Sunday, October 11, 2015

မွန်ရိုးရာ အလှူဟင်း



မွန်လူမျိုးမိတ်ဆွေတွေဟာ အလှူမင်္ဂလာပွဲတွေကျင်းပကြပြီဆိုရင် ၀က်သားဟင်း၊ငါးသလောက်ပေါင်း၊ သရက်သီးသုပ်၊ မဲဇလီဟင်းချို နှင့် ငါးနှပ်ချဉ်ရည်ဟင်းတွေကို ဖွယ်ဖွယ်ရာရာချက်ပြုပ်ကြွေးမွေးဧည့်ခံတတ်ကြပါတယ်။ ဒီတစ်ပတ်တော့ မွန်ဟင်းလျာအတွဲအစပ်ကို ကူးယူ ဖော်ပြရာမှာ ငါးသလောက်ပေါင်းပေါင်းတဲ့နည်းကိုထည့်မရေးတော့ပါဘူး။ မြန်မာတွေဟင်းချက်ပုံနဲ့သိပ်မကွဲဘူးယူဆလို့ဖြစ်ပါတယ်။
ဝက်သားကို သစ်တိုသီးနဲ့ချက်မယ်၊ ငါးနှပ်ကို ချိုချဉ်အရသာလေးချက်မယ်၊ မဲဇလီဟင်းချိုကို ငါးခူလေးနဲ့အရည်သောက်ချက်ပြီးတော့ သရက်သီးအစိမ်းကို စားကောင်အောင်သုပ်လိုက်မယ်။
မွန်လူမျိုးတွေရဲ့ ထမင်းဝိုင်းမှာလည်း ငါးပိရည်၊ တို့စရာနဲ့ ငါးပိထောင်းကလည်း မပါမဖြစ်ပါတဲ့။
ဝက်သားသစ်တိုသီဟင်း
ပါဝင်သောပစ္စည်းများ
ဝက်သား(အသား) ၅၀ကျပ်သား၊ သစ်တိုသီး ၅လုံး၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁၅မွှာ၊ ငရုတ်သီးအပု ၅တောင့်၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ပဲဆီမွှေး နှစ်ကျပ်ခွဲသား။
ပြင်ဆင်ချက်ပြုတ်ပုံ
ဝက်သားကို အတုံးအသေးတုံးပြီး ရေဆေးကာ အချိုအငန်နယ်ထားပါ။ သစ်တိုသီးကို ထက်ခြမ်းခွဲအစေ့ထုတ် အခွံနွှာပြီး နုပ်နုပ်စဉ်းပါ။ ကြက်သွန်နီ၊အဖြူ နဲ့ငရုတ်သီးအပုတို့ကို ညက်အောင်ထောင်းပါ။
အားလုံးပြီးလျှင် ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူရင် ထောင်းထားတဲ့ ကြက်သွန်နဲ့ ငရုတ်သီးများဆီသတ်ပါ။ ငရုတ်သီးစိမ်းအနံ့ပျောက်သွား ရင် ၀က်သားနဲ့သစ်တိုသီးကိုထည့်ပြီး သမအောင်မွှေပေးကာ အသားနူးရန်အတွက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပါ။
ဝက်သားကို အတုံးသေးတုံးထားတဲ့အတွက် နူးလွယ်ပါတယ်။ ၀က်သားနူးပြီး၊ ဆီပြန်လာလျှင် မီးဖိုပေါ်က ချလို့ရပါပြီ။
ငါးနှပ်ချဉ်ရည်ဟင်း
ပါဝင်ပစ္စည်းများ
ငါးနှပ် (သို့မဟုတ်) အာဗြဲခြောက်ငါးအစို - ၃၀ကျပ်သား၊ ကြက်သွန်ဖြူ(ဥတစ်လုံး) အလုံး ၂၀၊ မျှင်ငါးပိအချို သံပရာသီးလုံးခန့်၊ မရမ်းပြား ၁၅ပြား၊ အချိုအရသာမှုန့်/နနွင်း စားပွဲတင်ဇွန်းတစ်ဝက်စီ၊ ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ငါးနှပ်ကိုခေါင်းဖြတ်၊ဗိုက်ဖောက်၍ အညစ်အကြေးများထုတ်ပစ်ကာ ရေဆေးပြီး နှစ်ပိုင်းဖြတ်ထားပါ။ ပြီးလျှင် ငါးကို မရမ်းပြား၊အချိုအငန် ငါးပိတို့ဖြင့် နယ်ထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပါ။
အားလုံးပြီးလျှင် ဒန်အိုးကြီးတစ်လုံးထဲမှာ ရေများများထည့်ပါ။ကြက်သွန်ဖြူများထည့်ပြုတ်ပါ။ ရေနွေးပွက်ပွက်ဆူမှ နယ်ထားတဲ့ ငါးနှပ်များကို ထည့်လိုက်ပါ။
ငါးအချိုရည်နဲ့ မရမ်းပြားအချဉ်ရေကျအောင် နာရီဝက်ခန့် ဆက်တည်ရပါမယ်။ ဟင်းရည်အနည်းအများကို မိမိလိုသလောက် ရေထည့်ပါ။
နာရီဝက်လောက်နေရင် ချိုချဉ်အရသာလေးနဲ့ ငါးပိနံ့မွှေးနေတဲ့ ငါးနှပ်ချဉ်ရည်ဟင်းကို ပူပူလေးသုံးဆောင်နိုင်ပါပြီ။
မဲဇလီဟင်းချို
ပါဝင်ပစ္စည်းများ
ငါးခူ ၂၀ကျပ်သား၊ မဲဇလီ လက်တစ်ဆုပ်၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁၅မွှာ၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဆား/ငံပြာရည် အနည်းငယ်စီ၊ နနွင်းမှုန့် အနည်းငယ်၊ စိမ်းစားငါးပိအချို ကွမ်းသီးလုံးခန့်၊ပဲဆီမွှေး နှစ်ကျပ်ခွဲသား။
ပြင်ဆင်ချက်ပြုတ်ပုံ
ငါးခူကို အရိအရွဲစင်အောင် ပြာနဲ့ပွတ်ဆေးပြီး ဗိုက်ခွဲ၍ အူထုတ်ကာ ရေစင်အောင်ဆေးပြီး ဆား၊ အချို၊ နနွင်းမှုန့်နယ်ပြီးပြုတ်ပါ။ ကျက်လျှင် အရိုးဖယ်၍ အသားနွှင်ထားပါ။
မဲဇလီကို ကျက်အောင်ပြုတ်ထားပါ။
ကြက်သွန်နီ၊ အဖြူတို့ကို ညက်အောင်ထောင်းပါ။
အားလုံးပြီးလျှင် ဟင်းချိုချက်မည့် ဒန်အိုးထဲတွင် ရေကို မိမိလိုသလောက်ထည့်ပြီး ဆူပွက်အောင်တည်ပါ။ ရေနွေးဆူလျှင် နွှင်ထားတဲ့ ငါး၊ ပြုတ်ထားတဲ့ မဲဇလီ၊ ဆား၊ငါးပိ၊အချိုအရသာနှင့် ကြက်သွန်အနီ၊အဖြူကို ဆီသတ်ပြီး ထည့်လိုက်ပါ။
ဟင်းအိုးဆူလာလျှင် ဟင်းအပေါ့အငန်မြည်းပါ။ လိုအပ်လျှင် ငံပြာရည်ထည့်သုံးပေးပါ။ မွန်ရိုးရာ မဲဇလီဟင်းချိုကျက်ပါပြီ။
သရပ်သီးသုပ်
ပါဝင်ပစ္စည်းများ
သရက်သီးစိမ်း ၃လုံး၊ ကြက်သွန်နီ ၄လုံး၊ မြေပဲအကျက် ၅ကျပ်သား၊ ပုစွန်ခြောက်မှုန့် နှစ်ကျပ်ခွဲသား၊ ဆား/ငံပြာရည်/ငါးပိ အနည်းငယ်စီ၊ အချိုအရသာမှုန့်/နနွင်း လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ငရုတ်သီးအလှော်မှုန့် အနည်းငယ်၊ ပဲဆီမွှေး ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
သရက်သီးကို အခွံနွှာရေဆေးပြီး သရက်သီးခြစ်တဲ့ ဂျစ်နဲ့ခြစ်ပြီး သရက်သီးကို ရေများထွက်သွားအောင် ညှစ်ထုတ်ပစ်ပါ။
ကြက်သွန်နီကို ဆီချက် ချက်ပါ။ မြေပဲကို မညက်တညက်ထောင်းပါ။
သရက်သီးကို ဆီချက်၊ မြေပဲ၊ပုစွန်ခြောက်မှုန့်၊အချို၊အငန်၊ငရုတ်သီးမှုန့် အားလုံးထည့်ပြီး သမအောင်နယ်ပါ။
အရသာမြည်းပြီးရင် သုံးဆောင်မည့် ပန်းကန်ထဲ ပြောင်းထည့်ပါ။ ထမင်းမြိန်ပြီး အအီပြေစေမယ့် အရန်ဟင်းတစ်ခွက်ပါ။
Credit: အန်တီမီးမီးရဲ့ ဟင်းချက်စာအုပ်

No comments: