Tuesday, October 20, 2015

ထိပ်ဖုံး ပြဿနာ . . .



အရွယ်မရောက်ခင်မှာ လူငယ်တွေရဲ့ လိင်တံကို အရေပြားနဲ့ အပြည့်ဖုံးထားပါတယ်။ အဲဒီအခါမှာ လိင်တံထိပ်ဖူးကို ဆွဲဖြဲကြည့်မှ မြင်နိုင်တဲ့ သဘာဝရှိပါတယ်။ တချို့ကလေးဘ၀မှာ အားနေရင်း လိင်တံကို ဆွဲဆွဲပြီးနေတာ သို့မဟုတ် မိခင်၊ ဖခင်၊ ညီအစ်ကိုနဲ့ သူစိမ်းတွေက ကလေးကို ချစ်လို့ဆိုပြီး ဆွဲကာစနောက်နေတတ်ကြပါတယ်။ အဲ ဒီအခါအရေပြားဟာပိုပြီး အနည်းငယ်ရှည်ထွက် တတ်ပါတယ်။

သို့သော် အရွယ်ရောက်လာတဲ့အခါတချို့က အရေပြားနောက်ကို တွန့်ဆုတ်သွားပြီး လိင်တံထိပ်ဖူးပေါ်လာပါတော့တယ်။ တချို့ တွေကတော့ အရွယ်ရောက်တဲ့တိုင်အောင် ရှည်မြဲရှည်လျက်၊ ဖုံးမြဲဖုံးလျက်ရှိနေပါတယ်။ ဒါကိုအရေပြားရှည်ထွက်နေတယ်၊ ထိပ်ဖုံးနေတယ်ဆိုပြီး ပြောကြပါတယ်။

ထိပ်ဖုံးတဲ့အခါမှာ ပြဿနာတစ်ခုကတော့ ဆီးသွားတဲ့အခါမှာ အဲ့ဒီအရေပြားကို ထိပ်ဖူးလွတ်အောင်လုပ်ရတတ်သလို ဆီးကြွင်းကျန်မရှိ ရအောင် သေသေချာချာခါထုတ်တာမျိုးတွေ လုပ်ရတတ်ပါတယ်။ ဘယ်လောက်ပဲခါထုတ်ခါထုတ် ဆီးကတော့ အနည်းငယ်ကျန် တတ်ပါတယ်။ အဲ့ဒီလို ကျန်နေတဲ့ ဆီးနဲ့အုပ်နေတဲ့အရေပြားကြောင့် လိင်တံရဲ့အတွင်းအူတိုင်ဟာ ဆီးတစ်ဆို့ဆို့တွေဖြစ်။
ဒါကို သတိရှိတဲ့လူက ဆီးသွားပြီးတိုင်းအရေပြားကိုနောက်ပြန်ဆွဲပြီး သန့်ရှင်းရေးလုပ်ရပါတယ်။ ဘယ်လောက်ပဲသတိရှိနေပါစေ မလွတ်မလပ်နေရာမျိုးမှာဆိုရင် ပုံမှန်သန့်ရှင်းရေး မလုပ်နိုင်သလို သတိမေ့တာတွေလည်းဖြစ်တတ်ပါတယ်။ အဲဒီလိုနဲ့ပဲ ဆီးပူလောင်ပြီး ထိပ်ဖျားမှာ အနာဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်တဲ့အခါမှာ ဆေးခန်းကိုသွားပြကြတယ်။ အနာကျက်အောင်ဆိုပြီးပိုးသတ်ဆေးတွေထိုး၊ ဆေးသောက်ဖို့ပေးလိုက်တယ်။ ဒီအခါမှာ အနာက ပြန်ကျက်သွားပြီး ကောင်းသွားပါတယ်။ ဒါပေမဲ့ အနာကျက်တာနဲ့ တွဲလျက်ထိပ်ဝက အနည်းငယ် ကျဉ်းမြောင်းသွားပါတယ်။ အဲဒီလို အနာဖြစ်လိုက် ပြန်ကျက်လိုက်၊ ထပ်ပြီးကျဉ်းလိုက်နဲ့ ကြာလာတော့ ထိပ်က အတော်လေးကျဉ်းသွားပြီးထိပ်ဖူးက အပြင်ကို လုံးဝမထွက်တော့ဘဲကျဉ်းသထက်ကျဉ်း၊ ပိတ်သထက်ပိတ်ပြီး တချို့ဆိုရင် အပ်ပေါက်လောက်ပဲပွင့်တော့တယ်။

ခွဲဖို့ပြောတော့ ရပါသေးတယ်၊ကြောက်တယ် စသဖြင့် ဆင်ခြေတွေပေးကြရော။ 

အဲဒီလိုဆီးပူလောင်နေတာကိုအပြင်နှုတ်ခမ်းဝမှာ တွေ့နေရတော့ ဒီလောက်ပဲ ဖြစ်မယ်လို့ထင်နေကြတာ ။
ပြဿနာက ဆီးချိုတွေက ပြောင်းထဲမှာကျန်နေတာ။ ဆီးပူလောင်ပြီး အရေပြားအတွင်းသားနဲ့ အူတိုင်ပူးကပ်ပြီး ခွာမရတာတွေအထိ ဖြစ်နိုင်တယ်။ အနံ့ဆိုးလည်းထွက်တတ်သလို အဲဒီက ဆီးချိုတွေဟာ လိင်ဆက်ဆံတဲ့အခါ ကွာကျထွက်ကျပြီး ဟိုတုန်းကဆိုရင် အမျိုးသမီးတွေရဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ရတဲ့အကြောင်းထဲမှာ တစ်ခုအပါအ၀င်ဆိုပြီးတော့တောင် ယူဆခဲ့ကြပါတယ်။ တစ်ခါများဆိုလျှင် အဲဒီအရေပြား ထိပ်အုပ်ကိုဖွင့်လိုက်တော့ အထဲက အူတိုင်ပတ်လည်မှာ လိင်တံကြွက်နို့ တစ်ပြုံတစ်ခေါင်းဖြစ်ပြီး ဆီးသွားပေါက်တစ်ခုပဲကျန်ပါတော့တယ်။ အဲဒီလူနာက နောက်တော့ ထက်ဝက်ဖြတ်ပစ်လိုက်ရပါတော့တယ်။ (ခြွင်းချက်-ခြောက်လလောက်ကြာတော့ သူ့အမျိုးသမီးရောက်လာပြီးအဲဒီ “လတို”က နောက်မိန်းမယူသွားကြောင်းပါဗျာ။ အဲဒီလိုမှန်းသိရင် ပစ်ထားလိုက်ပါရဲ့လို့ ပြောပြပါတယ်)

ခွဲစိတ်တဲ့ ဆရာဝန် ၊ မခွဲစိတ်တဲ့ ဆရာဝန်ဆိုပြီး နှစ်မျိုးရှိရာ တစ်ခါမှာ ဆေးခန်းတစ်ခုမှာ အဲဒီအရေပြားရှည်တာကိုသွားပြတယ်။ ဆရာဝန်က ခွဲစရာမလို သူ့ရဲ့ ရှယ်ဆေးနဲ့ ပျောက်မယ်ဆိုပြီး ကုလိုက်တာ မပျောက်တော့ ခွဲစိတ်ပေးမယ့် ဆရာဆီရောက်ရော။ အဲဒီ ဆရာဝန်ကပဲ အဲဒီလူနာကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက ခွဲရမယ်လို့ ရာဇသံပေးထားပြီးပါပကော။ အဲဒီတော့မှ ဆရာရယ် တပည့်မှားပါတယ်လို့ ပြောလိုပြော။

၃-၉-၂၀၁၅ ရက်နေ့က လူနာတစ်ယောက်ကို ထိပ်ပိတ်လို့ဆိုပြီး ခွဲလိုက်တာ။ ထိပ်တော့ပွင့်ပါရဲ့ အရေပြားနဲ့ အတွင်းအူတိုင် တအား ကပ်နေလို့ဆွဲခွာလိုက်ရတယ်။ အငုံတွေ သတိထားကြပေါ့ဗျာ။ စောစောစီးစီးခွဲထားသင့်ကြောင်းပါ။ ထိပ်ပိတ်ကြာရင် အနာဖြစ်၊
ကျောက်တည်တတ်ပါတယ်။

~ အေးကမ္ဘာ ဒေါက်တာချစ် ~

Credit: Good Health Journal No. 557

More Read About Tight Foreskin (Phimosis) - (1) https://en.wikipedia.org/wiki/Phimosis
(2) http://www.baus.org.uk/patients/conditions/13/tight_foreskin_phimosis

No comments: