Friday, November 4, 2011

သိမှု၊ အသိအပညာ၊ အတွေ့အကြုံနှင့် အသုံးဝင် အသုံးကျမှု ပုံစံ

အနောက်တိုင်း သိမှု အစဉ် အလာကို အခြေခံ၍ တင်ပြရလျှင် ဂရိမြို့ပြ နိုင်ငံခေတ် ကာလ ကတည်းက "လူသည် အရာရာ၏ အရှင်သခင် ဖြစ်သည်"

Men is the measure of all things ဟုသော အမြင် ပေါ်ပေါက်ခဲ့လေသည်။ ဂရိမြို့ပြ နိုင်ငံငယ်များ ပေါ်ပေါက်ခဲ့ သည့်ကာလ ဖြစ်ရာ အရှေ့တိုင်း တွင်သော် ဟိန္ဒူအတွေး အခေါ်များ ထွန်းကားချိန် ဖြစ်သည်။ ထိုရှေးဟောင်း ဂရိတို့၏ အမြင်မှာ ဆင်ခြေ စနစ်များ၊ ဒဿန စနစ်များ ပေါ်ပေါက် လာခြင်း၏ အစဖြစ်သည်။

အကြောင်းမှာ လူသည် ဆင်ခြင်နိုင် သောကြောင့် ဖြစ်၏။ ဆင်ခြင် စနစ်များ၊  ဒဿန စနစ်များမှာ အလကားပဲတင်း ပေါ်ပေါက် လာခဲ့သည် မဟုတ်ပါ။ လူက သူ၏ ဆင်ခြေကို စနစ်တကျ သုံးစွဲရာမှ ပေါ်ပေါက်လာ ခဲ့ခြင်းသာဖြစ်ပါသည်။ ဆင်ခြေတို့၏ အခြေခံမှာ သာမန် (အစဉ်အလာ) ယုတ္တိဗေဒ ဖြစ်ပြီး အစဉ်အလာ ယုတိ္တ ဗေဒမှာ လူ၏ ဆင်ခြင်နိုင်မှု (အရည်အချင်း သို့မဟုတ် ဂုဏ်ရည်)ကို တောတွေးတောင်တွေး တွေးသည့် အလေ့ အကျင့်မှ ကွဲပြား လာစေသော သိမှု၊ နားလည်မှု တစ်ရပ် ဖြစ်သည်။ မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း၌ "ယုတ္တိမတန်" ဟူသော အသုံးအနှုန်း တစ်ခု ရှိလေသည်။ အကြောင်းအရာ၊ အဖြစ်အပျက်ကို နားထောင်ပြီးနောက် တစ်ဦး တစ်ယောက်ယောက်က ထိုစကားဖြင့် သူကြားလိုက်ရသော အကြောင်းအရာ၊ အချက် အလက်ကို ငြင်းပယ်လိုက်သည်။

စင်စစ် ထိုငြင်းပယ်မှုမှာ ထိုသူ၏ သိမှု အတွင်းမှ ရှိနှင့်နေသော နားလည်မှု စနစ်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူသိထား နှင့်သော သိမှု အတွင်းမှ ဆင်ခြင် ကြည့်နိုင်စွမ်းကို ဖြစ်ပေါ်စေသော ယုတ္တိ စနစ်တစ်စုံ တစ်ရာကို အသုံးပြုကာ ငြင်းပယ်ခြင်းသာ ဖြစ်လေသည်။ နေ့စဉ်ဘ၀ အခြေခံ သိမှုတိုင်းသည် လူအသီးသီး တို့၏ သီးခြားစီ၌ တည်နေသော ပုဂ္ဂိုလ် ဘ၀ အတွင်းမှ သိမှတ် နားလည်မှု အတိုင်း အတာဖြင့် လက်ခံခြင်း ငြင်းဆိုခြင်း ပြုစရာ ဖြစ်တတ်လာသည်။

အနောက်တိုင်း အတွေး အခေါ်ပညာ ဖြစ်ပေါ် တိုးတက်မှုတွင် ဆင်ခြင်ခြင်းသည် အခရာ ဖြစ်၏။ ဆိုလိုသည်မှာ ဆင်ခြင်ခြင်းတွင် အခြေခံ၍ ဆင်ခြေ စနစ်များ၊ အတွေး အခေါ် စနစ်များ ပေါ်လာ စေခဲ့သည်။ ခေတ်သစ် ကာလတွင် ဆင်ခြင်ခြင်း အဓိက ၀ါဒီများ Rationalist နှင့် အတွေ့အကြုံ အဓိက ၀ါဒီများ Empiricist ဟူ၍ ပေါ်ပေါက် လာခဲ့သည်။ ရှေးသို့ မဆက်မီ ကြားဖြတ် ရှင်းပါရစေ။ အတွေ့အကြုံ အဓိက ၀ါဒီများဟု ဆိုသဖြင့် ဆင်ခြင်ခြင်းကို ငြင်းဆိုသည်၊ ဆင်ခြင်ခြင်းကို ဆန့်ကျင်သည်ဟု နားလည် မထားကြ စေချင်ပါ။ အတွေ့အကြုံ အဓိက ၀ါဒီ ဆိုသူများလည်း သူတို့၏ စနစ်ကို ဆင်ခြင်ခြင်း ဖြင့်ပင် ထူထောင် ရသဖြင့် ဆင်ခြင်ခြင်း ဆိုသည်ကို ငြင်းဆို၍ မရနိုင်(သူတို့မျှ သာမဟုတ် လူမှန်လျှင် ဆင်ခြင်ခြင်းကို စနစ်တကျ မသုံးတတ်လျှင် သာနေမည်။ ငြင်းကား မငြင်းဆိုနိုင်)။

ဆင်ခြင်ခြင်း အဓိက ၀ါဒီများနှင့် အတွေ့အကြုံ အဓိက ၀ါဒီများ အကြားမှာ မတူညီ ကြသော အချက်မှာ သူတို့၏ ဆင်ခြင်စနစ် (ဒဿန စနစ် သို့မဟုတ် ဒဿနိက ဗေဒပညာ ရပ်ဟု ဆိုလိုသော် ဆိုပါ) ကို အခြေခံ ရှုမြင်သော (တစ်နည်း တည်ဆောက်သော) အခြေခံတွင် ကွာခြား ကြခြင်းသာ ဖြစ်သည်။ အကယ်၍ ဒဿနိက ဗေဒ ပညာရပ်ကို အခြေခံ မျှပင် လေ့လာခဲ့ဖူး ကြသော် "သိမှုဗေဒ"၊ "ရှိမှုဗေဒ"ဟူသော ပညာရပ်များ အကြောင်းကို ကြားဖူး ကြပေမည်။

ထိုပညာရပ် တို့မှာ ဒဿန စနစ်များ တည်ဆောက်ရာ ကွဲပြားကြသော အခြေခံများ ဖြစ်ပါသည်။ အရပ် စကားဖြင့် လွယ်လွယ်ဆိုသော် လောကကြီး၏ ဖြစ်ရှိ နေခြင်းကို မည်သို့လက်ခံ ထားသနည်း ဆိုသည့် အချက်နှင့် လောကကြီး အတွင်းက မိမိ(လူ)ကို မည်သို့ လက်ခံရှုမြင် ထားသနည်း ဆိုသည့် အချက်တို့ကို လေ့လာသော ပညာရပ် ဖြစ်သည်။ ခြုံငုံ၍ ပြန်လည် တင်ပြရသော် အနောက်တိုင်း အသိပညာ စနစ်သည် ဆင်ခြင်ခြင်းကို ဆန့်ကျင် ငြင်းဆို၍ တည်ဆောက်ထားသည် မဟုတ်ပါ။ ပြောင်းလဲမှု၊ မတူညီမှု များမှာ ဆင်ခြေ စနစ်၏ အရင်းခံ ချက်များ မတူညီ ကြခြင်းသာ ဖြစ်ပါသည်။ အတွေ့အကြုံ အဓိက ၀ါဒ Emprircism ၏ ဒဿနိက ဗေဒ အမြင်တွင် အသိ၊ သိမှု၊ အသိပညာ ရယူရန် အတွက် အတွေ့အကြုံကို အလေးပေး ခဲ့သည်မှာ မှန်၏။

သို့ရာတွင် အရပ်သုံး စကားတွင် ပြောဆို နေကြသော အတွေ့ အကြုံ မဟုတ်ပါ။ သိမှတ်ခံစား နားလည်မှုကို ပေးနိုင်သော အတွေ့အကြုံသာ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အာရုံသိ အခြေခံ အတွေ့အကြုံ ဖြစ်ပါသည်။ ၀ါးလုံး ရှည်ကြီးနှင့် ယမ်းထားသော အတွေ့အကြုံ ဟူသော အနက်ကို မဆောင်ပါ။

အနောက်တိုင်း ဒဿနိက ဗေဒ၏ သိမှုပိုင်း ဆိုင်ရာ လေ့လာမှုတွင် ဆင်ခြင်ခြင်း၌ အခြေ ခံခြင်းနှင့် အာရုံသိ၌ အခြေ ခံခြင်းတို့မှာ အစွန်းရောက်သည့် အနေ အထားသို့ပင် ရောက်ခဲ့သည်။ တစ်ဆယ့် ခုနစ်ရာစု၊ တစ်ဆယ့် ရှစ်ရာစုမှာ အားပြိုင်၍ကောင်း သောကာလ ဖြစ်သည်။ ၁၇၈၉ ခုနှစ်တွင် ပေါ်ပေါက် လာခဲ့သော ကန့် Immamuel Kant (၁၇၂၄-၁၈၀၄)၏ ဆင်ခြင်ခြင်း သက်သက်အပေါ် လေ့လာ ဆန်းစစ်ခြင်း Critique of Pure Reason မှာ ထိုအား ပြိုင်မှုကို ပြုပြင် ထိန်းကြောင်းနိုင်ရန် အားထုတ် ခဲ့သည်ဟု နှောင်းပညာရှင် တို့က စိစစ်လေ့လာ တင်ပြခဲ့ ကြသည်။ အထူးသဖြင့်  လောက်(ခ) John Locke (၁၆၃၂-၁၇၁၄)နှင့် ဟျူး(မ) David Hume (၁၇၁၁-၁၇၇၆)တို့၏ အသိ၊ သိမှု၊ အသိပညာ မှန်သမျှ တို့သည် သိမှတ် ခံစားနိုင်မှုက ပေါ်ထွက်လာသည် ဟူသော အမြင်ကို ငြင်းဆိုနိုင်ရန် ဖြစ်သည်။

သို့ရာတွင် ဟျူး(မ)၏ တင်ပြချက် တစ်ရပ်ဖြစ်သော အသိ၊ သိမှု၊ အသိ ပညာသည် သိမှတ် ခံစား နိုင်မှုကသာ ဖြစ်ပေါ်လာ နိုင်ခဲ့သည် ဆိုလျှင် ရေရာသေချာ သောအသိပညာ ဟုဆိုရန် မဖြစ်နိုင် ဟူသော အချက်ကို ကန့်က တစ်နည်းတစ်ဖုံ လက်ခံခဲ့သည်။ ကန့်၏ ထိုလေ့လာ ဆန်းစစ်ခြင်းသည် သညာများ၏ အရင်းခံနှင့် ဆင့်ကဲဖြစ် ပေါ်လာပုံကို လေ့လာချက် ဖြစ်ပြီး သိစိတ်အတွင်း တည်ဆောက် ထားပုံတို့ကို လေ့လာခြင်း လည်းဖြစ်သည်။ ကန့်၏ သိမှုဗေဒ ဆိုင်ရာ အမြင်များမှာ သူ၏ ဆုံးဖြတ်ချက် အပေါ် လေ့လာ ဆန်းစစ်ခြင်း Critique of Judgement တွင် အများဆုံး တွေ့ရနိုင်သည်။ သူ၏ တင်ပြ ဆွေးနွေးချက် များတွင် ဟျူး(မ)၏ အမြင်ကဲ့သို့ အသိ ပညာနှင့် စပ်လျဉ်းသော အမြင် နှစ်ရပ်ကို တင်ပြခဲ့သည်။ တစ်ခုမှာ အာရုံသိ Perceptual ဖြစ်ပြီး ကျန်တစ်ခုမှာ သညာသိ (ဓမ္မာရုံသိ) Conceptual ဖြစ်သည်။ (ဤနေရာတွင် အင်္ဂလိပ် ဘာသာ စကား၌ Perceptual ကို အာရုံသိဟု မြန်မာဘာသာ စကားအားဖြင့် အနက်ဖလှယ် သုံးစွဲ ကြရသည်မှာ Perception ကို (တစ်) သာမန် မြင်သိသဘော A result of perceiving/ Observation ဟူသော အနက်အရ မဟုတ်ဘဲ (နှစ်) တိုက်ရိုက် သို့မဟုတ် အလိုအလျောက် သိနိုင်မှုသဘော Direct or intuitive recognition/ Intelligent discernment ဟူသော အနက်ကို လက်ခံသော ကြောင့်ဖြစ်သည်။)

အာရုံသိမှာ အတွေ့အကြုံ Experience တွင် အခြေခံသည်။ (ပိုမို သဘောပေါက် စေရန် ဒဿနိက ဗေဒ ပညာရပ် ဆိုင်ရာ အဘိဓာန်လာ ရှင်းလင်းချက် တစ်ခုကို ပြဆိုပါရစေ။ The Percept or vehical of perception consists of actually given sense qualities supplemented by imaginatively supplied qualities which on the basis of earlier experience are ascribed to the perceived object ဟူ၍ဖြစ်၏)။ သို့ဖြစ်၍ အတွေ့အကြုံနောက် a posterior ဖြစ်သည်။ သညာသိ (ဓမ္မာရုံသိ)မှာ ဉာဏ်ရည် ဉာဏ်သွေး၌ တည်သည်။ အတွေ့အကြုံ မလို။ အတွေ့အကြုံ ရှေ့ a priori ဖြစ်သည်။ ကန့်၏အမြင် တင်ပြချက်များ အနက်မှ လူ၏ သိမှုနှင့် စပ်လျဉ်းသော အဆို တစ်ခုမှာ "သညာသိ မပါသော အာရုံသိ သက်သက်သည် အကန်းနှင့် တူ၏။ တစ်ချိန် တည်းမှာပင် အာရုံသိ မရှိသော သညာများသည် အနှစ်မဲ့၏" Perception without conception is blind (White) Conception without perception is empty ဟူ၍ ဖြစ်သည်။ ဤတွင် အဓိက ကျသော ဦးတည်ဆန်းစစ် ထားချက်မှာ သိမှတ် ခံစားနိုင်မှု ဘက်ကို အလေးပေး ထားသော အာရုံ သိမျိုးကို ဖြစ်သည်။ အာရုံသိ သက်သက်သည် သိမှု တစ်စုံတစ်ရာ ဖြစ်ပေါ် လာရေးတွင် ကွင်းဆက် ပြတ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကန့်ဆိုလိုသော အာရုံသိ ဆိုသည်ကို အကျဉ်းမျှ ရှင်းပြပါရစေ။ ကန့် အလို အရသော် ခံစား လိုက်ရခြင်း တစ်စုံ တစ်ရာသည် စင်စစ် စေ့ဆော်မှု တစ်ခုကို သိလိုက် ရခြင်းသာ ဖြစ်သည်။ ဥပမာ ဆိုရသော် လျှာက အရသာ ခံသည်။ လက်ဖြင့်ကိုင်သော် အထိအတွေ့ ရသည်။ မျက်စိထဲတွင် လက်ခနဲတွေ့ လိုက်ရသည် ဆိုခြင်းများမှာ တစ်ပိုင်းတစ်စ (သို့မဟုတ် အပိုင်း ပိုင်းအစစ) ဖြစ်နေကြသော ခံစားလိုက်ရ ခြင်းများဖြစ်သည်။ ၄င်းတို့က အသိ၊ သိမှု၊ အသိပညာ တစ်စုံတစ်ရာ ဖြစ်လာအောင် စုစည်းမပေး နိုင်ခဲ့ကြ။ ကလေးငယ် ကလေးတို့၏ သိမှု ဖွံ့ဖြိုး ပုံမျိုး အဆင့်သာ ဖြစ်နေသေးသည်။ မည်သည် မည်သို့ဟု မသိကြသေး။ စိတ်က အပိုင်းပိုင်း အစစ ဖြစ်နေသော ခံစားသိ ရှိရမှုတို့ကို စုစည်း ပေးခြင်းဖြင့် တစ်စုံ တစ်ရာဟု သိလာရသည်။ ဥပမာ လိမ္မော်သီး။ အနံ့၊ အရောင်၊ အရသာ၊ အထိအတွေ့(ကိုင်တွယ်ကြည့်၍ သိလိုက်ရသော အပျော့အမာ စသည်) တို့မှ ခံစားသိရှိ ရမှုတို့ကို စုစည်းကာ အရာဝတ္ထု တစ်ခုဟု သိလာ ကြရသည်။

ထိုအရာမှာ လိမ္မော်သီး ခေါ်သည်ဟု သိလာရသည်။ ထိုသိမှုမှာ ထိုအခြေ အနေတွင် စေ့ဆော်မှု တစ်စုံတစ်ရာကို သိသည်ဆိုသော သဘောမျိုး မဟုတ်တော့။ လိမ္မော်သီး တည်းဟူသော သီးခြားအရာ တစ်ခုကို သိလိုက်ရ ခြင်းသာ ဖြစ်တော့သည်။ ထိုသို့သော သိပုံမျိုးကို ကန့်က အာရုံသိ Perception ဟု လက်ခံထား ခြင်းသာ ဖြစ်ပေသည်။ အပိုင်းအစ အစိတ်အပိုင်း ကလေးများ အဖြစ် ရှိခဲ့သော သိမှတ် ခံစား နိုင်မှုများ စုစည်းလာပြီး အာရုံသိ ဖြစ်လာ ရခြင်းသည် သိမှတ်ခံစား နိုင်ခြင်း၏ ဂုဏ်ရည်များ မဟုတ်တော့။ စိတ်၏ လုပ်ဆောင်ချက် ပေါ်၌တည်၍ ဖြစ်လာရ ခြင်းသာ ဖြစ်သည်။ မည်သည့် အချိန်အခါ တွင်မဆို လူတို့၏ ကိုယ်ခန္ဓာများ အပေါ်သို့ စေ့ဆော်မှု မျိုးစုံက တွန်းအားပေးကာ စေ့ဆော်မှု မျိုးစုံဖြစ် နေစေ ခဲ့သော်လည်း အားလုံးမှာ အာရုံသိ အဖြစ် ပြောင်းလဲမသွား။ အချို့သာလျှင် အာရုံသိ အဖြစ် ပြောင်းလာသည်။ လက်ရှိ အခြေ အနေနှင့် ကိုက်ညီသော သို့မဟုတ် လိုအပ်သည် မျှသော အချို့သာ ပြောင်းလဲ လာကြသည်။ ကန့်၏အလို အရသော် ကာလနှင့် အာကာသ (နေရာ)၌ တည်၍သာ အာရုံသိများ ဖြစ်လာကြခြင်း ဖြစ်သည်။

ကာလနှင့် အာကာသ (နေရာ) တို့မှာ ရှိနေကြသည် မှန်သော်လည်း မမြင်နိုင်။ အရာရာ တို့၏ အလျင်ရှိ နေနှင့် သောသဘော ဆောင်နေလေသည်။ အာကာသ (နေရာ) ဆိုသည်မှာလည်း လူတို့ မြင်သိ နေကြရသည် မှန်သမျှမှာ နေရာ လွတ်ဟူ၍ မရှိ။ အရာ ၀တ္ထုတို့နှင့် နောက်ခံ ကားချပ်ကို အမြဲမြင်နေ ရခြင်းသာ ဖြစ်သည်။ နေရာလွတ်ဟု ညွှန်းတတ် ကြသော်လည်း နေရာဆိုသည်မှာ လွတ် (ဟာ) နေသော သဘော မဆောင်ပေ။

ဆိုခဲ့သည် များမှာ ကန့်၏အသိ၊ သိမှု၊ အသိပညာ ဖြစ်ပေါ်မှု အတွက် ပထမ အဆင့် ဖြစ်သည်။ ဒုတိယ အဆင့်မှာ ဤသို့ဖြစ်သည်။ ထိုသို့ စိတ်က အရာ ၀တ္ထုတို့ အတွက် အာရုံသိ အရ သိမှု၊ အသိ၊ အသိပညာကို ရယူလိုက် ပြီးနောက် စိတ်၏ အတွင်း၌ အရာ ၀တ္ထုတို့နှင့် ဖြစ်ရပ်တို့ကို တွဲစပ် လိုက်လေသည်။ အတွင်းသား အာရုံ၊ သို့မဟုတ် ဓမ္မာရုံ အတွင်း၌ တစ်ခု နှင့်တစ်ခု အစီအစဉ် ကျအောင် ချထားလိုက်ခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် (ရှိထားနှင့်သည့်) သညာများ၊ သို့မဟုတ် စိတ်ကူးထည်များနှင့် တွဲစပ် ပေးလိုက်သည်။ ကန့်၏ အလိုအား ဖြင့်သော် အခြေခံ စိတ်ကူး ထည်များမှာ မျိုးတူစုများ ပြု၍ ရှိနေကြသည်။ ဥပမာ ညီညွတ်မှု၊ အနည်းအများ ကန့်သတ်မှု၊ ဆန့်ကျင်မှု အကြောင်းအကျိုး စသည်များ အားဖြင့် စုစုပေါင်း  တစ်ဆယ့်နှစ်မျိုး ခွဲခြားထား လေသည်။ ၄င်းတို့မှာ သီးခြား သဘောဆောင်သည်။ ပုဂ္ဂလိက အနေအထား၌ တည်သည်။ ကာလနှင့် အာကာသ(နေရာ) တို့၏ သဘောမျိုးပင် ဖြစ်သည်။ လူအသီးသီးတို့၏ သီးခြား စိတ်အနေ အထားကို လိုက်၍ အတွေ့အကြုံများကို ဖြစ်ပေါ် စေနိုင်သည်။ ထိုမျိုးတူစု တစ်ဆယ့်နှစ်ခု အားဖြင့် လူတို့၏ အတွေ့အကြုံ အသီးသီးကို ဖြစ်ပေါ်စေသည်။

၎င်းတို့မှာ စိတ်၏ အတွင်း၌ တင်ကူးရှိနှင့် နေကြရာ အာရုံ သိများကို လက်ခံရယူ လိုက်ပြီး စနစ်တကျ အမျိုးအစား ကန့်သတ်ခွဲခြား ထားလိုက်လေသည်။ သတ္တုချ၍ ပြန်လည် တင်ပြရသော် သိမှတ်ခံစား နိုင်မှုများသည် ကစဥ့်ကလျား ဖြစ်နေသော၊ သို့မဟုတ် တစ်စုတစ်စည်း တည်းဖြင့် စည်းစနစ် မကျဘဲ ရှိနေကြသော စေ့ဆော်မှု များသာ ဖြစ်သည်။ အာရုံသိသည် စနစ်တကျ စုစည်းထားသော သိမှတ်ခံစား မှုများဖြစ်သည်။ သညာသိ (ဓမ္မာရုံသိ)များမှာ စနစ်တကျ ရှိနေကြသော အာရုံသိများ ဖြစ်သည်။ ဆိုလိုသည်မှာ အသိ၊ သိမှု၊ အသိ ပညာဖြစ်သည်။ ထိုမှ တစ်ဆင့်တက်၍ ဆိုလိုသော် သိပ္ပံပညာသည် စနစ်တကျ ရှိနေသော အသိပညာ သဘောကို ဆောင်နေသည်ဟု ဆိုနိုင်ပေသည်။

ကန့်၏ အလိုအရ (ဆိုခဲ့ပြီးသည့် အတိုင်း) အဆင့်များ ပြောင်းလဲ လာခြင်းအတွင်း ပိုမို၍ စနစ်တကျ ဖြစ်လာကြသည်။ ပိုမို၍ ညီညွတ်သော စုစည်းမှုများ ရှိလာကြသည်ဟု ဆိုရ ပေတော့မည်။ အနောက်တိုင်း အတွေးအခေါ် စနစ်တွင် ရှိနေသော "သူ့အလိုလို ရှိနေကြသည်များ Things in Themselves ဆီမှ ညီညွတ်မှု ဖြစ်ပေါ်လာသည် မဟုတ်။ ထို သူ့အလိုလို ရှိနေကြသည် များမှာ လူတို့အတွက် သိမှတ် ခံစားနိုင်မှု ကလေးများ ဆိုခါမျှ မည်ခါမျှသာ ဖြစ်သည်။ လူတို့၏ စိတ်ကသာလျှင် အတွေ့အကြုံ တစ်ရပ်အဖြစ် ဖြစ်လာစေရန် အစီအစဉ် ချပေးခြင်း၊ ကွင်းဆက် မပြတ်အောင် ဆက်စပ်ပေးခြင်း၊ စုစည်း ပေးခြင်းများ ပြုခဲ့သည်။ စင်စစ်ကန့် အလိုအရ လောကကြီးသည် စနစ်တကျ မဟုတ်။ စိတ်ကသာ စုစည်း ပေးလိုက်ခြင်း ဆိုသည့်သဘော ဖြစ်သည်။ ထို့ကြောင့်လည်း (ရှေ့တွင် ဆိုခဲ့သည့် အတိုင်း) အာရုံသိချည်း သက်သက်သည် အကန်းနှင့် တူသည်ဟု ဆိုခဲ့ခြင်း ဖြစ်သည်။

ဤတွင် ထည့်သွင်း ဆွေးနွေးစရာ အကြောင်း ရှိနေသည်။ ဆိုခဲ့ပြီးသော ကန့်၏ အဆိုဖြစ်သည့် "သညာသိ မပါသော အာရုံသိ သက်သက်သည် အကန်း နှင့်တူ၏။ "တစ်ချိန် တည်းမှာပင် အာရုံ သိမရှိသော သညာများသည် အနှစ်မဲ့၏" ကို "အတွေ့ အကြုံမဲ့သော ဆင်ခြင်တရား (Sic ဆင်ခြင်ခြင်း) သည် အကန်းနှင့် တူ၏"ဟု ဆိုနိုင် ပါမည်လား (သို့မဟုတ် အနက် ယူနိုင်ပါ မည်လား) ဆိုသည်မှာ စဉ်းစားစရာ ဖြစ်နေသည်။ အကြောင်းမှာ ကန့်၏ အဆိုတွင် ပါဝင်ခဲ့သော Conception မှာ စိတ်၏ အတွင်းသိ သညာ သက်သက်ကို သိထားသော အသိသာ ဖြစ်ပြီး အတွေ့အကြုံမပါ (သို့မဟုတ် မလိုအပ် Without Experience) ချေ။ အတွေ့ အကြုံရှေ့ a priori ဖြစ်သည်။ အလားတူပင် ကန့်၏ အဆိုထဲမှ အာရုံသိ Perception သည် ဆင်ခြင်ခြင်း မဟုတ်။ အာရုံသိများတွင် သိမှတ် ခံစား နိုင်မှုက ပေါ်ပေါက်လာသော အတွေ့အကြုံများ လိုသည်။ ကန့်၏စကား အရသော် အာရုံသိ ဆိုသည်မှာ သိမှတ် ခံစားနိုင်မှုက ဖော်ထုတ်ထားချက် တစ်ရပ် (တစ်ခု)သာ ဖြစ်သည်။ a representation given by sensation ဆင်ခြင်ခြင်းတစ်ခု မဟုတ်သေးပါ။

Conception ကို သညာသိဟု ကျွန်တော်က မြန်မာဘာသာ စကား၏ ဘောင်အတွင်း၌ အနက် ဖလှယ်ကာ သုံးစွဲထားခြင်း ဖြစ်သည်။ မြန်မာဘာသာ စကား၏ဘောင် အတွင်း၌ အနီးစပ်ဆုံးဟု ယူဆကာ သုံးစွဲရခြင်း သာဖြစ်သည် (မှားသော် ပြင်ကြပါ၊ သို့မဟုတ် ကြိုက်သလို လက်ခံသုံးစွဲ နိုင်ကြပါသည်။ ကျွန်တော့် ဆရာကြီးများ၊ ဆရာများ သုံးသော အသုံး အနှုန်းသာ ဖြစ်ပါသည်။ သို့ရာတွင် ကန့်တင်ပြ ခဲ့သည်။ မှာ အနောက်တိုင်း သိမှုဖြစ်စဉ် အတွင်းမှ ဖြစ်သည်။ အရှေ့တိုင်း ဟိန္ဒူဝါဒနှင့် ၄င်းမှ လမ်းခွဲ ထွက်လာသည့် ဆင့်ပွား အမြင်များနှင့် ရောထွေးကာ လက်ခံနားလည် မထားကြ စေချင်ပါ။)

ထိုသို့ သုံးစွဲ ရသည်မှာ ကန့်ဆိုလိုသော Concept မှာ "၄င်းမှတစ်ဆင့် တွေးဆခြင်း၊ ဆင်ခြင်ခြင်း ပြုရသည့် သဘော" အ့ငညု အ့မသကါ့ ခသညခနစအျ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့ ကာလ၏ အနောက်တိုင်း အတွေး အခေါ်တွင် သုံးနှုန်းသော အသုံးအနှုန်း အရသော် Discursive intellect သဘော လူတို့တွင် ရှိနေသောကြောင့် ဖြစ်သည်။ Concept ဟု ဆိုရာတွင်ပင် ရိုးရိုး Pure Concept နှင့် အတွေ့ အကြုံသိ Empirical Concept ဟူ၍ ခွဲထားပြန် သေးသည်။ (အကျယ် မရှင်းတော့ပါ။) အဆို၏ ဒုတိယ အပိုင်းတွင် ဖော်ပြထားသော "အာရုံသိ မရှိသော သညာများသည် အနှစ်မဲ့၏" ဆိုသည့် အပိုင်းကို ထည့်သွင်း စဉ်းစားပြန်လျှင် ကန့်က သိမှု၊ အသိ၊ အသိပညာနှင့် စပ်လျဉ်းသော အမြင်တွင် အတွေ့ အကြုံရှေ့ အသိနှင့် အတွေ့အကြုံနောက် အသိ (ဆိုလိုသည်မှာ ဆင်ခြင်တုံတရား အခြေခံနှင့် အာရုံသိ အခြေခံ) နှစ်မျိုး စလုံးကို ရောမွှေ ထားလိုက်ပုံမှာ သိသာနေ ပြန်သည်။

သို့ဖြစ်ရကား သူဆိုလိုသော အတွေ့ အကြုံရှေ့ သဘောမှာ (အရပ်စကား ဖြင့်သော်) အစစ် မဟုတ်တော့ဘဲ အတု သဘောမျိုး ဖြစ်နေသည်။ Synthetic a priori ဖြစ်သည်။ ထို Sunthetic apriori အရပင် အလိုလို ရှိနေကြသည် များကို မသိနိုင် ကြခြင်း ဖြစ်လေသည်။ ကန့်က အတွေ့ အကြုံသည် အသိ၊ သိမှု၊ အသိ ပညာ၏ ရှေ့တော်ပြေးဟု မဆိုခဲ့။ မဆိုခဲ့ ရခြင်းမှာ သူ၏ အမြင်တင်ပြချက် အရ အတွေ့အကြုံ မပါသော (တစ်နည်း မရှိသေးသော) အသိ၊ သိမှု၊ အသိပညာ သည်ရှိ နိုင်သည်ဟု လက်ခံထား သောကြောင့်ဖြစ်သည်။ စိတ်သည် ဗလာကျင်း နေသည်ဟု သူက မဆို။ မဆိုသည် သာမက စိတ်အတွင်း၌ ကာလနှင့် အာကာသသည် လည်းကောင်း၊ အတွေ့ အကြုံရှေ့ (သိမှု၊ သိနိုင်မှု) များသည် ရှိနေနှင့် သည်ဟု လက်ခံထား ခဲ့သည်။

ပြန်လည်၍ စုစည်း တင်ပြရလျှင် ကန့်ဆိုခဲ့သော "သညာသိ မပါသော အာရုံသိ သက်သက်သည် အကန်းနှင့် တူ၏။ တစ်ချိန် တည်းမှာပင် အာရုံသိ မရှိသော သညာများသည် အနှစ်မဲ့၏" အချက်မှာ အသိ၊ သိမှု၊ အသိပညာ ဖြစ်ပေါ် လာခြင်းအတွက် အခြေခံ ရှင်းလင်းချက်သာ ဖြစ်ပါသည်။ တွေးခေါ်ခြင်း၊ တွေးခြင်း၊ ဆင်ခြင်ခြင်း စသည့် အနေအထား အထိ ရောက်မလာသေးပါ။ သို့ဖြစ်၍ ကန့် ဆိုလိုသော Perception ကို ဆင်ခြင်ခြင်းဟူသော အနက် သို့မဟုတ် အနေ အထားနှင့် ရောထွေးပစ်၍ မရနိုင်ပါ။

ဤနေရာတွင် အနောက်တိုင်း အတွေး အခေါ်များနှင့် ဆက်စပ်နေသော နားလည်လွဲမှု အချို့ကို စိုးစဉ်းမျှ ရှင်းပြချင်ပါသည်။ ဥပမာ အတွေ့အကြုံ ဟူသော အသုံးအနှုန်း။ မြန်မာတို့၏ ဘာသာစကား ဘောင်အတွင်း အတွေ့အကြုံဟု လွယ်လွယ်ခေါ်ဝေါ် သုံးစွဲကြ သော်လည်း အနောက်တိုင်း ဘာသာ စကား အခြေခံ အနောက်တိုင်း သိမှုတွင် တစ်မျိုးတည်း၊ သို့မဟုတ် တစ်ခုတည်း၊ သို့တည်းမဟုတ် အနက်တူရည် ညွန်းမှု အဖြစ် သုံးစွဲကြသည် မဟုတ်။ အကြောင်း ခြင်းရာနှင့် အသုံး အနှုန်း၏ အဆက်အစပ် ကိုလိုက်၍ အနက်ယူပုံ မတူကြပါ။ သို့ဖြစ်၍ ယေဘုယျ အနေအထား အတွင်းမှ ပိုမို ကျဉ်းမြောင်းသော သီးခြားအတွင်း သို့သာ ယူငင်သုံးစွဲ နိုင်သည်။ ဆိုလိုသည်မှာ အတွေ့ အကြုံဟု ဆိုသည်တိုင်း သီးခြား လူပုဂ္ဂိုလ် တို့၏ အတွေ့ အကြုံကို ရည်ညွှန်းကြသည်။

သီးခြားတစ်ဦး ချင်းစီ ဖြစ်တည်နေသော လူတို့၏ အတွေ့ အကြုံမှာ သီးခြား စီဖြစ်သည်။ ဖြစ်ရပ်ဖြစ်ခြေ တစ်ခုတည်းက လူ၌ တည်၍ မတူညီသော အတွေ့အကြုံ ဖြစ်လာနိုင်သည်။ သို့ဖြစ်ရကား အတွေ့အကြုံ တိုင်းသည် အမြဲတစေ အသိပညာ ဖြစ်မလာနိုင်။ (ဤတွင်လည်း Knowledge ကိုပင် အသိ၊ သိမှုဟု ယူသည်) သိမှု၊ အသိ တစ်စုံ တစ်ရာကား ဖြစ်နိုင် နေသေးသည်။  

(ဤတွင်လည်း Knowledge ကို အသိ ပညာဟု ယူသည်။ Experience ဟူသောစာလုံး၊ စကားလုံးမှာ Direct observation of or participation in events ဟု နားလည်သည် သာမက Knowledge, Skill or practice derived from direct observation of or participation in events လည်း နားလည် နိုင်သည်။ ထို့ပြင် The sun total of the conscious events that make up an individual life လည်းဖြစ်သည်။ သို့ဖြစ်ပါ၍ Experience ကို အတွေ့ အကြုံဟု အနက်ယူသော် ထိုအတွေ့ အကြုံများသည် လူပုဂ္ဂိုလ် တစ်ယောက် ချင်းစီ၌ တည်သော အတွေ့အကြုံသာ ဖြစ်လေသည်။

အစပိုင်းတွင် ညွန်းခဲ့သော အတွေ့အကြုံ အဓိက ၀ါဒီ၊ အတွေ့အကြုံ အဓိက ၀ါဒဟု သုံးစွဲထားသော အတွေ့အကြုံ ဟူသော စာလုံး၊ စကားလုံးကို ကြည့်ကြ စေချင်သည်။ ထိုစာလုံး၊ စကားလုံးမှာ Empiricist/Empiricism သာဖြစ်သည်။ ထိုစာလုံး၊ စကားလုံး၏ မျိုးရိုးရင်းကို အကျဉ်းမျှ ပြဆိုရသော် လာတင်ဘာသာ empiricus မှ ဆင်းသက်လာခြင်း ဖြစ်ပြီး ရှေးအတီတေက အတွေ့အကြုံ (ဤတွင် experience ကို ဆို လိုသည်။) တွင် အခြေခံကာ ဆေးကုသသော သမားတော် များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၄င်းတို့မှာ အခြား သူတို့၏ အဆိုအမိန့်၊ အရေးအသား၊ အတွေးအခေါ် တို့ကို အသိ အမှတ်မပြု။ ထိုလာတင်ဘာသာ စာလုံး၊ စကားလုံးမှ အင်္ဂလိပ် ဘာသာတွင် Empiric, Empirical ဟူ၍ ဖြစ်လာသည်။ Empirical ၏ အင်္ဂလိပ် ဘာသာ အနက် တစ်ခုမှာ Originating in or relying or based on factal information on factual information, observation, or direct sense experience usually as oppose d to theoretical knowledge ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံ အဓိက ၀ါဒ ဟုဆိုသော Empiricism ၏ အနက်ကို လွယ်လွယ်ဆိုသော် All Knowledge originates in experience ဟု ဆိုရပေမည်။ ၄င်းတို့၏ လုပ်နည်းလုပ်ဟန် (Method သို့မဟုတ် Methodology ကို ဆိုလိုသည်) မှာ (ဒဿနိက ဗေဒ အဘိဓာန်၏ ရှင်းလင်းချက် အရသော်)

Relying upon direct observation or immediate experience; or precluding or excluding analysis or rdflection; or employing experimentation or systematized induction as opposed to purely duiscursive, deductive, speculative, transcendental, or dialectical procedures....

ဖြစ်သည်။ ထို အတွေ့အကြုံ ၀ါဒသည် အတွေ့အကြုံ တွင်တည်သော သိမှုဗေဒ၊ ရှိမှုဗေဒ စနစ်များ ထူထောင်၍ တွေးခေါ်ကြခြင်း ဖြစ်သည်။ အတွေးအခေါ် မပါဘဲ သို့မဟုတ် အတွေးအခေါ် စနစ်တစ်စုံ တစ်ရာတွင် အခြေ မခံဘဲ အတွေ့ အကြုံသက်သက် ချည်းဖြင့် အသိပညာ တစ်ရပ်ကို ထူထောင် ထားခြင်းမျိုး မဟုတ်။ တစ်နည်း ဆိုရသော် အတွေးအခေါ် စနစ် တစ်စုံ တစ်ရာသည် အသိ၊ သိမှု တစ်စုံ တစ်ရာက အသိပညာ၊ အသိပညာ စနစ်တစ်ခု အဖြစ် ပြောင်းလဲပေးသည့် သဘောဖြစ်သည်။

လွယ်ကူအောင် ပြန်လည်ရှင်း လင်းရသော် (ရှေ့တွင် ဆိုခဲ့သည့် အတိုင်း) Empiricism သည် Experience ဟူသော အတွေ့ အကြုံ၌ တည်၍ ဆင်ခြင်သော စနစ်တစ်ခု ဖြစ်ပါသည်။ အတွေ့အကြုံဝါဒီ များသည် သူတို့၏ စနစ်အတိုင်း တွေးခေါ်ပြီး နိဂုံး ရယူခဲ့ ကြသည်ဖြစ်ရာ ဆင်ခြင်ခြင်းကို ငြင်းဆိုခဲ့ ကြသည်မဟုတ်။ ဆင်ခြင်ခြင်း သက်သက်ကို ဆန့်ကျင် ကြခြင်းဖြစ်သည်(အထက်တွင် ပြဆိုခဲ့သော opposed to purely discursive, deductive, speculative, transcendental, or dialectical procedures အချက်ကို ကြည့်ပါ) အနောက်တိုင်း အတွေးအခေါ် စနစ်များတွင် ဆင်ခြင်ခြင်းနှင့် ဆင်ခြင်ခြင်း သက်သက် သို့မဟုတ် ရိုးရိုး ဆင်ခြင်ခြင်း ဆိုသည်မှာ ကွာပါသေးသည်။

လူတစ်ဦးချင်းစီနှင့် လူတိုင်းတွင် နေ့စဉ်ဘ၀ အတွင်း၌ အတွေ့အကြုံ အမျိုးမျိုး ရှိနိုင်ပါသည်။ သို့ရာတွင် လူတို့သည် သင့်လျော်ရာ အတွေ့ အကြုံများ ကိုသာ လက်ခံ မှတ်ယူလေ့ရှိ ပါသည်။ ဥပမာ အချို့ကို ပြဆိုပါမည်။ တစ်- လူတစ်ယောက်သည် သူ့အိမ်မှ ထွက်လာသော အခါ ပျံသန်းသွားသော ငှက်တစ်ကောင်က ရုတ်တရက် သူ၏ရှေ့တွင် ပြုတ်ကျကာ သေဆုံး သွားသည်ကို တွေ့လိုက်ရသည် ဟုဆိုပါစို့။ ထို အဖြစ်အပျက် မှာသူ၏ အတွ့အကြုံတစ်ခု ဖြစ်ပါသည်။ ထိုအတွေ့ အကြုံ သည် သိမှု တစ်ခုကို ဖြစ်စေသည် ထက်မပိုပါ။ အသိပညာ တစ်ခုအဖြစ် ပြောင်းလဲ မသွားပါ။ အတွေ့အကြုံ ဟုခေါ်သော Experience မှာ (ဤနေရာတွင်) သီးခြား တည်ရှိနေသော သာမန် လူတစ်ဦး၏ ပုဂ္ဂလိက ဘ၀ အခြေခံသိမှု အနေအထား သို့မဟုတ် အခြေ အနေမှ ချဲ့ထွင် လက်ခံလိုက် ခြင်းသာဖြစ်သည်။

သို့အတွက် အတွေ့ အကြုံတိုင်းသည် အသိပညာ ဖြစ်မလာနိုင်။ အလားတူပင် ငါးများတွင် ခံစားချက် မရှိကြောင်းကို တံငါသည်က ဖြစ်စေ၊ ကဗျာ ဆရာက ဖြစ်စေ သိလိုက်ရ ခြင်းသည် သာမန် အသိကို ချဲ့ထွင်ခြင်းသာ ဖြစ်ပြီး ရှေ့ဆက် တိုးပွားရန် အသိ ပညာ၏ လမ်းစ တစ်ခု ဖြစ်မလာ နိုင်ပေ။ နှစ်-နေ့စဉ် မနက်တိုင်း ရှစ်နာရီ ထိုးတွင် အိမ်မှ ထွက်၍ ဘာ့(စ)ကားဂိတ်သို့ သွားလေ့ရှိသူ တစ်ဦးသည် ဘာ့(စ)ကား ဂိတ်နဲ့ကား စောင့်နေသူ အများကို တွေ့ရသည်။ တစ်မနက် တွင်သော် မနက်ခြောက် နာရီတွင် ဘာ့(စ)ကားဂိတ် သို့သွားရာ ကားစောင့်သူ တစ်ဦး နှစ်ဦးမျှသာ တွေ့ရသည်။ ကားလာသော် ချောင်ချောင်ချိချိ စီးလိုက် ရသည်ဟု ဆိုကြပါစို့။ ထိုအတွေ့ အကြုံသည် အသိ တစ်ခုမျှသာ ဖြစ်သော်လည်း မနက် စောစောလာလျှင် ကာချောင်ချောင် စီးရသည် ဟူသော ဆင့်ပွား အသိ တစ်ရပ်ကိုပါ ဖြစ်လာစေ ခဲ့သည်။

ထိုအသိမှာ ကြီးမားသော ပညာ တစ်ရပ်ကို ဖြစ်ပေါ် စေခဲ့သည် မဟုတ် စေကာမူ ဆက်လက်၍ အသုံးဝင် အသုံး ကျမှုကို ဖြစ်လာစေသည်။ ရပ်တန့်ပြီး ဆုံးမသွား။ ဆိုလိုသည်မှာ အတွေ့ အကြုံသည် အသိ၊ သိမှု တစ်ခုကို ဖြစ်စေသည်ဟု ဆိုခါမျှ မည်ခါမျှဖြင့် ရုတ်ခြည်းတိမ်မြုပ်ပျောက်ဆုံးမသွား။ ဖြည်းဖြည်းချင်း တိမ် ကောပပျောက်၍သွားတတ်သည်။ အသုံးကျ အသုံးဝင်မှုစံကို အခြေခံဆင်ခြင်ကြည့်လျှင် ထိုသူ၏နေ့စဉ်ဘ၀အတွက် အသုံး တည့်သော အသိ သစ်တစ်ခု ဖြစ်လာပြီး အသုံးပြုနိုင်သော အသိ ပညာတစ်ခုဖြစ်သွားသည်။ အရပ်ထဲတွင် ပြောလေ့ရှိသော "ပညာရသွားတယ်" ဆိုသည့် သဘောဖြစ်သွားလေသည်။ (အင်္ဂလိပ်ဘာသာ စကားဖြင့်သော် အပြောင်အပြက် နှော၍ပြောသော Enlighten သဘောဖြစ်သည်။ Enlighten me ဟု ပြောတတ်ကြသည်။

Enlightenment မှာ ဉာဏ် အလင်းရောင်ရ ခြင်းဖြစ်၍ သီးခြား အနက်ဖြစ်သည်။) ထိုပညာ၏ သဘောမှာ ပညာရပ် ဆိုင်ရာ အဆောက်အအုံ များက စနစ်တစ်စုံ တစ်ရာကို အခြေခံ၍ သင်ကြား ပို့ချပေးသော ပညာမျိုး မဟုတ်ပါ။ ရပ်ဝန်းတစ်ခု၊ ကာလဒေသ ကန့်သတ်မှု တစ်ခု အတွင်း၌ လက်ဆင့် ကမ်းနိုင်သော အသိ၊ သိမှု တစ်မျိုးသာ ဖြစ်ပါသည်။ ရံဖန်ရံခါ လူ့အဖွဲ့ အစည်း အတွင်း၌ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေး သမား၊ စီးပွားရေး သမားတို့က သူတို့၏ အတွေ့အကြုံ တွင် အခြေခံသော အသိ၊ သိမှု တစ်စုံ တစ်ရာကို လက်ဆင့် ကမ်းပေးခြင်းမျိုး ဖြစ်သည်။ အသိပညာ စနစ်တစ်စုံ တစ်ရာတွင် အခြေမခံ။ နေ့စဉ်ဘ၀ အတွင်းမှ အတွေ့အကြုံ များသည် ကစဥ့်ကလျား ဖြစ်ပေါ်နေ ကြသည်ဖြစ်ရာ လူတစ်ဦးတစ် ယောက်ချင်းစီ အတွက် အသုံးဝင် အသုံးကျ မှုသည် ၄င်း၊ သိမှုစဉ် ဆက်ပြတ်မှုတွင် တည်ကာ အသိသစ်၊ သို့မဟုတ် အသိပညာ(တစ်ရပ်) ဖြစ်လာ စေရန်တို့မှာ ဆီလျော် အပ်စပ်မှု အနေအထား သို့မဟုတ် လိုအပ်မှု၌ တည်သော အံဝင် ခွင်ကျမှု အနေ အထားများ လိုအပ်ပါသည်။

ပညာရပ် ဆိုင်ရာ အဆောက်အအုံ (ဤတွင် မူလတန်း ကျောင်းမှ တက္ကသိုလ် ကောလိပ်နှင့် သုတေသန အဖွဲ့ အစည်းများ အားလုံးကို ဆိုလိုသည်။) များတွင် (သို့မဟုတ်များမှ) ရရှိ နိုင်သော ပညာမှာ နည်းပညာ၊ စနစ်တစ်စုံ တစ်ရာ အခြေခံ လက်ဆင့်ကမ်း ပေးသောပညာ Education ဖြစ်ပါသည်။ "ပညာတတ်" ဟု အသိအမှတ် ပြုခံရနိုင်ရန် အတွက်လေ့လာ ဆည်းပူး၍ ရသောပညာ ဖြစ်ပါသည်။ (ဤနေရာတွင် ရောထွေး၍ နားလည်မထား စေချင်သော အချက်တစ်ချက် ရှိပါသည်။

ဤအရေး အသားတွင် သုံးနှုန်းသော "ပညာ" ဆိုသည့်အသုံး အနှုန်းကို ဘာသာရေး အခြေခံဖြင့် ပြောဆိုရေးသား လေ့ရှိသော ပညာ၊ ဉာဏ်ပညာ စသည့် အသုံး အနှုန်းများဖြင့် ရောထွေး၍ လက်ခံ နားလည်ကြခြင်း မရှိစေချင်ပါ။ ဘာသာရေးသည် သီးခြားရပ်ဝန်း တစ်ခု ဖြစ်ပါသည်။ ဤအရေး အသားမှာ မဟာ ပုရိသ အကြောင်း ဆွေးနွေးတင်ပြ နေသည် မဟုတ်ပါ။ စားဝတ်နေရေး အတွက် မပူပင်ရသော ထမင်းပွဲ ရှေ့ရောက် လူတန်းစား ကပြောသော အသိပညာ အကြောင်း မဟုတ်ပါ။ ပုရိသော-ပုရိသာ မည်သော နေ့စဉ် ဘ၀ထဲက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ကိုယ့်ထမင်းကိုယ် ရှာစား ရသောလူ၊ လူသာမန်နှင့် သာမန် လူများကို အခြေခံကာ ဆွေးနွေး တင်ပြခြင်းသာ ဖြစ်ပါသည်။) A process of learning, instruction, or training that educates or is intended to educate သာဖြစ်ပါသည်။

ထိုပညာသည် ရယူ လိုသူ၏ ရယူ လိုမှုနှင့် တိုက်ရိုက် သက်ဆိုင်ပါသည်။ တစ်နည်းဆိုသော် ရယူ လိုသူတွင် တာဝန်ရှိမှု အပိုင်းရှိသည်။ ရယူလိုခြင်းတည်း ဟူသော ဆန္ဒရှိသည်။ ပွားများလိုသော စေ့ဆော်မှု ရှိသည်။ ထို့ကြောင့် Education ဆိုသော ပညာသည် Knowledge ဟုခေါ်သော အသိ အပညာမျိုး မဟုတ်တော့ချေ။ Knowledge ဟုခေါ်သော အသိ ပညာသည် စနစ်ကျ ကောင်းမှကျမည် ဖြစ်သော်လည်း Education ဟု ခေါ်သော ပညာသည် နည်းစနစ်ကို အခြေခံသည်။ Education ဟုဆိုသော ပညာသည် ယနေ့ကာလ များတွင် ကျောင်းခန်း များသို့လည်းကောင်း၊ ပညာရပ် ဆိုင်ရာ အဆောက် အအုံများ ထံသို့လည်းကောင်း ကိုယ်တိုင်ကိုယ်ကျ သွားရန် မလိုဘဲ ရယူနိုင်သော နည်းလမ်းများ ရှိလာခဲ့ပေပြီ ဖြစ်သည့်တိုင် အခြေခံ စနစ်များကို သိရန်ကား လိုသည်။ တစ်နည်းဆိုသော် Education တွင် စနစ်တစ်စုံ တစ်ရာကား ရှိနေ ရသေးသည်။
ယနေ့ ကွန်ပျူတာ နည်းပညာ လွန်စွာထွန်းကား နေသော ကာလတွင် ဟက်ကာ Hacker ဆိုသူများ ပေါ်လာသည် (ဤတွင် ဟက်ကာ ဟူ၍သာ ရေးပါရစေ။) ထောက်လှမ်းရေး လုပ်ငန်းများ၊ ကော်ပိုရိပ်ကြီး များက တစ်နည်းမဟုတ် တစ်နည်းသုံးစွဲ နေကြရသည်။ အလွန်တော်သော ဟက်ကာ အချို့မှာ မည်သည့်ကျောင်း၊ မည်သည့် တက္ကသိုလ် တွင်မျှ သွားရောက် လေ့လာသင်ကြား ခဲ့ဖူးသူများ မဟုတ်။ အခြေခံ စနစ်များကို ၄င်းတို့ ဘာသာလေ့လာ ယူပြီးနောက် နေ့စဉ် အတွေ့အကြုံများဖြင့် တိုးပွား ယူခဲ့ကြသူများ ဖြစ်သည်။ ထိုသူတို့ နေ့စဉ် ရင်ဆိုင် နေကြရသည်မှာ ကွန်ပျူတာ နည်းပညာ၏ ပြောင်းလဲ နေခြင်းဖြစ်၍ ၄င်းတို့၏ နေ့စဉ် တိုက်ရိုက်အတွေ့ အကြုံမှာ ကွန်ပျူတာ နည်းပညာသာ ဖြစ်သည်။

အလုံးစုံသော သိမှုသည် အတွေ့ အကြုံနှင့် တိုက်ရိုက် ဆက်သွယ်မှု တစ်ခု ဖြစ်နေသည်။ ထိုသူများကို အစဉ်အလာ ပညာ ရယူသူများ၊ နိုင်ငံရေး ပညာရှင်၊ စီးပွား ရေးပညာရှင် စသည်တို့နှင့် ရောထွေး လက်ခံရန် မဖြစ်နိုင်။ အသိပညာ ရယူပုံမှာ ခြွင်းချက်ဖြင့်ဟု ဆိုရမည် ကဲ့သို့ဖြစ်သည်။ ကျောင်းသင် ပညာနှင့် အတွေ့အကြုံကို ပေါင်းမှ အသိ ပညာဖြစ်သည် ဟုဆိုသော ဖော်နည်းကားဖြင့် တွက်၍မရ။ တစ်ချိန် တည်းမှာပင် နိုင်ငံရေး ပညာရှင်၊ စီးပွားရေး ပညာရှင် တို့ကိုပင် နိုင်ငံရေး သမား၊ စီးပွားရေး သမားဆိုသူ များနှင့် တစ်သားတည်း မြင်ထားရန် မဖြစ်။ နိုင်ငံရေး ပညာရှင်၊ စီးပွားရေး ပညာရှင်တို့မှာ ပညာရပ်၏ ပရ၀ဏ် အတွင်းမှ၊ သို့မဟုတ် ပညာရပ်ကို အခြေခံ၍ အမြင်၊ အဆို၊ နည်းပညာ စသည်များ တင်ပြ နေကြသူများ ဖြစ်သည်။ သို့ဖြစ်ရကား ထိုသူတို့တွင် ပညာ ရပ်တို့၏ အပြန်အလှန် ဆက်သွယ်နေမှု(ဆိုလိုသည်မှာInterdiscipline ဖြစ်သည်။)

ဖော်ထုတ်ရေးသား တင်ပြချက် တို့၏ ဆက်သွယ်နေမှု (ဆိုလိုသည်မှာ interextual ဖြစ်သည်) ကို နားလည်ကြသည်။ သို့ဖြစ်၍ စည်းမစောင့်ဘဲ ခြံခုန်ကာ ထင်ရာမြင်ရာ ကိုယ်လိုသလို ဆွဲယူသုံးစွဲ ကြလေ့မရှိ။ သို့ရာတွင် နိုင်ငံရေး သမား၊ စီးပွားရေး သမားတို့တွင် ထိုစည်းမျိုး မရှိ။ မိမိတို့ အကျိုးစီးပွား အတွက်ဆိုလျှင် အိမ်က မယားပင် ရောင်းနိုင်သည် ဆိုသူများ ဖြစ်သည်ဟု အနောက် နိုင်ငံများတွင် ဆိုလေ့ ရှိကြရာ ပညာရပ်ဆိုင်ရာ စည်းမရှိ။ မည်သည့် အခြေခံ ကိုမျှ အသိအမှတ် မပြုဘဲ ငါ့စကား နွားရ ပြောနိုင်ကြ သူများ ဖြစ်သည်။ သို့ရာတွင် လူ့အဖွဲ့ အစည်းက ကျေနပ် လက်ခံ ထားသရွေ့ ၄င်းတို့ကို အပြစ် မဆိုနိုင်။ ဤနေရာတွင် နိုင်ငံရေး သမား၊ စီးပွားရေး သမားတို့နှင့် ပညာရှင် တို့၏ ကွာခြားမှု တစ်ရပ်မှာ ပညာရှင်များသည် ပညာရပ်၏ ရပ်ဝန်း အတွင်းမှ ရပ်တည်၍ ပြောဆို ဆွေးနွေးခြင်း ဖြစ်ပြီး အကြောင်းကြောင်းကြောင့် ပြောမိဆိုမှား ရှိလေသော် ၀န်ခံရဲကြသည် (ဥပမာ ဂျော့ဘွတ်(ရှ) ကိုသာ ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် မှားသည်ဟု မထင်သော နိုင်ငံရေး သမားမျိုး။)

ဤတွင်ထည့်သွင်း ဆွေးနွေးစရာ အကြောင်း ရှိလာပြန်သည်။ ၄င်းမှာ ပညာရပ်ဆိုင်ရာ စနစ်များနှင့် မြို့ပြပြည်ရွာ တည်ဆောက်ရေး၊ သို့မဟုတ် ပြန်လည် တည်ဆောက်ရေး၊ သို့ တည်းမဟုတ် စတင် တည်ဆောက်ရေး များတွင် လိုအပ်သော၊ သို့မဟုတ် လိုအပ်သည်ဟု လက်ခံ ထားရသော စနစ်များ အကြောင်းဖြစ်သည်။ ရှေ့တွင် ဆိုခဲ့သော ကန့်၏ အတွေး အခေါ်မှာ သိမှုဗေဒ အခြေခံဖြင့် ဖော်ထုတ်ထားသော အသိ၊ သိမှု၊ အသိပညာဆိုင်ရာစနစ်များသည် ပညာရပ်ဆိုင်ရာ ပရ၀ဏ်အတွင်းမှ စနစ်များဖြစ်ပါသည်။ မြို့ပြ ပြည်ရွာ တည်ဆောက်ရေးတွင် သုံးလိုသော် နိုင်ငံရေး ပညာ၏ ဘောင်အတွင်းသို့ အပြန်အလှန် ဆက်ဆံမှု ရှိလာစေရန် စီးကြောင်း ဖောက်ရ ပါလိမ့်မည်။ မြို့ပြပြည်ရွာ တည်ထောင်ရေး အတွက် နိုင်ငံရေး အမြင်၊ သို့မဟုတ် သဘောတရားရေး အမြင်များ၊ သို့တည်းမဟုတ် ပေါ်လစီများ လိုပါသည်။

နိုင်ငံရေး အမြင်၊ သို့မဟုတ် သဘော တရားရေး အမြင်များမှာ လူအဖွဲ့အစည်း၊ လူမှု ဆက်ဆံရေး ဘ၀၊ ယဉ်ကျေးမှုနှင့် သက်ဝင် ယုံကြည်မှု စသည့် အချက်များကို ထည့်သွင်းစဉ်းစား ထားတတ်ကြသည်။ ဒဿန စနစ်များ (ဤတွင် ယေဘုယျ ကျသော ဒဿန စနစ်၏ အောက်မှ သီးခြား မျိုးတူစု ဖြစ်သော နိုင်ငံရေး ဒဿနကို မဆိုလို) ကဲ့သို့ ကျယ်ပြန့်သော ယေဘုယျ အနေအထား၊ ဥပမာ- "လူ" ကို လက်ခံကာ စဉ်းစားခြင်း မဟုတ်ပါ။ သို့ဖြစ်ရကား ဒဿန စနစ် တစ်ခု၏ မှား-မှန် ဆိုသည်မှာ နိုင်ငံရေး အမြင်၊ စီးပွားရေး အမြင်ကဲ့သို့ "လွယ်လွယ်" ဖြင့် အဆုံးအဖြတ် မပြုနိုင်။    ဥပမာ၊ ယူဂို စလားဗီးယား နိုင်ငံ ပြိုကွဲ သွားရခြင်းကို အခြေခံ၍ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ် စနစ် ပျက်သွားသည်ဟု မဆိုနိုင် သကဲ့သို့ ဖြစ်သည်။ ဆိုရှယ်လစ် စနစ်၊ ကွန်မြူနစ် စနစ်တို့မှာ ပျက်စီးမသွား။

လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း၊ မဖော် နိုင်ခြင်းနှင့် ပညာရပ် တစ်ခုအဖြစ် ရပ်တည်နေခြင်း၊ မနေခြင်းမှာ သီးခြား အကြောင်းရပ်များ ဖြစ်သည်။ ပညာရပ် အသီးသီး အဖြစ် ရှိနေကြခြင်း များကို နိုင်ငံရေး သမား၊ စီးပွား ရေးသမားတို့၏ အသုံးဝင်-အသုံးကျမှု စံတစ်ခုတည်းဖြင့် တိုင်းတာကာ ဆုံးဖြတ်ရန် မဖြစ်နိုင်ပါ။ ဟင်းအိုးအားလုံး ကို ယောက်မတစ်ချောင်းတည်းဖြင့် မွှေသည်ကဲ့သို့ မလုပ်နိုင်။ မွှေလိုသော် မွှေနိုင်ပါသည်။ လူ့အခွင့်အရေးတစ်ရပ်ဖြစ်၍ မွှေလိုသူကို တားမထားနိုင်ပါ။ မမွှေနိုင်ဟုဆိုရခြင်းမှာ "စနစ် မှားသည်" ဟုဆိုလျှင် ပညာရပ်ဘောင် အတွင်းမှ ကန့်သတ် ပိုင်းခြား၍ ဆွေးနွေးရန် လိုမည်။ အသုံးချ၊ အသုံးဝင်မှု စံဖြင့် တိုင်းတာခြင်းသည် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်မှု ပေါ်တွင် တည်၍တိုင်းတာ နိုင်သော်လည်း အတွေး အခေါ် စနစ်ကို ဆက်စပ်မှုနှင့် ဆီလျော် အပ်စပ်မှု ရှိသော ပညာရပ်များ အတွင်းမှသာ စိစစ်ဆုံးဖြတ် နိုင်ပါသည်။ နိုင်ငံရေး သမားဖြစ်ခြင်း၊ စီးပွားရေး အရ အောင်မြင်ခြင်း၊ အာဏာ ရှိသူများနှင့် ပေါင်းဖက်နိုင်ခြင်း ... စသည်များကြောင့် ပညာရပ်များကို လိုသလို အနက်ဖော်ပြီး ငါ့စကား နွားရဆိုခြင်း၊ ဟိုစနစ် မကောင်းဘူး၊ ဒီစနစ် ပျက်သွားပြီဟု မျက်နှာလွှဲ ခဲပစ် ပြောဆိုခွင့် ရကောင်း ရသည်ဟု ထင်နိုင်ပါသည်။ ခိုင်မာသော အဆိုများ ဖြစ်မလာ နိုင်ပါ။ ဗိုလ်ချုပ် အောင်ဆန်း ပြောဖူးသည့် လွတ်လပ်ရေး ရပြီဆို၍ လမ်းပေါ်တွင် လုပ်ချင်ရာ လုပ်ကြခြင်း မျိုးသာ ဖြစ်ပါမည်။

အတွေးအခေါ် စနစ်များ၊ သို့မဟုတ် ပညာရပ်ဆိုင်ရာ စနစ်များ အခြေခံဖြင့် တည်ဆောက် ထားသည်များမှာ နေ့စဉ် ဘ၀၏ ကာလဒေသ ကန့်သတ်မှု အတွင်း ကျင့်သုံး နေကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဆိုင်ရာ အပြု အမူများနှင့် မတူ။ တစ်မျိုးတည်းဟု လက်ခံထား၍ မဖြစ်။ နိုင်ငံရေး၊ စီးပွားရေးစနစ် တစ်ခု၏ မအောင်မြင် ခြင်းသည် ပြုမူဆောင် ရွက်သူများ နှင့်လည်း ဆိုင်သည်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်း၏ အဖိုးတန် စကားတစ်ခွန်း ရှိသည်။ "လူမှန်-နေရာမှန်" ဆိုသော စကားဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးတွင် ထိုအချက်မှာ အလွန် အရေးကြီး ပါသည်။ စီးပွားရေး သမားများကို ဥပမာ ပြုချင်ပါသည်။ စီးပွားရေး သမားများ အောင်မြင် လာကြသော အခါ သူတို့၏ အောင်မြင်မှုကို အခြေခံကာ အခြားသူ များအား အသိပညာ ဝေငှသည့် အနေဖြင့် ရေးသားဟော ပြောမှုများ ပြုကြလေသည်။ ထိုသို့ ရေးသားဟောပြော ကြရာတွင် မပါဝင်သော အချက် တစ်ရပ်မှာ သူတို့၏ "အဆက် အသွယ်များ" အကြောင်း ဖြစ်သည်။ ဘယ်သူ ဘယ်ဝါ နှင့်သိလို့၊ ဘယ်သို့ဘယ်ပုံ လုပ်ဆောင် ခဲ့ရာမှ အောင်မြင်လာ ခဲ့ပုံမပါ။ ထိုအချက်မှာ မျက်လှည့် ဆရာတို့၏ လျှို့ဝှက်ချက် ကဲ့သို့ စီးပွားရေး သမားတို့၏ လျှို့ဝှက်ချက် ဖြစ်သည်။

ထိုအချက်မှာ၊ အရပ် တကာမှ စီးပွားရေး သမားတို့၏ လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။ စီးပွားရေး လုပ်နည်းကိုင်နည်း မည်ရွေ့ မည်မျှကောင်း နေသည်ဖြစ်စေ ထိုအဆက် အသွယ် မရှိလျှင် အောင်မြင်သည့်တိုင် ရာနှုန်းပြည့် မအောင်မြင်။ ထိုအချက်ကို ထောက်ဆ၍ စီးပွားရေးနှင့် နိုင်ငံရေးသည် "ထဲထဲဝင်ဝင် ဆက်စပ် နေပါသည်" ဟူသော စကားမှာ အမှန်ပင်ဟု ဆိုရ ပေတော့မည်။ စီးပွားရေး ကျမ်းများတွင် ရေးသား မထားခဲ့သော (အခြားတစ်နည်း Interior of Text တွင် မပါသော) အချက် တစ်ခုဖြစ်သည်။ စီးပွားရေး သမား အနေဖြင့် ထိုအဆက် အသွယ်များ ဆိုသည်မှာ လူမှန် နေရာမှန် အသုံး ချတတ်မှု ဖြစ်သည်။ ထို့ကြောင့် မြို့ပြပြည်ရွာ ထူထောင်ရေးတွင် အသုံးပြု နေကြသော နိုင်ငံရေးနှင့် စီးပွားရေး တို့မှာ ပညာရပ် ဆိုင်ရာ အဆောက် အအုံများ အတွင်းမှ နိုင်ငံရေး ပညာ၊ စီးပွားရေး ပညာ တို့နှင့်မတူ။

ပညာရပ် ဆိုင်ရာ အဆောက်အအုံ အတွင်းမှ စီးပွားရေး ပညာရှင်သည် သူ၏စနစ်၊ နည်းပညာ တို့ကို ဖော်ထုတ်တင် ပြရာတွင် စကားနည်း ၀န်ပါ ပြောသော်လည်း ထိမ်ချန်မထား။ စီးပွားရေး သမားများကမူ တခမ်းတနား လေကြွားကြွား ပြောတတ်ကြ သော်လည်း ထိမ်ချန် ထားသည်မှာ အများအပြား။ မြို့ပြပြည်ရွာ ပြန်လည်ထူထောင် ရေးများတွင် စီးပွားရေး သမားများမှာ လိုအပ်မှု တစ်ခုဟု ဆိုကြသည်။ ဖျာစောစော ခင်းနိုင်လေ စင်နားရောက်လေ ဟုဆိုသည့် အတိုင်းပင်။ သို့ရာတွင် ဖွံ့ဖြိုးစ နိုင်ငံများနှင့် ပြန်လည် ထူထောင်စ နိုင်ငံများတွင် ဦးစီးဦးဆောင် သူများ၏ အသိပညာ အရာတွင် နှောင့်နှေးမှု၊ လူမှန် နေရာမှန် မသုံးနိုင်မှု၊ တိမ်းလွယ် ညွတ်လွယ်ဖြင့် စိတ်ဓာတ်နှင့် စိတ်ထား ပျော့ညံ့မှု စသည်တို့ကြောင့် စီးပွားရေး သမားတို့၏ ညင်သာသော အပင်း သွင်းမှုများ အောက်တွင် ဒုံရင်းမှ မတက်နိုင်ခဲ့ ကြကြောင်းလည်း သာဓက အများပင် ရှိခဲ့လေသည်။

စင်စစ် ပညာရပ် ဆိုင်ရာ အဆောက် အအုံများ အတွင်းမှ အတွေးအခေါ် စနစ်များ၊ ပညာရပ် စနစ်များနှင့် နေ့စဉ်ဘ၀ အတွင်းမှ အသုံးဝင်၊ အသုံးကျမှု စံအခြေပြု စနစ်များသည် မျဉ်းပြိုင်ကဲ့သို့ အပြိုင် ယှဉ်တွဲကာ တည်ရှိနေမှု သာဖြစ်ပါသည်။ ကြက်ခြေခတ်မျဉ်း နှစ်ကြောင်းကဲ့သို့ ဖြတ်စေမည်ဟု ဆိုလျှင် ခေါင်းချင်းဆိုင် မဝှေ့မိရန် သတိထား ဖို့ကား လိုပေမည်။

မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments: