Saturday, October 3, 2015

အဆိုးမြင်တတ်လွန်းသူကို ဘယ်လိုဆက်ဆံရပါ့မလဲ




လူတစ်မျိုးစီရှိတတ်ကြပါတယ်။ စိတ်ဆိုတာ အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်ဆိုပြီး စိတ်နှစ်မျိုးကိုအခြေခံတတ်ပါတယ်။ အကောင်းမြင်စိတ်ရှိတဲ့သူက အမြဲတမ်းအပြုသဘောဆောင်တွေးတောတတ်ကြပြီး၊အရာရာကို နားလည်ပေးနိုင်စွမ်းရှိကာ ဖြည့်စွက်တွေးတောတတ်ကြပေမယ့် အဆိုးမြင်တတ်တဲ့သူကတော့ အရာရာကို ဒေါသတကြီးနဲ့ဖြေရှင်းတတ်ကြပါတယ်။ ဘယ်အရာကိုမဆို အဆိုးဘက်ကသာ ကြည့်မြင်တတ်ပြီး ဒေါသစကားကိုသာ ဆိုလေ့ရှိတတ်ပါတယ်။ 

ဒေါသထွက်ပြီး ချက်ချင်းပြန်ပြေသွားတတ်သူတွေရှိကြသလို ဒေါသက မပြေပျောက်နိုင်ဘဲ အချိန်နဲ့အမျှ စိတ်သောက ရောက် နေတတ်သူတွေလည်း ရှိတတ်ကြပါတယ်။ ကြာလာတဲ့အခါမှာတော့ ကိုယ်တိုင်လည်း စိတ်ပင်ပန်း သူနဲ့ပတ်သက်ဆက်ဆံရတဲ့သူ တွေလည်း စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ မွေးကတည်းက ဖြစ်တည်လာတဲ့ စိတ်ကိုပြင်ဆင်၊ ပြုပြင်နိုင်ဖို့ဆိုတာ အတော်ကို ခက်ခဲ တတ်ပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်လို ဖြစ်နေတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ မပြင်နိုင်ရင် အသက်အရွယ်ကြီးတဲ့အထိ အကျင့်က ပါသွားတတ်ပါတယ်။ 

အရင်ကတည်းက ပြောပြမယ့်သူ၊ ပြုပြင်ပေးနိုင်မယ့်သူမရှိဘူးဆိုရင်တော့ ကိုယ့်အတွေးကိုကိုယ် အဟုတ်ထင်ပြီး တစ်သက်လုံးအကျင့်ပါ သွားတဲ့သူတွေလည်းရှိပါတယ်။ သင့်ပတ်ဝန်းကျင်၊ သင့်လုပ်ငန်းခွင်နဲ့ သင်နဲ့မဖြစ်မနေပေါင်းသင်းဆက်ဆံရမယ့် သူတွေထဲမှာ ဒီလို အဆိုးမြင်တတ်လွန်းသူတွေပါလာမယ်ဆိုရင်တော့ သူတို့ကို လျစ်လျူရှုမထားပါနဲ့။ အဆင်ပြေစေမယ့် နည်းလမ်းတွေရှိပါတယ်။ သူတို့ စိတ်ကို ရှောင်လွှဲနိုင်ပြီး အကောင်းမြင်လာစေမယ့်နည်းလမ်းတွေ သုံးနိုင်ဖို့ အောက်ပါအကြံပြုချက်တွေက သင့်ကိုကူညီနိုင်ပါလိမ့်မယ်။

ကြွားဝါမပြောပါနှင့်
အဆိုးမြင်စိတ်ရှိတယ်လို့ အများကသတ်မှတ်ထားတဲ့သူ သင့်ပတ်ဝန်းကျင်မှာရှိတယ်၊ သင်နဲ့အတူ အလုပ်တွဲလုပ်ရတယ်ဆိုရင် သူတို့ရှေ့မှာ သင့်လုပ်ငန်းအောင်မြင်မှုအကြောင်းတွေမပြောပါနဲ့။သင်က ဘယ်အလုပ်မှာ၊ ဘယ်လိုအောင်မြင်ခဲ့ပြီး၊ဘယ်သူတွေက သင့်ကိုဂုဏ်ပြုခဲ့တယ်ဆိုတာမျိုးကို သူတို့တစ်တွေရှေ့မှာပြောနေမယ့်အစား သင့်လုပ်ငန်းအစီအစဉ်ကိုသာ ပြောပြပါ။ သင်စီစဉ်တာက ကျိန်းသေအောင်မြင်ရမယ်ဆိုတာထက် သူနဲ့ပူးပေါင်းလုပ်ဆောင်တာကြောင့် ကောင်းမွန်တဲ့အကျိုးရလဒ်ကို ရရှိနိုင်မယ်ဆိုတာမျိုးပြောဆို ပါ။ သူတစ်ယောက်တည်းကို သီးသန့်ဖယ်ခွာထားတာမျိုးထက် ဖြည်းဖြည်းနဲ့ ပုံမှန်ရှင်းပြကာ ဆွေးနွေးတိုင်ပင်ပါ။

ဟာသဆန်ဆန်ပြောဆိုပါ
အဆိုးမြင်တတ်သူတွေနဲ့ ပေါင်းသင်းဆက်ဆံချိန်မှာ စကားကိုအတည်တကျပြောဆိုသင့်တယ်ဆိုပေမယ့် တချို့အချိန်တွေမှာတော့ ဟာသစကားလုံးတွေပြောပြီး ပေါင်းသင်းဆက်ဆံပေးပါ။ အဆိုးမြင်တတ်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ သူတို့စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှု၊ အလိုမကျမှုနဲ့ ဒေါသတွေကြောင့် နာမကျန်းဖြစ်နေတတ်ပါတယ်။ သင်က ဟာသ ပြောတာနဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဆက်ဆံရေးတွေကြောင့် သူ့ကိုလည်း ပျော်ရွှင်စေပြီး စိတ်သက်သာရာရစေပါတယ်။

မိတ်ဆွေများနှင့် တွေ့ဆုံပါစေ
အဆိုးမြင်စိတ်ရှိတတ်သူအတော်များများက အစွဲအလမ်းကြီးတတ်ကြပါတယ်။ သူတို့ခင်မင်သူ မိတ်ဆွေတွေကို မသိစိတ်က တမ်းတ တတ်ကြပါတယ်။ မကြာခဏဆိုသလို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့ဆုံစေတာမျိုး၊ ရင်ဖွင့်စကားပြောဆိုတာမျိုးတွေ ပြုလုပ်ပေး တာကြောင့် အဆိုးမြင်စိတ်ကို ပြေပျောက်စေတတ်ပါတယ်။ သင့်အထက်အရာရှိက အဆိုးမြင်စိတ်ရှိသူဆိုရင် သင့်အရာရှိရဲ့ မိတ်ဆွေတွေ ကို သင်က မှတ်သားထားပြီး တွေ့ဆုံစကားပြောနိုင်စေဖို့ အားလပ်ချိန်တွေမှာ ဖန်တီးပေးလိုက်ပါ။

သတိထားမိပါစေ
အဆိုးမြင်စိတ်ရှိတဲ့သူတွေရဲ့ အမှားတွေကို နားလည်တတ်စေဖို့ ဥပမာလေးတွေနဲ့ပြောပြပါ။ သင့်မိတ်ဆွေ၊ အပေါင်းအသင်းတွေမှာ အဆိုးမြင်စိတ်ရှိသူ ပါတယ်ဆိုရင် သူတို့ကို ပစ်ပယ်မထားပါနဲ့။ အဆိုးမြင်စိတ်တွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေတယ်ဆို တာကို နားလည်စေဖို့ ပြောပြပါ။ အဆိုးမြင်စိတ်ရှိတတ်သူတွေရဲ့ အတွေးထဲမှာ ရှိနေတတ်တဲ့ စိတ်ထားတွေကို လေ့လာကြည့်ပါ။

စိတ်ဓာတ်ကျနေတတ်ခြင်း
မသိစိတ်က လူ့ပတ်ဝန်းကျင်မှာနေထိုင်ရတာအဆင်ပြေတယ်လို့ထင်နေပေမယ့် အမှန်တကယ်တော့ အလိုမကျမှုတွေများလွန်းတဲ့ အဆိုးမြင်ဝါဒီသမားတွေဟာ စိတ်ဓာတ်ကျနေတတ်ပါတယ်။ သူတို့ဟာ အများရှေ့မှာ အဆင်ပြေသလို ဟန်ဆောင်နေရတာများတဲ့ အတွက် သူတို့အတွင်းစိတ်ကိုနားလည်ဖို့ ခက်ခဲတတ်ပြီး လူအများကလည်း သူ့ကိုတစ်ယောက်တည်းအဆင်ပြေတယ်လို့ထင်တတ် ကြပါတယ်။ တကယ်တော့ သူတို့တစ်တွေဟာ ပိုပြီး အထီးကျန်ဆန်တတ်သူတွေပါပဲ။

နွေးထွေးမှုလိုအပ်ခြင်း
အမှန်တကယ်တော့ သူတို့တစ်တွေဟာ သူတို့အပေါ်ကို နားလည်ပေးနိုင်ပြီး နွေးထွေးစွာဆက်ဆံနိုင်မယ့်သူကို ပိုလိုအပ်တတ်ကြပါ တယ်။ စိတ်ပိုင်းဆိုင်ရာကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ တရားထိုင်လေ့ကျင့်ခန်းလိုမျိုးနဲ့ ယောဂလေ့ကျင့်ခန်းတွေကိုသွား နိုင်ဖို့သင်က အကြံပေးပါ။ သင်ဟာ သူ့အတွက်မိတ်ဆွေကောင်းဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် မိတ်ဆွေအပေါင်းအသင်းများစေဖို့ နေရာသစ်ရောက်တိုင်း လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါစေ။

အခြေအမြစ်မရှိခြင်း
အဆိုးမြင်တတ်သူတွေဟာ သူတို့ထင်တာကိုပဲ တစ်ဇွတ်ထိုးပြောဆိုတတ်ကြပါတယ်။ အဆိုးမြင်စိတ်ရှိခြင်းရဲ့ အဓိကအကြောင်းရင်းက တော့ အမြင်ကျဉ်းတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အပြုသဘောဆောင်တတ်စေဖို့ စာအုပ်ကောင်းတွေ  ပေးဖတ်တာမျိုး၊ သူမြင်နေတဲ့အမြင်တွေက မှားနေတယ်ဆိုတာမျိုးကို သူကိုယ်တိုင်သိစေတာက ပိုကောင်းတဲ့ အကြံပြုချက်ပါပဲ။

ဖွင့်ဟ ချီးမွမ်းဖို့ခက်ခဲခြင်း
အဆိုးမြင်စိတ်ရှိသူတွေဟာ တစ်ဖက်လူကို လူအများကြားထဲမှာ ချီးမွမ်းပြောဆိုဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါဟာကောင်းမွန်တဲ့ အကျင့်ဆိုတာကို သူတို့သိပေမယ့် ဖွင့်ဟဖို့ ခက်ခဲတတ်ကြပါတယ်။ အလေ့အကျင့်ကောင်းတွေကို ပြုလုပ်တတ်စေဖို့သင်က အကြံပေး ပါ။ အပြုသဘောဆောင်ခြင်းရဲ့ ကောင်းမွန်တဲ့ အကျိုးရလဒ်ကို နားလည်အောင် တဖြေးဖြေး နားသွင်းပေးပါ။ 

ဖော်ပြပါအချက်တွေကြောင့် သင်ဟာ မိတ်ဆွေကောင်းတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးဖြစ်လာစေပြီး၊ ပျော်ရွှင်စရာ ကောင်းတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်း ဖန်တီးပေးနိုင်ပါလိမ့်မယ်။

(အတွဲ ၃ အမှတ် ၃ ဧပြီ ၂၀၁၁ - 8 Days Journal)

No comments: