Sunday, April 15, 2018

"မြန်မာပြည်မှာ MBA ဘယ်လိုတက်မလဲ"




အကယ်၍များ နိုင်ငံခြားမှာလည်း MBA မတက်ဖြစ်ဘူးဆိုရင် မြန်မာပြည်က တခြား MBA တွေထက် စာရင် အစိုးရက ဖွင့်ထားတဲ့ ပတ္တမြားဆောင်က MBA ကိုပဲ တက်ဖို့ညွှန်းပါရစေ..
ကျောင်းအပြီးမှာ ရသွားမယ့် social networking လည်း အလွန်ကောင်းပါတယ်.. ကျောင်းလခကလည်း တစ်နှစ်လုံးနေမှ သုံးလေးသိန်းလောက်ပဲ ကုန်ပါတယ်.. ကုမ္ပဏီတွေကလည်း မြန်မာပြည် MBA ကို အထင်တကြီး လက်ခံပါတယ်..

ဒါ့ကြောင့်မို့ မြန်မာပြည်မှာ အခြေချဖို့ စဉ်းစားရင် မြန်မာပြည် MBA ဟာ အသင့်တော်ဆုံးပါလို့ ပြောပါရစေ..

"ဘယ်မှာတက်ရမှာလဲ"
••••••••••••••••••••••••••••••••••••••••••
လှိုင်တက္ကသိုလ်နယ်မြေ၊ ပတ္တမြားဆောင်မှာ တက်ရမှာပါ.. သွားရေးလာရေး အင်မတန် လွယ်ကူပါတယ်.. မန္တလေးမှာလည်း အစိုးရက ဖွင့်ထားတဲ့MBA ရှိပါတယ်.. မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ တက်လို့ ရ/ မရတော့ ပိုး သေချာမသိပါဘူး..

ပိုးကတော့ MBA 18th Batch ကို တစ်နှစ်တက်ခဲ့ပါတယ်.. ဒုတိယနှစ်မတက်ခင်မှာပဲ အင်္ဂလန်မှာ ကျောင်းတက်ဖြစ်သွားလို့ မြန်မာပြည် MBA ကို ကျောင်းထွက်ပစ်လိုက်တာပါ.. EMBA အကြောင်းကို သေသေချာချာ မသိပေမယ့် MBA အကြောင်းတော့ သိသလောက်လေး ပြောပြချင်ပါတယ်..

"ဘယ်လိုလျှောက်မလဲ"
••••••••••••••••••••••••••••••••••••••••••
ဝင်ခွင့်လျှောက်တော့မယ်ဆိုရင် နှစ်တိုင်း ၅လပိုင်း မကုန်ခင်လောက် သတင်းစာမှာ ဝင်ခွင့်ခေါ်ပါတယ်.. မြန်မာနိုင်ငံက တက္ကသိုလ်မှာ အသိအမှတ်ပြု ဘွဲ့တစ်ခုခု ရထားပြီး သက်ဆိုင်ရာသင်ရိုးနဲ့အညီ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို လျှောက်ခွင့်ပြုပါတယ်..

လျှောက်တော့မယ်ဆိုရင် ဘွဲ့လက်မှတ်၊ တက္ကသိုလ်အမှတ်စာရင်း၊ မှတ်ပုံတင်၊ လိုင်စင်ပုံတွေ အသင့်ပြင်ထားပါ.. ပြီးတော့ အလုပ်တစ်ခုခုမှာ လုပ်ငန်းအတွေ့အကြုံ နှစ်နှစ်ရှိကြောင်း ပြဖို့ ကုမ္မဏီ ထောက်ခံစာ လိုပါတယ်.. အဲ့ဒါအပြင် ရာထူးက Management Level ဖြစ်ဖို့ လိုတဲ့အတွက် အနည်းဆုံး Assistant Manager ရာထူးလောက် ပြပြီး လျှောက်ကြတာပါပဲ..

မနှစ်ကမှ တက္ကသိုလ်က ဘွဲ့ရလာတဲ့ လူငယ်လေးတွေကလည်း ကျောင်းတစ်ပိုင်းနဲ့ ဖေဖေ့ကုမ္မဏီမှာ သားက ဒါရိုက်တာပါ.. မေမေ့ရွှေဆိုင်မှာ သမီးက မန်နေဂျာပါ ဆိုပြီး ထောက်ခံစာတွေနဲ့ လျှောက်ရင်လည်း ကျောင်းက အဲ့ဒီလုပ်သက် ၂နှစ်ဆိုတာကို ယုံပေးပါတယ်.. (ပိုးတက်တုန်းက ပြောတာနော်) 😀

အစိုးရဝန်ထမ်းဖြစ်ပြီး အုပ်ချုပ်မှုအပိုင်းမှာ ရာထူးလုပ်သက် ၂နှစ်ရှိရင် ဒီMBA ကို တက်လို့ရပါတယ်.. ဒါပေမယ့် အထက်လူကြီးရဲ့ ခွင့်ပြုစာလိုပါတယ်..

ဝင်ခွင့်အတွက် Form ကိုတော့ ပတ္တမြားဆောင်မှာပဲ ဝယ်ရပါ့မယ်.. အကောင်းဆုံးကတော့ သတင်းစာကို မေလတစ်လလုံး သေချာဖတ်ပြီး ပတ္တမြားဆောင်ကို မကြာခဏ ဖုန်းဆက်မေး၊ လူကိုယ်တိုင် သွားစနည်းနာဖို့ပါပဲ.. Form တင်တာ နောက်ကျရင် ဘာမှ ဆက်လုပ်လို့ မရဘူးဖြစ်ကုန်ပါ့မယ်..

"EMBA နဲ့ MBA ဘယ်လိုကွာလဲ"
••••••••••••••••••••••••••••••••••••••••••

MBA နဲ့ EMBA ရယ်လို့ နှစ်ခုကွဲတာမှာ MBA က တစ်ပတ်မှာ ငါးရက် အချိန်ပြည့် (9am to 3pm ) ထိ တက်ရပြီး EMBA လို့ ခေါ်တဲ့ Executives MBA ကတော့ ညနေ ၆နာရီကလား မသိဘူး စပါတယ်..

MBA က နှစ်နှစ် တက်ရပါတယ်.. နောက်ဆုံးနှစ်မှာ Thesis တင်ရပါ့မယ်.. EMBA ဘယ်နနှစ် တက်ရလဲတော့ ပိုးသေချာမသိပါဘူး..

MBA ကတော့ များသောအားဖြင့် ကျောင်းပြီးကာစ လူငယ်တွေ အတက်များပြီး EMBA က လူကြီးတွေ များပါတယ်.. EMBA မှာ တချို့က စာသင်ချင်တာထက် Networking အတွက် ဦးစားပေးပြီး လာတက်ကြပါတယ်..

သင်ရိုးညွှန်းတမ်းကတော့ သိပ်မကွာလှဘဲ EMBA က အသက်ကန့်သတ်ချက် ရှိပါတယ်.. အသက် (၃၀) ပြည့်ထားမှ တက်ခွင့်ရှိပါ့မယ်.. Management Level မှာ လုပ်သက် (၈)နှစ် အနိမ့်ဆုံး တောင်းတတ်ပါတယ်.. ဝင်ခွင့်ခေါ်စာမှာ သေချာဖတ်ရင် အသေးစိတ်ပိုသိနိုင်ပါတယ်..

"Entrance test"
••••••••••••••••••••••••••••••••••••••••••
MBA ရော EMBA ရော နှစ်ခုစလုံးက entrence test ဖြေရပါတယ်.. နိုင်ငံခြားတွေမှာ MBA တက်ချင်ရင် GMAT စာမေးပွဲ ဖြေရသလို မြန်မာနိုင်ငံက MBA ကလည်း ဝင်ခွင့်စာမေးပွဲကို GMAT သဘောမျိုး ဖြေရပါတယ်..

The Graduate Management Admission Test လို့ ခေါ်တဲ့ GMAT စာမေးပွဲဟာ နိုင်ငံခြားမှာတော့ Computer နဲ့ ဖြေရတာ ဖြစ်ပေမယ့် ပတ္တမြားဆောင်က MBA ကတော့ စာရွက်နဲ့ပဲ ဖြေရပါတယ်..

စာမေးပွဲက Analytical writing assessment အတွက် အက်ဆေး တစ်ပုဒ်နဲ့
Integrated reasoning, Quantitative နဲ့  Verbal ရယ်လို့ ရှိပါတယ်.. ဒီပို့စ်က မြန်မာပြည် MBA ဝင်ခွင့်အတွက်ပဲ အဓိကထားတာမို့ ပိုးဖြေခဲ့ရတာတွေပဲ ပြန်ပြောပါရစေ..

အကြမ်းဖျင်းခွဲရရင် Logics, Maths နဲ့ အင်္ဂလိပ်စာရယ်ကို ရေးဖြေ ဖြေရပြီး အဲ့ဒီ written test အောင်မှ verbal test ဖြေရပါ့မယ်.. Written test က စီးပွားရေးနဲ့ ဆိုင်တဲ့ ဗဟုသုတတွေ ဘာတစ်ခုမှ မမေးဘဲ အခြေခံ algebra, geometry, နဲ့ arithmetic ရယ်၊ English grammar skill ရယ်ကိုပဲ ဦးစားပေး မေးပါ့တယ်..

မေးခွန်းတွေက ခက်ခက်ခဲခဲ မဟုတ်ဘဲ multiple choice ဆန်ဆန် ရွေးရပါတယ်.. Calculator ယူခွင့် မပြုပါဘူး.. အဓိကပြဿနာဟာ အချိန်မလောက်တာ ဖြစ်ပါ့လိမ့်မယ်.. ဒါ့ကြောင့် မသေချာတဲ့မေးခွန်းဆို ခဏ ဝိုင်းထားပြီး ချန်ခဲ့ရင်း သိတာတွေ အရင်ပြီးအောင် ဖြေသင့်ပါတယ်..

နမူနာဆို စာသင်ခန်းမှာ ကျောင်းသား ၇၈ ယောက်ရှိတာ ၄၁ ယောက်က ပြင်သစ်စာ သင်ပြီး ၂၂ယောက်က ဂျာမန် သင်တယ်.. အဲ့ဒီမှာ ၉ယောက်က ပြင်သစ်စာရော ဂျာမန်စာပါ သင်တယ်.. ဘယ်နှစ်ယောက်က အတန်းနှစ်ခုံလုံးကို မတက်ဘူးလဲ ဆိုတာမျိုး မေးပါတယ်.. မေးခွန်းအားလုံးက english လိုပါ.. Analytical writing assessment အတွက်တော့ အက်ဆေးတစ်ပုဒ် ရေးရပါ့မယ်.. ရေးရပုံ ရေးရနည်းက IELTS ရဲ့ အက်ဆေး type တွေထဲက တစ်မျိုးနဲ့ အတော်ဆင်ပါတယ်..

စာမေးပွဲက စုစုပေါင်း ၃နာရီလောက် ကြာပါတယ်.. တစ်မျိုးကို တစ်နာရီ ဖြေရတာပါ.. ရေးဖြေဖြေပြီး တစ်ပတ်မပြည့်ခင်မှာ အောင်စာရင်းထွက်ပါတယ်.. အောင်မှ နှုတ်ဖြေ ဖြေခွင့်ရှိပါတယ်.. များသောအားဖြင့် ရေးဖြေမှာ လူ နှစ်ရာ သုံးရာလောက် လာဖြေပြီး တစ်ရာလောက်ကို နှုတ်ဖြေစစ်ပါတယ်.. ပြီးရင် ၇၀လောက်ကို ကျောင်းတက်ခွင့်ပေးပါတယ်.. ဘယ်နှစ်ယောက်ပဲ တက်ခွင့်ပြုမယ်ဆိုတဲ့ ထုံးစံတော့ မရှိတာတော့မို့ ဘယ်လိုအမှတ်ပေးစနစ်ရှိလဲဆိုတာ ပိုး သေချာ မသိပါဘူး..

"နှုတ်ဖြေမှာ ဘာတွေမေးလဲ"
••••••••••••••••••••••••••••••••••••••••••
ရေးဖြေပြီးလို့ နှုတ်ဖြေဖြေရရင်ကျ ဆရာ/မ ငါးယောက်လောက်က ၁၅မိနစ် မေးပါ့မယ်.. ဘာမှ ခက်ခက်ခဲခဲ မမေးပါဘူး.. အင်္ဂလိပ်လို ဖြေရပေမယ့် myself ဆန်ဆန်မျိုးကနေ အစပြုပြီး လက်ရှိအလုပ်ရဲ့ အတွေ့အကြုံ၊ ဒီMBA ကို ဘာလို့တက်ချင်တာလဲ၊ MBA ကနေ ဘာတွေ ရမယ်ထင်လဲနဲ့ နောက်ဆယ်နှစ်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာမျိုးကိုပဲ မေးပါတယ်... အဲ့ဒါအောင်ရင် ကျောင်းတက်လို့ရပါပြီ..

မေးတဲ့အခါ ကျောင်းတုန်းက အမှတ်တွေ ကောင်း/ မကောင်းလည်း ကြည့်ပါတယ်.. ကောင်းရင်တော့ ပြဿနာမရှိပေမယ့် အမှတ်မကောင်းရင် အဲ့ဒီအတွက် စိတ်ညစ်ဟန်၊ အားငယ်ဟန်၊ အပြစ်ရှိသိမ်ငယ်ဟန်တွေ မပြပါနဲ့.. ဟုတ်တယ်.. အဲဒီ့တုန်းက ငယ်သေးတော့ စာကို သိပ်စိတ်မဝင်စားမိဘူး.. အခုချိန်မှာတော့ အနာဂတ်မှာ ဘာဖြစ်ချင်တယ်.. ဘာလုပ်ချင်တယ်.. ငါဟာ ဘယ်လိုထူးချွန်ထက်မြက်ချင်ပြီး MBA မှာ သင်ရမယ့် စာတွေ၊ အတွေ့အကြုံကောင်းတွေနဲ့ ငါ့အိပ်မက်တွေကို ဘယ်လို အရောက်သွားမယ်ဆိုတာမျိုး positive ဆန်ဆန် ဖြေသင့်ပါတယ်..

အင်တာဗျူးမှာ ပျံလန်နေအောင် မိတ်ကပ်တစ်ပိဿ ဒေါက်ဖိနပ်တစ်တောင်လောက်နဲ့ သွားဖို့ မလိုပေမယ့် အဝတ်အစားကို သပ်သပ်ရပ်ရပ်လေး ဝတ်သင့်ပါတယ်.. မေးခွန်းတွေကို ဖြေတဲ့အခါ ခပ်ပြုံးပြုံးလေးနဲ့ ကိုယ့်ကို ကိုယ် ယုံကြည်မှုရှိကြောင်း ဖြေပါ.. အဓိကက personality ကို အကဲခတ်တာမျိုး၊ အင်္ဂလိပ်စာကို အခြေခံ ထမင်းစားရေသောက် ပြောနိုင် မပြောနိုင်စစ်တာပါ.. ဒီတော့ မေးနိုင်မယ့် မေးခွန်းတွေအတွက် အဖြေကို ကြိုရေးပြီး ကြိုကျက်ထားပါ.. ဒါပေမယ့် ဟိုရောက်လို့ မေးရင် ကြက်တူရွေး စာအံ့သလိုတော့ မရွတ်ပါနဲ့.. ကိုယ်သဘောကျတဲ့ သက်ဆိုင်တဲ့ စာကြောင်းလေး ၂ကြောင်း ၃ကြောင်း ပါအောင် ဖြေပါ.. မေးခွန်းတစ်ခုကို အနည်းဆုံး ဝါကျ လေးကြောင်းလောက် ဖြေပါ..

"ကျူရှင်"
••••••••••••••••••••••••••••••••••••••••••
ဝင်ခွင့်စာမေးပွဲအတွက် ကျူရှင်လိုချင်ရင် ကျောင်းက စာရေးမဆီမှာ တိတ်တိတ်လေး စုံစမ်းလို့ ရပါတယ်.. ကျောင်းကလည်း တရားဝင် အနီးကပ်သင်တန်းဆိုပြီး တစ်ပတ်လား ဆယ်ရက်လား မသိဘူး ဖွင့်ပါတယ်.. အဲ့ဒီမှာ ပေးတဲ့စာရွက်စာတမ်းက မေးခွန်းတွေ သေချာကြည့်ပါ.. စာမေးပွဲမှာ ဂဏန်းလောက်ပဲ ပြောင်းပြီး အစအဆုံး ပြန်ပါ ပါတယ်.. 😀

ပိုးတုန်းက ကျုရှင်ကို ၇မိုင်ခွဲက ဆရာမကြီးဆီမှာ တက်ပါတယ်.. သူက GMAT စာအုပ်အထူကြီးနဲ့ သေချာသင်ပါတယ်.. မတ်လလောက်တည်းက စုံစမ်းပြီး ကျူရှင်အပ်ရပါတယ်... အခုတော့ တီချယ်ကြီးက စာသင်သေး မသေးတော့ မသေချာဘူးပေါ့နော်.. (မသေချာတာတွေ ခဏခဏ ပါနေတာလည်း အားနာပါတယ်)

ခုခေတ်မှာတော့ အင်တာနက် ပေါပေါများများ ရတာမို့ GMAT example question လို့ google မှာ ရှာပါ.. လေ့ကျင့်စရာတွေ မကုန်အောင် ရှိပါ့မယ်.. ဖြစ်နိုင်ရင်တော့ အဲ့ဒီ GMAT စာအုပ်အထူကြီးတွေကို နှစ်အုပ်လောက် ကျင့်ပစ်ပါ.. စာမေးပွဲဟာ သိပ်ကို လွယ်လွန်းသွားပါ့လိမ့်မယ်.. ပိုး တက်တုန်းက ကျင့်ခဲ့တဲ့စာအုပ်နာမည် စဉ်းစားလို့ ရရင် ပြန်ပြောပေးပါ့မယ်.. တော်တော် အသုံးဝင်ခဲ့ပါတယ်..

မိတ္ထီလာ၊ မန္တလေးတို့မှာလည်း စီးပွားရေးတက္ကသိုလ်ရှိတော့ အဲ့ဒီမှာ MBA တက်ရင် အစိုးရက ဖွင့်တာဆိုရင်တော့ အသိအမှတ်ပြုမှုက တူတူပဲ နေပါ့လိမ့်မယ်.. သင်တဲ့ဆရာ/မ တွေတော့ ကွာမှာပေါ့နော်..

ဖြစ်နိုင်ရင် ရန်ကုန်ကို ပိုအားပေးချင်တာက ရန်ကုန်မှာတက်ရင်က ကျောင်းမပြီးခင်မှာ internship ကို ကုမ္ပဏီကြီးတွေမှာ ဆင်းခိုင်းတာမို့ ခုမှ လုပ်ငန်းခွင်ဝင်မယ့် ကျောင်းသူကျောင်းသားတွေအတွက် MBA အပြီးမှာ internship ကနေ အလုပ်ကောင်းကောင်းတစ်ခါတည်း ရနိုင်ပါတယ်..


လောလောဆယ်တော့ စဉ်းစားမိသမျှ GMAT အကြောင်းက ဒီလောက်ပါပဲ.. သိချင်တာ ရှိရင် Comment မှာ ထပ်မေးနိုင်ပါတယ်.. ပိုးသိတယ်ဆိုရင် ဖြေပေးပါ့မယ်..

Poe Phyu Thant

(ပိုးဖြူသန့် ဆိုတာလေးကို ကလစ်နှိပ်လိုက်ရင် မူရင်းစာရေးသူရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်)

No comments: