Monday, November 14, 2011

အစာပြေအစားအစာလေးတွေလုပ်စားရအောင်

အစာပြေအစားအစာဆိုတာ လူမျိုးတိုင်းမှာ
သူ့ထုံးစံနှင့်အညီပြင်ဆင်စားသောက်ကြရတဲ့ဟာတွေရှိသလို အလွယ်တကူ
စားလို့ရတဲ့ အစားအသောက်လေးတွေလည်းရှိတတ်ကြပါတယ်။
အရှေ့တိုင်းနိုင်ငံတွေကတော့ ဆန်လို ကောက်ညှင်း လို
အရာတွေကိုအခြေခံပြီးလုပ်တတ်ကြသလို အနောက်ပိုင်း ဥရောပနိုင်ငံတွေလို
အနောက်ပိုင်းတွေမှာတော့ ဂျုံကို အခြေခံပြီး လုပ်တတ်ကြပါတယ်။ဒီတစ်ခါတော့
ကျွန်တော်ဘာအစားအစာလေးတွေကိုဝေမျှမှာလည်းဆိုတော့ မြန်မာပြည် တနံ
တလျားမှာရတတ်တဲ့ ရှမ်းခေါက်ဆွဲ၊ အိန္ဒိယ သွားရေစာတစ်မျိုးဖြစ်တဲ့ ပလာတာကို
ငှက်ပျောသီးနှင့်လုပ်စားတဲ့ ငှက်ပျော သီးပလာတာ၊
အစားအစာတွေစားပြီးအစာပိတ်အဖြစ်ပဲစားစား
သူ့ချည်းသက်သက်လုပ်စားတာပဲဖြစ်ဖြစ် လုပ်စားလို့ရတဲ့
အုန်းနို့ပဲတီစိမ်းမုန့်လုံးရေပေါ်ပြုလုပ်နည်းအကြောင်းလေးတွေ့ကိုဝေမျှမှာဖြစ်ပါတယ်။
ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ -
(၁) ကြက်သား(သို့)၀က်သား - ၅၀ သား
(၂) ရှမ်းခေါက်ဆွဲခြောက် (အစီး/အဖွယ် ကိုယ်ကြိုက်နှစ်သက်ရာ) - ၂စီး
(၃) ဂျုံခေါက်ဆွဲ - ၁၀ သား
(၄) ဘဲဥ - ၂လုံး
(၅) ဆီတို့ဟူး - ၁တုံး
(၆) ပဲပုပ် - အနည်းငယ်
(၇) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၈) ရှောက်တကောပါကော်မှုန့် - အနည်းငယ်
(၉) ကြက်သွန်မိတ်၊ နံနံပင် - အနည်းငယ်
အဆင့်ဆင့်ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲခြောက်ကို တစ်နာရီခွဲလောက် ကြိုတင်ရေစိမ်ထားပါ။
ကြက်သား(သို့)၀က်သားကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ပါ။ အသားနူးအိပါက
ဆယ်၍နွှင်ထားပါ။ ဘဲဥကို မွှေခေါက်၍ ဒယ်အိုးပြားတွင်
ဆီအနည်းငယ်သာထည့်ကြော်ပြီး လိပ်၍ ပါးပါးပြန်လှီးပါ။ ဆီတို့ဟူးကို
ရေနွေးနည်းနည်းဖြင့် ရေဖျော်ထားပါ။ ဂျုံခေါက်ဆွဲကို ဆီများဖြင့်
အကြွပ်ကြော်ပါ။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲကို
ရေနွေးဖြင့် အနေတော်ဖြော၍ ပြင်ဆင်ထားသော ဟင်းအမယ်များကို စုံလင်စွာထည့်၍
သုံးဆောင်နိုင်ပါသည်။
(တစ်ပွဲစာစီခန့်မှန်းထည့်ပြီးပြင်ဆင်စားသောက်ကြတာပေါ့)
ဝက်ခေါက်ကြော်၊ တို့ဟူးကြော်၊ မုန့်ညင်းချဉ်တို့ မုန်လာဥဖြူချဉ်တို့နှင့်
ပြီးတော့ ကြက်ရိုးပြုတ်ရည်နံနံခတ်ပြီး တွဲဖက် စားသောက်လိုက်ရင်တော့
အရမ်းဂွတ်မယ်ထင်ပါတယ်။
ငှက်ပျောသီး ပလာတာ
အထူးအဆန်းတော့ မဟုတ်ပေမယ့် အပြောင်းအလဲသဘော အိမ်မှာလုပ်စားနိုင်တဲ့
ငှက်ပျောသီးပလာတာ လုပ်နည်းလေး ပါ။ ဒီမှာအဓိကလိုအပ်တာကတော့ ပလာတာပါ။
အိမ်မှာ ကိုယ့်ဘာသာကိုယ် ပလာတာ မလုပ်တတ်လို့ စိတ်ပျက်မသွား ပါနဲ့။
စူပါမားကတ်ကြီးတွေကရောင်းတဲ့ ရယ်ဒီမိတ် ပလာတာ အလွယ်တကူ
ရှာဖွေဝယ်ယူနိုင်ပါလိမ့်မယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ပလာတာအချပ်ကြီး - ၅ချပ်
ငှက်ပျောသီးမှည့် – ၅လုံး (ပလာတာ ၁ချပ်စီအတွင် ငှက်ပျောသီး ၁လုံးစီ သုံးရန်)
နို့ဆီ(သို့)နို့စိမ်း - စားပွဲတင်ဇွန်း ၅ဇွန်းစာ (ပလာတာ ၁ချပ်စီအတွက်
၁ဇွန်းစီသုံးရန်)
ပြုလုပ်နည်း
ဒယ်အိုးပြားထဲတွင် ဆီ၁ဇွန်းထည့်ပြီး အပူပေးပါ။ ဆီအိုးပူလာလျှင် ပလာတာ
၁ချပ်ထည့်ပြီး ရွှေဝါရောင်သန်းလာအောင် တစ်ဖက်ကို ၁မိနစ်ခွဲခန့်စီ
ကြော်ပေးပါ။ ထိုနည်းအတိုင်း ကျန်သည့်ပလာတာများ ဆက်ကြော်ပါ။
ကြော်ထားသော ပလာတာပူပူနွေးနွေးပေါ်တွင် လှီးထားသော ငှက်ပျောသီးများ
စီထည့်ပြီး အပေါ်မှ နို့ဆီ(သို့မဟုတ်) နို့စိမ်းဆမ်းပြီး သုံးဆောင်ပါ။
အုန်းနို့ပဲတီစိမ်း မုန့်လုံးရေပေါ်
ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန်မှုန့် (အခွံချွတ်ထားသော) - ခွက်တစ်ဝက်
ပဲတီစိမ်း - ခွက် ၃ ပုံ၊ ၁ ပုံ
အုန်းနို့ - ၂ ခွက်
ဆား - လက်ဖက်ရည်ဇွန်း ၄ ပုံ၊ ၁ ပုံ
ထန်းလျက် - ခွက်တစ်ဝက်
ရေ - ခွက် ၄ ပုံ၊ ၁ ပုံ
ပြုလုပ်ပုံအဆင့်ဆင့်
ပဲတီစိမ်းကို ရေစင်အောင် ဆေးပါ။ ရေခပ်နွေးနွေးထဲထည့်ပြီး ၃ နာရီခန့်
စိမ်ထားပါ။ ပြီးလျှင် ရေစစ်ပြီး ကျက်သည်အထိ ပေါင်းအိုးထဲ ထည့်ပေါင်းပါ။
ပေါင်းပြီးပါက အိုးထဲမှ ထုတ်ပြီး ညက်သွားအောင် ချေပေးပါ။ အိုးတစ်လုံးထဲ
အုန်းနို့တစ်ဝက် လောင်းထည့်ပါ။ သကြားနှင့် ဆားထည့်ပြီး မီးဖိုပေါ်တည်ပါ။
အုန်းနို့ရည် ဆူလာသည်အထိ အဆက်မပြတ် မွှေပေးပါ။ ဆူလာလျှင် မီးဖိုပေါ်မှ
ချပါ။
ကောက်ညှင်းဆန်မှုန့်နှင့် ချေထားသော ပဲတီစိမ်းကို ရောလိုက်ပါ။
တစ်ကြိမ်လျှင် ရေနည်းနည်းစီခန့် ထည့်ပြီး နယ်ပေးပါ။ အလုံးလေးများ လုံး၍
ရလောက်သည်အထိ နူးညံ့လာသည်အထိ ရေထည့်လိုက်၊ နယ်လိုက်လုပ်ပါ။
လက်မဝက်အချင်းအရွယ်ခန့် အလုံးလေးများလုံးပေးပါ။ ရေပွက်ပွက်ဆူနေသော အိုးထဲ
မုန့်လုံးလေးများ ထည့်ပါ။ မုန့်လုံးလေးများ ကျက်လျှင်ရေပေါ်
ပေါ်လာပါလိမ့်မယ်။
၎င်းတို့ကို ဇကာပေါက်ပါသော ဇွန်းဖြင့် ဆယ်ယူပြီး ဆူအောင် တည်ထားသော
အုန်းနို့အိုးထဲ ပြောင်းထည့်ပါ။ ထည့်ပြီးလျှင် ၎င်းအုန်းနို့အိုးကို
မီးဖိုပေါ် တစ်ဖန် ပြန်ဆူအောင် ထပ်တည်ပါ။ ဆူလာလျှင် ကျန်သော
အုန်းနို့တစ်ဝက်ထပ်ထည့်ပြီး ဆူအောင် ဆက်တည်ပါ။ ပြီးလျှင် အိုးကို
မီးဖိုပေါ်မှ ချပါ။ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Ref: Myin Kwin











No comments: