်တည်ဖို့ လိုမယ်။ လူကြားကောင်းအောင်ဖြစ်စေ၊ ကိုယ့်ရဲ့ တာဝန်မဲ့မှုတွေ၊ မကြိုးစားချင်တာတွေအတွက် ကာဗာ လုပ်ချင်လို့ဖြစ်စေ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ စကားလုံးတွေကို လွယ်လွယ်မပြောကြစေချင်ဘူး။  


အရင်ဆုံး စိတ်ကောင်းနှလုံးကောင်းထား။ ဘဝတိုးတက်မြင့်မားဖို့ ကြိုးစားအားထုတ်။ လူ့တာဝန် ကျေအောင်လုပ်၊ အများကို အကျိုးပြု။ ကိုယ့်စိတ်ကို အေးချမ်းအောင် ထား။ ဒါမှသာ နိဗ္ဗာန်အတွက် အထောက်အပံ့ ပေးမှာ ဖြစ်သလို၊ နိဗ္ဗာန်ကို မလိုချင်ပါဘူး ဆိုခဲ့ရင်လည်း လက်ရှိမှာတင် အဆင့်အတန်းမြင့်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၂၀.၁၀.၂၀၂၁


တစ္ဆင့္ၿပီး တစ္ဆင့္ ေဆာက္တည္ပါ


ဒီေန႕ သီတင္းကြၽတ္ လျပည့္ေန႕ (အဘိဓမၼာေန႕) မွာ အခ်ိန္ေပးၿပီး ဖတ္ရက်ိဳးနပ္လိမ့္မယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။


ပထမဆုံး ဝန္ခံလိုတာက ေအာက္က ပုံဟာ ဗုဒၶတရားေတာ္ေတြကို ေလ့လာနာယူရင္း ကြၽန္ေတာ့္ဟာ ကြၽန္ေတာ္ နားလည္သလို ဖန္တီးထားတာသာ ျဖစ္တယ္ ဆိုတာပါပဲ။


ဗုဒၶဘာသာလို႔ ေျပာလိုက္ရင္ စိတ္ညစ္စရာ ေကာင္းတယ္၊ ေန႕စဥ္ဘဝမွာ အသုံးခ်ဖိဳ႕ အလွမ္းေဝးလြန္းတယ္ စသျဖင့္ ထင္တတ္ၾကပါတယ္။ တရားဆိုလည္း အသက္ႀကီးမွ အားထုတ္သင့္တဲ့ ကိစၥေပါ့ေလ။ ဘဝဆိုတာ ဆင္းရဲတယ္ (ဒုကၡ)၊ မတည္ၿမဲဘူး (အနိစၥ)၊ သူ႕သေဘာ သူေဆာင္ေနတာ (အနတၱ) စသျဖင့္ ေဟာထားေတာ့ အဲ့လို ျမင္ၾကတာလည္း မဆန္းဘူးေပါ့။


သို႔ေသာ္ တကယ္တမ္းက် ဗုဒၶက အဲ့ဒါေတြကိုပဲ ေဟာခဲ့တာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ ေဟာေျပာတဲ့အခါ ၉ တန္း၊ ၁၀ တန္းအ႐ြယ္ဆို တစ္မ်ိဳး၊ တကၠသိုလ္ ေက်ာင္းသူ ေက်ာင္းသားဆို တစ္မ်ိဳး၊ လုပ္ငန္းခြင္ ဝင္ေနတဲ့သူေတြဆို တစ္မ်ိဳး ေဟာေျပာၾကသလိုပဲ၊ ဗုဒၶရဲ႕ တရားေတာ္ေတြကလည္း အဆင့္ဆင့္ ရွိတယ္။ လူတစ္ေယာက္အေနနဲ႕ ဘယ္လိုေနရ ထိုင္ရမယ္ ဆိုတာကအစ ေဟာခဲ့တာေတြ အမ်ားႀကီး။ သို႔ေသာ္ ခုနကလို အနိစၥ၊ ဒုကၡ၊ အနတၱတို႔၊ သစၥာ ၄ ပါးတို႔ကို အသားေပးၿပီး ေဟာေျပာတာမ်ိဳးပဲ အၾကားမ်ားတဲ့အခါ အထင္မွားကုန္ၾကတာ။


ေနာက္ၿပီး အဲ့လို အဆင့္ဆင့္ တည္ေဆာက္ရတဲ့ သေဘာကို နားမလည္ေတာ့ တခ်ိဳ႕က်ေတာ့လည္း တလြဲသေဘာေပါက္ၿပီး လူၾကားေကာင္းေအာင္ ေလွ်ာက္ေျပာၾကတာေပါ့။ ဥပမာ ေသရင္လည္း ထားခဲ့ရတာပဲ ဆိုၿပီး ကိုယ့္ဘ၀ တိုးတက္ျမင့္မားေအာင္ မႀကိဳးစားၾကတာမ်ိဳး၊ အခု ေတာ္လွန္ေရးဆိုလည္း ကိုယ္နဲ႕ မဆိုင္သလို ေနေနၾကတယ္၊ ၿပီးေတာ့မွ ဘယ္အရာမွမွ အစိုးမရတာေလ ဆိုၿပီး အနတၱ ဘာညာနဲ႕ ေျပာေရာ။ 


ဟုတ္ၿပီ၊ တကယ္သာ အဲ့လို အနိစၥ၊ အနတၱေတြကို သေဘာေပါက္ေနတာ ေသခ်ာတယ္ဆို ကိုယ္ အခု စီးေနတဲ့ ကားေလးကို ေရာင္းၿပီး မရွိဆင္းရဲသားေတြကို လႉလိုက္ပါလား။ ဘယ္အရာမွ အစိုးမရဘူးဆို ကိုယ့္သားသမီး ေနထိုင္မေကာင္း ျဖစ္ရင္ အရာရာ သူ႕သေဘာ သူေဆာင္မွာပဲ ဆိုၿပီး ဘာမွ ေဆးမကုေပးဘဲ ဒီအတိုင္း ထိုင္ၾကည့္ေနမလား။ ဘယ္ေနလိမ့္မလဲ။ ေသကာမွ ေသေရာ၊ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားကုေပးမွာပဲ။


တကယ္ကေတာ့ အနိစၥ၊ ဒုကၡ၊ အနတၱ ဆိုတာေတြကို တကယ္သေဘာေပါက္ က်င့္သုံးေနတာ မဟုတ္ဘဲ ကိုယ့္ရဲ႕ အတၱေတြ၊ တာဝန္မဲ့တာေတြ၊ မႀကိဳးစားခ်င္တာေတြကို ဘာသာေရး ခုတုံးလုပ္ၿပီး စိတ္အာသာေျဖေနၾကတာပဲ။ ကိုယ့္ကိုယ္ကိုယ္ လိမ္ေနၾကတာပဲ။


ဒီေတာ့ အဆင့္ဆင့္ သြားဖို႔ လိုမယ္လို႔ ျမင္မိတယ္။ ဒါဆို ဟုတ္ၿပီ။ တစ္ခ်က္ခ်င္း ၾကည့္ရေအာင္။


၁။ လူေကာင္း ျဖစ္ဖို႔


တစ္နည္းအားျဖင့္ လူေကာင္း ဆိုတာ ကိုယ့္ေၾကာင့္ မ်က္ရည္က်ရတဲ့သူ မရွိသေလာက္ နည္းတာမ်ိဳးကို ဆိုလိုတာ။ အနည္းဆုံးေတာ့ ေပ်ာ္ရသူ အေရအတြက္ဟာ ငိုရတဲ့သူထက္ေတာ့ ပိုမ်ားရမယ္ေပါ့။ 


ဗုဒၶဘာသာဝင္ေတြ အေျခခံအားျဖင့္ ေဆာက္တည္ရတဲ့ ၅ ပါးသီလ ဆိုတာ တကယ္ေတာ့ သူမ်ားကို ဒုကၡမေပးမိေအာင္၊ သူတစ္ပါး မ်က္ရည္ေပါက္ႀကီးငယ္ မက်ေအာင္ ေစာင့္ထိန္းရတာပဲ။ ကိုယ့္တိုးတက္ရာ တိုးတက္ေၾကာင္းအတြက္က ဒီေလာက္ႀကီး အက်ိဳးမရွိဘူး။ ဒါေၾကာင့္ ၅ ပါးသီလကို မဟာဒါနလို႔လည္း ေဟာတာ။ 


အဲဒါကိုမွ ထပ္ခ်ဲ့လိုက္ရင္ ဒုစရိုက္တရား ၁၀ ပါး ဆိုၿပီး ျဖစ္လာတယ္။ ၅ ပါးသီလအျပင္ ဣသာ၊ မစ္ဆရိယလို စိတ္နဲ႕ ပတ္သက္တာေတြပါ ပါလာၿပီ။ ကိုယ့္ရဲ႕ လုပ္ရပ္၊ အေျပာ၊ အႀကံအစည္ (ကာယကံ၊ ဝစီကံ၊ မေနာကံ) ၃ ခုလုံးမွာ မေကာင္းတာေတြ မလုပ္မိ၊ မေျပာမိ၊ မေတြးမိေအာင္ ေစာင့္ထိန္းရတာ။ ဒါဆို အေျခခံ အက်ဆဳံးအေနနဲ႕ လူေကာင္း ျဖစ္သြားၿပီလို႔ ေျပာလို႔ ရနိုင္တယ္ေပါ့။ 


၂။ ျပည့္စုံႂကြယ္ဝဖို႔


လူဆိုတာ မဟုတ္တာ မလုပ္႐ုံနဲ႕တင္ မၿပီးဘူး။ ဟုတ္တာေတြလည္း လုပ္ဖို႔ လိုအပ္တယ္။ အမ်ားကို ဒုကၡမေပး႐ုံတင္မကဘူး၊ ကိုယ့္ဘ၀ တိုးတက္ျမင့္မားေအာင္လည္း ႀကိဳးစားဖို႔ လိုပါတယ္။


အူမ ေတာင့္မွ သီလ ေစာင့္နိုင္မယ္ ဆိုတဲ့ စကားသည္ အတိုင္းအတာတစ္ခုထိ မွန္တယ္လို႔ ျမင္တယ္။ အူမ ေတာင့္လ်က္နဲ႕ သီလ မေစာင့္နိုင္သူေတြ ရွိသလို၊ အူမ မေတာင့္ဘဲနဲ႕ ေစာင့္ေနတဲ့သူေတြလည္း ရွိတယ္။ သို႔ေသာ္ အဲဒါေတြသည္ ဟိုဘက္စြန္း၊ ဒီဘက္စြန္း။ အမ်ားစုကေတာ့ အလယ္မွာပဲ ရွိတာ။ 


စဥ္းစားၾကည့္ေလ။ လူဆိုတာ ငတ္လာၿပီဆိုရင္ ခိုးမိနိုင္တာပဲ။ လုမိနိုင္တာပဲ။ ကိုယ့္ရွင္သန္ရပ္တည္ေရးက နံပါတ္ ၁ ျဖစ္လာရင္ က်န္တာကို သိပ္မစဥ္းစားနိုင္ေတာ့ဘူး။ ဒါေၾကာင့္ တစ္သက္လုံး လူေကာင္းျဖစ္သြားဖို႔ဆို ဘဝက ျပည့္စုံအဆင္ေျပမွ ရမယ္။ 


ေနာက္ၿပီး အခု Mindfulness ဆိုၿပီး ေျပာေန၊ သင္ေနတဲ့သူ အမ်ားစုဆိုလည္း ၾကည့္လိုက္။ ေယဘုယ်အားျဖင့္ ဘဝေတြ အဆင္ေျပေနၾကတာ ေတြ႕ရလိမ့္မယ္။ အိမ္ေထာင္ေရး အဆင္မေျပတာတို႔၊ ကေလး ေနမေကာင္းတာတို႔ ဒါေလးေတြေတာ့ ရွိမွာေပါ့။ Overall ၿခဳံၾကည့္လိုက္ရင္ေတာ့ အဆင္ေျပေနၾကတယ္။ ဒါေၾကာင့္လည္း စိတ္ၿငိမ္းခ်မ္းဖို႔ ကိစၥေတြကို လုပ္ေနနိုင္တာေပါ့။ 


ဒီေတာ့ ကိုယ့္ဘ၀ တိုးတက္ျမင့္မားဖို႔သည္ ပထမ ရည္႐ြယ္ခ်က္ျဖစ္တဲ့ လူေကာင္းျဖစ္ဖို႔ကိုလည္း အေထာက္အပံ့ ေပးသလို၊ ပိုအဆင့္ျမင့္လာမဲ့ စိတ္ေအးခ်မ္းဖို႔အတြက္ပါ အေရးႀကီးတယ္လို႔ ေျပာနိုင္ပါတယ္။


ဒါဆို ဗုဒၶက ဘာေတြ ေဟာခဲ့သလဲ။ ပစၥည္းဥစၥာ ႂကြယ္ဝခ်မ္းသာဖို႔အတြက္ သမၸဒါတရား ၄ ပါး လိုအပ္တယ္တဲ့။ 


 လုံ႕လဝီရိယနဲ႕ ႀကိဳးစားအားထုတ္ပါတဲ့။ အဂၤလိပ္လို ေျပာရရင္ Hard work ေပါ့။ 

 ဝင္ေငြမ်ားၿပီး ထြက္ေငြနည္းေအာင္ လုပ္ပါတဲ့။ အဲဒါ Financial management ေပါ့။ 

 မိတ္ေဆြအေပါင္းအသင္း ရွိဖို႔ လိုတယ္တဲ့။ Networking ေပါ့။ Mentoring ေပါ့။ 

 ရရွိၿပီးတဲ့ ဥစၥာပစၥည္းေတြကို ေကာင္းေကာင္းမြန္မြန္ စီမံခန႔္ခြဲပါတဲ့။ Saving လုပ္ေပါ့။ စိတ္ခ်ရတဲ့ေနရာေတြမွာ ရင္းႏွီးျမဳပ္ႏွံ Investment လုပ္ေပါ့။ 


ခုေခတ္မွာ ေျပာေနၾကတဲ့ အခ်က္ေတြခ်ည္းပဲ။ ဒါေတြအကုန္ ဗုဒၶတရားထဲမွာ ရွိတယ္။ 


အဓိပတိ ပစၥေယာ တဲ့။ ကိစၥေတြ ၿပီးေျမာက္ေအာင္ျမင္ေစဖို႔ ေက်းဇူးျပဳနိုင္တဲ့ အခ်က္ ၄ ခ်က္။ ဒါေတြရွိရင္ ဘယ္အရာမဆို ေအာင္ျမင္နိုင္တယ္ေပါ့ဗ်ာ။ ခုေခတ္ ေျပာေနၾကတဲ့ If theres a will, there is a way ဆိုတာ ဆႏၵာဓိပတိေပါ့။ စိတ္ဓါတ္က အေရးႀကီးတယ္၊ ပညာက အေရးႀကီးတယ္၊ ဝီရိယက အေရးႀကီးတယ္ ေျပာေနၾကတာေတြသည္လည္း အဓိပတိ ပစၥည္းပဲ။ 


ႏြေဦးေတာ္လွန္ေရး ေအာင္ျမင္ဖို႔ ဘာလိုလဲ။ ဒီ ၄ ခ်က္ပဲေလ။ စစ္အာဏာရွင္ကို က်ဆဳံးေစလိုတဲ့ ျပင္းျပတဲ့ စိတ္ဆႏၵ၊ ပိုင္းျခားဆင္ျခင္နိုင္တဲ့ ဉာဏ္ပညာ၊ ကိုယ့္အခန္းက႑အလိုက္ ႀကိဳးစားအားထုတ္ေနၾကတာ၊ ဘာေတြ ဘယ္လိုႀကဳံႀကဳံ အားေလ်ာ့မသြားတဲ့ စိတ္ဓါတ္၊ ဒါေတြသာ ေပါင္းစည္းထားၾကည့္။ ဘယ္ေလာက္ အျမစ္တြယ္ေနတဲ့ အာဏာရွင္ပဲ ျဖစ္ေစဦးေတာ့၊ ေတာင့္မခံနိုင္ေစရဘူး။ 


ဆိုေတာ့ ဒီလို ကိုယ့္ဘ၀ တိုးတက္ေရး၊ စြမ္းေဆာင္ေအာင္ျမင္နိုင္ေရးအတြက္ ေဟာထားတာေတြလည္း အမ်ားႀကီးပဲ။ ဒါေတြကို လက္ေတြ႕ အသုံးခ်နိဳင္ဖို႔ လိုမယ္။


၃။ အမ်ားအက်ိဳး သယ္ပိုးဖို႔


ဘယ္သူ႕မွလည္း ဒုကၡမေပးဘူး။ ကိုယ့္ဘဝကလည္း ျမင့္မားလာၿပီ ဆိုတဲ့အခါ ေနာက္တစ္ဆင့္အေနနဲ႕ အမ်ားအက်ိဳးပါ လုပ္ဖို႔ လိုလာမယ္။ 


ဥစၥာဓနေတြ ရွာေဖြၿပီးရင္ ကိုယ့္အတြက္ သုံးပါတဲ့။ ကိုယ္ျဖစ္တည္တဲ့ မိသားစု၊ ကိုယ္ေဆာက္တည္တဲ့ မိသားစု၊ ေဆြမ်ိဳး၊ အသိမိတ္ေဆြေတြကို ေစာင့္ေရွာက္ပါတဲ့။ လိုအပ္ေနသူေတြကို လႉပါ၊ တန္းပါတဲ့။ ေနာက္ဆုံး၊ နိုင္ငံသားတာဝန္ျဖစ္တဲ့ အခြန္ဘ႑ာေတြ ဆက္သပါတဲ့။ အဲဒီအထိ ေဟာထားတာ။ 


ဒါ ပရဟိတ လုပ္တာမ်ိဳးထိ မဟုတ္ေသးဘူးေနာ္။ လူတစ္ေယာက္အေနနဲ႕၊ ဖခင္၊ မိခင္၊ သားသမီးတစ္ေယာက္၊ နိုင္ငံသားတစ္ေယာက္အေနနဲ႕ ယူရမဲ့ တာဝန္ေတြ ယူဖို႔ကိုပဲ ေဟာေသးတာ။ အခုကာလအတြက္ ေျပာရရင္လည္း CDM လုပ္မယ္၊ NUG ဆီ အခြန္ေဆာင္မယ္၊ ေတာ္လွန္ေရးကို နိုင္သေလာက္ ေထာက္ပံ့မယ္ ဆိုတာေတြသည္ နိုင္ငံသားတာဝန္ ယူေနတာပဲ ျဖစ္တယ္။


နာေရးကူညီမႈအသင္းတို႔၊ သက္ႀကီး႐ြယ္အို ေစာင့္ေရွာက္ေရးတို႔လို ပရဟိတေတြက ကိုယ္လုပ္နိုင္ရင္ လုပ္နိုင္သေလာက္ ထပ္ၿပီးေတာ့မွ လုပ္သြား။ ကနဦးအေနနဲ႕ေတာ့ တာဝန္ေက်ဖိဳ႕ လိုမယ္ေပါ့။


၄။ စိတ္ေအးခ်မ္းဖို႔


လူေကာင္းျဖစ္တိုင္း၊ ျပည့္စုံခ်မ္းသာေနတိုင္း၊ အမ်ားအတြက္ အလုပ္လုပ္တိုင္း စိတ္ေအးခ်မ္းေနရတာေတာ့ မဟုတ္ဘူး။ ခုကာလကိုပဲ ၾကည့္။ ျပည္သူဘက္က ရပ္တည္သူေတြမွာ ဘယ္ေလာက္ေတာင္ ပူေလာင္ေနရသလဲ။ 


ဆိုေတာ့ ဒီအဆင့္ထိ ေရာက္ဖို႔က် စိတ္အထားတတ္ဖို႔ လိုလာမယ္။ စိတ္ရဲ႕ သဘာဝေတြကို သိဖို႔ လိုလာမယ္။ တရားထိုင္ျခင္းလို လက္ေတြ႕ လုပ္ေဆာင္ရတာေတြ ရွိလာမယ္။ 


လူေတြက ပဌာန္းဆို ႐ြတ္ရ၊ ပူေဇာ္ရတာပဲလို႔ ထင္တယ္။ ပဋိစ္စသမုပ္ပါဒ်တို့၊ သစၥာ ၄ ပါးတို႔၊ မဂၢင္ ၈ ပါးတို႔ဆို လန႔္လန႔္သြားၾကတယ္။ ကိုယ္တိုင္လည္း ထင္ဖူး၊ လန႔္ဖူးပါတယ္။ တကယ္က အဲဒါေတြသည္ စိတ္ရဲ႕ အေၾကာင္းကို ေဟာထားတာပဲ။ 


ကြၽန္ေတာ္တို႔ စိတ္ဆင္းရဲေန၊ စိတ္ပူေလာင္ေနၾကရတာဟာ ဘာေၾကာင့္လဲ။ တဏွာဆိုတဲ့ အစြဲအလမ္းေၾကာင့္ပဲ။ ရန္ကုန္မွာ ကား ၅ စီး၊ မႏၱေလးမွာ တိုက္ ၅ လုံး၊ တစ္ခုမွ လွည့္မၾကည့္ဘူး၊ ဘာျဖစ္လို႔လဲ၊ ငါ့ဟာမွ မဟုတ္တာ ဆိုတဲ့ ျပက္လုံးလိုပဲ။ လူဆိုတာ ကိုယ္ မပိုင္တာ၊ ကိုယ္ မခင္တြယ္တာအတြက္ ဘယ္သူမွ မပူေလာင္ဘူး။ မပူေဆြးဘူး။ ဒါေၾကာင့္ နိဗၺာန္ေတြ၊ သံသရာေတြ ခဏထားလိုက္။ လက္ရွိဘဝမွာ ေပ်ာ္ခ်င္တယ္၊ ေအးခ်မ္းခ်င္တယ္ဆို စြဲလမ္းမႈကို ေလွ်ာ့ခ်ရမယ္။ စြဲလမ္းမႈနဲ႕ စိတ္ေပ်ာ္႐ႊင္မႈသည္ ေျပာင္းျပန္အခ်ိဳးက်တယ္။


ဒါန လုပ္ခိုင္းတယ္ ဆိုရင္လည္း ၾကည့္လိုက္။ အနိမ့္ဆုံးအဆင့္က တူေသာအက်ိဳးေပးဖို႔၊ ဒါမွ ဒီဘ၀ လုပ္ငန္းကိုင္ငန္းေတြ ေအာင္ျမင္မယ္၊ ေနာင္ဘဝလည္း ခ်မ္းခ်မ္းသာသာ ေနရမယ္။ မင္းတို႔ေတြ ကပ္ေစးကုတ္မေနနဲ႕။ လႉၾက။ လႉတယ္ဆိုတာ ဘဏ္မွာ ေငြအပ္သလိုပဲ။ မင္းတို႔ သံသရာမွာ ေနာင္တစ္ခ်ိန္က် ျပန္ခံစားရမွာ။ ဒီလိုအက်ိဳးစီးပြားေလးနဲ႕ ခ်ိတ္ၿပီး စည္း႐ုံးတယ္ေပါ့။


အဲ့ထက္ အဆင့္ျမင့္လာေတာ့ အမ်ားအတြက္ ဦးစားေပးၿပီး လႉဖို႔ ဆိုၿပီး ျဖစ္လာတယ္။ ေျပာင္ဝင္းေနၿပီးသား ဘုရားမွာ ကုသိုလ္ရခ်င္စိတ္နဲ႕ ေ႐ႊသကၤန္းကပ္မဲ့အစား ထမင္းငတ္ေနတဲ့ ကေလးတစ္ေယာက္ကို ထမင္းေကြၽးလိုက္ပါေပါ့။ 


ေနာက္ဆုံးအဆင့္က်မွ အစြဲေတြ ေလွ်ာ့ဖို႔ ဆိုၿပီး ေဟာတယ္။ လႉတယ္ဆိုတာ အစြဲအလမ္းကို ျဖတ္ၿပီးမွ လႉနိုင္တာေလ။ တစ္နည္းအားျဖင့္ ကိုယ့္စိတ္ကို အစြဲအလမ္းေတြ၊ တပ္မက္တာေတြ နည္းလာေအာင္ ေလ့က်င့္ေပးတာပဲ။ ဒါေၾကာင့္လည္း အလႉလုပ္ၿပီးရင္ ဘုန္းဘုန္းေတြက တိုင္ေပးတာ။ ဤဒါနေကာင္းမႈသည္ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့ ျဖစ္ပါေစ ဆိုၿပီး။ 


သေဘာက ဒီလူကေတာ့ အလႉေတြ လုပ္တယ္ေဟ့ ဆိုၿပီး တစ္စုံတစ္ေယာက္က လွမ္းေခၚလိုက္လို႔ နိဗၺာန္ေရာက္သြားမွာ မဟုတ္ဘူး။ ဆုေတာင္းတိုင္းလည္း ရတာ မဟုတ္ဘူး။ နိဗၺာန္ ဆိုတာ တဏွာကို ျဖတ္ေတာက္ၿပီးမွ ရနိုင္တာမို႔၊ ဒီလိုေတြ လႉရင္း လႉရင္းနဲ႕မွ စိတ္က အေလ့အက်င့္ေတြ ရၿပီး ေနာက္ဆုံးအဆင့္ကို တက္သြားနိုင္မယ္ ဆိုတဲ့ သေဘာ။ 


ကိုယ္က ေနာက္ဘ၀ ခ်မ္းခ်မ္းသာသာ ေနရဖို႔ ရည္႐ြယ္ခ်က္နဲ႕ လႉေနရင္ေတာ့ အဲဒါ လိုက္မဆိုလည္း ရတယ္။ လိုက္ဆိုေနလို႔လည္း ဘာမွ မထူးဘူး။ အလႉလုပ္လို႔ လူေကာင္းေတာ့ ျဖစ္မယ္။ ကိုယ့္ရဲ႕ ေန႕စဥ္ဘဝကေတာ့ မေအးခ်မ္းနိုင္ဘူးေပါ့။ ပစၥည္းဥစၥာေတြ ပ်က္ဆီးဆုံးရႈံးရတဲ့အခါမ်ိဳးမွာ အ႐ူးမီးဝိုင္း ျဖစ္ေနလိမ့္မယ္။ 


သီလဆိုရင္လည္း ၅ ပါးသီလသည္ အေပၚမွာ ေျပာခဲ့သလို သူတစ္ပါးကို ဒုကၡမေပးမိေအာင္ ေစာင့္ထိန္းရတာ။ ၈ ပါးသီလက် ကိုယ့္စိတ္ ေအးခ်မ္းဖို႔ ျဖစ္သြားၿပီ။ တပ္မက္တာေတြကို ေလွ်ာ့ခ်ရတာေပါ့။ ေန႕လြဲညစာ မစားျခင္းျဖင့္ အစား (အရသာ) တပ္မက္မႈကို ေလွ်ာ့ခ်တယ္။ အလွမျပင္၊ မွန္မၾကည့္ျခင္းျဖင့္ ကိုယ့္ကိုယ္ကိုယ္ တပ္မက္မႈကို ေလွ်ာ့ခ်တယ္။ အဆင္း၊ အသံေတြကို မတပ္မက္ေအာင္ ႐ုပ္ရွင္ မၾကည့္ခိုင္းဘူး။ ဂီတ နားမေထာင္ခိုင္းဘူး။ ဘုရားေခတ္ကေတာ့ မေပၚေသးလို႔ မပါေပမဲ့ ဒီေခတ္လိုဆို ဆိုရွယ္မီဒီယာေတြပါ ပါမယ္ေပါ့။ ေနာက္ အထိအေတြ႕ကို မတပ္မက္ေအာင္ အိပ္ရာကအစ ရိုးရွင္းစြာ အိပ္စက္ရမယ္ ဆိုၿပီး ျဖစ္လာတယ္။ ဒီေန႕ေခတ္ ေရပန္းစားလာတဲ့ Minimalism ဘဝေနထိုင္မႈဟာ အဲဒါပဲ။ တပ္မက္စရာေတြကို ေလွ်ာ့ခ်ၿပီး တတ္နိုင္သမွ် ရိုးရိုးရွင္းရွင္း ေနတာ။


ဒါေၾကာင့္ ၈ ပါးသီလ ယူၿပီးရင္လည္း ဘုန္းဘုန္းေတြက ဆိုခိုင္းျပန္တာေပ့ါ။ ဤသီလကုသိုလ္သည္ နိဗၺာန္ေရာက္ေၾကာင္း အေထာက္အပံ့ ျဖစ္ပါေစ ဆိုၿပီး။ စြဲလမ္းမႈေတြ နည္းလာ၊ နည္းလာရင္းကမွ ေနာက္ဆုံး ရည္မွန္းခ်က္ျဖစ္တဲ့ နိဗၺာန္ဆီကို သြားနိုင္ဖို႔ေပါ့။ ၅ ပါးသီလသပ္သပ္နဲ႕ကေတာ့ အေထာက္အပံ့ ျဖစ္ဖို႔ မလြယ္ေသးဘူး။ 


ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ အဲဒါပါ။ ခုလိုရည္႐ြယ္ခ်က္နဲ႕ ဒါန၊ သီလေတြ လုပ္ထားၿပီးမွ ဘာဝနာ အားထုတ္ဖို႔ ျဖစ္နိုင္လိမ့္မယ္။


သီလ၊ သမာဓိ၊ ပညာ ဆိုလည္း ဒီသေဘာပဲ။ သီလရွိမွ သမာဓိ ရမယ္။ သမာဓိရမွ ဝိပႆနာ ဉာဏ္အလင္း ပြင့္မယ္။ မဟုတ္တာ လုပ္ထားသူဟာ ဘယ္ေလာက္ပဲ လူၾကားေကာင္းေအာင္ ေျပာေနပါေစ၊ သူ႕ဟာသူေတာ့ သိေနတဲ့အတြက္ စိတ္က မတည္ၿငိမ္ဘူး။ ေဆာက္တည္ရာ မရဘူး။ ဒါေၾကာင့္ ႀကိဳက္သေလာက္ တရားစခန္းဝင္၊ သမာဓိ မတည္နိုင္ဘူး။ တရား မရနိုင္ဘူး။


ေျပာရရင္ေတာ့ ကိုယ့္ရဲ႕ ေန႕စဥ္ဘဝမွာ စိတ္ေအးခ်မ္းမႈ ရွိေအာင္ ႀကိဳးစားျခင္း၊ တဏွာဆိုတဲ့ အစြဲအလမ္းေတြကို တတ္နိုင္သမွ် ေလွ်ာ့ခ်ျခင္း ဆိုတဲ့ အဆင့္ ၄ ကို ေရာက္ၿပီးမွ ေနာက္ဆုံး နိဗၺာန္ဆိုတဲ့ အဆင့္ကို သြားနိုင္လိမ့္မယ္ေပါ့။ 


အဆင့္ဆင့္ သြားၾကဖို႔


ပြင့္ပြင့္လင္းလင္း ေျပာရရင္ နိဗၺာန္တို႔၊ သံသရာတို႔၊ ေရွ႕ဘ၀ ေနာက္ဘဝတို႔ ဆိုတာက ယုံၾကည္မႈကို အေျခခံၿပီး ေျပာေနၾကတာပါ။ ဘုရားကို ယုံတယ္။ ယုံတဲ့အတြက္ ဒါေတြ ရွိလိမ့္မယ္လို႔ လက္ခံထားၾကတယ္။ တကယ္က် သက္ေသျပရ ခက္ပါတယ္။ မရွိနိုင္ပါဘူး လာျငင္းရင္လည္း ဘာမွ ျပန္ေျဖစရာ မရွိဘူး။ 


သို႔ေသာ္ ေအာက္က အဆင့္ ၄ ဆင့္ လုပ္နိုင္ရင္ကိုပဲ ကိုယ္ဟာ လူျဖစ္ရက်ိဳးနပ္မယ္။ ကိုယ့္ပတ္ဝန္းက်င္အတြက္ တန္ဖိုးရွိတဲ့ လူတစ္ေယာက္ျဖစ္မယ္။ ေန႕စဥ္ေန႕တိုင္းကို စိတ္ႏွလုံး ေအးခ်မ္းစြာနဲ႕ ျဖတ္သန္းနိုင္ပါလိမ့္မယ္။


ဒါေၾကာင့္ ဗုဒၶတရားေတာ္ေတြကို ေလ့လာတဲ့အခါမွာ အဆင့္ဆင့္ ရွိတာကို နားလည္သေဘာေပါက္ဖို႔ လိုမယ္။ အဲဒီလိုပဲ၊ ကိုယ့္ကိုယ္ကိုယ္ ဗုဒၶဘာသာဝင္အျဖစ္ ခံယူက်င့္သုံးတဲ့ေနရာမွာလည္း အဆင့္ဆင့္ ေဆာက္တည္ဖို႔ လိုမယ္။ လူၾကားေကာင္းေအာင္ျဖစ္ေစ၊ ကိုယ့္ရဲ႕ တာဝန္မဲ့မႈေတြ၊ မႀကိဳးစားခ်င္တာေတြအတြက္ ကာဗာ လုပ္ခ်င္လို႔ျဖစ္ေစ အနိစၥ၊ ဒုကၡ၊ အနတၱ ဆိုတဲ့ စကားလုံးေတြကို လြယ္လြယ္မေျပာၾကေစခ်င္ဘူး။  


အရင္ဆုံး စိတ္ေကာင္းႏွလုံးေကာင္းထား။ ဘဝတိုးတက္ျမင့္မားဖို႔ ႀကိဳးစားအားထုတ္။ လူ႕တာဝန္ ေက်ေအာင္လုပ္၊ အမ်ားကို အက်ိဳးျပဳ။ ကိုယ့္စိတ္ကို ေအးခ်မ္းေအာင္ ထား။ ဒါမွသာ နိဗၺာန္အတြက္ အေထာက္အပံ့ ေပးမွာ ျဖစ္သလို၊ နိဗၺာန္ကို မလိုခ်င္ပါဘူး ဆိုခဲ့ရင္လည္း လက္ရွိမွာတင္ အဆင့္အတန္းျမင့္တဲ့ ဘဝတစ္ခုကို ပိုင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။


ေဒါက္တာ ၿဖိဳးသီဟ

၂၀.၁၀.၂၀၂၁

No comments: