Thursday, November 10, 2011

အမည်ခံဗုဒ္ဓဘာသာဝင်အချို့နှင့် ကိုးကွယ်မှုဖောင်းပွခြင်းပြဿနာ

ဗုဒ္ဓဘာသာ ဂိုဏ်းကွဲအချို့သည် ဘာသာရေးဂိုဏ်းဂဏချင်း စည်းလုံးညီညွတ်ရေးဟူ
သောအကြောင်းပြချက်ဖြင့် ဒေသနှင့် လူမျိုးစုအလိုက်တည်ရှိနေသော
ယုံကြည်မှုနှင့် ရိုးရာအစွဲအလမ်းမျိုးစုံအား ဗုဒ္ဓသာသနာအတွင်း ဘာသာရေး
ကျင့်စဉ် တစ်ရပ်နှယ် နေရာပေးလိုက်လျော၍ ခံယူကျင့်သုံးခဲ့ကြသည်။
သို့ရာတွင် ယင်းနည်းလမ်းသည် ဘာသာရေး ဂိုဏ်းဂဏများ အကြား
စည်းလုံးညီညွတ်ရေးဟူသော ရည်ရွယ်ချက်ကို ထမြောက်အောင်မြင်အောင်
ဆောင်ကြဉ်းနိုင် စွမ်း မရှိပါချေ။ အကြောင်းမှာ ယင်းညီညွတ်မှုသည်
သီးခြားဂိုဏ်းကွဲ အသစ်တစ်ခုနှင့်အတူ ဘာသာရေး အယူအဆ သစ်တစ်ရပ်
မပေါ်ပေါက်လာမီကာလအထိသာ တည်တံ့နိုင်သောကြောင့် ဖြစ်သည်။
အယူအဆသစ်ကို လက်ခံသူနှင့် လက်မခံနိုင်သူတို့အကြား သဘောထားကွဲလွဲမှု
ပေါ်ပေါက်လာကာ မူလကတည်ရှိ သော စည်းလုံးညီညွတ်မှုမှာ
ပြိုကွဲသွားရစမြဲဖြစ်သည်။ အယူအဆသစ်တစ်ရပ် ပေါ်လာတိုင်း
စည်းလုံးမှုပြိုကွဲမှာ ကိုစိုးရိမ်ကာ ဗုဒ္ဓဘာသာတရားတော်နှင့်
အကျုံးဝင်သည်ဟု ခံယူကျင့်သုံးကြမည်ဆိုပါက ဗုဒ္ဓဘုရားရှင်ဟော်ဖော်
ညွှန်ပြခဲ့သည့် အခြေခံကျပြီး အကြွင်းမဲ့မှန်ကန်သည့် သစ္စာတရားနှင့်
အလှမ်းဝေးသည်ထက် ဝေးသွားပေလိမ့်မည်။
လူတစ်ဦးသည် ဓမ္မနှင့်မကိုက်ညီသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား
မည်သို့သောအကြောင်းပြချက်နှင့်မျှ ခံယူကျင့်သုံးမှုမပြုဘဲ
ဗုဒ္ဓလမ်းညွှန်ခဲ့သည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းကြမှသာ
ဗုဒ္ဓဓမ္မ၏အနှစ်သာရကို သိမြင် နားလည် နိုင်ပေလိမ့်မည်။
နိုင်ငံအသီးသီးမှ ဓလေ့ထုံးတမ်း၊ ယုံကြည်စွဲလမ်းမှုနှင့် အစဉ်အလာများကို
ဗုဒ္ဓဘာသာအတွင်းသို့ ပေါင်းစပ်ထည့်သွင်း ခံယူကျင့်သုံးသူတို့သည်
အနောက်တိုင်းဆေး၊ အိန္ဒိယဆေး၊ တရုတ်ဆေးနှင့် အခြားအခြားသော တိုင်းရင်းဆေး
များအား ရောစပ်ကာ သောက်သုံးသူတို့နှင့် အလားသဏ္ဌာန်တူလှပေသည်။
ယင်းဆေးပေါင်းစုံ အရောအနှောက ရောဂါပျောက်ကင်း စေမည့်အစား လူမမာအား
ရောဂါပို၍ပင် ဆိုးရွားလာစေမည်သာဖြစ်သည်။
သို့ရာတွင် ကျွန်ုပ်တို့သည် ဗုဒ္ဓ၀ါဒကို ခံယူကျင့်သုံးရာတွင်
တိကျမှန်ကန်သော လမ်းစဉ်တစ်ရပ်ကိုသာ ရွေးချယ်ရ ပေမည်။ ယင်းသည်
ဗုဒ္ဓ၏မူရင်းဒေသနာတော်တို့နှင့် ကိုက်ညီသောလမ်းစဉ်လည်း ဖြစ်ရပေမည်။
နိုင်ငံတချို့တွင် မိရိုးဖလာဗုဒ္ဓဘာသာ အယူအဆမျိုးစုံရှိပေရာ
ဗုဒ္ဓဘာသာဝင်များအနေနှင့် မည်သည့်လမ်းစဉ် လိုက်ရမည်ကို ရွေးချယ်ရန်
ခက်ခဲနေကြသည်။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ နိုင်ငံများတွင်
ဒေသခံဗုဒ္ဓဘာသာဝင်တို့၏ ရိုးရာယဉ်ကျေးမှုနှင့် အညီ သီးခြားဘာသာရေး
ဓလေ့ထုံးစံများရှိကြသည်။
ပြည်ပမှ ရောက်ရှိလာသည့် ဘာသာရေးဆရာကြီးများနှင့် ဂုရုကြီးများကလည်း
သူတို့၏ကိုယ်ပိုင်ယုံကြည်ချက်၊ ယဉ်ကျေးမှုအစဉ်အလာနှင့်
လိုက်လျောညီထွေရှိအောင်ပြုပြင်ထားသော အယူဝါဒမျိုးစုံကို ဗုဒ္ဓ၀ါဒဟု
အမည်တပ်ကာ တင်သွင်းလာလှေ့ရှိသည်။ သူတို့၏ ကျင့်စဉ်နည်းလမ်းများကသာ
ပိုမိုထိရောက်၍ စင်ကြယ်မြင့်မြတ်ကြောင်းကိုလည်း ဟောကြပြောကြပြန်သည်။
သူတို့၏ အကျိုးဆောင်မှုအား အသိအမှတ်ပြုရမည် ဖြစ်သော်လည်း အဆိုပါဧည့်သည်
တော် ဘာသာရေးပညာရှင်များ၏ ဟောပြောချက်ကို နာယူကြကုန်သော
ဒေသခံပြည်သူတို့အကြားတွင် နားလည်မှု လွဲမှားခြင်းနှင့် အငြင်းပွားမှုများ
ပိုမိုဖြစ်ပေါ်လာစေနိုင်သည်ကိုလည်း ကျွန်ုပ်တို့ သတိပြုအပ်ပေသည်။ ယင်းအခြေ
အနေသည် အထူးသဖြင့် ဗုဒ္ဓဒေသနာတော်၏ အခြေခံသဘောတရားကို နားလည်ရန်
ကြိုးစားနေသည့် မျိုးဆက်သစ် ခေတ်ပညာတတ် လူငယ်များအကြားတွင်လည်း
ကြီးမားသောပြဿနာကို ဖြစ်ပေါ်စေပါသည်။
ဗုဒ္ဓဘာသာဂိုဏ်းများစွာရှိစေကာမူ မည်သည့်လမ်းစဉ်ကို ရွေးချယ်ရမည်မသိ
ဖြစ်နေရှာသည့် လေ့လာခါစပုဂ္ဂိုလ်များ အတွက် အကောင်းဆုံးအကြံပြုလိုသည်မှာ
ဂိုဏ်းဂဏ တစ်စုံတစ်ရာထံ၌ နောက်လိုက်အဖြစ် ခံယူခြင်းမပြုမီ ဗုဒ္ဓ၏
မူလအခြေခံ သွန်သင်ချက် အစစ်အမှန်များအား ပိဋကတ်စာပေများတွင်
စာတွေ့အားဖြင့် ကျေညက်အောင် လေ့လာရန်ပင်ဖြစ်သည်။ အကြောင်းမှာ
အဆိုပါပုဂ္ဂိုလ်တို့သည် အများအားဖြင့် ပရိယတ္တိစာပေကို အခြေခံမှစ၍
လေ့လာဆည်းပူးရမည့်အစား မိမိတို့ အသိုင်းအ၀န်းနှင့် နီးစပ်ရာ ဆရာသမားတို့၏
သြ၀ါဒလောက် မျှဖြင့်သာ မိမိတို့၏ ယုံကြည်မှုကို
ပုံအပ်နေကြသောကြောင့်ဖြစ်သည်။
ဗုဒ္ဓဘာသာဝင် အသိုင်းအ၀န်းတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်မှာ
လူကြီးပိုင်းအတော်များများသည် မိမိတို့၏ သားသမီး၊ မြေးမြစ်တို့အား
စစ်မှန်သော ဗုဒ္ဓအဆုံးအမသြ၀ါဒတို့ကို လက်ဆင့်ကမ်းအမွေပေးရမည့်အစား သူတို့၏
မိရိုးဖလာဓလေ့ထုံးတမ်းများအပေါ်သာ အဓိကအာရုံစိုက်
အလေးပေးညွှန်ပြနေကြခြင်းပင် ဖြစ်ပေသည်။
အနောက်တိုင်းကို အားကျသော လူငယ်တချို့ကမူ ဓမ္မ၏ သဘောတရားရေးရာ
ရှုထောင့်ကိုသာ သုတေသနဆန်ဆန် လေ့လာနေတတ်ကြရာ တစ်ခါတစ်ရံတွင်
'လက်တွေ့လိုက်နာကျင့်သုံးမှု' ဟူသည့် ဘာသာတရား၏ တန်ဖိုးမဖြတ် နိုင်သော
ရှုထောင့်ကို လျစ်လျူရှုထားတတ်ကြသည်။ ယင်းသည် ဗုဒ္ဓဘာသာတွင် ပဋိပတ္တိသာသနာ၏
အရေးပါသော အခန်းကဏ္ဍကို မသိကျိုးကျွံပြုမိကြခြင်းလည်းဖြစ်တော့သည်။
ဗုဒ္ဓအဆုံးအမကို ကောင်းစွာနားလည်ဖို့ဆိုရာတွင် ပရိယတ္တိတည်းဟူသော သဘောတရား
သက်သက်ဖြင့် မပြီး မြောက်နိုင်ဘဲ ပဋိပတ္တိတည်းဟူသော
လက်တွေ့ကျင့်ကြံအားထုတ်မှု ပြုကြည့်ဖို့လည်း အထူးလိုအပ်ကြောင်းကို သူတို့
သတိမမူမိခဲ့ကြပေ။ သို့ဖြစ်ရာ ထိုလူငယ်တို့အနက် အများစုမှာ
မိရိုးဖလာဗုဒ္ဓဘာသာဝင် မိဘများမှ မွေးဖွားလာကြသူများ ဖြစ်စေကာမူ
အရွယ်ရောက်သည်နှင့် မည်သည့် ဘာသာတရားကိုမျှ သက်ဝင်ယုံကြည် မှုမရှိသည့်
လွတ်လပ်စွာ တွေးခေါ်သူများအဖြစ် ခံယူလာကြတော့သည်။
ဗုဒ္ဓဘာသာဝင် အနည်းစုသာရှိသည့် နိုင်ငံတချို့တွင် ဗုဒ္ဓဘာသာ
ဘုရား၊ကျောင်းကန်များစွာ ရှိနေသည့်ကြားမှပင် ဗုဒ္ဓ ဘာသာဝင်များအနေနှင့်
သူတို့၏ ဘာသာတရား အဆုံးအမကို လေ့လာသင်ယူစရာ ကင်းမဲ့နေကြသည်။ ဘုရား
ကျောင်းကန်တို့သည် ဗုဒ္ဓဓမ္မဒေသနာကို သင်ယူစရာ နေရာအဖြစ်ထက် ၀တ်ပြုပူဇော်
ဆုတောင်းမှုပြုရန်နှင့် ကမ္ဘာ လှည့်ခရီးသည်တို့ လည်ပတ်ကြည့်ရှုစရာ
ရိုးရာအမွေအနှစ်ပြတိုက်ကြီးများအဖြစ်သာ တည်ရှိနေကြပေတော့သည်။
ဘာသာခြား သာသနာပြုကျောင်းများ၌ ပညာသင်ယူနေသူ လူငယ်တို့မှာလည်း
ယင်းကျောင်းများရှိ ဘာသာရေး ဆရာများ၏ သွန်သင်ဟောပြော၊ သြဇာလွှမ်းမိုးမှုကို
ခံနေကြရသည်ဖြစ်ရာ သူတို့၏ မူရင်းကိုးကွယ်ရာ ဘာသာတရား ကို
မည်သို့ခံယူကျင့်သုံးရမည် ဆိုခြင်းကိုပင် မသိရှာကြတော့ပေ။
သူတို့၏အမြင်တွင် ဤမြင့်မြတ်မှန်ကန်သော ဘာသာတရားသည်
ခေတ်နှင့်မလျော်ညီတော့သည့် လှောင်ပြောင်သရော်စရာ
အစွဲအလမ်းဟောင်းတစ်ခုဖြစ်လာခဲ့ သည်။ အချို့မှာ
ဗုဒ္ဓဘာသာ၏အပေါ်ယံအသွင်သဏ္ဌာန် မိရိုးဖလာဓလေ့ထုံးစံများကိုသာ
လိုက်နာဆောင်ရွက် နေကြပေရာ ဗုဒ္ဓဘာသာ၏ စစ်မှန်သော ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာ၏
သမိုင်းကြောင်း၊ သာသနာဝင်နှင့် ဗုဒ္ဓအလိုကျ ဘ၀နေနည်းတို့နှင့်
ရင်းနှီးကျွမ်းဝင်မှု မရှိကြတော့ချေ။
ဤသို့သော အခြေအနေ၌ပင် အမည်ခံဗုဒ္ဓဘာသာဝင်အချို့ကမူ ဘွဲ့အမည်မျိုးစုံ
သတ်မှတ်လျက်ကွဲပြားခြားနားသည့် ဗုဒ္ဓရုပ်ပွားမျိုးစုံကို
ကိုယ်နေဟန်အဖုံဖုံ၊ မုဒြာအသွယ်သွယ်ဖြင့် တီထွင်ထုလုပ်ခဲ့ကြသည်။
အချို့ကလည်း သူတို့ ဂိုဏ်းဂဏအတွက် တန်ခိုးအကြီးမားဆုံးနှင့်
အစစ်မှန်ဆုံးဗုဒ္ဓအပြင် အခိုင်အမာသတ်မှတ်ရန် ဗုဒ္ဓတစ်ဆူကို မူပိုင်အဖြစ်
သီးခြားတီထွင်ကြပြန်သည်။ ယင်းလုပ်ရပ်သည် ထိုသူတို့၏စိတ်ပိုင်းဆိုင်ရာ
အားငယ်ချို့တဲ့မှုနှင့် မလုံခြုံမှုကို ဖော်ညွှန်း နေပေသည်။
သူတို့၏ချို့တဲ့သောတွေးခေါ်မြော်မြင်ပုံနည်းလမ်းနှင့်အညီ ဗုဒ္ဓများစွာအတွက်
အမည်နာမမျိုးစုံ တီထွင် သတ်မှတ်ကာ သူတို့၏တစ်ကိုယ်ကောင်းဆန်သည့်
ပုဂ္ဂိုလ်ရေးလိုအပ်ချက်များပေါ် မူတည်လျက် ဗုဒ္ဓတစ်ဆူစီ၏ တန်ခိုးသတ္တိကို
စိတ်ကူးယဉ် ပြဋ္ဌာန်းခဲ့ကြသည်။
စင်စစ်အားဖြင့် ဤလောကတွင် ပွင့်တော်မူသော ဗုဒ္ဓအဆူဆူအား
မည်သည့်နည်းနှင့်မျှ၊ အဆင့်အတန်းခွဲခြား သတ်မှတ်ရန် မသင့်ပေ။
ဗုဒ္ဓအားလုံးသည် တူညီသောသစ္စာဥာဏ်၊ တူညီသောပါရမီတို့ကို
ဖြည့်ဆည်းပိုင်ဆိုင်ခဲ့ပြီး၊ တူညီသောတရားတော်ကိုသာ ဟောကြားခဲ့ကြပေသည်။
ဤလောက၀ယ် ဗုဒ္ဓတစ်ဆူ၊ တစ်ဆူပွင့်ဖို့ဆိုသည်မှာ
ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပါသည်။ သို့သော် အဆက်မပြတ် စိတ်ကူးယဉ်နေသူ
အမည်ခံဗုဒ္ဓဘာသာဝင်တို့ကမူ တစ်ချိန်ပြီးတစ်ချိန် မျက်လှည့်ပြသလို
တီထွင်ဖန်တီးထုလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော်မျိုးစုံတို့အား စိတ်ကူးတည့်ရာ
ဘွဲ့အမည်မျိုးစုံမှည့်ခေါ်လျက် မိမိတို့၏လောကီလိုအပ်ချက်အတွက်
ပူဇော်ကိုးကွယ်မှု ပြုနေကြသည်။ အသွင် သဏ္ဌာန်၊ မုဒြာ၊ သစ် ၀ါး ကျောက်နှင့်
သတ္ထုမျိုးစုံပေါ်မူတည်၍ ကျန်းမာရေးအတွက် ဆေးဘုရား၊ ဥစ္စာဓနတိုးပွား စေသည့်
လာဘ်ပွင့်ဘုရား၊ ရန်အသွယ်သွယ် အောင်မြင်စေသည့်ဘုရား စသည်စသည်ဖြင့်
ဘွဲ့နာမအမျိုးအစားစုံ လင်လှပေသည်။ တိဗက်ဒေသတွင်ဆိုလျှင် ဗုဒ္ဓအမျိုးပေါင်း
(၁၀၈)မျိုးအထိ ခွဲခြားသတ်မှတ် ကိုးကွယ်လေ့ရှိသည်။ ယင်းလုပ်ရပ်မှာ
စင်ကြယ်စစ်မှန်သော ဗုဒ္ဓသာသနာ၊ ဗုဒ္ဓလမ်းညွှန်ပြခဲ့သော သစ္စာတရားကို
ထိုးထွင်းသိမြင်ရာ လမ်းစဉ်တို့နှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိချေ။
လောဘရမ္မက်ကိုအခြေခံသည့် မူမမှန်သူတို့၏လုပ်ရပ်မျှ သာဖြစ်ပေသည်။
ယင်းသို့ အယူဝါဒနှင့် ယုံကြည်ကိုးကွယ်မှုများဖောင်းပွလာခြင်းမှာ
ဗုဒ္ဓဘာသာဝင်အသိုင်းအ၀န်း၌ အကြီးအကျယ်တွေ ဝေစရာ၊ အငြင်းပွားစရာ
ကိစ္စတစ်ရပ်ဖြစ်ရာ ဗုဒ္ဓဓမ္မ၏အနှစ်သာရကို ရယူခံစားလိုသူတို့အဖို့
သတိတရားဖြင့် ရှောင်ရှားအပ်သော ပြဿနာများပင်ဖြစ်ပါကြောင်း
တင်ပြလိုက်ရပေတော့သည်။
Ref: Different Brands of Buddhism by K.Sri Dhammananda.
ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ် - ၃၊ ၂၀၀၀ပြည့်နှစ်၊ စက်တင်ဘာ)














No comments: