Monday, October 5, 2015

ချင်းရိုးရာ ငါးပြုတ်ဟင်း - ငါးပြုတ်ရည်ဟင်းချို - ချင်း မှည့်ခါးသီးထောင်း



ချင်းလူမျိုးတွေ ဟင်းချက်တဲ့အခါမှာ ဆီကို မသုံးဖြစ်သလောက်သာ သုံးတတ်ပြီး ဟင်းအချိုအရသာမှုန့်ကိုလည်း ထည့်မချက် တတ်ပါဘူး။ အချိုဟင်းအရသာကိုကြိုက်တတ်သူများအတွက်ကို ဟင်းအချိုအရသာမှုန့်ကို ခွက်တစ်ခုထဲ သပ်သပ်ထည့်ပေး တတ်ပါသတဲ့။ အသားကိုပြုတ်စားတယ် ပြီးတော့ အသားပြုတ်ရည်ကို အသီးအရွက်အစုံထည့်ပြီး ဟင်းရည်အဖြစ် သောက်လေ့ရှိပါတယ်။
တောင်ပေါ်ဒေသများဘက်မှာတော့ ငါးဟင်းလျာကို မက်မက်မောမော သိပ်မချက်စားတတ်ကြပေမယ့် ကျနော်ကတော့ သူတို့အချက် နည်းတဲ့ ဟင်းလျာထဲမှာပါသော ငါးပြုတ်ဟင်းတို့ မှည့်ခါးသီးထောင်းတို့ ချက်စားပစ်မယ်။
ငါးပြုတ်ဟင်းကို ဟားခါးချင်းတွေ လုပ်စားကြတာပါတဲ့လေ။
ချင်းရိုးရာ ငါးပြုတ်ဟင်း
ပါဝင်ပစ္စည်းများ
ရေချိုငါး (ငါးကြင်းအကောင်) ၅၀ကျပ်သား၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပဲဆီမွှေး ၅ကျပ်သား၊ နှမ်း ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ငါးကို အကြေးခွံခြစ်ပစ်ပြီး ဗိုက်ခွဲအူထုတ်ကာ ရေဆေး၍ ဆား၊အချိုအရသာနယ်ထားပါ။ နှမ်းကိုလှော်ပြီး ဆားနဲ့ထောင်းထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ငါးကိုကျက်အောင်ပြုတ်ပြီး ပန်းကန်ထဲဆယ်ပါ။
ပဲဆီကိုကျက်အောင်အပူပေးပြီးလျှင် ပြုတ်ထားတဲ့ ငါးအပေါ်ကိုလောင်းပေးပါ။ နှမ်းထောင်းနဲ့တွဲဖက်စားသုံးပါ။
ငါးပြုတ်ဟင်းချို
ပါဝင်ပစ္စည်းများ
ငါးပြုတ်ရည် နို့ဆီဘူး၅ဘူး၊ ချင်း(ဂျင်း) အနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ပင်စိမ်းရွက် ၃စည်း၊ ရှမ်းနံနံ ၁စည်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ငါးပြုတ်တဲ့ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပါ။ ဂျင်း၊ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး ငါးပြုတ်ရည်ထဲကို ထည့်ပြုတ်ပါ။
အချို၊အငန်ကိုတော့ သပ်သပ်ထည့်စားချင်လည်းစားပါ။ တစ်ခါတည်း ဟင်းရည်ထဲကို ထည့်ပြုတ်ချင်လည်း ပြုတ်ပါ။
ဟင်းရည်ဆူပွက်လျှင် ပင်စိမ်းရွက်၊ ရှမ်းနံနံတို့ကို ရေဆေးပြီး နှစ်ပိုင်း သုံးပိုင်းဖြတ်ထည့်ကာ မီးဖိုပေါ်မှချလိုက်ပါ။ ပူပူနွေးနွေးသုံးဆောင်ရင် ပို၍အရသာရှိပါတယ်။
ချင်း ငရုပ်သီးထောင်း
ချင်းငရုပ်သီးထောင်းထဲမှာ ချင်းတွေသုံးတဲ့ မှည့်အခါးသီး (ဆမ်တော့ခ် သို့မဟုတ် ပေါ့ပေါ်ရ် - Pok Por) ပါဝင်ပါတယ်။
မှည့်အခါးသီး အနည်းငယ်၊ ငရုပ်သီးစိမ်း ၁၀ကျပ်သား၊ ကြက်သွန်ဖြူ နှစ်ကျပ်ခွဲသား၊ ပင်စိမ်းရွက် ၅စည်း၊ သံပရာသီး ၁လုံး၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
မှည့်အခါးသီးကို ရေဆေးထားပါ။ ငရုတ်သီးစိမ်းကို ရေဆေးပြီး ကျက်အောင်လှော်ပါ။ ကြက်သွန်ဖြူကို အခွံနွှာထားပါ။ ပင်စိမ်းရွက်ကို ရေဆေးပြီး အခြောက်လှော်ပါ။
အားလုံးပြင်ဆင်ပြီးလျှင် မှည့်အခါးသီးနဲ့ ငရုတ်သီးစိမ်းကို အရင်ညက်အောင်ထောင်းပါ။
ပြီးလျှင် ကြက်သွန်ဖြူနှင့် ပင်စိမ်းရွက်၊ ဆား၊ အချိုအရသာမှုန့် အားလုံးထည့်ပြီး ရောထောင်းပါ။ အရသာရှိမယ့် ချင်းငရုတ်သီးထောင်း ချိုစပ်မွှေးလေးပါ။ ငရုတ်သီးထောင်းကို အသားပြုတ်ကြော် အမျိုမျိုးနဲ့ စားသုံးကြပါတယ်။
 Credit: အန်တီမီးမီး ဟင်းချက်စာအုပ်

No comments: