Monday, October 19, 2015

သူရဲကောင်းဖြစ်သွားတဲ့ သမ္မတကြီး




ကိုယ့်နိုင်ငံက ခေါင်းဆောင်တယောက် သူရဲကောင်းဖြစ်သွားတယ်ဆိုရင်၊ လူချစ်လူခင်များတယ်ဆိုရင် ကျွန်တော် သဘောကျပါတယ်။ သမ္မတကြီးဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် ကျွန်တော် တို့နိုင်ငံသားတွေ မဟုတ်လား။ ဘယ်သူပဲ နာမည်ကြီးကြီး ကိုယ့်နိုင်ငံကလူတွေ နာမည်ကြီးတာကောင်းတာ ပေါ့။ ဒါပေမဲ့ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့စိစစ်ပြီးမှ ကောက်ချက်ချတာ အကောင်းဆုံးပါပဲ။ အခုတလော င်္Facebook Profile ပုံတွေမှာ မြန်မာသမ္မတကြီး ဦးသိန်းစိန် ဓာတ်ပုံနဲ့ I’ll be with you Mr. President. You ‘re ours. ဆိုတဲ့ Account တွေကို မကြာခဏတွေ့ရ ပါတယ်။ အဲဒီလိုတွေ့ရတဲ့အခါမှာ ကျွန်တော်ကတော့ 'လူမစွမ်းနတ်မ' ဆိုတဲ့ မြန်မာစကားပုံကိုပဲ သတိရမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀-၂၀၁၅ သမ္မတ သက်တမ်းကုန်ခါနီးလေ လူထုထောက်ခံမှုမရှိသလောက် နည်းလေလေဖြစ်နေတဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရဟာ ၂၀၁၅ အောက်တိုဘာ ၁ ရက်ကမှ ကောက်ကာငင်ကာ သူရဲကောင်းဖြစ်သွား လို့ပါပဲ။ Zero မှ Hero ဘ၀ကို နေ့ချင်းညချင်း ပြောင်းလဲသွားရပုံကလည်း ယတြာကောင်းလို့ မင်းလောင်းပျောက်တာလား၊ ကြက်ကန်း ဆန်အိုးတိုးသလား၊ လှံထမ်းလာတာမြင်ရ ကံထမ်းလာတာမမြင်ရဘူးဆိုသလိုပဲ ဖြစ်သလား၊ ချဲသမားတွေပြော သလို ဒီခွင်ကဒီအဆင် ကလန်ဒါကျသလိုပဲ သိနေတဲ့အပေါက်တွေလားဆိုတာ မှန်းဆရခက်ပါတယ်။ ကြက်ဥအရောင်တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုတဲ့စကားလည်း ရှိတယ်မဟုတ်လား။

အခြေမလှတဲ့ပါတီတခုဟာ လူထုထောက်ခံမှုကျဆင်းနေပြီး ရွေးကောက်ပွဲမှ အခြေမလှနိုင်ဘူးရယ်လို့ ပင့်သက် တချချ ရင်တမမဖြစ်နေတဲ့အချိန်မှာ တခုတည်းသော ကူရာကယ်ရာထွက်ပေါက်ကတော့ အမျိုးဘာသာ ဘာညာဆိုပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီး နိုင်ငံရေးလှည့်ကွက်တွေကို သိပ်မစဉ်းစားတတ်တဲ့ကို မျိုးချစ်၊ မမျိုးချစ်များဆီက မဲကို မလိမ့်တပတ်နဲ့ ယူဖို့ပါ (ဒီအကွက်မျိုးဟာ ဖဆပလသန့်ရှင်း၊ တည်မြဲခေတ်ကတည်းက မရိုးနိုင်တဲ့အကွက်တွေပါ)။ ဗုဒ္ဓဘာသာနဲ့ သာသနာတော်ကြီးဟာ သူတို့ပါတီ သူတို့အစိုးရမှမကယ်ရင် မနက်ဖြန်သဘက်ပဲ သာသနာကွယ်တော့မယောင် ပြောဆိုမဲတောင်းရခြင်းဟာ သူတို့ရဲ့နောက်ဆုံး ထွက်ပေါက်ပါ (တကယ်တော့ သံဃာတော်တွေကို ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးသံဃာအရေးအခင်းမှာ အကြမ်းဖက်နှိမ်နင်းခဲ့တာလည်း သူတို့၊ လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုမှာ မီးလောင်ဒဏ်ရာတွေ ပြင်းထန်စွာရသည်အထိ သံဃာတော်တွေကို အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းခဲ့တာလည်း သူတို့အဖွဲ့ပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေကို ၀ှိုက်ကတ်ထုတ်ပေးပြီး မဲပေးခွင့်ပြုခဲ့တာလည်း သူတို့ပါပဲ။ မိဘတွေ နိုင်ငံသားမဖြစ်ဘဲ အမတ်ဝင်အရွေးခံလို့ ဘူးသီးတောင်မောင်တောအမတ်အချို့ နေပြည်တော်လွှတ်တော်ထဲ ရောက်နေတာလည်း သူတို့လက်ချက်ပါပဲ)။ အဲဒီလိုလူတွေက NLD ပါတီနိုင်ရင် အမျိုး၊ ဘာသာပျောက်တော့ မလိုလို ဘာလိုလို ကူပြီးဘေးတီးပေးမယ့် သံဃာတော်အချို့ကိုပါ အထူးအခွင့်အရေးနဲ့ လွတ်လွတ်လပ်လပ် တရားဟောခွင့်တွေလည်း ပြုခဲ့တာကလည်း ရည်ရွယ်ချက်ရှိရှိ လုပ်နေသလိုပါပဲ။ စာရေးသူတို့ မြောက်ဥက္ကလာမှာ MRTV 4 ကိုယ်တော်လို့ သူ့ဘာသာအမည်တပ်ထားတဲ့ ဘုန်းဘုန်းတပါး ဒေါ်အောင်ဆန်းစုကြည် ဘက္ကဒီးအစ်ဒ်နေ့သ၀ဏ်လွှာဆိုပြီး ဖေ့စ်ဘုတ်က လုပ်ကြံသ၀ဏ်လွှာအတုကြီးဖတ်ပြကာ NLD ကို မဲမပေးဖို့ ဟောကြားခဲ့တဲ့အထိ တရားပွဲမှာ ပါတီနိုင်ငံရေးမဲဆွယ်ပွဲတွေ ရောယှက်ခဲ့ပါသေးတယ်။ အဲဒီဆရာတော်ကပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်အတုကြီးကို အစစ်လိုလိုပုံမှားရိုက်ပြီး တရားနာပရိသတ်တွေကို လူပုံအလည်မှာ ဖတ်ပြခဲ့ပါတယ်။ နောက်ပြီး ဆရာတော်ဦးဝီရသူက ''NLD အစိုးရဖြစ်ဖို့ကလည်း မိုးပေါ်က အပ်တစင်းနဲ့ မြေကြီးကအပ်တစင်း ထိပ်ဖျားချင်းထိဖို့ခက်သလို ခက်ခဲပါတယ်။ ဘုန်းဘုန်းတို့အနေနဲ့ အကောင်းဆုံးကို ရွေးချယ်ပါဆိုရင် ဦးသိန်းစိန်အစိုးရကိုပဲ ရွေးချယ်ရမှာပဲ''လို့ အောက်တိုဘာ ၅ ရက်မှာ ရိုက်တာသတင်း ဌာနကို မိန့်ကြားခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်ထုတ် စောင့်ကြည့်ဂျာနယ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။

ဒါတွေဟာ ဦးသိန်းစိန်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီအတွက် အားတွေပါပဲ။ တပ်မတော်သား မိသားစု၊ ရဲတပ်သား၊ နိုင်ငံ့ဝန်ထမ်း၊ မိမိလက် အောက်ခံစက်ရုံအလုပ်ရုံက အလုပ်သမားတွေရဲ့ကြိုတင်မဲကို မရမက ကုတ်ကတ် ကြိုတင်စုဆောင်းနေတာလည်း အဲဒီပါတီရဲ့ နောက်ထပ်ထွက်ပေါက်တခုပဲ ထင်ပါရဲ့။ ဒါပေမဲ့ သီတဂူဆရာတော် ဘုရားကြီးကတော့ သံဃာတော်တွေဟာ နိုင်ငံရေးမှာ ၀င်မပါသင့်ဘူးလို့ ဘီလုံးငှက်ကို ဥပမာပေးပြီး သုဝဏ္ဏ အားကစားကွင်းမှာပြုလုပ်တဲ့ မျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားမှာ ပြောဆိုဆုံးမသွားပါတယ်။ နောက်ပြီး မဟာဂန္ဓာရုံကျောင်းတိုက် စာချဆရာတော် ဦးသူရိယ(ဂန္ထ၀ါစက)၊ သိရီပ၀ရဓမ္မာစရိယ၊ ပါဠိပါရဂူက ၁-၁၀-၂၀၁၅ ရက်စွဲနဲ့ လူထုသို့အသိပေးခြင်းဆိုပြီး ''မိမိနေထိုင်ရာ သံဃာ ၁၂၀၀ ရှိ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်း တိုက်ကြီးဟာ မဘသအလုပ်များကိုဆောင်ရွက်နေတဲ့ ကျောင်းတိုက်မဟုတ်ကြောင်း၊ ၎င်းမဘသအဖွဲ့ကိုလည်း ကိုယ်စားမပြုကြောင်း၊ ရွေးကောက်ပွဲနီးလာသော ယခုအချိန်တွင် မဘသဘုန်းကြီးအချို့နှင့် မဘသ (ဗဟို)၏ ဥပဒေအကြံပေး ရှေ့နေတို့၏ မဲပေးမည့်လူထု ဇဝေဇ၀ါဖြစ်နိုင်စေနိုင်သည့်ဘာသာရေးကို နိုင်ငံရေးတွင် အသုံး ချကာ အမျိုးမျိုးသော ဟောပြောစည်းရုံးမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကိုလည်း မလုပ်ထိုက်သောအလုပ်ဖြစ်၍ မိမိအနေဖြင့် အပြင်းအထန်(အပြင်းအထန်) ကန့်ကွက်ရှုတ်ချပါသည်''လို့ စာတောင်ထုတ်ပြန် ကြေညာရတဲ့အထိ ဘာသာရေးမှိုင်းတိုက်သူများကို တန်ပြန်ခဲ့ရပါတယ်။

အဲဒီအချိန်မှာ ဟိုးတိုင်းဝေးမြေခြား အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ဖက်ဒရယ်တရားရုံးတခုက မြန်မာသမ္မတကြီး ဦးသိန်းစိန်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို တရားစွဲလိုက်ပြီး လာရောက်ရင်ဆိုင်စေဖို့ သမ္မန်စာထုတ်ဆင့်ခေါ်လိုက်ပါသတဲ့။ ပွဲကတော့စပြီ။ တနိုင်ငံလုံးအုတ် အော်သောင်းတင်း၊ သတင်းထူးဖြစ်ပြီ။ တရားစွဲတဲ့သူက မွတ်စလင်အဖွဲ့ ၁၉ ဖွဲ့ပေါင်းထားတဲ့ Burma Task Force USA (BTF) အဖွဲ့တဲ့။ ရိုဟင်ဂျာ တွေကို လူ့အခွင့်အရေးချိုးဖောက်လို့ တရားစွဲသတဲ့။ မြန်မာတွေ ဇာတိမာန်ထပြီ။ တုတ်ဆွဲ၊ ဓားဆွဲဖြစ်ပြီ။ သိပ်မရွနဲ USA ငါတို့မြန်မာ့တပ်မတော်မှာ စစ်အင်အား လေးသိန်းရှိတယ်။ မဟာမိတ်မြောက်ကိုရီးယားနဲ့ ရုရှားရှိတယ်တို့၊ ဘာတို့ Facebook မှာ ကြုံးဝါးတဲ့သူက ကြုံးဝါးပြီ။ အမေရိကန်ကပဲ မနက်ဖြန်သဘက် ကျူးကျော်စစ်တိုက်တော့မလိုလို ပြောသူကပြောပြီ၊ အမျိုးသားရေးဇာတိမာန်တက်တဲ့သူကတက်ပြီ၊ ကုလား တွေတရားစွဲပြီဆိုတာနဲ့ တို့သမ္မတကြီးဘက်မှာ တို့ရှိတယ်တို့ ဘာတို့ဖြစ်ပြီ။ ကျွန်တော်ကလည်း မြန်မာပဲ၊ ကိုယ့်သမ္မတထိရင် ဘယ်ခံနိုင်မှာလဲ။ အမေရိကန်လာတိုက်ရင် လောက်လေးနဲ့ထွက်ပစ်ဖို့ အိမ်မှာလောက် စာလုံးတွေတောင် လုံးထားလိုက်တယ်။ လိုရမယ်ရပေါ့။

ဒါပေမဲ့ သေသေချာချာစဉ်းစားကြည့်တော့ ကျွန်တော်တို့ဟာ ဘာမသိညာမသိရမ်းပြီး ဇာတိမာန်ထနေတဲ့အဖြစ် လိုလို ဖြစ်နေတယ်။ ပထမဆုံးအရှင်းဆုံးကိစ္စက အမေရိကန်တရားရုံးက မြန်မာတယောက်ကို တရားစွဲပေမယ့် အဲဒီလူကို သူတို့နိုင်ငံတရားရုံးကို မလာမနေရဆင့်ခေါ် ခွင့်မရှိဘူးဆိုတာဘဲ။ အဲဒီလို ဆင့်ခေါ်ခွင့်မရှိဘူးဆိုတာ သမ္မတအိုဘားမားက အတိအလင်းပြောပြီးသားပါ။ အမေရိကန်ခေါ်တိုင်းသာ လာအစစ်ခံရရင် ကမ္ဘာ့နိုင်ငံတွေ မှာ အချုပ်အခြာအာဏာဆိုတာ ဘယ်ရှိတော့မှာလဲ။ အဲဒီလို ခေါ်လို့မရဘူးဆိုတာ ကျွန်တော်တောင်သိရင် တရားစွဲတဲ့အဖွဲ့က အမေရိကန်ရှေ့နေတွေကရော မသိဘူးတဲ့လား။ ဘယ်နေမလဲ သိမှာပေါ့။ သိရက်သားနဲ့ ဘာလို့လုပ်သလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပြီ။ တကယ်ဆိုရင် ဦးသိန်းစိန်ကို တရားစွဲတယ်သာပြော တာ၊ စွဲတဲ့ အဖွဲ့ (BTF) ဆိုတာလဲ ဘယ်သူမှ သေသေချာချာ သိတာမဟုတ်ဘူး။ ဖြူသလား၊ မည်းသလား တောင် သိကြတာ မဟုတ်ပါဘူး။ ကုလား ၁၉ ဖွဲ့သာပြောတာ ဘယ်ကကုလားမှန်းတောင် သိတာမဟုတ်ဘူး။

ဒါပေမဲ့ ရုပ်လုံးက ပေါ်လာတယ်။ အကွက်ချခွင်ရိုက်သူများဟာ ကြိုတင်ကြံစည်ထားသလိုပါပဲ။ အမေရိကန်က တရားစွဲ မွတ်စလင်အဖွဲ့ Burma Task Force ဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ အဆက်အသွယ်ရှိ သယောင်ယောင် ထင်ယောင်ထင်မှား လုပ်ကြံဓာတ်ပုံသတင်းတွေနဲ့ လ၀န်းထွန်းဆိုသူအမည်နဲ့ အွန်လိုင်းမှာ စတင်ထိုးနှက်တိုက်ခိုက်လာပါတယ်။

သူတို့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း UMFCCI မှာ ၂၀၁၃ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ-မြန်မာ စီးပွားရေးလုပ်ငန်းအစည်းအဝေး (EU-Myanmar Task Force) မှာ ဒေါ်အောင်ဆန်းစု ကြည်တက်ခဲ့တဲ့ဓာတ်ပုံကို EU ဆိုတဲ့စာလုံးကိုဖြတ်ပြီး Myanmarn Task Force ဆိုတဲ့စာသားကို ပုံကြီးချဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကပဲ အမေရိကန်က တရားစွဲ ကုလားအဖွဲ့နဲ့ တကျိတ်တည်း တဥာဏ်တည်းလိုလို ပုံမှား ရိုက်လုပ်ကြံရုံမက အဲဒီဓာတ်ပုံအောက်မှာ ''ပါမှ ပါပါ့မလားလို့ တွေးတုန်းရှိသေး၊ သမ္မတကိုပုဆိုးခြုံထဲက လက်သီးပုန်းပြသလို အမေရိကန်ကနေလှမ်းပြီး တရားစွဲတဲ့ အမေရိကန်ရောက် မြန်မာမွတ်စလင်အမည်ခံတွေ ကြိုးကိုင်ထားတဲ့ Myanmarn Task Force အဖွဲ့ဆိုတာ ကြားကတည်းက ထင်တော့ထင်ပါတယ်။ ကုလားနဲ့ မကင်းတဲ့ ဒေါ်စုပါမှ ပါပါ့မလားလို့၊ ခုလိုပုံနဲ့တကွ အဖွဲ့ဝင်ထားတော့ Very Good ပေါ့''လို့ လုပ်ကြံရေးထား တာကိုလည်း ဖတ်ရပါတယ်။

အမှန်ကတော့ မြန်မာပြည်မှာလုပ်တဲ့ EU-Myanmar Task Force ဆိုတာက သက်သက်ပါ။ အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်သာမက သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ (ယခင် သမ္မတရုံးဝန်ကြီး)နှင့် လက်ရှိ ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင်၊ ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ ကက်သရင်းအက်ရှ်တန်အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များအစရှိတဲ့ ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ကြောင်း စောင့်ကြည့်ဂျာနယ် အတွဲ(၁၀)၊ အမှတ်(၂၃)မှာဖော်ပြထားလို့ ဓာတ်ပုံလုပ်ကြံမှုက ရှင်းစရာမလိုအောင် ပေါ်နေပါပြီ။

လူတွေမေ့နေတာတခုကို ကျွန်တော် မမေ့ဘဲ သတိရမိတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၂၀၁၅ ဧပြီလ ၁၆ ရက်က မြန်မာအစိုးရဟာ သူတို့ရဲ့ဆိုးရွာနေတဲ့ပုံရိပ်တွေ ကောင်းမွန်လာစေဖို့၊ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်း မွန်တိုးတက်လာစေဖို့၊ မြန်မာဘက်ကနေထဲထဲဝင်ဝင် စည်းရုံးလှုံ့ဆော်ပေးဖို့ (Lobby လုပ်ပေးဖို့) အမေရိကန် အခြေစိုက် Podesta ဆိုတဲ့ Lobby လိုက်၊ ၀ါဒဖြန့်အဖွဲ့ကို တနှစ်လျှင်ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ရှစ်သိန်း လေးသောင်း ($၈၄၀,၀၀၀) ပေးပြီး ငှားခဲ့တယ်ဆိုတာပါပဲ။ အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်းဆိုတာ မြန်မာကျပ်ငွေသိန်းပေါင်းတသောင်းနဲ့ ရှစ်ဆယ်ကျော်ဖြစ်ပါတယ်ဗျ။ ဒီငွေကို ဦးသိန်းစိန်အစိုးရက အမေရိကန် လော်ဘီအဖွဲ့ကို လေးလတခါ ဒေါ်လာ နှစ်သိန်းတသောင်း ($ ၂၁၀,၀၀၀) စီခွဲပေးရတယ်လို့ သိရပါတယ်။ ၂၀၁၅ တန်ခူးလကစပြီး လေးလတခါပေးရတယ်ဆိုရင် အခု ၂၀၁၅ အောက်တိုဘာလရောက်နေပြီဆိုတော့ ငွေနှစ်ကြိမ်နှစ်လီ ပေးပြီးပြီဆိုတဲ့သဘောပေါ့ဗျာ။ လာမယ့် ၁၂ လပိုင်းမှာ တခါထပ်ပေးရပါဦးမယ်။ အခု ၁၂ လပိုင်းမှာပေးရမယ့်ငွေဟာ အဖိုးအတန်ဆုံးဖြစ်မယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ၁၁ လပိုင်း (နိုဝင်ဘာ မှာ) ရွေးကောက်ပွဲရှိတာကြောင့် ရွေးကောက်ပွဲမှာရှုံးခဲ့ရင် လက်ရှိရာထူးကလည်း ဖယ်ပေးရမယ်။ ဒေါ်လာ လည်းပေးရမယ်ဆိုတော့ ဈေးတွက်တွက်ရင် မတန်ဘူးပေါ့ဗျာ။ ကျွန်တော်သာ သူတို့နေရာမှာဆို အမေရိကန်နဲ့ အဆင်ပြေဖို့ လော်ဘီလုပ်တာနောက်ထား၊ ကျွန်တော်တို့အဖွဲ့ ပြည်တွင်းမှာ ထောက်ခံမှုကျနေတာကို အရင်ဆုံး ထောက်ခံမှုတွေရလာအောင် လုပ်ပေးပါဦးဗျာလို့ နားပူနားဆာလုပ်မိမှာပဲ။ Podesta အဖွဲ့က လူတွေကလည်း ငွေလက်ခံပြီးဖြစ်တဲ့အပြင် နိုင်ငံတကာမှာ လုပ်စားနေတဲ့ ခပ်လည်လည်အမေရိကန်တွေဆို တော့ ဘာလုပ်ရင်ဘာဖြစ်မယ်၊ ဘယ်အကွက်ရွှေ့ရင် အစိုးရရဲ့ ကျဆင်းနေတဲ့ လူထုထောက်ခံမှုတွေ ပြန်တက် လာမယ်ဆိုတာ သေချာပေါက်သိထားမှာပေါ့ဗျာ။ သတိထားမိသလောက် မြန်မာအစိုးရဟာ လောက်ကိုင် စစ်ပွဲလို ပြည်ပက ကျူးကျော်ခံရသလိုလို စစ်ပွဲမျိုးဖြစ်တဲ့အခါ၊ နောက်ပြီး ဘင်္ဂါလီတွေနဲ့ ပြဿနာတက်တဲအခါ (ကုလား-ဗမာ အဓိကရုဏ်းဖြစ်တဲ့အခါ) လူထုထောက်ခံမှု တက်လာလေ့ရှိတယ်။ ပြည်တွင်းစစ်တွေ၊ အဓိက ရုဏ်းတွေတော့ Podesta အဖွဲ့က လုပ်မှာမဟုတ်ဘူး။ သူတို့အဖွဲ့မှာ ရှေ့နေတွေကလည်း အများကြီးပါတော့ အသံသာမြည်ပြီး အဆန်မရှိမှန်းသိသိနဲ့ သမ္မတကြီးကို အမေရိကန်ကနေလှမ်းပြီး တရားစွဲတာတွေ ဘာတွေ ချောက်ချီးချောက်ချက်ဖြစ်အောင်လုပ်ဖို့တော့ သူတို့တတ်နိုင်လိမ့်မယ်။ ဒီတရားစွဲဆိုမှုဟာ Podesta အဖွဲ့က Lobby လုပ်ပေးတာလို့တော့ တပ်အပ် သေချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ဝင်စားဖွယ်တိုက်ဆိုင်မှုလေးတွေကို တော့ အောက်ပါအတိုင်း သတိထားမိပါတယ်။

၁။ မြန်မာပြည်မှာ ရွေးကောက်ပွဲနီးကပ်လာတယ်
၂။ သမ္မတဦးသိန်းစိန်နဲ့ သူ့ပါတီကို လူထုထောက်ခံမှုနည်းနေတယ်
၃။ လွန်ခဲ့တဲ့ခြောက်လက မြန်မာအစိုးရဟာ အမေရိကန်အခြေစိုက် Podesta အဖွဲ့ကို မြန်မာအစိုးရ ကောင်းကြောင်း ကမ္ဘာမှာပျံ့ဖို့ ဒေါ်လာရှစ်သိန်းလေးသောင်းနဲ့ ငှားရမ်းခဲ့ပါတယ်။
၎။ ငှားရမ်းပြီး ခြောက်လအကြာမှာ မြန်မာသမ္မတဦးသိန်းစိန်ကို အမေရိကန်တရားရုံးတရုံးမှာ တရားစွဲပြီး အမေရိကန်ကိုဆင့်ခေါ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဆင့်ခေါ်ပိုင်ခွင့်မရှိဘူးဆိုတာ ရှေ့နေအားလုံးက သိကြတယ်။
၅။ ပြည်တွင်းမှာ သမ္မတကြီးဟာ အမျိုးသားရေးဝါဒီ သူရဲကောင်းကြီးဖြစ်သွားပါတယ်။
၆။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နာမည်ဖျက်လို့ရသွားမယ်။

အဲဒီအချက် ခြောက်ချက်ဟာ ဆက်စပ်ချင်လည်း ဆက်စပ်မယ်။ သီးခြားဖြစ်စဉ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သေချာတာကတော့ သမ္မတကြီးဦးသိန်းစိန်ဟာ လောလောဆယ်မှာတော့ အရင်ကထက် လူထုထောက်ခံမှု အချို့ရလိုက်ပြီး HERO ဖြစ်သွားခြင်းပါပဲ။ စိုင်ကော်လို့ ချုံပေါ်ရောက်တယ်ဆိုတဲ့စကားပုံကို သုံးရမလား၊ တချက်ခုတ်နှစ်ချက်ပြတ်လို့ပဲသုံးရမလား၊ ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်ဆိုတဲ့ စကားပုံကို သုံးရမလား၊ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲဆိုတဲ့စကားပုံကိုပဲ သုံးရမလားမသိပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုတဲ့ စကားပုံကိုတော့ ကျွန်တော် သိပ်မရှင်းဘူး။ မရှင်းတာက စိုင်နဲ့ပေါင်းပြီးချုံပေါ်တက်လို့ ရမရဆိုတာကိုပါ။ ခုခေတ်မှာ ပိုက်ဆံပေးရင် အားလုံးရနေတာကိုး။ စိုင်ကလည်း မြက်ပဲစားမလား။ ဒေါ်လာလည်း စားချင်စားမှာပေါ့။

 [သရ၀ဏ် (ပြည်)]
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments: