Sunday, October 18, 2015

ဗမာစတိုင်လ် ဆိတ်သားနှပ်ဆီပြန်၊ မြင်းခွာရွက်အချဉ်သုပ်နှင့် ကုလားပဲဟင်းရည်ကျဲ

ဆိတ်သားဟင်းကို များသောအားဖြင့် ဟင်းချက်မကျွမ်းကျင်သူများ ချက်စားလေ့မရှိပါဘူး။ အညှီနံ့ပျောက်အောင်ဘယ်လိုလုပ်ရမလဲ မသိကြလို့ဖြစ်ပါတယ်။ အနံ့ကို ဂရုမစိုက်ဘူးဆိုရင်လည်း တောက်တောက်စင်းကောချက်တာမျိုး ပဲဟင်းနဲ့ရောနှောချက်တာမျိုးတွေပဲ ချက်စားကြတာများပါတယ်။ အခုတော့ ဆိတ်သားကို ဆီပြန်ချက်စားကြည့်ကြမယ်။
မြင်းခွာရွက်သုပ်ဆိုရာမှာ မြုပ်စားရာမှာတွေ့ရတတ်တဲ့ မြင်းခွာရွက်အကြီးတွေကိုသုပ်မစားဘဲ ဆေးမြင်းခွာလို့ခေါ်တဲ့ နည်းနည်းသေးတဲ့ မြင်းခွာရွက်မျိုးကိုပဲ အချဉ်အရသာလေးကဲပြီးသုပ်စားကြမယ်။
အရည်သောက်လေးအဖြစ် ပဲဟင်းကိုပျစ်ပျစ်မချက်ဘဲ ရေကျဲလေးချက်သောက်ကြမယ်ပေါ့ဗျာ။ အရန်အဖြစ် ပုစွန်ခြောက်ငါးပိကြော်၊ သခွားသီးတို့စရာ၊ သရက်ချဉ်သုပ်စတာတွေနဲ့တွဲဖက်စားသောက်တတ်ကြပါတယ်။
ဆိတ်သားနှပ်ဆီပြန်
ပါဝင်ပစ္စည်းများ
ဆိတ်သား(ပေါင်သားနုနု) ၅၀ကျပ်သား၊ ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၁၅မြွာ၊ ဇီယာစေ့ စားပွဲတင်ဇွန်း ၁ဇွန်း၊ ငရုတ်သီးအပု အပွတောင့် ၄တောင့်၊ သစ်ကြံပိုးခေါက် လက်တစ်ဆစ်၊ ချင်း(ဂျင်း) လက်တစ်ဆစ်(ထောင်းထားပါ)၊ အချိုအရသာမှုန့်/သကြား အနည်းငယ်၊ ဆား နနွင်းမှုန့် မဆလာ အနည်းငယ်၊ ရှောက်သီး ၁စိတ်၊ ပဲဆီမွှေး ၁၀ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ဆိတ်သား ၅၀ကျပ်သားကို အတုံး ၉တုံးခန့် အတုံးကြီးကြီးတုံးပြီး ရေဆေးပါ။ ပြီးလျှင် ဆိတ်သားကို အညှီနံ့ပျောက်အောင် ရှောက်ရည်ညှစ်ပြီး သမအောင်နယ်ကာ နာရီဝက်ခန့် နှပ်ထားပါ။ နာရီဝက်ပြည့်လျှင် ရေနှင့်ပြန်ဆေးပြီး ဆား၊သကြား၊ အချို၊ နနွင်းမှုန့်၊ဂျင်းတို့ဖြင့် နယ်ထားပါ။
ကြက်သွန်အဖြူ၊အနီ၊ငရုတ်သီးအပွတောင့်တို့ကိုလည်း ညက်အောင်ထောင်းပါ။
ဇီယာစေ့နှင့် သစ်ကြံပိုးခေါက်ကိုလည်း ညက်အောင်ထောင်းထားပါ။
ဟင်းချက်ရန် ပြင်ဆင်ပြီှးလျှင် ဒယ်အိုးထဲတွင် ဆီထည့်ပြီး ပူအောင်တည်ပါ။
ဆီပူရင် ထောင်းထားတဲ့ ကြက်သွန်ငရုတ်သီးအနှစ်၊ ဇီယာစေ့၊ သစ်ကြံပိုးခေါက်အားလုံးထည့်ဆီသတ်ပါ။
ခဏကြာလျှင် ငရုတ်သီးအစိမ်းနံ့ပျောက်သွားရင် ဆိတ်သားများထည့်မွှေပါ။ ခဏအဖုံးအုပ်တည်ပေးပါ။ ဆီပြန်ပြီး အသံ တဖျစ်ဖျစ်မြည်လာလျှင် အသားနူးရန်အတွက် ရေအသင့်အတင့်တည်၍ မီးအေးအေးနဲ့ နှပ်ပါ။ ဟင်းပေါင်းအိုးနဲ့လည်း ပေါင်းလို့ရပါတယ်။ ဟင်းပေါင်းအိုးနဲ့ဆိုရင် မိနစ် ၄၀ခန့်ပေါင်းရပါမယ်။
ဆီပြန်ပြီး အသားနူးအိသွားပြီဆိုရင် မဆလာလေးအုပ်ခပ်လိုက်ပါ။ မွှေးရနံ့ပေါင်းစုံနဲ့ ခံတွင်းမြိန်စေမယ့် ဆိတ်သားနှပ်ဆီပြန်ဟင်း တစ်ခွက် ကျက်ပါပြီ။
မြင်းခွာရွက်အချဉ်သုပ်
ပါဝင်ပစ္စည်းများ
မြင်းခွာရွက်(ဆေးမြင်းခွာ) ၃စည်း၊ ခရမ်းချဉ်သီး ၅လုံး၊ ကြက်သွန်နီ ၂ဥ၊ ပုစွန်ခြောက်မှုန့် ၅ကျပ်သား၊ မြေပဲအကျက် ၅ကျပ်သား၊ နှမ်း စားပွဲတင်ဇွန်း ၁ဇွန်း၊ ကြက်သားမှုန့် စားပွဲတင်ဇွန်းနှင့် တစ်ဝက်၊ ငံပြာရည်(အချို) လက်ဖက်ရည်ဇွန်း ၂ဇွန်း၊သံပရာသီး ၁လုံး၊ ငရုတ်သီးစိမ်း ၃တောင့်။
ပြင်ဆင်ချက်ပြုတ်ပုံ
မြင်းခွာရွက်ကို အမြစ်များဖယ်၍ သဲများရေစင်အောင်ဆေးပြီး ခပ်ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကို အလုံးလိုက် ရေစင်အောင်ဆေးပြီး ထက်ခြမ်းခြမ်း၍ အစေ့ထုတ်ပြီး အရှည်လိုက် ပါးပါးလှီးပါ။
ကြက်သွန်နီကိုလည်း ထက်ခြမ်းခွဲ၍ ပါးပါးလှီးပြီး ရေဆေးထားပေးရပါမယ်။ မြေပဲကို မညက်တညက်ထောင်းထားပါ။
ငရုတ်သီးစိမ်းကို ရေဆေးကာ ပါးပါးလှီးပါ။ သံပရာသီးကို ပန်းကန်တစ်ခုထဲမှာ အရည်ညှစ်ယူထားပါ။
အသုပ်သုပ်ရန်အတွက် ပြင်ဆင်ပြီးလျှင် အ၀ကျယ်တဲ့ပန်းကန်ထဲမှာ ပြင်ဆင်ထားတဲ့ အဆာပလာများ အချိုအငန်အားလုံးထည့်ကာ သမသွားအောင်နယ်ပါ။ အရသာကို မိမိစိတ်ကြိုက်ဖြစ်ပြီဆိုရင် ပန်းကန်လှလှလေးထဲပြောင်းထည့်လိုက်ပါ။
အခုဖော်ပြတဲ့အရွက်သုပ်မှာ ဆီချက်၊ပဲမှုန့် သုံးမထားပါဘူး။ ကုလားပဲဟင်းနဲ့တွဲဖက်စားသုံးမှာဖြစ်လို့ အရွက်သုပ်ရဲ့ အဆိမ့်အရသာကို လျှော့ထားပါတယ်။ ဆီချက်၊ပဲမှုန့်မပါတဲ့ အရသာကလည်း တစ်မျိုးလေးပါ။
ကုလားပဲဟင်းရည်
ပါဝင်ပစ္စည်းများ
ကုလားပဲ ၂၀ကျပ်သား၊ ကြက်သွန်နီ ၂ဥ၊ ကြက်သွန်ဖြူ ၁၀မြွှာ၊ အချိုအရသာပစ္စည်း စားပွဲတင်ဇွန်းနှင့် တစ်ဝက်၊ ဆား အနည်းငယ်။
ပြင်ဆင်ချက်ပြုတ်ပုံ
ကုလားပဲကို ရေစင်အောင်ဆေး၍ နူးအောင်ပြုတ်ပါ။ ကုလားပဲနူးလာရင် ပဲများကိုညက်နေအောင်ထောင်းထားပါ။ ပြီးလျှင် ဒန်အိုးထဲမှာ ရေကို လိုသလောက်ထည့်ပြီး ထောင်းထားတဲ့ ကုလားပဲအနှစ်ကို ဖျော်ထည့်ပါ။ အချိုအငန်ကိုပါထည့်၍ ဟင်းရည်ဆူပွက်တဲ့အထိ တည်ပေးရပါမယ်။
ဟင်းရည်ဆူပွက်လာရင် ကြက်သွန်အဖြူ၊အနီကို ပါးပါးလှီးဆီသတ်ပြီးထည့်ပါ။ ဆီချက်နံ့လေးမွှေးနေတဲ့ ကုလားပဲဟင်းရည် သုံးဆောင်လို့ရပါပြီ။
(အထက်ဖော်ပြပါဟင်းလျာအတွဲအစပ်ကို ဗမာလူမျိုးများက ရိုးရိုးထမင်းအဖြူနဲ့ စားသုံးကြသလို ထောပတ်ထမင်း၊အုန်းထမင်းများနဲ့ လည်းတွဲဖက်စားသုံးကြပါတယ်။)
Credit: အန်တီမီးမီးရဲ့ ဟင်းချက်စာအုပ်

No comments: