Thursday, November 3, 2011

နေအညို . .ခိုနားရာ . .ဘယ်မှာ

''မိုးပြတ်သွားရင် မုန့်ရောင်းရမှာပေါ့။ နှစ်ယောက်လုံး
မုန့်ပြန်ရောင်းရမယ်။ အခုအထိတော့ မုန့်ရောင်းဖို့လည်း အရင်းက
မရှိသေးဘူး''။

ဇရာ၏ အရေးအကြောင်းများ စုံလင်ခဲ့ပြီဖြစ်သော အဘိုး၏ မျက်နှာတွင်
ရှေ့အနာဂတ်ကို မျော်ကြည့်လိုသော အရိပ်တို့ကို တွေ့ရသည်။
တစ်ပြိုင်နက်တည်းမှာပင် ဘ၀အမောတို့ကိုလည်း စာနာစဖွယ် တွေ့နိုင်ပါသည်။
အဘိုးဦးခင်သည် အသက် ၈၂ နှစ်ကျော်မျှ ရှိပြီ။ သည်အရွယ်ဆိုတာသည်
သားသမီးတို့၏ တစ်ပြန်တစ်လှည့် ပြုစုသောအရိပ်တို့အောက်မှာ
ခိုနားသင့်သည့်အရွယ်။ သို့သော် သူတို့ရရှိနေသော ဘ၀ကတော့ ဇရာအရွယ် ကို
အလိုက်သင့် ငြိမ်းချမ်းစွာ ဖြတ်သန်းဖို့ ဖန်လာသည်မဟုတ်ပေ။ သားသမီး
ခြောက်ဦးရှိပေမယ့် အားလုံးအဆင်ပြေပြေ မရှိလှသောဘ၀များကို
ဖြတ်သန်းနေကြသည်။ အဘိုး ဦးခင်သည်ဇနီးနှင့်အတူ ရွှေပေါက်ကံမှာ နေထိုင်သည်။
အိမ်သည် အဘိုးတို့ကို ခင်မင်စာနာသူက ငှားထားပေးသည့်အိမ်။ ထိုအိမ်တွင်နေကာ
ပွင့်လင်းရာသီတစ်လျှောက် ဇနီးမောင်နှံနှစ်ဦး မုန့်ရောင်းထွက်ကြသည်။
မိုးရာသီမှာ နားကြသည်။ စားသောက်စရာ အဆင်မပြေသောနေ့များတွင်တော့
သည်အတိုင်းသာ အိပ်ရာဝင်ကြသည်။ အမောများနှင့် ပြည့်နေသော
ဘ၀ဟုဆိုနိုင်သော်လည်း အဘိုးရောဇနီးသည်ပါ ဘ၀ကိုနေပျော်အောင်သာ
ဖြတ်သန်းခဲ့ကြသည်။ အနာဂတ် ကတော့ လတ်တလောတွင် ရေရာသေးသည် မဟုတ်ပေ။


''ဘိုးဘွားရိပ်သာမှာနေဖို့ ခေါ်တဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ဘိုးဘွားရိပ်သာ
သွားနေရင် တကွဲတပြားနေရမယ်လေ။ နှစ်ယောက်စလုံး သက်ရှိထင်ရှား
ရှိသေးတယ်ဆိုတော့ အတူတူ နေချင်သေးတယ်''။ အဘိုး ဦးခင်က ဇနီးသည်ကို
လှမ်းကြည့်ကာ ပြုံးပြုံးရွှင်ရွှင်ပင် ပြောပြနေသည်။ သေးသွယ်သော
ကိုယ်နေဟန်နှင့် အေးအေးချမ်းချမ်းမျက်နှာထားကို ပိုင်ဆိုင်ထားသော
အဘွားကလည်း အဘိုးပြောသည့်စကားကို ထောက်ခံချင်ပုံပင်။


တကယ်တော့ လူမှုဝန်းကျင်တွင်သည်လို ရုန်းကန်လှုပ်ရှားဆဲ
သက်ကြီးဘိုးဘွားတို့မှာ တစ်ဦးစ၊ နှစ်ဦးစ မဟုတ်။ မြောက်မြားစွာ...။
သည်ဘက်နှစ်များအတွင်း မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း၏ ၁၁
ရာခိုင်နှုန်းသည် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးများ ဖြစ်လာသည်။
သက်ကြီးဘိုးဘွားရာခိုင်နှုန်းက တိုးတက်လာသည်။ တစ်ဖက်တွင်လည်း မိသားစုဘဝ
နေထိုင်မှုပုံစံများက လိုက်ပါပြောင်းလဲလာသည်။ ၂၀၀၀ ပြည့်နှစ်ကျော်
နောက်ပိုင်းနှစ်များတွင် မိသားစု စုစည်းနေထိုင်ကြသော အလေ့အထမှ
ပြန့်ကြဲနေထိုင်ကြသော အလေ့အထသို့ ပြောင်းလဲလာသည်ကို လေ့လာသူတို့က
မှတ်ချက်ပြုခဲ့ကြပါသည်။ မိသားစုဝင်တို့သည် နေအိမ်များကို စွန့်ခွာကာ
တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းရှင်သန်ကြရသည်။ မြို့ရွာကို
စွန့်ခွာကြရသည်။ နိုင်ငံကို စွန့်ခွာကြရသည်။ များသောအားဖြင့်တော့
သက်ကြီးဘိုးဘွားတို့သည် မိသားစုနှင့် ကင်းကွာ၍ နေထိုင်လာရသည်။
တစ်ဦးတည်းဖြစ်စေ၊ ဇနီးမောင်နှံ နှစ်ဦးတည်းဖြစ်စေ နေထိုင်ရသူတွေလည်း
ရှိလာသည်။ သူတို့နှင့်အဖော်အဖြစ် ကျန်ရစ်သည်မှာတော့ အထီးကျန်ခြင်း။
ဘ၀ကိုကိုယ်တိုင် လှုပ်ရှားရှင်သန်ရသူတွေမှာတော့ အပိုပါလာမည် မှာ
စိတ်နှလုံးပင်ပန်းခြင်းသာတည်း။


အစိုးရ၀န်ထမ်းမဟုတ်ခဲ့သော သက်ကြီးတို့တွင် ပင်စင်လို ပုံမှန်ရငွေ
ရှိကြသည်မဟုတ်။ သားသမီးများကလည်း မကြည့်ရှုနိုင်သော
သက်ကြီးဘိုးဘွားတို့မှာ ပုံမှန်ဝင်ငွေမရှိခြင်းသည်ပင် အခက်အခဲတစ်ရပ်
ဖြစ်နေနိုင်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများကို
အချို့သောနိုင်ငံများလို ထောက်ပံ့ကြေး ပေးထားတာမျိုး၊ ကျန်းမာရေးကုသမှု
အခမဲ့ဆိုတာမျိုးတွေမရှိသေး . . .


သည်အဘိုးလိုပင် သက်ကြီးများစွာသည် သူတို့ဘ၀များကို တတ်စွမ်းသမျှ
ဖန်တီးဖြတ်သန်းနေကြသည်။ သားသမီးများက ပြန်ကြည့်နိုင်သည်ဖြစ်စေ၊
မကြည့်နိုင်သည် ဖြစ်စေ သူတို့ကတော့ မည်သို့မျှ သဘောပိုက်မည် မဟုတ်။
ဖခင်တစ်ဦးတည်း ရှာရုံနှင့် တစ်အိမ်လုံးလောက်ငခဲ့သော ကာလသည် အတိတ်မှာ
ကျန်ခဲ့ပြီ။ အခုနေတော့ သားသမီးများသည် မိဘနှစ်ဦးကို ပြန်ကြည့်ဖို့ပင်
ခက်ခဲလာကြသည်။ ငွေကြေးအားဖြင့် ပြန်ကြည့်နိုင် သည်ဖြစ်သော်လည်း
အချိန်ပေးနိုင်တော့သည် မဟုတ်ပေ။ သို့သော် အဘိုးအဘွားတို့၏ စိတ်ထဲတွင်တော့
သားသမီးများအပေါ် နားလည်မှုသည် ခိုင်မာမြဲသာ။


''ဘ၀ဆိုတာ ရေကူးတဲ့လူလိုပဲ။ ကူးနိုင်မှ၊ မကူးနိုင်ရင် မြုပ်သွားမှာပဲ။
အဘလည်း ဒီလိုပဲ ကူးနေတာပေါ့။ ဆေးပင်လေးတွေ တောကယူစိုက်တယ်၊ ပျိုးတယ်။
မှာတဲ့ဆီ လိုက်ပို့ပေးတယ်။ မွေးမြူရေးလေးလည်း လုပ်ထားတယ်။ နေတာကတော့
တစ်ယောက်တည်းနေတာပါပဲ။ မိသားစု မရှိဘူးလေ။ တူတွေကတော့ လာနေချင်စေချင်တယ်။
အဘကတော့ ဆုံးဖြတ်ထားတာ မသွားနိုင်မလာနိုင်ဖြစ်မှပဲ သွားနေမယ်'' အသက် ၇၃
နှစ်ရှိ ဦးစောတင်ဖေက ဆိုပါသည်။


''ဆွေမျိုးတွေက ကြည့်ထားကြမှာ။ တူသားမောင်မယ်တွေလည်း ရှိတယ်''။ အဘိုး
ဦးစောတင်ဖေ၏ စကားကို အဘိုးဦးထွန်းလှိုင်က ပြုံးလျှက် နားထောင်နေသည်။
အဘိုးဦးထွန်းလှိုင်ကတော့ အသက် ၇၉ နှစ်ရှိပြီ။ လှိုင်သာယာတွင် သားတစ်ဦးနှင့်
အတူနေသည်။ သားက အလုပ်လုပ်နေသည်။ အိမ်တွင် အဘိုးအပါအ၀င် မှီခိုသူက
ငါးဦးမျှရှိနေသည်။


''သားက ပင်ပန်းတယ်လေ။ အဘက ဒီတော့ ခြိုးခြံရတာပေါ့။ အိမ်မှာ
ထမင်းချက်ပေးတယ်။ ကလေး ထိန်းပေးတယ်။ တတ်နိုင်သလောက် လုပ်ပေးတာပေါ့။ နယ်က
ရောက်လာတာတော့ ၁၄ နှစ်လောက်ရှိပြီ။သားသမီးတွေ ရန်ကုန်အရင်ရောက်ပြီး
အဘလည်း လိုက်လာတာ။ ငါးသိုင်းချောင်းမှာနေခဲ့တာ။ ဇနီးဆုံးတော့မှ
ထွက်လာတာပေါ့။ ဇနီးမမာတော့ မြေလေးဖဲ့ဖဲ့ရောင်းပြီး ကုခဲ့ရတာ။
မြေလည်းကုန်လူလည်းသေပါပဲ။ ဒီမှာတော့ အဆင်ပြေတယ် ဘယ်ဟုတ်ပါ့မလဲ။
အိမ်ကတောင် ငှားနေရတာဆိုတော့ အိမ်ငှားခကတင် နည်းတာ
မဟုတ်ဘူး''။အဘိုးဦးထွန်းလှိုင်က သက်ကြီးတစ်ဦး၏ဘ၀ကို ပုံဖော်ပြောပြခဲ့သည်။


မြန်မာနိုင်ငံတွင် အမျိုးသားတစ်ဦး၏ သက်တမ်းသည် ၆၀ ဒသမ ၅ နှစ်၊
အမျိုးသမီးတစ်ဦး၏ သက်တမ်း သည် ၆၅ ဒသမ ၀ နှစ် အသီးသီး ရှိနေသည်။
မြန်မာနိုင်ငံသာမက အခြားသော အာရှနိုင်ငံအချို့တွင်လည်း
သက်ကြီးတိုးပွားခြင်း ကိစ္စရပ်များကို ရင်ဆိုင်နေရသည်။ ဂျပန်၊ စင်ကာပူ၊
ထိုင်းတို့တွင် သက်ကြီးတိုးပွားလာခြင်းသည် ပြဿနာတစ်ရပ်သဖွယ် ရှိလာသည်။
သက်ကြီးတို့ကို သားသမီးတို့က ပြုစုစောင့်ရှောက်နိုင်ခြင်း နည်းပါးခဲ့ပြီ။
သားသမီးတို့ကိုယ်တိုင်လည်း ခေတ်ရေစီးနောက် အပြေးလိုက်နေရသည်။
သက်ကြီးမိဘတို့ကို စောင့်ရှောက်ဖို့ဆိုသည်မှာ စိတ်တွင်သာရှိနိုင်သော
အရာတစ်ခုဖြစ်လာသည်။ တိုးတက်သောခေတ်တွင် ဆုတ်ယုတ်လာသည့်
ပြောင်းလဲခြင်းများ။ မြန်မာနိုင်ငံတွင်တော့ လက်ရှိတွင် သက်ကြီးများ၏
အရေးသည် ပြဿနာမရှိသေးဟု ဆိုကောင်းဆို နိုင်ပါသည်။ မြန်မာတို့၏
ယဉ်ကျေးမှုအစဉ်အလာများအရ လူကြီးမိဘတို့ကို အိမ်ဦးခန်း ထားတတ်ကြသည်။
သားသမီးများ အဝေးရောက်နေသော သက်ကြီးမိဘတို့ကိုလည်း အိမ်နီးနားချင်း
ရပ်ဆွေရပ်မျိုးတို့က တတ်နိုင်သမျှ စောင့်ရှောက်တတ်ကြသည်။


လက်ရှိအချိန်မှာ ပြဿနာတစ်ရပ်မဟုတ်သေးသော သက်ကြီးတိုးပွားမှုသည်
နောင်တစ်ချိန်တွင် ဆွေးနွေးဖွယ်ဖြစ် မလာနိုင်ဘူးလား။

အစိုးရ၀န်ထမ်း မဟုတ်ခဲ့သော သက်ကြီးတို့တွင် ပင်စင်လို ပုံမှန်ရငွေ
ရှိကြသည်မဟုတ်။ သားသမီးများကလည်း မကြည့်ရှုနိုင်သော
သက်ကြီးဘိုးဘွားတို့မှာ ပုံမှန်ဝင်ငွေမရှိခြင်းသည်ပင် အခက်အခဲတစ်ရပ်
ဖြစ်နေနိုင်သည်။ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများကို
အချို့သောနိုင်ငံများလို ထောက်ပံ့ကြေးပေးထားတာမျိုး၊ ကျန်းမာရေးကုသမှု
အခမဲ့ဆိုတာမျိုးတွေ မရှိသေး။ ဘိုးဘွားရိပ်သာများရှိ နေတာတစ်ခုတော့
ပြောစရာရှိသည်။ သို့သော် စောင့်ရှောက်ထားနိုင်သော သက်ကြီးဦးရေမှာ
နှစ်ထောင်ကျော်သာ။ ပြီးတော့ ကန့်သတ်ချက်တချို့ ကြောင့် ဘိုးဘွားရိပ်သာဆီ
မလာနိုင်သူများလည်း ရှိနေသည်။ အချို့ကတော့ ကိုယ့်အိမ်ကိုယ့်ရာကို
ခင်တွယ်သည်။ ကိုယ့်ဇာတိမှာ ခေါင်းချလိုသည်။ လူအမျိုးမျိုးစိတ်အထွေထွေ။
လက်ရှိမှာတော့ သူသူကိုယ်ကိုယ် ပတ်ဝန်းကျင်၌ ဘ၀ကိုပင်ပန်းစွာ
ထိန်းကျောင်းနေရဆဲ သက်ကြီးတို့ကို တွေ့လာကြရသည်။ ရန်ကုန်မြို့၏ လမ်းများ
ပေါ်မှာ ကလေးကစားစရာ၊ စားစဖွယ်မုန့် စသည်တို့ကို တစ်လမ်းဝင် တစ်လမ်းထွက်
ရောင်းချနေသော အဘိုးအဘွားအချို့ကို တွေ့နိုင်သည်။ ဈေးများထဲမှာ
တွေ့နိုင်သည်။ လူစည်ကားသော လမ်းများ၏ ဘေး ပလက်ဖောင်းပေါ်မှာ တွေ့နိုင်သည်။
နေအိမ်များတွင် စောင့်ရှောက်သူမဲ့ ရှိနေတာကိုလည်း တွေ့နိုင်သည်။
သားသမီးများထံက အထောက်အပံ့မရှိသော်လည်း သားသမီးများ၊ မြေးများကိုပင်
ရှိစုမဲ့စုလေးနှင့် ကျွေးမွေးလိုစိတ် ရှိဆဲ အဘိုးအဘွားတို့ကိုလည်း
တွေ့နိုင်မည် ဖြစ်ပါသည်။ ''အခု ရွှေပေါက်ကံမှာနေတဲ့ အိမ်က
သူများငှားပေးထားတဲ့ အိမ်လေ။ အဲဒါတောင် လပြည့်သွားလို့ ပြောင်းရ တော့မှာ။
တခြားတစ်နေရာ ရှာရမှာပေါ့။ ဘယ်နေရာရယ်တော့ မပြောတတ်သေးဘူး''။ ဦးခင်၏
ဇနီး အသက် ၈၀ ၀န်း ကျင်ရှိ အဘွားက ပြောပြနေသည်။ စိတ်မသက်မသာဟန်တော့
နည်းနည်းမျှမပေါ်။ အပြုံးမပျက်။ သူ့ပတ်ဝန်းကျင်တွင် သူလိုသက်ကြီးများစွာ
ရှိနေသည်ပင်။


လမ်းမဆုံးသေးသရွေ့တော့ အားတင်းထားဖို့လိုမည်။ နေကတော့ ညိုခဲ့ပြီ။
သို့သော် ခိုနားရာက ဘယ်မှာပါနည်း။


Written by ဖြူနု၊ ယဉ်မွန်ခိုင်


Credit: http://www.news-eleven.com/index.php?option=com_content&view=article&id=10713:2011-10-26-19-26-36&catid=78:2009-11-13-06-25-17&Itemid=135

No comments: