Wednesday, October 14, 2015

အမျိုးသားများလျစ်လျူမရှုသင့်သည့် ကျန်းမာရေးလက္ခဏာ (၉)မျိုး




ဆီးသွားရင် သွေးပါတာမှ အစပြုပြီး အမျိုးသားတို့ရဲ့ သားမြတ်ကြီးထွားလာတာတွေက အမျိုးသားတို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာတွေရှိနေတဲ့ လက္ခဏာတွေပါ။ တစ်ခါတစ်ရံမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ လက္ခဏာတွေက ပိုမိုဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေဖြစ်နေတတ်ပါတယ်။ ဥပမာအားဖြင့် အရက်အလွန်အကျွံသောက်တာက စိတ်ကျဝေဒနာရဲ့ လက္ခဏာဖြစ်နေပြီး ပန်းသေ ပန်းညှိုးဖြစ်တာက နှလုံးရောဂါရဲ့ လက္ခဏာပါ။ အောက်ပါတို့ဟာ အမျိုးသားတို့ လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေး လက္ခဏာ ကိုးမျိုးပါ။

ပန်းသေပန်းညှိုးခြင်း

ဖြစ်နိုင်သည့်ပြဿနာ - နှလုံးရောဂါ

ပန်းသေပန်းညှိုးဖြစ်တာက နှလုံးရောဂါရဲ့စောစောစီးစီး သတိပေးလက္ခဏာဖြစ်တယ်လို့ ဆရာဝန်တွေက သတိပေးထားကြပါတယ်။ ပန်းထောင်ဖို့အတွက်ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုကောင်းမွန်ဖို့လိုအပ်တဲ့အတွက် ပန်းညှိုးတဲ့ပြဿနာက နှလုံးသွေးကြောကျန်းမာ ရေးအတွက် အတိအကျတိုင်းတာနိုင်တဲ့ ကိရိယာလိုဖြစ်နေပါတယ်။
နှလုံးကို ပေးပို့နေတဲ့ သွေးကြောတွေက အဆီခဲတွေနဲ့ ပိတ်ဆို့မှုဖြစ်ပေါ်နေရင်သွေးလွှတ်ကြောတွေထူထပ်ကာနှလုံးရောဂါ ဖြစ်ပေါ် လာပါတယ်။ လိင်အင်္ဂါကိုသွားတဲ့ သွေးကြောတွေမှာလည်း ဒီလိုအဖြစ်မျိုး တွေကြုံတွေ့နိုင်ပေမယ့် အဲဒီသွေးကြောတွေမှာ သက်ရောက်မှုကအလွန်မြန်ပါတယ်။ လိင်အင်္ဂါသွေးကြောတွေက နှလုံးသွေးကြောတွေထက် ပိုမိုသေးငယ်တဲ့အတွက်ကြောင့်ပါ။ ပန်းသေပန်းညှိုးပြဿနာရှိနေတဲ့အမျိုးသားတစ်ယောက်ဟာ သုံးနှစ်မှငါးနှစ်အတွင်းနှလုံးပြဿနာဖြစ်နိုင်တယ်လို့ နှလုံးအထူးကု ဆရာဝန်က ပြောပါတယ်။ အသက် ၄၀အရွယ်မှာ ပန်းသေပန်းညှိုးပြဿနာဖြစ်တဲ့ အမျိုးသားတွေက နောက် ၁၀ နှစ်အတွင်း နှလုံးတိုက်ခိုက်ခံရနိုင်ခြေဟာ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ်လို့ သိရပါတယ်။ ကျန်းမာနေတယ်လို့ ထင်ရတဲ့အမျိုးသားတွေမှာတောင် ပန်းညှိုးပြဿနာ အနည်းငယ်ရှိရင် နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။

သားမြတ်ထွက်လာခြင်း

ဖြစ်နိုင်သည့်ပြဿနာ -  အသည်းရောဂါ၊

ဟော်မုန်းမညီမျှခြင်းအမျိုးသားအများစုဟာ အ၀လွန်လာတဲ့အခါမှာ သားမြတ်နေရာမှာ အဆီတွေစုပြီး သားမြတ်ထွက်လာတတ်ပါတယ်။ ဘီယာလျှော့သောက်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အမျိုးသားတွေမှာသားမြတ်တစ်သျှူးတွေ ထွက်ပေါ်လာတတ်ပါတယ်။ Gynaecomastia လို့ခေါ်ပြီးအမျိုးသမီးသားမြတ်လို့ အဓိပ္ပာယ်ရပါတယ်။ တက်စထရိုစတီရုန်းနဲ့ အီစထရိုဂျင် ဟော်မုန်း ညီညွတ်မျှတမှုမရှိတာကြောင့်ဖြစ်ရတာပါ။ အီစထရိုဂျင်ဟာသားမြတ်တစ်သျှူးကိုကြီးထွားစေပါတယ်။ အမျိုးသားတွေမှာ ပုံမှန်အားဖြင့် တက်စထရိုစတီရုန်းအဆင့်တွေက ပိုမိုမြင့်မားတဲ့အတွက် အီစထရိုဂျင်ရဲ့ သားမြတ်ကြီးထွားမှုအကျိုးသက်ရောက်မှုကို ရပ်တန့်ပေးလိုက်တာကြောင့် အမျိုးသမီးလိုမျိုးသားမြတ်ဖွံ့ဖြိုးမှုမဖြစ်တော့ပါဘူး။ ဒါပေမဲ့ ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာ တာကြောင့် အမျိုးသားတွေမှာ အမျိုးသမီးသားမြတ်တစ်သျှူးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ 

အဲဒီလိုဖြစ်ပွားနေတဲ့အမျိုးသားတွေရဲ့ ဝှေးစေ့ဟာလည်းအလုပ်ကောင်းမွန်စွာ မလုပ်တတ်ပါဘူး။ ဝှေးစေ့ အလုပ်မလုပ်တဲ့အတွက် တက်စထရိုစတုန်းတွေ မထုတ်လုပ်နိုင်တော့ ဘဲ အီစထရိုဂျင်တွေ ပိုများလာတာကြောင့် သားမြတ်တစ်သျှူးတွေဖြစ်ပေါ်ရတာဖြစ်ပါတယ်။

Gynaecomastia ဖြစ်တာက အသည်းရောဂါရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ အသည်းပျက်စီးနေတာကြောင့် ခန္ဓာကိုယ် အတွင်းဟော်မုန်းတွေညီညွတ်မျှတမှု မရှိနိုင်တော့လို့ပါ။ အမျိုးသားတစ်ယောက်အနေနဲ့ သားမြတ်ကြီး ထွားမှုဖြစ်ပေါ်လာ ခဲ့ရင်ဆရာဝန်နဲ့ပြသပြီး ရိုးရိုးအဆီတစ်သျှူးလား ဒါမှမဟုတ်သားမြတ်တစ်သျှူးလားသိအောင် စစ်ဆေးရပါမယ်။ သွေးဖောက်ပြီး ဟော်မုန်းအဆင့်တွေကိုလည်း စစ်ဆေးနိုင်ပါတယ်။

ညဘက် မကြာခဏ ဆီးသွားခြင်း

ဖြစ်နိုင်သည့်ပြဿနာ - ဆီးကျိတ်ကင်ဆာ၊ ဆီးကျိတ်ကြီးခြင်း

ညဘက်ထပြီး အိမ်သာပြေးရတာကဆီးကျိတ်ကြီးတာ ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာပါ။ ဆီးကျိတ်ဟာသစ်ကြားသီးအရွယ် ပုံသဏ္ဌာန်ရှိတဲ့အကျိတ်တစ်ခုဖြစ်ပြီး သုက်ပိုးတွေကိုသယ်ဆောင်ထားတဲ့ သုက်ရည်ကိုပြုလုပ်ပေးပါတယ်။ ဆီးအိတ်အောက်မှာတည်ရှိနေ တဲ့အတွက် အကျိတ်ရဲ့အရွယ်ပမာဏ ပြောင်းလဲမှုဖြစ်တိုင်း ဆီးသွားပြွန်ကို ဖိမိတာကြောင့် ဆီးသွားတဲ့အမူအကျင့်တွေ ပြောင်းလဲသွား နိုင်ပါတယ်။ ဆီးသွားရခက်ခဲတာ၊ ဆီးသွားရင် ညှစ်ရတာ၊ဆီးကုန်အောင် အချိန်ယူရတာ၊ ဆီးလုံးသေးတာ ဒါမှမဟုတ် ဆီးကျန်သလို ခံစားနေရတဲ့ လက္ခဏာတွေပြတတ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ရိုးရိုးဆီးကျိတ်ကြီးတာလား ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာဖြစ်တာလား ဆိုတာကို စစ်ဆေးသင့်ပါတယ်။

အနံ့အာရုံမရခြင်း ဒါမှမဟုတ် လိင်စိတ်ကုန်ခန်းခြင်း

ဖြစ်နိုင်သည့်ပြဿနာ - မျိုးပွားခြင်းဆိုင်ရာပြဿနာဖြစ်ခြင်း

အနံ့အာရုံမရတာက ဝှေးစေ့တွေကောင်းစွာ အလုပ်မလုပ်တဲ့ လက္ခဏာပါ။လိင်စိတ်ကုန်ခန်းလာတာကလည်း ဝှေးစေ့အလုပ်မလုပ်တဲ့ လက္ခဏာပါပဲ။ ဝှေးစေ့က သုက်ကောင်တွေကို မထုတ်လုပ်နိုင်တဲ့အတွက် မြုံတဲ့ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဝှေးစေ့တွင် အကျိတ်ရှိခြင်း

ဖြစ်နိုင်သည့်ပြဿနာ - ဝှေးစေ့ကင်ဆာ

ဝှေးစေ့မှာ အကျိတ်နဲ့ ရောင်ရမ်းမှုရှိနေတာက အမျိုးသားငယ်နဲ့ အမျိုးသားကြီးတွေမှာ အဖြစ်များတဲ့ ပြဿနာပါ။ ဒီအကျိတ်တွေက များသောအားဖြင့် ကင်ဆာမဟုတ်တတ်တာကြောင့် ကုသမှုခံယူနေစရာမလိုပါဘူး။ ဒါပေမဲ့ အကျိတ်ရှိတာကလည်း ဝှေးစေ့ကင်ဆာ ရဲ့လက္ခဏာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့တော့ ပြသဖို့လိုအပ်ပါတယ်။ ဒီကင်ဆာက အမျိုးသားတွေ အသက် ၂၀-၃၅ နှစ်ကြားမှာအဖြစ်များ ပါတယ်။ ရောဂါကို စောစောစီးစီးသိရှိလေလေ၊ ကုသမှုမှာပိုပြီးထိရောက်မှုရှိလေလေပါ။

ဆီးထဲ သွေးပါခြင်း

ဖြစ်နိုင်သည့်ပြဿနာ - ဆီးအိတ်ကင်ဆာ

ဆီးထဲသွေးပါတာက ဆီးအိတ်ကင်ဆာရဲ့ အဖြစ်များဆုံး လက္ခဏာပါ။ များသောအားဖြင့် နာကျင်မှုမရှိတတ်ပါဘူး။ဒီရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာသေဆုံးနိုင်ပါတယ်။ ဆီးအိတ်ကင်ဆာက ဒုက္ခပေးတဲ့ ဓာတုပစ္စည်းတွေနဲ့အထိတွေ့များတာကြောင့်ဖြစ်တာပါ။ ဆေးလိပ်ငွေ့ကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ ခါးအောက်နောက်ပိုင်း ဒါမှမဟုတ် ဗိုက်နာတာကလည်း ဆီးအိတ်ကင်ဆာရဲ့ လက္ခဏာပါ။ မကြာခဏ ဆီးသွားတာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ မောပန်းနေတာ၊ အကြောင်းမရှိဘဲ ကိုယ်အလေးချိန် လျော့သွားတာကလည်း ဆီးအိတ်ကင်ဆာရဲ့ လက္ခဏာတွေပါပဲ။ ဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ချက်ချင်းပြသပါ။

အရက်အလွန်အကျွံသောက်ခြင်း

ဖြစ်နိုင်သည့်ပြဿနာ - စိတ်ကျရောဂါ

စိတ်ကျဝေဒနာရှိတဲ့ အမျိုးသားတွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကိုပြောပြလေ့မရှိဘဲ အရက်အလွန်အကျွံသောက်ကာ နေတတ် ပါတယ်။ မျက်ရည်ကျလွယ်တာ၊ မနက်စောစောစီးစီးအိပ်ရာကနိုးနေတာ၊ အိပ်မပျော်တာတွေနဲ့ပျော် ရွှင်မှုတွေ ပျက်သုဉ်းနေတာကလည်း စိတ်ကျဝေဒနာရှိသူတွေရဲ့ လက္ခဏာပါပဲ။ ဒီလက္ခဏာတွေရှိရင် သတိထားသင့်ပါတယ်။ အမျိုးသားတွေဟာ စိတ်ကျဝေဒနာခံစားရ လွန်းရင် မိမိကိုယ်မိမိ သတ်သေနိုင်ပါတယ်။ အမျိုးသမီးတွေကအမျိုးသားတွေထက် စိတ်ကျဝေဒနာပိုမိုအဖြစ် များပေမယ့် စိတ်ကျ ဝေဒနာဖြစ်တဲ့အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံကမိမိကိုယ်မိမိသတ်သေကြတယ်လို့ သိရပါတယ်။

ခြေမနာကျင်ခြင်း

ဖြစ်နိုင်သည့်ပြဿနာ - ဂေါက်ရောဂါ

ဂေါက်ရောဂါက အမျိုးသားတွေမှာအမျိုးသမီးတွေထက်သုံးဆမှ လေးဆအထိ ပိုအဖြစ်များပါတယ်။ အဖြစ်များဆုံးလက္ခဏာက ခြေမနာကျင်နေတာပါ။ အသက်ကြီးသူတွေမှာ အဖြစ်များကြပြီးအသက်ကြီးတဲ့ အမျိုးသား ခုနစ်ယောက်မှာ တစ်ယောက်နှုန်းနဲ့ အမျိုးသမီး ၁၆ယောက်မှာ တစ်ယောက်နှုန်းဖြစ်တတ်ပါတယ်။ ရုတ်တရက် အဆစ်တစ်ခု ဒါမှမဟုတ် အဆစ်တွေ(အထူးသဖြင့် ခြေမ)မှာ အလွန်နာကျင်တာက ဂေါက်ရောဂါရဲ့ထင်ရှားတဲ့လက္ခဏာပါ။ အဆစ်အတွင်းနဲ့ အဆစ်ဝန်းကျင်တစ်ဝိုက်မှာ ဆိုဒီယမ်ယူရစ်ပုံဆောင်ခဲ တွေ စုနေတာကြောင့် ဂေါက်ရောဂါဖြစ်ရတာပါ။ ခန္ဓာကိုယ်မှ စွန့်ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ယူရစ်အက်စစ်တွေ သွေးတွင်းများလာ တာကြောင့် ဒီပုံဆောင်ခဲတွေ ဖြစ်ရတာပါ။ ပုံဆောင်ခဲတွေက အဆစ်အတွင်းအရိုးနုတွေကို ဖျက်ဆီးလိုက်တဲ့အတွက်အလွန်နာကျင်ပြီး အဆစ်တောင့်တင်းတာတွေ ဖြစ်သွားပါတယ်။ အသက် ၃၀အရွယ် အမျိုးသားတွေမှာ ရောဂါလက္ခဏာပြတတ်ပါတယ်။

နို့သီးခေါင်းဝန်းကျင်တွင် အကျိတ်ရှိခြင်း

ဖြစ်နိုင်သည့်ပြဿနာ - အမျိုးသားသားမြတ်ကင်ဆာ

အမျိုးသမီးတွေတင် သားမြတ်ကင်ဆာဖြစ်တာမဟုတ်ပါဘူး။ ဗြိတိန်နိုင်ငံမှာနှစ်စဉ် အမျိုးသားပေါင်း ၃၅၀ခန့်က သားမြတ်ကင်ဆာဖြစ် နေတယ်လို့သိရပါတယ်။

အမျိုးသားတွေရဲ့ နို့သီးခေါင်းဝန်းကျင်မှာသားမြတ်တစ်သျှူးပမာဏ အနည်းငယ်ရှိနေတဲ့အတွက် ကင်ဆာဖြစ်ပေါ်နိုင်တာပါ။ နို့သီးခေါင်းအတွင်း ချိုင့်ဝင်နေတာဒါမှမဟုတ် နို့သီးခေါင်းမှအရည်ထွက်လာတာ (များသောအားဖြင့် သွေးရောင်စွန်းနေတာ)၊ နို့သီးခေါင်း အနီးနားမှာ အနာဖြစ်ပေါ်နေတာ ဒါမှမဟုတ် ရင်သားရောင်ရမ်းနေတာကသားမြတ်ကင်ဆာရဲ့ လက္ခဏာပါ။ အသက် ၆၀ ကျော် အမျိုးသားတွေမှာ ဖြစ်တတ်ပေမယ့် ငယ်ရွယ်တဲ့အမျိုးသားတွေမှာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ သားမြတ်ကင်ဆာရှိမှန်း စောစော စီးစီးသိပြီး စောစောကုသလေ၊ ရောဂါပျောက်ကင်းနှုန်းကောင်းလေမို့ မသင်္ကာစရာတွေ့ရင်အမြန်ဆုံးဆရာဝန်နဲ့ပြသပါ။

ဒေါက်တာခင်မိုးမိုး

Credit: Good Health Journal No.557

No comments: