Friday, October 2, 2015

ကရင်မျှစ်ချဉ် ၀က်လက်ချက် - တညင်းသီးငံပြာရည်ချက်နှင့် တို့စရာအစုံ



ကရင်လူမျိုးတွေရဲ့ ထမင်းဝိုင်းကတော့ မြန်မာတွေနဲ့ ထပ်တူနီးပါးပါပဲ ငါးပိဖျော်ရည်နဲ့ တို့စရာအစုံအလင်ကို မပါရင် မပြီးပြည့်စုံပါဘူး။ ထမင်းဝိုင်းမှာ အသား ငါးမပါရင်သာနေရမယ် ငါးပိ၊တို့စရာ၊ငရုတ်သီးအမှုန့်မပါရင်တော့ သိပ်မစားတတ်ကြပါဘူးတဲ့။ ငါးပိဖျော်ရည် အစား ငံပြာရည်ချက် ၊ခရမ်းချဉ်သီးငါးပိချက်၊ ပဲပြုတ်ငါးပိချက် စတဲ့ ငါးပိချက်အမျိုးမျိုးကိုလည်း တို့စရာအမျိုးမျိုးနဲ့စားတတ်ကြပါတယ်။ တာလပေါဟင်း (တာပယ်ပေါ်)ဟင်းက ကရင်လူမျိုးတွေရဲ့ရိုးရာဟင်းဖြစ်ပေမယ့် ထမင်းဝိုင်းမှာတော့ ငါးပိရည်တို့စရာလောက် မပါမဖြစ် မဟုတ်ပါဘူးဆိုပဲ။
ကျနော်လည်း အန်တီမီးမီးပြောပြတဲ့ ဟင်းချက်နည်းအစုံကိုကြည့်လိုက်တာ ကရင်ဟင်းလျာတွေကိုသာ တကယ်ကောင်းကောင်းချက်စား ရရင် ထမင်းစားအလွန်မြိန်မှာပဲလို့ တွေးမိပါတယ်။ ဒီတော့ အခု ကရင်မျှစ်ချဉ် ၀က်လက်ချက်ရယ် တညင်းသီးငံပြာရည်ချက် အထူးတဆန်းလေးချက်စားဖို့ ဝေမျှလိုက်မယ်လို့စိတ်ကူးပါရဲ့။
အိမ်ကအမေကတော့ ၀က်လက်တွေကို အမွှေးတွေသန့်စင် ပြီးတော့ ရေနဲ့သေချာဆေးကြောပြီးနောက် မီးနဲ့ကြွပ်နေအောင်ကင်ရင်ကင် အိုးကင်းပူတိုက်ပြီးမှ ခုတ်ထစ်ရင် ခုတ်ထစ်ပြီးချက်ပါတယ်။ များသောအားဖြင့် ရှမ်းတရုတ်ဟင်းလျာပုံစံမျိုးပါ။ ကရင်လိုချက်တာကျတော့ တစ်မျိုးတစ်ဘာသာပါ နည်းနည်းလေးမူကွဲပါတယ်။ ဗမာအိမ်တွေမှာလို ငံပြာရည်ကိုသပ်သပ်ချက် တညင်းသီးကိုသပ်သပ်ပြုတ်ပြီးမှာစား တာမျိုးမဟုတ်ဘဲ တညင်းသီးငံပြာရည်ချက်ကိုချက်စားပါမယ်။ ကဲ ထမင်းစားမြိန်နိုင်ကြပါစေ။
ကရင်မျှစ်ချဉ် ၀က်လက်ချက်
ပါဝင်ပစ္စည်းများ
ဝက်လက် ၅၀ကျပ်သား၊ မျှစ်ချဉ်နုနု ၃၀ကျပ်သား၊ ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူအကြီး ၁၀မြွှာ၊ ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ဇွန်း၊ ချင်း(ဂျင်း) လက်တစ်ဆစ်၊ စပါးလင် ၁ချောင်း၊ ခရမ်းချဉ်သီး ၂လုံး၊ တရုတ်နံနံပင် ၁၀ပင်၊ ပင်စိမ်းရွက် ၁စည်း၊ သကြား/ဆား/အချိုအရသာမှုန့် အနည်းငယ်၊ ပဲဆီမွှေး နှစ်ကျပ်ခွဲသား။
ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်လက်ကို အနေတော်အတုံးလေးတွေတုံး၍ ရေဆေးပြီး ပဲငံပြာရည်အနောက်၊ဆား၊သကြားတို့ဖြင့် သမအောင်နယ်ထားပါ။ မျှစ်ချဉ်ကို မကြီးမသေးအရွယ် လှီးဖြတ်ပြီး ရေဆေးပါ။
ကြက်သွန်နီကို အလုံးလိုက်ရေဆေးပြီး ကန့်လန့်ဖြတ် အကွင်းလေးတွေရအောင် ကွင်းထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ချင်း(ဂျင်း)ကို မညက်တညက် ထောင်းထားပါ။ စပါးလင်ကို ရေဆေးပြီး အချောင်းလိုက်ထုပေး၍ ထုံးထားပါ။
ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးပေးပါ။ တရုတ်နံနံပင်ကို ရေဆေး၍ ၃ပိုင်းဖြတ်ထားပေးပါ။ ပင်စိမ်းရွက်ကို အရွက်များခြွေကာ ရေဆေးပါ။
~ဟင်းချက်ဖို့အတွက် အဆင်သင့်ဖြစ်လျှင် ဒယ်အိုးခပ်ကြီးကြီးထဲမှာဆီထည့်ပါ။
ဆီပူလျှင် ကြက်သွန်အနီ၊ အဖြူ၊ ချင်း(ဂျင်း)ကိုဆီသတ်ပါ။ ကြက်သွန်များ အနည်းငယ်နွမ်းသွားလျှင် ၀က်လက်နဲ့စပါးလင်၊မျှစ်ချဉ်တို့ကို ထည့်ပြီး မွှေပေးပါ။
ပြီးလျှင် ငံပြာရည်၊ ဆား၊ အချိုအရသာ အားလုံးထည့်၊ ရေထည့်ပြီး မီးအေးအေးနဲ့ ၀က်လက်အသားများ နူးအိနေအောင်တည်ပေးရ ပါမယ်။
ဝက်လက်များနူးစပြုရင် ကျန်တဲ့ ခရမ်းချဉ်သီး၊ တရုတ်နံနံ၊ ပင်စိမ်းရွက်တို့ကို ထည့်ပေးပါ။
ဟင်းအရည်ကိုတော့ မနည်းမများ အနေတော်ထားချက်ပါ။ ဟင်းအရသာမြည်းပြီးလျှင် အနံ့အရသာနဲ့ပြီးပြည့်စုံတဲ့ ‘ကရင်မျှစ်ချဉ် ၀က်လက်ချက်’ ဟင်းလျာကို အရသာရှိရှိ မြိန်ရှက်စွာသုံးဆောင်လို့ရပါပြီ။
တညင်းသီးငံပြာရည်ချက်
ပါဝင်ပစ္စည်းများ
တညင်းသီး(စာကလေးတညင်းသီး) ၅၀ကျပ်သား၊ ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ အကြီး ၁၅မြွှာ၊ ငရုတ်သီးအပု၊အပွတောင့် ၅တောင့်၊ ငရုတ်သီးအကြမ်းမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း၊ပုစွန်ခြောက်မှုန့်(အချိုစား) ၅ကျပ်သား၊ မြန်မာငံပြာရည်(အချို) ၅ကျပ်သား၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ပဲဆီမွှေး ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
တညင်းသီးကို နူးအောင်ကျက်အောင်ပြုတ်၍ ထက်ခြမ်းခြမ်းကာ ပါးပါးလှီးထားပါ။ ကြက်သွန်နီ၊အဖြူနဲ့ ငရုတ်သီးအပုတောင့်တို့ကို ညက်နေအောင်ထောင်းပါ။
~ အားလုံးပြီးလျှင် ဒယ်အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ထောင်းထားတဲ့ ငရုတ်သီး၊ ကြက်သွန်အနှစ်နဲ့ အကြမ်းမှုန့်ကို ဆီသတ်ပါ။
ကြက်သွန်များနွမ်းပြီး ငရုတ်သီးအစိမ်းနံ့ပျောက်သွားလျှင် ပုစွန်ခြောက်အမှုန့်၊အချိုအရသာမှုန့်၊ ပါးပါးလှီးထားတဲ့ တညင်းသီး၊ ငံပြာရည်နဲ့ ရေကို နို့ဆီဘူးတစ်ဝက်ခန့်ထည့်ပြီး ဆူပွက်အောင်တည်ပေးပါ။
ဟင်းအိုးဆူလာပြီဆိုရင် တညင်းသီး ငံပြာရည်ချက်ကျက်ပါပြီ။ တို့စရာအစုံနဲ့ တွဲဖက်သုံးဆောင်နိုင်ကြပါတယ်။
Credit: အန်တီမီးမီးရဲ့ ဟင်းချက်စာအုပ်

No comments: